သာသနာနှင့်ရာဇာအပိုင်း (၃၄)
*****************
တိဗက်နယ်စပ်ကိုဖြတ်ပြီး ကျွန်တော်တို့ နီပေါကို သွားလေ့ လာကြည့်တာပေါ့နော် နီးတယ်
နိပေါ
အံသုဝမ္မာ
နိပေါနိုင်ငံတွင် အုပ်ချုပ်မင်းလုပ်သွားခဲ့သော ဘုရင်များ ထဲက ၇ ရာစု ဘုရင် အံသုဝမ္မာ (အံဆုဗရမာ)သည် ဗုဒ္ဓ သာသနာတော်အတွက် ကြိုးပမ်းဆောင်ရွက်ခဲ့သော သူ၏ သာသနာပြုလုပ်ငန်းများကြောင့် နိပေါသမိုင်း၌ ထင်ရှား ကျော်ကြားသော ဘုရင်ဖြစ်သည်။ နိပေါသမိုင်း၌ ဗုဒ္ဓ သာသနာတော်အတွက် ထိုဘုရင် ပြုလုပ်ဆောင်ရွက်ခဲ့ သလောက် အခြားမည်သည့် နိပေါဘုရင်မှ မပြုလုပ် မဆောင်ရွက်ခဲ့ပေ။ သူ၏ သာသနာပြုလုပ်ငန်းများအရ အံသုဝမ္မာအား နိပေါနိုင်ငံ၏ ပထမဦးဆုံး သာသနာ့ဒါယကာ ဘုရင်ဟုဆိုလျှင် မှားမည်မဟုတ်ပေ။ ဗုဒ္ဓ၏ မီးရှူးသန့်စင် ဖွားမြင်ရာ လုမ္ဗိနီသည် နိပေါနယ်မြေအတွင်း၌ ရှိသည်။ ထို့ကြောင့် နိပေါသည် ကမ္ဘာ့ဗုဒ္ဓဘာသာဝင်တို့၏ အာရုံ စူးစိုက်ရာ နယ်မြေဒေသတစ်ခု ဖြစ်နေသည်။ သိဒ္ဓတ္ထမင်း သားသည် ခမည်းတော် သုဒ္ဓေါဓနမင်းကြီး၏ နေပြည်တော် ကပိလ၀တ်နှင့် ဆယ့်ငါးမိုင် အကွာအဝေးရှိသော လုမ္ဗိနီ ဥယျာဉ်၌ မီးရှူးသန့်စင် ဖွားမြင်သည်။ ဗုဒ္ဓသည် လုမ္ဗိနီ၌ ဖွားမြင်တော်မူသည်။ ဗုဒ္ဓဂယာ၌ သမ္ဗောဓိဉာဏ်တော်ကို ရရှိတော်မူသည်။ မိဂဒါဝုန် (ဆာရနတ်)၌ တရားဦးကို ဟော တော်မူသည်။ ကုသိနာရုံ၌ မဟာပရိနိဗ္ဗာန် ပြုတော်မူ သည်။ ယင်းမြေမြတ် မဟာလေးခုထဲတွင် ဗုဒ္ဓဖွားမြင်ရာ လုမ္ဗနီ သည် ကမ္ဘာပေါ်ရှိ ကုဋေပေါင်းများစွာသော ဗုဒ္ဓဘာသာဝင် တို့
အလေးအမြတ်ပြုရာ ဌာနတစ်ခု ဖြစ်နေသည်။
ဘီစီ သုံးရာစု၌ အသောကသည် ဘုရင့်သားတော် အဖြစ် နှင့်ပင် နိပေါရှိ တော်လှန်ခြားနားသူ လူမျိုးတစ်မျိုးကို အောင်မြင်စွာ နှိမ်နင်းတိုက်ခိုက်ပြီးလျှင် ငြိမ်းချမ်းရေးကို တည်ဆောက်ခဲ့သည်။ ဘုရင်ဧကရာဇ် ဖြစ်လာပြီးသည့် နောက်၌ကား အသောကသည် လုမ္ဗိနီအတွက် များစွာ ပြု လုပ်ဆောင်ရွက်ခဲ့သည်။
သူ၏ ဓမ္မခရီးစဉ်၌ အသောကသည် ဗုဒ္ဓဖွားမြင်တော်မူရာ
လုမ္ဗိနီသို့သွားပြီးလျှင် ကျောက်စာတိုင်တစ်တိုင် စိုက်ထူခဲ့ သည်။ ယင်းကျောက်စာတိုင်၌ ဘုရင်အသောကသည် စာတန်းတစ်ခု ထိုးထားသည်။ ထိုကျောက်စာ အရသာလျှင် ထိုနေရာ ထိုဌာနသည် ဗုဒ္ဓဖွားမြင်ရာ ဌာနဖြစ်၏ဟု ကမ္ဘာ့ သမိုင်း သုတေသီများ လက်ခံယုံကြည်ကြခြင်း ဖြစ်သည်။
ထိုကျောက်စာသည် ယနေ့ထက်တိုင် လုမ္ဗိနီ၌ ဗုဒ္ဓဘာသာ သမိုင်း၏ အဖိုးမဖြတ်နိုင်သော ရတနာရွှေအိုးအဖြစ်ဖြင့် တည်ရှိနေပေသည်။ နောက်ပိုင်း၌ အသောကမင်းတရား၏ သမီးတော် စာရုမတီသည် နိပေါနိုင်ငံက ပဒေသရာဇ် မင်းသားတစ်ပါးနှင့် လက်ထပ်ထိမ်းမြားသည်။ သမီးတော် စာရုမတီသည် နိပေါနယ်မြေ၌ အထူးအားဖြင့် သိဒ္ဓတ္ထမင်း သား ဖွားမြင်ရာ လုမ္ဗိနီ၌ စေတီပုထိုးများ၊ ကျောင်းကန် ဘုရားများကို တည်ထားသည်။ ယင်းတို့၏ အပျက်အစီး
အကြွင်းအကျန်များမှာ ယခုခေတ်၌ပင် တွေ့မြင်နေရတုန်း
ရှိသေးသည်။ နိပေါ၏ အေးသော ရာသီဥတုကြောင့် ရဟန်း တော်များအား ဗုဒ္ဓခွင့်ပြုသော ကျောင်းကန်များတွင် နေထိုင် ခြင်း အလေ့အထသည် နိပေါ၌ ရှေးယခင့် ယခင်ကပင်
စတင်ခဲ့သည်ဟု ယူဆရသည်။
နိပေါနိုင်ငံ၌ ရှေးမဆွကပင် ဗုဒ္ဓသာသနာ ထွန်းကားလာ ခဲ့ ကြောင်းမှာမူ သံသယဖြစ်စရာ မလိုပေ။ ဗုဒ္ဓနည်းတူပင် ဗုဒ္ဓ ၏ သာဝကကြီး အတော်များများလည်း နိပေါနယ်မြေပေါ် တွင် မွေးဖွားကြသည်။ ၄ ရာစုနှစ် မဟာဒဿနပညာရှင် ၀သုဗန္ဓုမထေရ်လည်း နိပေါသို့ သာသနာပြု ကြွရောက် ခဲ့ သည်။ နိပေါ၌ ဗုဒ္ဓသာသနာ အစဉ်အလာသည် ရှေးမဆွ ကပင် စတင်လာခဲ့သော်လည်း ဘုရင်၏ ပံ့ပိုးကူညီမှု ကို မည်မည်ရရ မရရှိခဲ့ပေ။ ၇ ရာစုနှစ် ဘုရင် အံသုဝမ္မာ
လက်ထက်ကျမှ ဗုဒ္ဓသာသနာသည် ထူးထူးခြားခြား နေရာ ရရှိခဲ့သည်။ ဘုရင် အံသုဝမ္မာကဲ့သို့သော သဒ္ဓါတရား ထက် သန်ကြီးမားပြီး စွမ်းပကားနှင့် ပြည့်စုံသောသာသနာပြုဘုရင် မျိုး နိပေါတွင် ယခင့်ယခင်က မရှိခဲ့ပေ။
နိပေါသည် ဗုဒ္ဓ၏ ဖွားမြင်ရာ ဒေသအဖြစ်ဖြင့် ဂုဏ်ယူစရာ ဖြစ်သကဲ့သို့ အိမ်နီးနားချင်းနိုင်ငံ တိဗက်သို့ ဗုဒ္ဓဘာသာ ဖြန့်ဖြူးသည့်ဒေသ ဖြစ်သည့်အတွက်ကြောင့်လည်း ဂုဏ် ယူစရာဖြစ်သည်။ ထိုခေတ်မတိုင်မီ ရာစုနှစ်များစွာကပင် ခရီးအလှမ်းဝေးသော တရုတ်နိုင်ငံ၌ ဗုဒ္ဓဘာသာ ပြန့်ပွား ထွန်းကားနေပြီ။ သို့ရာတွင် ပထ၀ီအနေအထားကြောင့် တိဗက်ကဲ့သို့သော အိမ်နီးနားချင်း နိုင်ငံသို့ ဗုဒ္ဓဘာသာ ရောက်ရှိမသွားနိုင်ခဲ့ပေ။ တိဗက်တွင် ဗုဒ္ဓဘာသာ စတင် ပြန့်ပွားအောင် ပြုလုပ်သူမှာ နိပေါဘုရင် အံသုဝမ္မာ ဖြစ် သည်။
ဘုရင် ဟဿဝဒ္ဓနသည် သူ၏ အင်ပိုင်ယာနိုင်ငံတော် အတွင်းသို့ နိပေါကိုလည်း ထည့်သွင်းထားသည်ဟု ပြော ဆိုကြသည်။ ထို့ကြောင့် အံသုဝမ္မာ၏ နန်းသက်သည် ဟဿဝဒ္ဓနခေတ်နှင့် ဆက်စပ်မှုရှိနေသည်။ ယင်းအလိုအရ အံသုဝမ္မာ၏ခေတ်သည် ခရစ်နှစ် ၆၃၈ မှ ၆၆၅ အထိ ဖြစ်ဖို့ရှိသည်။ သို့ရာတွင် နိပေါကို ဟဿဝဒ္ဓန တိုက်ခိုက် သည်ဟူသော ခိုင်မာသည့် အထောက်အထား ဘယ်မှာ မှ မတွေ့ရပေ။
နောက်တစ်ကြောင်းမှာလည်း ရွှင်ကျန်၏ အဆိုအရ သူ နိပေါအကြောင်း ရေးစဉ်က အံသုဝမ္မာ ကွယ်လွန်သွားပြီ။ ထို့ကြောင့် အံသုဝမ္မာခေတ်ကို ၆၄၂ ဟု ခန့်မှန်းနိုင်သည်။ ခရစ်နှစ် ၆၄၃ တွင် တရုတ် သံတမန်အဖွဲ့ နိပေါသို့ ရောက်သွားသည်။ ထိုအချိန်၌
နိပေါထီးနန်းတွင် အံသုဝမ္မာနှင့် နရိန္ဒဒေ၀တို့ အကြား၌ မင်းနှစ်ပါး နန်းစံပြီး လေပြီ။ ထို့ကြောင့် အထက်ပါခုနှစ်သည် အံသုဝမ္မာဘုရင် နှင့် မကိုက်ညီပေ။
နိပေါသမိုင်းအရ အံသုဝမ္မာ မတိုင်မီအချိန်ကာလ၌ပင် အိန္ဒိယ ၀ိတြမဒိတျ ဘုရင်သည် နိပေါကို အနိုင်တိုက်ယူ ခဲ့ပြီးလျှင် `၀ိကြမဆံဝတ်' အမည်ရှိ သက္ကရာဇ်ကိုလည်း စတင်သုံးစွဲခဲ့သည်။ တရုတ်သံတမန်အဖွဲ့ ရောက်ရှိလာသည့် အချိန်ကိုထောက်လျှင် အံသုဝမ္မာ၏ ထီးနန်းစိုးမိုးချိန်သည် `သကဆံဝတ်' (သကသက္ကရာဇ်) ၅၃၂ မှ ၅၄၅ (၆၁၀-၆၂၆) ဖြစ်သင့်သည်။
တိဗက်ဘုရင် ဆရုန်ဆန်ဂမ္ပို၏ ခေတ်သည် ခရစ်နှစ် ၆၁၆ မှ အစပြုသည်ဟု ယူဆကြသည်။ အံသုဝမ္မာသည် ထို ဘုရင်နှင့် ခေတ်ပြိုင်ဖြစ်သည်။ ခေတ်ပြိုင်မျှသာမကပေ။ ဘုရင်နှစ်ပါးသည် ရင်းရင်းနှီးနှီး ဆက်ဆံမှုလည်း ရှိကြ သည်။ တိဗက်ဘုရင် ဂမ္ပိုသည် တခြားနယ်မြေဒေသများနှင့် အတူတကွ နိပေါကိုလည်း အနိုင်တိုက်ယူသည်။ ဘုရင် အံသုဝမ္မာသည် ဘုရင် ဂမ္ပိုအား သူ၏သမီးတော် ခရီရှကျန် ကို အပ်နှင်းလျက် မဟာမိတ်ဖွဲ့သည်။ ရှေးခေတ်အခါက နိုင်ငံတိုင်းလိုလိုမှာပင် ယင်းနည်းလမ်းသည်
ချစ်ကြည်ရေး အတွက် နောက်ဆုံးနည်းလမ်း ဖြစ်သည်။ တရုတ်ဘုရင် လည်း ဘုရင်ဂမ္ပိုနှင့် ချစ်ကြည်ရင်းနှီးရန် ထိုနည်းလမ်းကိုပင် အသုံးပြုသည်။
ဘုရင် အံသုဝမ္မာ၏ သမီးတော်သည် သူနှင့်အတူတကွ
အက္ခောဘယမေတ္တေယျနှင့် တာရာတို့၏ ရုပ်တုများကို တိဗက်သို့ ဆောင်ကြဉ်းသွားသည်။ ထိုနည်းအတူပင် တရုတ်ဘုရင့် သမီးတော်လည်း ဗုဒ္ဓရုပ်ပွားတော် ပင့်ဆောင် ပြီး လျှင် တိဗက်သို့
ရောက်လာသည်။ အံသုဝမ္မာ၏ သမီး တော်ထံတွင် သူ ကိုးကွယ်ဆည်းကပ်သော နတ်ဒေ၀တာ များ အတွက် နတ်ကွန်း နတ်ဗိမာန် နတ်ကျောင်း ဆောက် လုပ်ရန် ဥစ္စာဓန လုံလုံလောက်လောက် မရှိပေ။ ဘုရင်ဂမ္ပို သည် လာဆာမြို့လယ်၌ နိပေါဘုရင့်သမီးတော် ကိုးကွယ် သည့် နတ်ဒေ၀တာများအတွက် နတ်ကျောင်း ဆောက်လုပ် ပေးသည်။ ယင်းနတ်ကျောင်းကို ယခုအခါ၌ ဘတ္တာရက (အရှင်သခင်) ဂေဟာဟု ခေါ်ဆိုသည်။
မိမိ၏ သမီးတော်ကို တိဗက်ဘုရင်နှင့် လက်ထပ်ထိမ်းမြား ပေးခြင်း၊ မိမိ သမီးတော်နှင့်အတူ ဗုဒ္ဓဘာသာ ရုပ်ပွားတော် များ
ပို့ဆောင်ပေးခြင်းများသည် တိဗက်ပြည်၌ ဗုဒ္ဓဘာသာ ပြန့်ပွားထွန်းကားရေး၌ အံသုဝမ္မာဘုရင်၏ ကြီးစွာသော
ထောက်ပံ့ကူညီမှုပင် ဖြစ်သည်။ နိပေါဘုရင့် သမီးတော်နှင့် တရုတ်ဘုရင့်သမီးတော်တို့သည် တိဗက်ဘုရင်နှင့် အတူ တကွ တိဗက်ပြည်သူ ပြည်သားများအားလည်း ဗုဒ္ဓဘာသာ ၀င်အဖြစ် သိမ်းသွင်းစည်းရုံးရာ၌ အောင်မြင်မှု ရရှိခဲ့သည်။ နိပေါဘုရင့်သမီးတော် တိဗက်ဘုရင့်မိဖုရား ခရီရှကျန်သည် ဂုံတြုန်ဗကျန် အမည်ရှိ သားတော်တစ်ပါး မွေးဖွားသည်။ သို့သော်လည်း ထိုသားတော်သည် သူ့ခမည်တော် အသက် ထင်ရှားရှိစဉ်၌ပင် ကွယ်လွန်သွားသည်။
နိပေါသမိုင်းအရ ၀သန္တဒေသဘုရင်၏ အရိုက်အရာခံအား
အဘိသာရဘုရင်က နှိမ်နင်းတိုက်ဖျက်ပစ်သည်။ ထို့နောက် အဘိသာရဘုရင်၏ အရိုက်အရာခံ သုံးဦးတိတိ နိပေါ၌
အုပ်ချုပ်မင်းလုပ်နေကြသည်မှာ ယင်းတို့အား လိစ္ဆ၀ီဘုရင်
သိဝဒေ၀က နိပေါနယ်မြေမှ တိုက်ထုတ်ပစ်လိုက်သည့် အချိန်အထိ ဖြစ်သည်။
ယင်းကဲ့သို့ ကြိုးပမ်းဆောင်ရွက်ရာ၌ ဘုရင် အံသုဝမ္မာ၏ အကူအညီ အထောက်အပံ့များစွာ ရရှိသည်။ သိဝဒေ၀ သည် အမည်ခံဘုရင်မျှလောက်သာ ဖြစ်သည်။ သူ၏ ပဒေသရာဇ်ဖြစ်သော အံသုဝမ္မာက လွတ်လပ်သော ဘုရင် တစ်ပါးကဲ့သို့ တိုင်းပြည်ကို အုပ်ချုပ်သည်။ သိဝဒေ၀သည် အံသုဝမ္မာ၏ သြဇာလွှမ်းမိုးမှုကို ခံရသည် သို့မဟုတ် က လည်း သူ၏ တန်ခိုးအာဏာသည် မှေးမှိန်အားပျော့ သွားပြီး လျှင် တိုင်းပြည်ကို အုပ်ချုပ်နိုင်စွမ်း ကင်းမဲ့သွား သည်။ အံသုဝမ္မာသည် သိဝဒေ၀အား အကူအညီပေးပြီးလျှင် နိပေါ နယ်မြေမှ နိုင်ငံခြားသားဘုရင်ကို ဖယ်ရှားပစ်သည်။
ထို့ကြောင့် တိုင်းသူပြည်သားများ၏ အကူအညီကို သိဝဒေ၀ ထက် ပိုမိုရရှိသွားသည်။ သူ၏ အစွမ်းအစကိုလည်း တိုင်းသူ ပြည်သားများက သိရှိ နားလည်သွားကြသည်။ နောက် တစ်ကြောင်းမှာလည်း လိစ္ဆ၀ီဘုရင် သမီးတော်နှင့် လက် ထပ် ထိမ်းမြားလိုက်သည်ဖြစ်၍ သူ၏ ဂုဏ်သိက္ခာသည် မြင့်တက်သွားသည်။ ထို့ကြောင့် နိပေါပြည်၏ အုပ်ချုပ် ရေးတာဝန်ကို ထမ်းဆောင်ရာ၌ အခက်အခဲ ကြီးကြီးမားမား မရှိတော့ပေ။
နိပေါထီးနန်းကို သိမ်းပိုက်ပြီးသောအခါ ဘုရင် အံသုဝမ္မာ လည်း ထီးနန်းစိုက်ရန်အတွက် ကေလာသကုဋတောင်ကို
ရွေးချယ်လိုက်သည်။ ထိုအချိန်ထိ ထိုနေရာမှာ `မာနဂဟ' အမည်ဖြင့် လိစ္ဆ၀ီဘုရင် အခြေစိုက်ရာနေရာ ဖြစ်ခဲ့သည်။ အံသုဝမ္မာဘုရင်သည် လိစ္ဆ၀ီမင်းဆက်ကို လက်မခံပေ။ ဌာကုရီမင်းဆက်အသစ်ကို တည်ထောင်သည်။
တရုတ်ခရီးသည် ရွှင်ကျန်သည် နိပေါအကြောင်းကို ရေး သားသည်။ ယင်းရေးသားချက်အရ ထိုအချိန်က နိပေါဘုရင် သည် ခတ္တိယ လိစ္ဆ၀ီမင်းဆက်ဖြစ်သည်။ ထိုဘုရင်သည် သဒ္ဒါတရား ထက်သန်သော ဗုဒ္ဓဘာသာဝင် ဖြစ်သည်။ စာပေဗဟုသုတနှင့်လည်း ပြည့်စုံသည်။ ထိုခေတ်က နိပေါ တွင် ကောက်ပဲသီးနှံ အလွန်တရာ ဖြစ်ထွန်းသည်။ကြေးဒင်္ဂါး များကိုလည်း သုံးစွဲသည်။
ရွှင်ကျန်၏ အဆိုအရ ထိုအချိန်က နိပေါဘုရင်မှာ အံသုဝမ္မာ မဟုတ်ဟု သိရှိရသည်။ အံသုဝမ္မာနောက် နန်းတက်သော ဘုရင် အုပ်ချုပ်နေသည့် အချိန်ဖြစ်သည်။ တရုတ်ခရီးသည် ၏ အဆိုအရ အံသုဝမ္မာကိုယ်တိုင် ပညာရှင်ဖြစ်သည်။ သဒ္ဒဗေဒ (ဗျာကရုဏ်း) ကျမ်းတစ်ကျမ်းကိုပင် ရေးသားပြုစု ထားသည်။ တချို့ပညာရှင်များကမူ ဤသို့ဆိုထားကြသည်။ ရွှင်ကျန်သည် နိပေါသို့ မည်သည့်အခါကမှ ရောက်မသွားခဲ့ ဖူးပေ။ နိပေါ နယ်စပ်အထိသာ သွားခြင်းဖြစ်ပေလိမ့်မည်။ သို့မဟုတ်ကလည်း နာလန္ဒာတွင် နေထိုင်စဉ်က နိပေါနိုင်ငံ သား စာသင်သားတစ်ဦးဦးနှင့် အကျွမ်းတ၀င်ဖြစ်ပြီး နိပေါ နိုင်ငံအကြောင်းကို သိရှိသွားခြင်း ဖြစ်ပေလိမ့်မည်။
မိမိကိုယ်တိုင် နိပေါသို့ ရောက်မသွားသော်လည်း ထိုအချိန် က အသက်ထင်ရှားရှိနေသူ တစ်ဦးဦးထံမှ ရွှင်ကျန်သိရှိရ သည့် နိပေါနှင့် ပတ်သက်သော အကြောင်းအရာများမှာ အထောက်အထား ခိုင်လုံမှုမရှိဟု ပြော၍ရမည်မဟုတ်ပေ။
ရွှင်ကျန်က ဤသို့ရေးပြထားသည်။ ဗုဒ္ဓဘာသာ ကျောင်း တိုက် များနှင့် ဟိန္ဒူဘာသာ ဘုရားကျောင်းများသည် တစ်ခု နှင့်တစ်ခု ပဋိပက္ခ မဖြစ်ကြပေ။ ဘာသာတရား နှစ်ခုလုံးမှ အဆောက်အအုံများသည် တစ်ခုနှင့်တစ်ခု ဆက်စပ်နေကြ သည်။ ထိုအချိန်က နိပေါတွင် ရဟန်းသံဃာ ၂၀၀၀ ရှိ သည်။ ယင်းတို့အနက် အချို့မှာ ထေရ၀ါဒ ရဟန်းသံဃာ တော်များဖြစ်ပြီး အချို့မှာ မဟာယာန ရဟန်းသံဃာတော် များ ဖြစ်ကြသည်။ နေပြည်တော်၏ တောင်ဖက် ၁၀ လိ အကွာအဝေး၌ တောင်တစ်တောင်ရှိသည်။ ထိုတောင်ပေါ် တွင် အထပ်ပေါင်း များစွာရှိသော ကြီးကျယ်ခမ်းနားသည့်
ကျောင်းတိုက်ကြီးတစ်တိုက် ရှိသည်။
ဘုရင်ဟဿဝဒ္ဓနနှင့် တရုတ်ဘုရင် တိုက်ဆုန်တို့ အကြား တွင် သံတမန်များ အဆက်အသွယ် အသွားအလာရှိသည်။ ဒုတိယအကြိမ် တရုတ်သံတမန်အဖွဲ့ ဗမ္ဗူဒိပ်သို့ ရောက်လာ သောအခါ ဘုရင် ဟဿဝဒ္ဓန ကွယ်လွန်သွားလေပြီ။ ဟဿဝဒ္ဓန၏ ထီးနန်းကို လုယူသော အမတ်ကြီးသည် တရုတ်သံတမန်အဖွဲ့ကို မထီမဲ့မြင်ပြုပြီး ဖမ်းလားဆီးလား လုပ်သည်။ ထိုသံတမန်အဖွဲ့သည် တိဗက်ဘုရင်နှင့် နိပေါ ဘုရင်၏ အကူအညီဖြင့် အမတ်အရဂျုန်ကို ဖမ်းပြီး အပြစ် ဒဏ်ချမှတ်သည်။ ထိုအချိန်က နိပေါဘုရင်မှာအံသုဝမ္မာသာ ဖြစ်ဖို့ရှိသည်။
အံသုဝမ္မာဘုရင်၏ လက်ထက်၌ နိပေါနှင့် တိဗက်၏
ဆက် သွယ်ရေးသည် တစ်နေ့တခြား တိုးတက်ကောင်းမွန်လာ ခဲ့သည်။ သက္ကတကျမ်းဂန်များကို ဆောင်ကြဉ်းပြီး တိဗက် သို့သွားသော ပထမဦးဆုံး ဘာသာပြန် ဆရာများထဲတွင် သီလမအမည်ရှိသော နိပေါပညာရှင်သည် အထူးထင်ရှား သော ပုဂ္ဂိုလ်ဖြစ်သည်။ နောက်ပိုင်း သန္တရက္ခိတမထေရ်၏ လက်ထက် (၈ ရာစုနှင့် ၉ ရာစု)၌ နှစ်နိုင်ငံ၏ ပေါင်းသင်း ဆက်သွယ်မှုသည် ပိုမို၍ တိုးတက်ခိုင်မာသွားသည်။
ဇမ္ဗူဒိပ် (အိန္ဒိယ)၌ ဗုဒ္ဓသာသနာတော် အကျပ်အတည်း
တွေ့လာရသောအခါ ဗုဒ္ဓဘာသာ ပညာရှင်ရဟန်းတော်များ သည် ဓမ္မကျမ်းဂန်များကို ဆောင်ကြဉ်းပြီး အိမ်နီးနားချင်း နိုင်ငံများ၌ ခိုလှုံကြရသည်။ ယင်းနိုင်ငံများအနက် နိပေါ သည် ထင်ရှားသော နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ ဗုဒ္ဓဘာသာ ပညာရှင် ရဟန်းတော်များသည် ဓမ္မကျမ်းဂန်များကို ဆောင် ကြဉ်းပြီး နိပေါသို့ ရောက်သွားကြသည်။ အချို့မှာ နိပေါမှ တစ်ဆင့် တိဗက်သို့ သွားကြသည်။
ထိုရဟန်းတော်များသည် တိဗက်၌ ရပ်နားမနေကြပေ။
တရုတ်နိုင်ငံအထိ ရောက်အောင် သွားကြသည်။
အပိုင်း(၃၅)ဆက်ရန်
0 comments:
Post a Comment
သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်