အမေ့မှာတမ်း


နယ်မြေရပ်ခြား စာသင်သွားသည့်
ရင်ဝယ်ပိုက်ထွေး သားလူလေးရေ....
တောကိုစွန့်လျက်မြို့ကိုတက်၍
ဆရာ့ရင်ခွင် ထွေးပိုက်ဝင်လျှင်
ရင်ခွင်အသစ် ဆရာချစ်ကို
ချစ်ကြောက်ရိုသေ ခိုဝင်ပေလော့....
ဆရာ့ထံတွင် ပညာသင်စဉ်
ဗာဟီကိစ္စ ဟူသမျှနှင့်
သဘင်သူရာ ပျိုကညာကို
ဝေးစွာရှောင်ကြဉ် ပညာသင်ကာ
ကျက်,ပြန်,ကြံ,ကြည့် ပညာဖြည့်လော....
ဘဝတစ်ကွေ့ ခဏတွေ့သည့်
မိတ်ဆွေပေါင်းသင်း သူငယ်ချင်းကို
ရှင်မဟာသီလဝံ ဟောဖော်ညွှန်သို့
ပဉ္စင်းနှင့်ရှင် ညီတွင်အကို လွန်ကြည်ညို၍
ဆရာ့ကိုအဖ မြဲမှတ်ကြလျှက်
သည်းခံမေတ္တာ ရှေးရှုကာဖြင့်
အားပေးစောင့်ရှောက် သားချီးမြှောက်လော့
ကြမ်းတမ်းခက်ထန် လောကဓံကို
ဇွဲမှန်ကိုတည် အားမာန်ချီ၍
လက်ကိုမမြှောက် ဒူးမထောက်ပဲ
လိုရာပန်းတိုင် လှမ်းကာကိုင်လော့
ကိုယ့်အတွက်ကြောင့်
မိဘဘိုးဘွား ဆွေမျိုးများနှင့်
ဆရာသခင် ကျေးဇူးရှင်ကို
လောကလယ်တွင် ဂုဏ်ဝင့်ထည်အောင်
သားငယ်လူလေး ကြံဆောင်ပေးလော့
စကားနောက်ဆုံး အကျဉ်းချုံးအံ့
ဘဝဆုံးအောင် လမ်းပြဆောင်သည့်
ဆရာသခင် ကျေးဇူးရှင်တို့
သွန်သင်ဆုံးမ သြဝါဒကို
လေးစားလိုက်နာ ဖြည့်ကျင့်ကာဖြင့်
သာသနာလောက နှစ်ဖြာကောင်းကျိုး
သယ်ပိုးနိုင်ရန် စိတ်ရည်သန်လျှက်
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာစွာဖြင့်
ချမ်းသာစေကြောင်း မြဲဆုတောင်းသည်
သားငယ်အတွက် မှာတမ်းတည်း ...။

0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်