“လူချမ်းသာ စစ်စစ်ဆိုတာ”


*****************
“လူအမျိုးမျိုး စိတ်အဖုံဖုံ” ဆိုတဲ့ လောကဆိုးရိုးစကား အတိုင်းပါပဲ။ လောကမှာ ချောမောတဲ့ လူတန်းစား အလွှာအမျိုးအမျိုး၊ မလှပတဲ့ လူတန်းစား အလွှာမျိုးမျိုး၊ ချမ်းသာတဲ့ လူတန်းစား အလွှာအမျိုးမျိုး၊ ဆင်းရဲတဲ့ လူတန်းစား အလွှာအမျိုးမျိုး စသည် စသည် အားဖြင့် များစွာရှိပါတယ်။
ဒီနေရာမှာ လောကအမြင်နဲ့ ဗုဒ္ဓအမြင်တို့အရ လူချမ်းသာ ဆိုတာ ဘယ်လိုလူစားလဲ၊ သူဆင်းရဲ ဆိုတာ ဘယ်လို လူစားလဲ ဆိုတာကို လေ့လာကြည့်ရအောင်ပါ။ အကျဉ်း အား ဖြင့်တော့ လောကအမြင်အရ လူချမ်းသာဆိုတာဟာ ပစ္စည်းဥစ္စာများစွာရှိတဲ့သူကို လူချမ်းသာလို့ ဆိုပါတယ်။ ဒီတော့ ဗုဒ္ဓအမြင်အရရော လူချမ်းသာဆိုတာ ဘယ်လိုလဲ ဆိုတာကို အောက်မှာ တွေ့ပါလိမ့်မယ်။ လေ့လာပြီးရင်တော့ လူချမ်းသာ ဖြစ်ချင်တဲ့ သူတစ်ယောက်အနေနဲ့ လူချမ်းသာ ဖြစ်အောင် ကျင့်ကြံလုပ်ဆောင်ရမယ့် နည်းလမ်းတွေကို ကျင့်ကြံဖို့ လိုအပ်ပါလိမ့်မယ်။
“လူချမ်းသာတွေပဲ သစ္စာလေးပါးကို နားလည် သဘောပေါက်နိုင်ပြီး နိဗ္ဗာန်ကို ရောက်နိုင်ပါတယ်''
ကျွန်တော်ဒီလိုပြောရင်
“ဗုဒ္ဓရဲ့ သစ္စာလေးပါးကို လူချမ်းသာတွေပဲ နားလည် သဘောပေါက်နိုင်တယ်လို့ သင်ပြောရင် ဗုဒ္ဓရဲ့ သစ္စာ လေးပါးကို လူဆင်းရဲတွေအနေနဲ့ နားလည်နိုင်စွမ်း မရှိဘူးပေါ့။ အဲဒီလို ဗုဒ္ဓကိုယ်တိုင်ကကော ဟောပြောခဲ့လား။ သင်ရော ဒီလိုအခိုင်အမာပြောနိုင်သလား။” စတဲ့ မေးခွန်း တွေ တက်လာနိုင်တယ်ပေါ့
ဒီလိုအလားတူ မေးခွန်းတွေကနေ ကြည်ရင် လောကကြီးမှာ လူဆင်းရဲက များပါတယ်။ လူချမ်းသာတွေထက် ဆိုရင် ပေါ့။ ဒါဆိုရင် သူဆင်းရဲများအနေနဲ့ ဗုဒ္ဓရဲ့ တရားတော် များကို လေ့လာနေတာ အကျိုးမရှိဘူးပေါ့။ အလကားပဲ”
ဆိုတဲ့ အတွေးတွေ ရှိသွားနိုင်တာပေါ့
တကယ်တော့ဗျာ
“ဗုဒ္ဓရဲ့ အလိုတော်အရ ပစ္စည်း ဥစ္စာပေါများတဲ့ လူ တစ်ယောက်ကို လူချမ်းသာစစ်ဖြစ်တယ်လို့ မပြောသလို၊ စားဖို့၊ သောက်ဖို့၊ ၀တ်ဖို့ မရှိအောင် ဆင်းရဲ နွမ်းပါးနေတဲ့ လူတစ်ယောက်ကိုလည်း လူဆင်းရဲစစ်စစ်ဖြစ်တယ်လို့ မဆိုလိုပါဘူး။ လူတစ်ယောက်မှာ ပစ္စည်းဥစ္စာ မရှိရင် နေပါစေ သူ့မှာ ပညာ-အရာရာကို ခွဲခြမ်းစိတ်ဖြာ နားလည် နိုင်တဲ့ သာရှိမယ်ဆိုရင် သူ့ကို လူဆင်းရဲလို့ မခေါ်ပါဘူး။ သူဟာ တကယ် လူချမ်းသာတစ်ယောက်ပါ။ လူ တစ်ယောက် ချမ်းသာတယ်။ ဆင်းရဲတယ်ဆိုတာကို ပစ္စည်း ဥစ္စာနဲ့ မတိုင်းတာပါဘူး၊ အသိပညာနဲ့ပဲ တိုင်းတာပါတယ်။ ဒါကြောင့် ဗုဒ္ဓရဲ့ သစ္စာလေးပါးတရားကို အသိပညာ ရှိတဲ့ လူချမ်းသာများသာ နားလည်သဘောပေါက်နိုင်တယ်လို့ ဆိုလိုတာပါ” လို့ ကွဲပြားစွာ သိရပါမယ်
ဟုတ်ပါတယ်။ ပြည့်စုံတဲ့ ဉာဏ်ပညာရှိမှသာ နက်နဲတဲ့ ဗုဒ္ဓရဲ့ သစ္စာလေးပါးတရားတော်ကို ထိုးထွင်းပြီးမြင်နိုင် သိနိုင်မှာပါ။ အသိဉာဏ်ပညာမရှိတဲ့သူ ဘယ်လိုဟောဟော ဘယ်လို ကျင့်ကျင့် နားမလည်နိုင်ပါဘူး။
စာဖတ်သူ သင့်မှာ များသောဥစ္စာများ မရှိလို့ သင်ဟာ လူ ဆင်းရဲတစ်ယောက်ဖြစ်ပါတယ်ဆိုတဲ့ သတ်မှတ်ချက်ကို မြန်မြန်ကြီး မဆုံးဖြတ်လိုက်ပါနဲ့၊ သင့်မှာ အရာရာကို အကောင်းမှန်း၊ အဆိုးမှန်းခွဲခြားသိမြင်နိုင်တဲ့ ဉာဏ်ပညာ ရှိနေမယ်ဆိုရင် သင်ဟာ တကယ့် လူချမ်းသာတစ်ယောက် ဖြစ်နိုင်တယ်ဆိုတာကို မမေ့လိုက်ပါနဲ့။
“လူတစ်ယောက်မှာ ပစ္စည်း ဥစ္စာ တစ်စိုးတစိမျှ မရှိရင် နေပါစေ၊ အသိဉာဏ် ပညာ လေးသာရှိနေမယ်ဆိုရင် သူဟာ တကယ့် လူချမ်းသာ တစ်ယောက်ဖြစ်ပါတယ်”
ဗုဒ္ဓသက်တော်ထင်ရှား ရှိစဉ်က ကုဋ္ဌနှုနာသည် တစ် ယောက်ရှိပါတယ်။ မိတ်ဆက်ပေးရရင်တော့ သူ့နာမည်က
သုပ္ပဗုဒ္ဓ လို့ခေါ်ပါတယ် နောက်လမ်းတွေ့ရင် ခေါ်ကြပေါ့
သုပ္ပဗုဒ္ဓဟာ စားစရာမရှိအောင် ဆင်းရဲမွဲတေနေတဲ့ ကုဋ္ဌနှုနာစွဲနေတဲ့ သူတောင်းစားတစ်ယောက်ပါ။ တစ်နေ့ တော့ ဗုဒ္ဓမြတ်စွာက များစွာသော လူအများကို တရားဓမ္မ ဟောကြားနေပါတယ်။ အခုခေတ်လို ရပ်ကွက်များရဲ့ လမ်း အတွင်းမှာ ဟောပြောနေကြတဲ့ တရားပွဲလို ထင်ပါတယ်။ ဒီလိုနဲ့ သုပ္ပဗုဒ္ဓကလည်း အစားအသောက် တောင်းရမ်းဖို့ ထွက်အလာ များစွာသော လူအုပ်ကြီးကိုတွေ့တော့ သိပ် ပျော်သွားပါတယ်။
အင်း…အလှုအတန်းကြီးတစ်ခုပြုနေတယ်နဲ့တူတယ်။ ငါ့အတွက် စားဖို့ တစ်စုံတစ်ခုတော့ ရနိုင်တယ်လို့ မျှော်တွေး ပြီး လူအုပ်ကြီးရှိရာကို လာပါတယ်။ အနားလည်းရောက် ရော ဗုဒ္ဓမြတ်စွာက တရားဟောနေတာသိတော့ ရိုရိုသေ သေပဲ တရားနာကြားပါတယ်။ တရားပွဲလည်းဆုံးရော သူဟာ သောတာပန်တည်သွားပါတယ်။ တရားပွဲလည်း ပြီးရော သူကစဉ်းစားတယ်။ အင်း ငါဒီနေ့ထမင်းလည်း မစားရသေးဘူး။ ရပ်ကွက်ထဲတော့ မတောင်းတော့ပါဘူး ကွာ၊ ဇေတ၀န်ကျောင်းမှာရှိတဲ့ သံဃာတော်တော်များရဲ့ ဆွမ်းကျန်ပဲ တောင်းစားတော့မယ်ဆိုပြီး ဘုရားနောက်ကို ထမင်းတနပ်စာရလိမ့်မယ်ဆိုတဲ့ မျှော်လင့်ကလေးနဲ့ လိုက် သွားပါတယ်။ ဇေတ၀န်ကျောင်းပေါက်နားလည်းရောက်ရော……………
သိကြားမင်း………။ “ဟေ့ကောင် မင်းက အနှုတစ်ယောက် ပဲကွ၊ ကျောင်းထဲကို မ၀င်နဲ့”
သုပ္ပဗုဒ္ဓ……….။ “ဟ…. ဘာဖြစ်လို့လဲကွ”
သိကြား………။ “မင်းလို နှုနာစွဲနေတဲ့ လူနဲ့ အလွန်တရာ မြတ်လှတဲ့ ဒီဘုရား၊ တရား၊ သံဃာဆိုတဲ့ ရတနာသုံးပါးနဲ့ မသင့်တော်ဘူး။ မတန်ဘူးကွ”
သုပ္ပဗုဒ္ဓ……..။ “ဟ.. ဘယ်နှယ့် ငါနဲ့ မတန်ရမှာလဲကွ၊ ဘုရားက င့ါဘုရား၊ တရားက ငါ့တရား၊ သံဃာက င့ါသံဃာ ကွ၊ ရတနာ သုံးပါးဟာ င့ါရဲ့ ကိုးကွယ်ရာကွ”
သိကြားမင်း………။ “ဟေ့ သုပ္ပဗုဒ္ဓ မင်းအခု ဘယ်သွား မလို့လဲကွ”
သုပ္ပဗုဒ္ဓ……..။ “င့ါဆရာ ဘုရားဆီ သွားမလို့ကွ”
သိကြား………။ “မင်းကွာ ဒီလောက်ဆင်းရဲမွဲတေနေတာ ထမင်းတစ်နပ်စာ စားရဖို့တောင် သူများဆီ တောင်းရမ်းစား သောက်နေရတာ အခု မင်းကို တစ်သက်စားလို့ မကုန် အောင် ငါပိုက်ဆံတွေ အများကြီးပေးမယ် ဒါပေမယ့်၊ ဘုရား ကို ဘုရားစစ်မဟုတ်ဘူး၊ တရားကို တရားစစ်စစ် မဟုတ် ဘူး၊ သံဃာကို သံဃာစစ်စစ်မဟုတ်ဘူး။ ဘုရား၊ တရား၊ သံဃာကို ဘုရား တရား သံဃာ မဟုတ်ဘူးလို့ မင်းယုံကြည် လက်ခံမယ်ဆိုရင်၊ ဒီရတနာ သုံးပါးအပေါ်မှာ ကြည်ညိုနေ တဲ့ မင်းရဲ့စိတ်ကို စွန့်လွှတ်မယ်ဆိုရင်ပေါ့ကွာ”
သုပ္ပဗုဒ္ဓ……..။ “င့ါကို ရတနာသုံးပါး စွန့်လွှတ်ဖို့ လာပြော နေတာ မင်းကဘယ်သူလဲကွ”
သိကြားမင်း………။ “ငါ သိကြားမင်းပါ”
သုပ္ပဗုဒ္ဓ……..။ “ဟေ့ သိကြားငမွဲ၊ သိကြားဆင်းရဲသား၊ မင်းက သိကြားသာပြောတယ်၊ မင်းစိတ်က မွဲနေတာပဲ။ မင်းဟာ သနားစရာကောင်းတဲ့ ဆင်းရဲတဲ့ သိကြားတစ် ယောက်ပဲ။ တကယ်တော့ ငါဟာ လူဆင်းရဲ စစ်စစ်မဟုတ် ဘူးကွ၊ ငါဟာ တကယ့်လူချမ်းသာစစ်စစ်ဖြစ်တယ်၊ ဘာကြောင့်လဲဆိုရင် ငါဟာ သူတော်ကောင်းများပိုင်ဆိုင်တဲ့ သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာ၊ ဟိရိ၊ သြတ္တပ္ပ၊ ဆိုတဲ့ သူတော်ကောင်းဥစ္စာ ၇ပါးကို ပိုင်ဆိုင်ထားလိုပဲ။ မင်းလို သိကြားပေါင်း ရှစ်သောင်းလေးထောင်လောက် င့ါကို ရတနာသုံးပါးကို စွန့်လွှတ်ဖို့ လာပြောလည်း ငါ ဒီရတနာ သုံးပါးကို မစွန့်ဘူး။ ရတနာသုံးပါးက ငါ့ရဲ့ကိုးကွယ်ရာ အစစ်အမှန်ပဲ။ မင်းကြိုက်သလိုလုပ် သတ်ချင် သတ်ကွာ”
ဒီနေရာမှာ သုပ္ပဗုဒ္ဓရဲ့ ပြန်ဖြေပုံလေးကို ပြောပြချင်လို့ ဒီသာဓကလေးကို ထုတ်ပြလိုက်တာပါ။ သူ့မှာ ရတနာ သုံးပါးကို ယုံကြည်တဲ့ သဒ္ဓါတရားနဲ့ပြည့်စုံတယ်။ ပညာရှိ တယ် ဒါကြောင့် ဒီသူတော်ကောင်းတို့မှာသာရှိတဲ့ ဒီတရား တွေကို ပိုင်ဆိုင်နေတဲ့ ငါဟာ သူဆင်းရဲစစ်စစ်တစ်ယောက် မဟုတ်ပါဘူး။ လူချမ်းသာတစ်ယောက်ဖြစ် တယ်ဆိုတာ လေးကို သိစေချင်လို့ပါ။
တကယ်တော့ ဒီဝတ္ထုလေးက သောတာပန်ဂုဏ်ရည်များကို ပြထားတဲ့ သာဓကလေးပါ၊ အခွင့်ကြုံမှ ရေးပါဦးမယ်။
ဒီ သုပ္ပဗုဒ္ဓ ရဲ့ စကားလေးက တကယ်တော့ လောကမှာ လူချမ်းသာဆိုတာ ဘယ်လိုသူမျိုးကိုခေါ်တယ်၊ လူဆင်းရဲ ဆိုတာ ဘယ်လိုသူမျိုးကို ခေါ်တယ်ဆိုတာကို သိစေပါ တယ်။
“ဒါကြောင့် စာချစ်သူ သင့်မှာ ပစ္စည်းဥစ္စာများ မရှိလို့ လူ ဆင်းရဲစားရင်းထဲ မသွင်းလိုက်ပါနဲ့။ အသိဉာဏ်မဲ့သူတွေရဲ့ အလုပ်မျိုးအတွေးမျိုးကို တွေးပြီး လူဆင်းရဲဖြစ်တယ်လို့ ကိုယ်ကိုယ့်ကို မဆုံးဖြတ်လိုက်ပါနဲ့။ တကယ်တော့ အသိ ပညာလေးသာ သင့်ရဲ့ သန္တာန်မှာ ရှိနေမယ်ဆိုရင် သင်ဟာ တကယ်လူချမ်းသာတစ်ယောက်ဖြစ်ပါတယ်။ ဒီထက်မက ချမ်းသာချင်တဲ့ လူချမ်းသာတစ်ယောက်ဖြစ်ချင်တယ် ဆိုရင်တော့ သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာ၊ ဟိရိ၊ သြတ္တပ္ပ၊ ဆိုတဲ့ သူတော်ကောင်းဥစ္စာ ၇ပါးလုံးကိုသာ ပြည့်စုံအောင် ကျင့်ကြံလိုက်ပါ။ ဒါဆိုရင် ကမ္ဘာ့အချမ်းသာဆုံး လူချမ်းသာတစ်ယောက်ဖြစ်ပါလိမ့်မယ်။”
ကျမ်းကိုး။
ဓမ္မပဒအဋ္ဌကထာ၊ ဗာလ၀ဂ္ဂ၊ သုပ္ပဗုဒ္ဓကုဋ္ဌိဝတ္ထု။

0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်