သာသနာနှင့်ရာဇာအပိုင်း (၃၈)


*******************

ကိုရီးယားတစ်နိုင်ငံလုံးကို အုပ်ချုပ်ပြီးသည့်နောက်၌ ဘုရင် ၀မ်ကိယင်သည် ဆုန်ဒို၌ နေပြည်တော် တည်ထောင်သည်။ ဆုန်ဒိုမှာ ယခုခေတ် ဟဆုန်မြို့ ဖြစ်သည်။ ထိုအချိန်က ၀မ်ကိယင်၏ နိုင်ငံတော်သည် ကိုရယိုအမည်ဖြင့် ထင်ရှား သည်။ ယင်းမှာ ကိုရီးယား၏ ဒုတိယအမည်နာမ ဖြစ်သည်။ ၀မ်ကိယင်၏ နိုင်ငံတော်သည် ခရစ်နှစ် ၁၃၉၂ အထိ တည် တံ့နေလေသည်။ ယင်းအချိန်ကာလ အတောအတွင်း၌ ကိုရီးယားနှင့် တရုတ်သည် ရင်းရင်းနှီးနှီး ဆက်သွယ်မှုရှိ သည်။ နှစ်ပြည်ထောင် သံတမန်အဆက်အသွယ် ရှိသည်။ ယင်းအချိန်ကာလမှာ ကိုရီးယားနိုင်ငံအနေနှင့် ပထမဆုံး အကြိမ် နိုင်ငံရေးအရ စည်းလုံးညီညွတ်မှုရှိသော အချိန် ကာလဖြစ်သည်။

ဘုရင် ၀မ်ကိယင် လက်ထက်၌ ခမ်းနားကြီးကျယ်သော
ကျောင်းတိုက်များ တည်ဆောက်သည်ဟု မှတ်တမ်းမှတ်ရာ တွေ့ရသည်။ သို့ရာတွင် အခြားတိုင်းနိုင်ငံများ၌ ရှေးဟောင်း ကျောင်းတိုက်များနှင့် စေတီပုထိုးများ၏ အပျက်အစီး
အကျန် အကြွင်းများကို တွေ့ရသကဲ့သို့ ကိုရီးယား၌ ရှေး ဟောင်း ကျောင်းပျက် ဘုရားပုထိုးပျက်များကို မတွေ့ရပေ။ တွေ့ရသည့် အဆောက်အအုံပျက် များမှာလည်း နောက်ပိုင်း ၌ ဆောက်လုပ်သည့် အဆောက်အအုံများဟူ၍ ခန့်မှန်းရ သည်။ အပျက်အစီး အကျန်အကြွင်းများကို မတွေ့ရသော ကြောင့် အဆောက်အအုံများမှာ သစ်နှင့်ဆောက်လုပ်သည့် အဆောက်အအုံများဖြစ်၍ မီးလောင်ကျွမ်းပြီး ပျက်စီးသွား သည် ဟူ၍ ခန့်မှန်းသည်။

ရှေးခေတ် အစဦးကာလကစ၍ ကိုရီးယားယဉ်ကျေးမှု
တိုးတက်ထွန်းကားရာ၌ တရုတ်၏ အကူအညီ များစွာပါရှိ သည်။ ဗုဒ္ဓဘာသာ အခြေခံအရသာလျှင် တရုတ်ယဉ်ကျေး မှုသည် ကိုရီးယား၌လည်း ထွန်းကားပြန့်ပွားသည်။ တရုတ်
တစ်ဆင့်ခံအရသာလျှင် အိန္ဒိယယဉ်ကျေးမှုသည် ဗုဒ္ဓ ဘာသာ၏ အသွင်ဖြင့် ကိုရီးယားသို့ရောက်ပြီး ပြန့်ပွားသွား သည်ဟူ၍လည်း ဆိုနိုင်သည်။

ဗုဒ္ဓဘာသာသည် အိန္ဒိယနိုင်ငံမှ အာရှအလယ်ပိုင်းကို ဖြတ် လျက် တရုတ်ပြည်သို့ ရောက်သွားပြီးလျှင် တရုတ်ပြည်မှ တစ်ဆင့် ကိုရီးယားသို့လည်းကောင်း၊ ကိုရီးယားမှတစ်ဆင့်
ဂျပန်သို့လည်းကောင်း ပြန့်ပွားသွားသည်။ ရာစုနှစ်များစွာ အထိ ကိုရီးယားပြည်သူလူထုသည် မိမိတို့၏ ရပ်တည်ရေး အတွက် တိုက်ပွဲများစွာ ၀င်ခဲ့ကြရသည်။ သို့ဖြစ်လင့်ကစား ကိုရီးယားနိုင်ငံ၌ ဗုဒ္ဓယဉ်ကျေးမှု အစဉ်အဆက်သည် မည် သည့်အခါမှ ပြတ်တောက်သွားသည်ဟူ၍ မရှိခဲ့ပေ။ ယင်း၏ အကြောင်းမှာ ကိုရီးယားမြေပေါ်၌ ဗုဒ္ဓယဉ်ကျေးမှု ဆက် လက် တည်တံ့ နေရေးအတွက် တိုက်ပွဲကြီးစွာ ၀င်ခဲ့ရခြင်း ဖြစ်သည်။ ကိုရီးယား၏ တစ်ဖက်၌ ကျယ်ပြန့်ကြီးမားသော တရုတ်အင်ပိုင်ယာရှိသည်။ အခြားတစ်ဖက်၌ အင်အားကြီး မားသော ဂျပန်ရှိသည်။ ယင်းအင်ပိုင်ယာနိုင်ငံကြီး နှစ်နိုင်ငံ သည် ကိုရီးယားအား နှစ်ဖက်ညှပ်၍ လည်မျိုညှစ်ရန် ကြိုး စားသော်လည်း လွတ်လပ်ရေးကို မြတ်နိုးသော ကိုရီးယား သည် ရန်သူ၏ ရှေ့မှောက်၌ ဒူးမထောက်ပေ။

ကိုရီးယား ဗုဒ္ဓဘာသာသည် တရုတ်ဘာသာနှင့်လည်း ကောင်း၊ ဂျပန်ဘာသာနှင့်လည်းကောင်း လုံးဝ တသီးတခြား ဖြစ်သည်ဟု ပြော၍မရပေ။ ကိုရီးယား တောင်ပေါ်ကျောင်း တိုက်များ၌ ဌာနေ၏ အရိပ်အငွေ့ ထင်ရှားပြတ်သားစွာ ရှိနေ သည်မှာမူ အမှန်ပင်ဖြစ်သည်။ တရုတ်နှင့် ဂျပန်၌ ဗုဒ္ဓဘာ သာ ပြန့်ပွားထွန်းကားရေးကို အင်တိုက်အားတိုက် ပြုလုပ် ဆောင်ရွက်သကဲ့သို့ပင် ကိုရီးယားသည်လည်း ဗုဒ္ဓဘာသာ ပြန့်ပွားထွန်းကားရေးကို အင်တိုက်အားတိုက် စတင်ပြုလုပ် ဆောင်ရွက်ခဲ့သည်။

ကိုရီးယား အလယ်ပိုင်းဒေသမှာ တောင်ပေါများပြီး အလွန် တရာ လှပသော ဒေသဖြစ်သည်။ ယင်းဒေသကို ကွန်ဂိုဆန် (၀ရဇိန်တောင်) ဟု ခေါ်သည်။ ဗုဒ္ဓဘာသာ အမြစ်တွယ်လာ သည်နှင့် တစ်ပြိုင်နက် သဘာဝရှုခင်း သာယာလှပသော နေရာများ၌ ရဟန်းတော်များ သီတင်းသုံးနေထိုင်သည့် ကျောင်းတိုက်များကို တည်ဆောက်ကြသည်။ ၄ ရာစုနှစ်၌ ထိုဒေသတွင် ဖူနန်အမည်ရှိ ကျောင်းတိုက်ကို တည် ဆောက် သည်။ သို့ရာတွင် ကျောင်းကို သစ်ဖြင့် ဆောက် လုပ်ခြင်းဖြစ်၍ ယင်းကျောင်းတိုက်၏ အပျက်အစီး အကျန် အကြွင်း ယခု မရှိတော့ပေ။ သို့ရာတွင် ထိုနေရာ၌ နောက် ပိုင်း ထပ်ဆောက်ထားသော ကျောင်းတိုက်များမှာမူ ထင် ရှားရှိနေသည်။

ယူဒေ ကျောင်းတိုက်သည် ၀ရဇိန်တောင်တွင်ရှိသော အကြီးကျယ် အခမ်းနားဆုံး ကျောင်းတိုက်ဖြစ်၏ ဟူ၍ ယူဆကြသည်။ ယင်းကျောင်းတိုက်ကို ၄ ရာစုနှစ်၌ တည် ထောင်သည်ဟူ၍ အဆိုရှိသည်။ အစဉ်အလာ ယုံကြည် ယူဆလာချက်အရ ထိုကျောင်းတိုက် တည်ဆောက်သည့် နေရာမှာ အိန္ဒိယ ရဟန်းတော်များ သာသနာပြု ကြွရောက် လာကြသောအခါ နဂါးများက ခြောက်လှန့်ထုတ်ပစ်ရာ နေရာဖြစ်သည်။ ထိုနေရာမှ တောင်တန်းတစ်ခိုအထိ အတန်ငယ် လှမ်းသည်။ အလယ်တွင် လွင်ပြင်တည်ရှိနေ သည်။ ထိုနေရာရှိ ကျောင်းတိုက်အတွင်း၌ သစ်ပင်ကြီး တစ်ပင်၏ သစ်ကိုင်းများတွင် ဗုဒ္ဓရုပ်ပွားများစွာ တွေ့ရ သည်။ ထိုကျောင်းတိုက် တည်ဆောက်သော ခေတ်ကာလ ၏ အဆောက်အအုံများထဲမှ လေးထောင့်ကျောက်ပုထိုး တစ်ဆူသာ ကျန်ရှိသည်။

ပြာဝဟုန်ရှာ ဟျိုကွန်ဂျိအမည်ရှိ ကျောင်းတိုက်လည်း
ဝရဇိန်တောင်တွင် ရှိသည်။ ရဟန်းတော် ပြာဝဟုန်သည်
ယင်းကျောင်းတိုက်ကို ၆၇၇ ခုနှစ်၌ တည်ထောင်သည်။
ယင်းကျောင်းတိုက်၏ နဂိုမူလ ကျောင်းအဆောက်အအုံမှာ လည်း မီးလောင်ကျွမ်းသွားသည်။ ယခုရှိနေသော ကျောင်း မှာ ၁၅ ရာစု နောက်ပိုင်းမှ ဆောက်လုပ်သော ကျောင်းဖြစ် ၏ ဟူ၍ ယူဆရသည်။ ကျောင်းတိုက်၏ အဆွယ်များမှာ တစ်ဒါဇင်ထက် မနည်းပေ။

ကိုရီးယားနိုင်ငံ၏ သစ်ဖြင့် ဆောက်လုပ်ထားသော ရှေး ဟောင်းကျောင်းတိုက်များနှင့်အတူ ကြေးဆင်းတုများလည်း မရှိကြတော့ပေ။ မီးဘေးသင့်သွားကြဟန် တူသည်။ သို့ရာ တွင် တောင်၏ လိုဏ်ဂူများထဲတွင် ထွင်းထုထားသော ရုပ်ပွားတော်များမှာမူ ယခုထက်တိုင် ထင်ရှားရှိနေကြသည်။ ယင်းကိုထောက်လျက် ဗုဒ္ဓဘာသာသည် ကိုရီးယားအနု ပညာ တိုးတက်ဖွံ့ထွားရေး၌ မည်သို့မည်ပုံ အထောက်အပံ့ ပြုသည်ဆိုသည်ကို သိနိုင်ပေသည်။

အပိုင်း (၃၉) ဆက်ရန်


0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်