သာသနာနှင့်ရာဇာအပိုင်း(၃၉)


******************


ကမ္ဘောဒီးယား

သတ္တမဇယ၀မ္မာ

ကမ္ဘောဇ [ကမ္ဘောဒီးယားဘုရင် သတ္တမ ဇယ၀မ္မာ (၁၁၈၂-၁၂၀၂)] သည် စေတနာသဒ္ဓါတရား ထက်သန် သော ဘုရင်တစ်ပါးဖြစ်သည်။ ကမ္ဘောဇ (ကမ္ဘောဒီးယား) နိုင်ငံကို တိုးတက်ကြီးပွားအောင် ပြုလုပ်ခဲ့သော ဘုရင်မှာ လည်း သတ္တမ ဇယ၀မ္မာပင်ဖြစ်သည်။ ထိုဘုရင်ခေတ်သည် ကမ္ဘောဇနိုင်ငံသမိုင်း၏ အထူးအားဖြင့် ကမ္ဘောဇနိုင်ငံ ဗုဒ္ဓ ဘာသာသမိုင်း၏ ကြီးပွားထွန်းကားသော ကဏ္ဍဖြစ်သည်။

ကမ္ဘောဇဘုရင်၏ အမည်ကို အစွဲပြု၍ တိုင်းပြည်၏ အမည် နာမသည်လည်း ကမ္ဘောဇတွင်သည်ဟု သမိုင်းသုတေသီ တို့က ယူဆကြသည်။ ရှေးဟောင်း အိန္ဒိယနိုင်ငံ၌ ပမ္ပာ အမည်ရှိ ဒေသတစ်ခုရှိသည်။ ယင်းဒေသ၏ အမည်ကို အစွဲပြု၍ ပြည်ပတွင်ရှိသော ဒေသတစ်ခုသည် စမ္ပာအမည် တွင်နေသကဲ့သို့ အိန္ဒိယအနောက် နယ်စပ်၌ရှိသော ကမ္ဘောဇဒေသကို အစွဲပြု၍ ပြည်ပတွင် ရှိသော ဒေသတစ်ခု ၏ အမည်လည်း ကမ္ဘောဇ (ယခုတာဂျီကစ္စတန်)နှင့် တရင်း တနှီး ရှိကြသည်။ ၃ ရာစုမှစ၍ ထိုဒေသ၌ သကလူမျိုးတို့ ကြီးစိုးလာခဲ့ကြသည်ဟု ပြောဆိုကြသည်။ ထိုအချိန်၌ မုရုဏ္ဍသံတမန်တစ်ဦးသည် ဖုနန်သို့ ရောက်ရှိလာသည်။
ထိုသံတမန်သည် တခြား လက်ဆောင်ပဏ္ဍာများနှင့် အတူ တကွ မြင်းများလည်း ယူဆောင်လာသည်။ ယင်းမြင်းများမှာ အိန္ဒိယနယ်စပ် ကမ္ဘောဇဒေသမှ နာမည်ကျော်မြင်းများ ဖြစ် ဖို့ရှိသည်။ ယင်းဒေသသို့ ရောက်ရှိလာကြသည့် အိန္ဒိယ လူမျိုးများသည် ကမ္ဘောဇဟူသော အသုံးအနှုန်းနှင့် စိမ်းဟန် မတူပေ။ သို့ရာတွင် ခရစ်နှစ် ၉၄၇ ခု ကျောက်စာ၌ ကမ္ဗုရသေ့ နှင့် သူ၏ နတ်ဒေ၀ီမှ ကမ္ဗုဇမင်းမျိုးမင်းနွယ်
ပေါက်ဖွားလာသည်ဟု ဆိုထားသည်။

ဖုနန်နိုင်ငံ၏ အလယ်ပိုင်းမှာ ယခုခေတ် ကမ္ဘောဒီးယားဖြစ် သည်ဟု အသိအမှတ်ပြုထားကြသည်။ ယင်းအချက်ကို တရုတ် သမိုင်းပညာရှင်များ ပြောပြချက်အရ သိရှိရသည်။ ယင်းဒေသ၏ အထွတ်အထိပ်ခေတ်မှာ ရာစု ၅ ရာစုအထိ ဖြစ်သည်ဟု ယူဆကြသည်။ ဖုနန်နိုင်ငံတွင် ဟိန္ဒူသိဝ ဘာသာ နှင့် ဗုဒ္ဓဘာသာတို့သည် ငြိမ်းချမ်းစွာ အတူလက်တွဲ ခဲ့ကြသည်။ တရုတ်ခရီးသည် ရွှင်ကျန်၏ အဆိုအရ ယင်း ဒေသသည် ဟိန္ဒူနတ်တို့ကို ကိုးကွယ်သည့် ဒေသဖြစ် သည်။ သို့ရာတွင် နောက်ပိုင်း၌ ထိုဒေသတွင် ဗုဒ္ဓဘာသာ သည် အရှိန်အဟုန်နှင့် ထွန်းကားပြန့်ပွားသွားသည်။ ရွှင်ကျန် သူ၏ ခရီးစဉ်မှတ်တမ်း ရေးသားထားသည့် အချိန် က ထိုဒေသ၏ဘုရင်မှာ အလွန် ရက်စက်ကြမ်းတမ်း သော ဘုရင်ဖြစ်သည်။ ဗုဒ္ဓဘာသာအပေါ်တွင် ရန်ငြိုးထားသည် ဖြစ်၍ ဗုဒ္ဓဘာသာဝင်များနှင့် ရဟန်းသံဃာတော်များအား အညွန့်တုံးသွားအောင် လုပ်သည်။ ထို့ကြောင့် သူ့လက် ထက် တွင် ရဟန်းသံဃာတော် တစ်ပါးတလေမျှပင် ရှာ မတွေ့ပေ။ ကမ္ဘောဇအမည်မျှသာ အိန္ဒိယအမည် မဟုတ် ပေ။ ဒေသတစ်ခုလုံး အိန္ဒိယပုံစံ ဖြစ်နေသော ခေတ်တစ် ခေတ် ရှိခဲ့သည်။ ခမာလူမျိုးတို့၏ ကြားထဲတွင် အိန္ဒိယလူ မျိုးတို့၏ ဦးရေမှာ မပြောပလောက်သော်လည်း ထိုဒေသ၌
အိန္ဒိယလူမျိုးတို့သည် ဇတ်စနစ် အမြစ်တွယ်သွားအောင်
ကြိုးပမ်းအားထုတ်ကြသည်။ ရာဟုလာသံကိစ္စည်းက သူ၏ `ဗောဒ္ဓဆံ ဆကရိတိ' (ဗုဒ္ဓယဉ်ကျေးမှု)၌ ဤသို့ တင်ပြထား သည်။
ထိုဒေသ၌ ဗြာဟ္မဏအမျိုးသမီးသည် ခတ္တိယအမျိုးသား နှင့် လည်းကောင်း၊ ခတ္တိယအမျိုးသမီးသည်ဗြာဟ္မအမျိုးသားနှင့် လည်းကောင်း လက်ထပ်ထိမ်းမြားကြသည်ကို တွေ့ရ ၏။ ကမ္ဘောဇ၏ အဆောက်အအုံများ၌ရှိသော ရှေးဟောင်း
ကမ္ဗည်းကျောက်စာများသည် ထိုဒေသ၌ ဗြာဟ္မဏဘာသာ
အဓိကကျပုံကို ဖော်ပြနေ၏။ သို့ရာတွင် ဗုဒ္ဓဘာသာ၏
အရှိန် သြဇာကလည်း မသေးပေ။ ဗုဒ္ဓဘာသာနှင့် ဗြာဟ္မဏ ဘာသာတွင် ဇတ်စနစ် အတက်အကျကို အကြောင်းပြု၍
အားရှိမှု၊ အားမဲ့မှုရှိ၏။ ဇတ်စနစ် အားကောင်းသည့်အခါ၌
ဗြာဟ္မဏဘာသာလည်း အားကောင်း၏။ ဗြာဟ္မဏဘာသာ
အပေါ်စီးရသောအခါ၌ ဗုဒ္ဓဘာသာ ခပ်လျှိုလျှို နေရ၏။ အိန္ဒိယနိုင်ငံ ကိုယ်တိုင်ကပင် ယင်းအချက်ကို သာဓက  ဆောင် နေ၏။ ထိုနည်းအတိုင်း ဇတ်စနစ် အားပျော့သွား သော အခါ ဗုဒ္ဓဘာသာက ခေါင်းထောင်ထလာ၏။ ဇတ် စနစ် အမြစ်ပြတ်သွားသောအခါ ဗြာဟ္မဏဘာသာလည်း အမြစ်ပြတ်သွားပြီး ဗုဒ္ဓဘာသာက အောင်ပွဲခံလေ၏။ ကမ္ဘောဇသည် ယင်း၏ သာဓကဖြစ်၏။ -----------

အိန္ဒိယနိုင်ငံ၌ ဘာသာရေး၊ ယဉ်ကျေးမှု၊ လူမှုရေးနယ်ပယ် တို့၌ ရာစုနှစ်ပေါင်းများစွာက စ၍ ပဋိပက္ခ ဖြစ်လာသကဲ့ သို့ပင် အိန္ဒိယပြည်ပ၌လည်း ထိုနည်းအတိုင်းပင် ဖြစ်သည်။ အင်ဒိုချိုင်းနားနှင့် သုဝဏ္ဏဒီပတို့၌လည်း ယင်းကဲ့သို့သော ပဋိပက္ခများ၏ သာဓကများ ရှိကြသည်။ ဗြာဟ္မဏ ယဉ်ကျေး မှု နှင့် သမဏယဉ်ကျေးမှုသည် နယ်ပယ်အသီးသီး ၌ မတူ ကွဲပြားခြားနားကြသည်

အိန္ဒိယယဉ်ကျေးမှု ပျံ့နှံ့သွားသော နယ်မြေဒေသများ၏ သမိုင်းကို လေ့လာကြည့်ရှုပါက ဗြာဟ္မဏဘာသာသည် ဇတ်စနစ်အပေါ်၌ အခြေတည်နေပြီး ဇတ်စနစ်ကို တည် ဆောက်သူ၊ အားပေးသူဖြစ်ကြောင်းမှာ သိသာထင်ရှား သည်။ ဗုဒ္ဓဘာသာကမူ ဇတ်စနစ်မရှိသော လူ့ဘောင် တည် ဆောက်ခြင်းသာလျှင် လူသားများ အကျိုးရှိသည်ဟု ယုံကြည် သည်။ ယင်းလမ်းစဉ် ထမြောက်အောင်မြင်ရေး အတွက် အစွမ်းကုန် ကြိုးစားအားထုတ်သည့်အပြင် နိုင်ငံ ပေါင်းများစွာ ဒေသပေါင်းများစွာတို့၌ အောင်မြင်မှုလည်း ရရှိသည်။ ဇတ်စနစ်ကင်းမဲ့သော လူ့အဖွဲ့အစည်းသည် သာလျှင် ဗုဒ္ဓဘာသာ၏ ထူးခြားချက်ဖြစ်သည်။ ဇတ်စနစ် အခြေခံသော ပတ်ဝန်းကျင်၌ ဗုဒ္ဓဘာသာသည် မဖွံ့ဖြိုး မတိုးတက်ပေ။ ထို့အတူပင် ဇတ်စနစ် ကင်းရှင်းသော အခြေ အနေ၌ ဗြာဟ္မဏဘာသာသည် ရပ်တည်မနေနိုင်ပေ။

ဖုနန်၏ နောက်ဆုံးဘုရင် ရုဒြ၀မ္မာကို အနိုင်တိုက်ပြီးလျှင်
ဇယ၀မ္မာသည် ကမ္ဘောဇနေပြည်တော်ကိုတည်ထောင်လိုက် လေသည်။ ယင်းစစ်ပွဲ၌ ဘာ၀၀မ္မာ၏ညီတော် စိတြသေန သည် သေနာပတိဖြစ်သည်။ သေနာပတိစိတြသေနသည်
နောက်ပိုင်း၌ မဟိန္ဒြ၀မ္မာ (၆၀၄-၂၄)အမည်ဖြင့် ကမ္ဘောဇ ထီးနန်းတွင် စိုးစံသည်။ ယင်းမင်းဆက်သစ်ကို တည်ထောင် ရာ၌ ဗြာဟ္မသီဟအမည်ရှိ ဗြာဟ္မဏနှစ်ဦးသည် ကူညီပံ့ပိုးခဲ့ သည်။ ထိုပုဂ္ဂိုလ်နှစ်ဦးမှာ ဖုနန်ဘုရင် ရုဒြ၀မ္မာ၏သမားတော် များ ဖြစ်ကြသည်။

ထိုအချိန်၌ ဖုနန်တွင် ဗြာဟ္မဏဘာသာ အဓိကဖြစ်သည်။
ဗုဒ္ဓဘာသာလည်း ပြန့်ပွားသလောက် ပြန့်ပွားနေသည်။ သို့ရာတွင် ထိုအချိန်က ထိုဒေသတွင် ပြန့်ပွားနေသော ဗုဒ္ဓ ဘာသာမှာ ပါဠိထေရ၀ါဒ ဗုဒ္ဓဘာသာမဟုတ်ဘဲ တန္တရယာန ဗုဒ္ဓဘာသာဖြစ်သည်။ ထိုအချိန်က ထိုဒေသ၌ ဗြာဟ္မဏသိဝ ဘာသာနှင့် ဗုဒ္ဓဘာသာသည် ပဋိပက္ခမဖြစ်ကြဘဲ ချစ်ကြည် ရင်းနှီးစွာ လက်တွဲနေခဲ့ကြသည်။

ဘာ၀၀မ္မာဘုရင်လက်ထက်က ရေးထိုးထားသော ကျောက် စာ များကို အများအပြား တွေ့ရသည်။ ယင်းကျောက်စာများ အရ ဘာ၀၀မ္မာ၏ အုပ်ချုပ်ရေး စနစ်အကြောင်းကို သိရှိရ သည်။ ယင်းကျောက်စာပါ အက္ခရာများသည် ရှေးဟောင်း ဂျာဗာ၏ အနောက်ပိုင်းဒေသမှ အရေးအသားနှင့် လည်း ကောင်း၊ ဘိုနီယိုကျွန်း ကုတေအိမှ ရရှိသော ပုလ၀မ္မာ၏ ကျောက်စာအက္ခရာ အရေးအသားနှင့်လည်းကောင်း တူညီ မှုရှိသည်ကို တွေ့ရသည်။

မဟိန္ဒြ၀မ္မာနောက်တွင် သူ၏သားတော် အီရှန်ဝမ္မာ ထီးနန်း စိုးစံသည်။ ကမ္ဘောဇ၏ နေပြည်တော် အီရှန်ပူအမည်သည် ထိုဘုရင်အမည်ကို အစွဲပြု၍ ဖြစ်ပေါ်လာဟန်တူသည်။ ခရစ်နှစ် ၆၁၆ ခုနှစ်တွင် အီရှန်ဝမ္မာသည် သံတမန်အဖွဲ့ တစ်ဖွဲ့ တရုတ်ပြည်သို့ စေလွှတ်ခဲ့သည်။ ယင်းအကြောင်းကို ဆုအီဘုရင် မင်းဆက်သမိုင်း၌ ရေးသားဖော်ပြထားသည်။ အီရှန်ဝမ္မာနောက်၌ ၆၄၇ ခုနှစ်တွင် ဒုတိယ ဘာ၀၀မ္မာ နန်းတက်သည်။ ထို့နောက် ၆၆၅ ခုနှစ်တွင် ပထမ ဇယ၀မ္မာ ထီးနန်းဆက်ခံသည်။ ကမ္ဘောဇဘုရင်များထဲတွင် ပထမ ဇယ၀မ္မာ ရေးထိုးသော ကျောက်စာ၌ ဗုဒ္ဓဘာသာဟူသော
ဝေါဟာရအသုံးအနှုန်းကို ပထမဆုံး စတင်တွေ့ရှိရခြင်း ဖြစ် သည်။ ယင်းကျောက်စာကို ကမ္ဘောဇမင်းဆက်၏ ပထမဦး ဆုံး ရေးထိုးသော ခုနှစ်သက္ကရာဇ်ပါသည့် သက္ကတဘာသာ ကျောက်စာဖြစ်သည်။

ယင်းရှေးဟောင်း ကျောက်စာများအရ သိရသည်မှာ ကမ္ဘောဇနိုင်ငံ၏ ကနဦး ဘာသာတရားများမှာ ဗုဒ္ဓဘာသာ နှင့် ဗြာဟ္မဏဘာသာ ရောနှောထားသော ဘာသာတရား တစ်မျိုး ဖြစ်သည်။ သို့ရာတွင် ရွှင်ကျန်၏ အဆိုအရ ဗုဒ္ဓ ဘာသာသည် ဖုနန်၌ စကတည်းကပင် ရှိခဲ့သည်။ နောက် ပိုင်းကျမှ မင်းဆိုးဘုရင်ဆိုး ချိုးနှိမ်ဖျက်ဆီးပစ်၍ ပျောက် ကွယ်သွားခြင်း ဖြစ်သည်။ အချို့ ပညာရှင်များက ထိုဘုရင် ကို ဘာ၀၀မ္မာဟု ပြောကြသည်။ ပထမဦးဆုံး ကိုလိုနီလူများ သည် ဗုဒ္ဓဘာသာဝင်များ မဟုတ်သည်မှာ ဖြစ်နိုင်သည်။ တာရာနတ်၏ အဆိုအရ ၀သုဗန္ဓု၏ တပည့်များသည် ကိုကိ (အင်ဒိုချိုင်းနား)၌ ဗုဒ္ဓဘာသာကို ဖြန့်ဖြူးကြသည်။

အပိုင်း(၄၀) ဆက်ရန်


0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်