သာသနာနှင့်ရာဇာအပိုင်း(၂၆)
*****************
ဝူမင်းဆက် (ခရစ် ၂၂၂-၂၀၀)၏ နေပြည်တော်သည် ကိယင်ကျီ (နန်ကင်း) ဖြစ်လေသည်။ ထိုအချိန်ကာလ၌ ဗုဒ္ဓသာသနာသည် တရုတ်ပြည်အလယ်ပိုင်းတွင် ပြန့်ပွား ထွန်းကားနေပြီး ကျိကျိယင်သည် ၀ူဘုရင်၏ နိုင်ငံသို့ သွား လျက် တရုတ်ပြည် တောင်ပိုင်းတွင်လည်း ဗုဒ္ဓသာသနာ ပြန့်ပွားထွန်းကားအောင် စတင်ဆောင်ရွက်သည်။
ကျင်မိန်ဂတု၏ အဆိုအရ ကျိကျိယင်၏ ဇာတိသည်
တရုတ်ပြည်ဖြစ်သည်။ "နာမည်ကျော် ရဟန်းတော်များ၏ အတ္ထုပ္ပတ္တိ" ရေးသူ၏ အဆိုအရ ၀ူမင်းဆက်သည် ကျိကျိယင်အား ဘုရင့်သားတော်၏ ဆရာအဖြစ် ခန့်အပ် ပြီးလျှင် ပိုရှိဟ (ပဏ္ဍိတ်) ဘွဲ့ထူး ချီးမြှင့်ပေးအပ်သည်။
ပထမ၀ူဘုရင် ဆုယင် ကျိယုယင်သည် သူ၏ နေပြည် တော်ကို ကုန်ယန်မှ ပြောင်းရွှေ့ပြီးလျှင် (ခရစ်နှစ် ၂၂၁)၌ ၀ူကျန်၌ တည်သည်။ ထို့နောက် သုံးနှစ်အကြာ၌ ၀ိဓန အမည်ရှိ အိန္ဒိယရဟန်းတော်သည် ၀ူကျန်၌ သီတင်းသုံး ပြီးလျှင် ဓမ္မပဒကို တရုတ်ဘာသာ ပြန်ဆိုသည်။ ဓမ္မပဒ၏
နိဒါန်း၌ ဘိက္ခုဝိဓနသည် အိန္ဒိယသား ရဟန်းတော်ဖြစ်၏ဟု ရေးသားထားသည်။ ထိုရဟန်းတော်သည် ခရစ်နှစ် ၂၂၄ ၌
တရုတ်ပြည်သို့ ရောက်လာပြီးလျှင် ၀ူကျန်၌ သီတင်းသုံး သည်။ ထိုရဟန်းတော်နှင့်အတူ ကျုကျန်မင်အမည်ရှိ အခြား ရဟန်းတော် တစ်ပါးလည်းရှိသည်။ ထိုရဟန်းတော်သည် ဓမ္မပဒ တရုတ်ဘာသာ ပြန်ဆိုရာ၌ ရဟန်းတော် ၀ိဓနအား အကူအညီပေးသည်။ တရုတ် ရဟန်းမှန်သမျှ ကျောင်းတွင် ပညာစတင် သင်ကြားသောအခါ ထိုကျမ်းကို လေ့လာဖတ် ရှုရသည်။
ထိုကျမ်း၌ ဗုဒ္ဓဘာသာဝင်များအတွက်
ဤသို့ ညွှန်ကြားရေး သားထားသည်။ နံနက် အိပ်ရာက ထသောအခါ သင်သည် "ငါ၏ဘ၀သည် အချိန်ကြာမြင့်စွာ ရှည်ကြာလိမ့်မည် မဟုတ်ပေ။ အိုးထိန်းသည်၏ အိုးကဲ့သို့ မကြာခင် ကွဲပျက် သွားလိမ့်မည်။ သေသောသူ
ပြန်ရှင်လာလိမ့်မည် မဟုတ်" ဟူ၍ စဉ်းစားဆင်ခြင်သင့်ပေ၏။ ယင်းအခြေခံအရ ကျွန်ုပ် တို့သည် လူသားတို့အား ဗုဒ္ဓဒေသနာတော်ကို လက်ခံ ကျင့် သုံးရန် နှိုးဆောင်ကြလေကုန်၏။
တရုတ်ပြည်၌ ဗုဒ္ဓဘာသာ ထွန်းကားပြန့်ပွားမှု အခြေအနေ သည် ပြည်ပရှိ
ဗုဒ္ဓဘာသာလောကအား တရုတ်ပြည်ကို အာရုံစူးစိုက်လာအောင် ပြုမူနေသည်။ ခိုတန်၊ ဆိုဂဒ၊ အိန္ဒိယ၊ သီဟိုဠ် (သီရိလင်္ကာ) နိုင်ငံများမှ ဗုဒ္ဓသာသနာ ကို မြတ်နိုးကြသော ပညာရှင်များသည် သာသနာပြုရန်
တရုတ်ပြည်သို့ လာကြသည်။ နိုင်ငံ၏ မငြိမ်သက်ခြင်းနှင့်
မင်းမဲ့အခြေအနေသည် တရုတ်ပြည်သူလူထုအား ငြိမ်းချမ်း ရေးအတွက် အာသာငမ်းငမ်း ဖြစ်စေခဲ့သည်။ -----------
တရုတ်ပြည်သူလူထုသည် ကွန်ဖြူရှပ်၏ အဆုံးအမ
ဥပဒေသ ရှိနေသော်လည်း ငြိမ်းချမ်းမှုမရှိဘဲ ဖြစ်နေကြ သည်။ ကွန်ဖြူရှပ်၏ အဆုံးအမ ဥပဒေသမှာ ငြိမ်ဝပ်ပိပြားမှု ရှိပြီး အေးချမ်းသာယာနေသော နိုင်ငံနှင့်သာ ကိုက်ညီ သည်။ ထိုအချိန်က တရုတ်ပြည်သူလူထု ရင်ဆိုင်နေရသော အခြေအနေ၌ကား ကွန်ဖြူရှပ်၏ အဆုံးအမသည်
ငြိမ်းချမ်း မှုနှင့် ရွှင်လန်းချမ်းမြေ့မှုကို ပေးနိုင်စွမ်း မရှိပေ။ တရုတ်ပြည် သူလူထု ရင်ဆိုင်နေရသော ဧရာမပြဿနာကြီးများကို
မည်သို့မျှ အဖြေမပေးနိုင်ပေ။ ဘ၀တိုက်ပွဲတွင်လည်း စွမ်း အားကို မပေးနိုင်ခဲ့ပေ။ မရဏတိုက်ပွဲတွင်လည်း မျှော်လင့် ချက် မပေးနိုင်ပေ။
အနောက်တိုင်း ပညာရှင်တစ်ဦးက ဗုဒ္ဓဘာသာနှင့် စပ်လျဉ်း ၍ "ဗုဒ္ဓဘာသာသည် သာမန်လူများအတွက် ယုံကြည် ကိုးကွယ်ရာ တစ်ခုဖြစ်၏။ ကြည်ညိုသူများအတွက် ဘ၀ စည်းကမ်း ဥပဒေကိုလည်းကောင်း၊ လူယဉ်ကျေးများ အတွက် ဒဿနသဘောတရားထက်ပင် အရေးပါ အရာ ရောက်သော စိတ်ကျေနပ်မှုကိုလည်းကောင်း ပေး၏" ဟူ၍ ရေးသားထားသည်။
ဗုဒ္ဓဘာသာသည်အချို့ အချက်အလက်များနှင့် စပ်လျဉ်း၍ တရုတ် အတွေးအခေါ်များအား ထောက်ခံအားပေးမှု ပြုလုပ် နိုင်ခဲ့သည်။ ကောင်းမှု မကောင်းမှုနှင့်လည်းကောင်း၊ ကံကြမ္မာဝါဒနှင့်လည်းကောင်း ပတ်သက်သော ရှေးဟောင်း အယူအဆများ၏ နေရာ၌ ကမ္မ၀ါဒနှင့် ဘ၀ဘ၀ါဝါဒကို အစားထိုးထားလိုက်သည်။ မြေကြီးနှင့် ကျောက်ခဲ အယူ အဆများကို အသွင်သဏ္ဌာန်ရှိသော ရုပ်လုံးရုပ်တု ဖန်တီး ပြီးလျှင် အဖိုးမဖြတ်နိုင်သော အလှရွှေအိုး ပေးခဲ့သည်။ ဗုဒ္ဓ၊ ဗောဓိသတ္တ၊ ရဟန္တာတို့၏ တာဝန်များကဲ့သို့သော မြင့်မြတ် သော စံနမူနာများကို ပြည်သူလူထု ရှေ့မှောက်တွင် ချပြ ခဲ့သည်။ အိန္ဒိယနှင့် တခြား ဗုဒ္ဓဘာသာနိုင်ငံများ၏ အထံ တွင်ရှိသော ကောင်းနိုးရာရာ အရာဝတ္ထုများကို တရုတ်ပြည် အား ပေးအပ်လျက် တရုတ်ပြည်မြေကို မြေသြဇာကောင်း အောင် လုပ်ခဲ့သည်။
မင်းဆက်သုံးဆက် ကုန်ဆုံးပြီးသည့်နောက်၌ အနောက် ရှန်မင်းဆက် (၂၆၅-၃၁၇) ပေါ်လာလေသည်။ ထိုမင်းဆက် သည် ချန်ဂန်ကျောင်းတိုက်များ၌ ဗုဒ္ဓယဉ်ကျေးမှု အလင်း ရောင်ကို အဆက်မပြတ် တောက်ပစေခဲ့သည်။ ထိုမင်းဆက် သည် ရာစုနှစ်ဝက်လောက်အထိ ရှည်ကြာခဲ့သည်။ ထိုအချိန် ကာလအတွင်း၌ ပညာပါရမိတာသုတ္တသည် လူကြိုက်အလွန်များသည်ဖြစ်၍ တရုတ်ဘာသာ ဖြင့် ဘာသာပြန်ပေါင်းများစွာ ပြန်ဆိုရသည်အထိ
ဖြစ်ခဲ့သည်။ ပညာရှင်ပေါင်း များစွာကလည်း ထိုသုတ်နှင့် ပတ်သက်၍
အဖွင့်များ ရေးသားခဲ့ကြသည်။
အနောက်ရှန်မင်းဆက် ကာလအတွင်း ဗုဒ္ဓသာသနာသည်
ဝေးလံသောဌာနများသို့အထိ ကျယ်ကျယ်ပြန့်ပြန့် ပွားသွား ပြီးလျှင် ကျောင်းပေါင်းများစွာကို တည်ဆောက်ကြသည်။
လိုယန်ကျောင်းတိုက်များ၏ မှတ်တမ်းအရ ရှန်ခေတ်၌
ကျောင်းတိုက်ပေါင်း လေးဆယ်တည်ထောင်သည်။
အနောက်ရှန်မင်းဆက်၏ နေပြည်တော် လိုယန် တစ်နေရာ တည်း၌ပင်
အောက်ပါကျောင်းတိုက်ပေါင်း ဆယ်ကျောင်း ပေါ်ပေါက်လာသည်။
၁။ မြင်းဖြူကျောင်းတိုက်
၂။ ဗောဓိသတ္တကျောင်းတိုက်
၃။ အရှေ့ဂိုကျောင်းတိုက်
၎။ကျောက်ဘုရားကျောင်းတိုက်
၅။ နေ၀န်းပြည့် ရေပြင်ကျောင်းတိုက်
၆။ပန်ဇေတောင်ကျောင်းတိုက်
၇။ ချေးကြီးကျောင်းတိုက်
၈။ မျိုးဆက်ဥယျာဉ်ကျောင်းတိုက်
၉။ဘူတ တထာတာ ကျောင်းတိုက်
၁၀။ မိန် ဟုအိုင် မင်းသား ဗုဒ္ဓကျောင်းတိုက်။
အနောက်ရှန်မင်းဆက် ကုန်ဆုံးပြီးသည့်နောက် (၂၆၀-၃၁၇) ၌ တရုတ်ပြည်မြောက်ပိုင်းတွင် တာတာဘုရင် တို့၏ ပြည်နယ်ငယ်ကလေးများ ပေါ်ပေါက်လာသည်။ ထိုအချိန်၌ ဘုရင်တစ်ပါးပါးအား တရုတ်ပြည်၏ ဘုရင်ဟု ခေါ်ဆိုရန် မဖြစ်နိုင်သည့် အခြေအနေ ဖြစ်နေသည်။ ခရစ် ၃၁၇ ၌ တရုတ်ပြည်တောင်ပိုင်း ရှန်မင်းဆက်သည် နန်ကင်း ကို နေပြည်တော်အဖြစ် သတ်မှတ်လျက် တရုတ်ပြည် ၏ ဘုရင်အဖြစ် ကြေညာလိုက်သည်။ ထိုမင်းဆက်၏
ကာလ သက်တမ်းသည် ၄၂၀ အထိ ရှည်ကြာသည်။ အရှေ့ ရှန် မင်းဆက် ဘုရင်အားလုံးသည် ဗုဒ္ဓဘာသာကို ကိုးကွယ် ဆည်းကပ်သော ဘုရင်များဖြစ်သည်။ နန်ကင်းမှာမူ ၀ူမင်း လက်ထက် (ခရစ် ၂၂၂-၂၈၀)၌
ဗုဒ္ဓဘာသာ သာသနာ ပြုများ၏ ဗဟိုဌာနချုပ် ဖြစ်လာခဲ့သည်။
တရုတ်ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး တာအိုအန် (၃၁၂-၃၈၅) သည် ထိုခေတ်၏ ထင်ရှားကျော်ကြားသော ဆရာတော် တစ်ပါး ဖြစ်သည်။ ------
--
ဘုရင်ဦတည်သည် ဗုဒ္ဓဘာသာကို အပြည့်အ၀ လက်ခံ ယုံကြည်သော ပထမဦးဆုံး တရုတ်ဘုရင်ဖြစ်သည်။ နန်ကင်းသည် အစပထမကပင် ဗုဒ္ဓဘာသာ၏ ဗဟိုဌာနချုပ် ဖြစ်နေပြီး ယင်းမင်းဆက်ကာလ၌
ဘာသာပြန်ဆရာ ၁၇ ဦး တို့သည် ဘာသာပြန်လုပ်ငန်းများကို
ကြိုးပမ်းဆောင်ရွက် ကြသည်။
သီရိမိတြသည် ပထမဦးစွာ တံတြက ကျမ်းဂန်များ ကို ဘာသာပြန်ဆိုသည်။ ထိုကာလအတွင်း (၃၈၁-၃၉၅)၌
ဓမ္မရတနသည် သက္ကတကျမ်းဂန် ၁၁၀ ကို ဘာသာပြန် သည်။ ထိုကာလအတွင်း၌ အခြားကျမ်းဂန်များကိုလည်း
ဘာသာပြန်ဆိုကြသေးသည်။ သို့သော်လည်း ဘာသာပြန် ဆရာများ၏
အမည်နာမကို မသိရဘဲ ဖြစ်နေသည်။ မိလိန္ဒပဥှာသည်ယင်းကဲ့သို့သော ကျမ်းတစ်ကျမ်း ဖြစ်သည်။
ပဏ္ဍိတကုမာရဗောဓိသည် အာရှအလယ်ပိုင်းမှဖြစ်ပြီး တုရဖန်ဘုရင်၏ ရာဇဂုရုဖြစ်သည်။ ထိုရဟန်းတော်သည် ခရစ်နှစ် ၃၈၂ ခု၌ တရုတ်ပြည်သို့ ကြွလာပြီးလျှင် အာဂမ ကျမ်းများကို တရုတ်ဘာသာ စတင်ပြန်ဆိုသည်။
ထိုဘာသာပြန် လုပ်ငန်းကို ဂေါတမသံဃဘူတိ က အပြီး သတ်သည်အထိ ဆောင်ရွက်ပေးသည်။
ထိုခေတ်၌ ပညာအရှိဆုံး ရဟန်းတော်မှာ တုခါရပြည်သား
ဓမ္မနန္ဒီဖြစ်သည်။ သုတ္တပိဋကတ် အာဂမ (နိကာယ) ကျမ်းများကို ထူးထူးခြားခြား ပိုင်ပိုင်နိုင်နိုင် တတ်မြောက် ကျွမ်းကျင်မှုရှိသော ထိုရဟန်းတော်သည် မဇ္ဈာဂမနှင့် ဧကုတ္တရာဂမ ကျမ်းများကို နှစ်နှစ်တည်းနှင့် ဘာသာပြန် ဆိုခဲ့သည်။ ထိုရဟန်း၏ အခြားဘာသာပြန် ကျမ်းတစ်ကျမ်း ဖြစ်သော `အသောက ရာဇပုတြစက္ခုမေဒနိဒါန' ကျမ်း သည် တရုတ်ဘာသာဖြင့် ရှိသည်။
တရုတ် ဗုဒ္ဓဘာသာသမိုင်းဤ ကုမာရဇီဝ၏ အခန်းကဏ္ဍ သည် ကြီးမားလှပေသည်။ ထိုမထေရ်သည် ခရစ် ၄၀၁ ခုနှစ်၌ တရုတ်ပြည်သို့ သွားခဲ့သည်။ အိန္ဒိယကျမ်းဂန်များကို တရုတ်ဘာသာပြန်ဆိုသူများထဲတွင်
ကုမာရဇီဝသည် ပြိုင်ဘက်ကင်းဖြစ်သည်။ ကုမာရဇီဝ၏ဖခင်သည် အိန္ဒိယ
ရဟန်းတစ်ပါး ဖြစ်သည်။ ညိုပြာသောမျက်လုံး၊ နီကြင်ကြင် ဆံပင်ရှိသည့်
အလှကညာပျိုများ၏ တိုင်းပြည် ကုကျာသို့ ရောက်သွားသောအခါ ထိုတိုင်းပြည်မှ ဘုရင့်နှမတော်နှင့် လက်ထပ်သည်။ ကုမာရဇီဝ မွေးဖွားလာသောအခါ မိခင် သည် သားဖြစ်သူအား ပညာကောင်းစွာ သင်ကြားပေးရန် အတွက် ကသ္မီရသို့ ခေါ်သွားသည်။ ပညာစုံသောအခါ
ကုမာရဇီဝသည် သူ့မိခင်နှင့်အတူ ကုကျာသို့ ပြန်လာသည်။ ထိုအချိန်၌
ကုမာရဇီဝသည် အသက် ၂၀ ရှိနေပြီ။
ရဟန်းဝတ်ပြီးလျှင် ကုမာရဇီဝသည် နှစ် ၃၀ တိတိ မဟာယာန ဗုဒ္ဓဘာသာ ပြန့်ပွားရေးကို ကြိုးပမ်းဆောင်ရွက် ခဲ့သည်။ သူ၏ ဂုဏ်သတင်းသည် ပျံ့နှံ့ကျော်စောသွား သည်။ ကုမာရဇီဝကို ခေါ်လိုသည့်အတွက် တရုတ်ပြည် သည် စစ်တပ်ကိုပင် လွှတ်သည်။ ပထမတွင် ကုမာရဇီဝ သည် ကုယန်၌သာ သီတင်းသုံးသည်။ သို့သော်လည်း ဘုရင်က မရမနေပင့်သဖြင့် ချန်ဂန်သို့ ကြွရသည်။ ချန်ဂန်
ရောက်သွားသောအခါ ဘုရင်က ကုမာရဇီဝအား ချက်ချင်း ရာဇဂုရု (အူဂိုရှီ)အဖြစ် တင်မြှောက်လိုက်လေသည်။
ဖာဟီယန် ခေတ်မတိုင်မီ တရုတ်ပြည်တွင် ဗုဒ္ဓကျမ်းစာ
အတော်များများကို တရုတ်ဘာသာဖြင့် ဘာသာပြန်ဆိုပြီး။ သို့ရာတွင် ၀ိနည်းကျမ်းဂန်များကို တရုတ်ဘာသာ ပြန်ရန် အတွက်မူ မည်သူမှ စိတ်ကူးထဲ မထည့်ကြသေးပေ။ ဖာဟီယန်သည် ၀ိနည်းကျမ်းဂန်များကို စုဆောင်းရန် အိန္ဒိယနိုင်ငံသို့ ထွက်ခွာလာခဲ့သည်။ ဒေါက်တာ
ကျောက်ကျိယန်၏ အဆိုအရ ဖာဟီယန် မတိုင်မီကလည်း ဟွီကျန်း၊ ဟွီပြင် စသော တရုတ် ရဟန်းတော်များသည် အိန္ဒိယနိုင်ငံသို့ ထွက်ခွာသွားကြသည်။ သို့ရာတွင် တရုတ် ပြည်သို့ ပြန်မလာကြပေ။
ရာဟုလာသံကိစ္စည်းကမူ သူ၏ `ဗောဒ္ဓဆံဆကရိတိ' (ဗုဒ္ဓယဉ်ကျေးမှု)
စာအုပ်၌ "တရုတ်ရဟန်းတော်များသည် ကျီ၊ အာရှအလယ်ပိုင်း၊ ခိုတန် (ရှက်)၊ ကုကျာ မှ ဗုဒ္ဓဘာသာဝင်များနှင့် အမြဲမပြတ် တွေ့ဆုံခွင့် ရရှိကြသည်။ သို့ရာတွင် ဖာဟီယန်မတိုင်မီ မည်သည့် တရုတ်ရဟန်း တော်မှ အိန္ဒိယသို့ မလာရောက်ခဲ့ပေ" ဟူ၍
ရေးသားထား သည်။
ဖာဟီယန်သည် တရုတ်အဖော်တစ်စုနှင့် အတူတကွ ခရစ်နှစ် ၃၆၈ တွင် ဗုဒ္ဓယဉ်ကျေးမှုနှင့် ဗုဒ္ဓ ဓမ္မအချက်အချာ ဗဟိုဌာနဖြစ်သော အိန္ဒိယနိုင်ငံသို့ ထွက်ခွာသွားပြီး ၁၅ နှစ် အကြာတွင် တရုတ်ပြည်သို့ ပြန်လာခဲ့သည်။
တရုတ်ပြည် မြောက်ပိုင်း၌ လူမျိုးပေါင်း များစွာတို့သည် နင်းပြားဘဝ
ရောက်ရှိနေကြပြီး တရုတ်ပြည် တောင်ပိုင်း၌မူ မင်းဆက်တစ်ဆက်ပြီး တစ်ဆက် ပြောင်းလဲနေသော်လည်း ကြွယ်ဝချမ်းသာမှုလည်း ရှိသည်။ စည်းလုံးညီညွတ်မှု လည်း ရှိသည်။ ခရစ်နှစ် ၄၂၀ ၌ သေနာပတိ လင်းယုသည် နန်ကင်း ၌ မင်းဆက်အသစ် တစ်ဆက်ကို
တည်ထောင် သည်။ ထိုမင်းဆက်၏ အမည်မှာ လင်ရှုန်ဟု ခေါ်တွင်သည်။
ဘုရင်ဖြစ်လာသောအခါ သေနာပတိလင်းယုသည် ၀ူတည် ဘွဲ့အမည် ယူခဲ့ပြီး သုံးနှစ်ကြာမျှ ထီးနန်းစိုးစံသည်။ အိန္ဒိယနှင့် သီဟိုဠ် (သီရိလင်္ကာ)မှ သံတမန်အဖွဲ့ အများ အပြား ထိုဘုရင်ထံ ရောက်လာကြသည်။ ထိုဘုရင်သည် ဗုဒ္ဓဓမ္မကို အထူးပင် ကြည်ညိုလေးစားသည်။ ဘုရင်မင်တီ သည် ရက်စက်ကြမ်းကြုတ်သည်ဟု ယူဆရသော်လည်း ဗုဒ္ဓတရားကိုမူ အလေးထားသည်။ မင်တီ (ခရစ်နှစ်
၄၆၅-၇၃) သည် မှူးမတ်များ ၀ိုင်းကန့်ကွက်သည့်ကြားက
ကျောင်းတိုက်ကြီးတစ်တိုက်ကို တည်ဆောက်ခဲ့သည်။ နောက်ဆုံး၌ လျုဆုန်မျိုးနွယ် သေနာပတိ ဟိယာအိုတာအို ကျင်သည် နောက်ဆုံး
ဘုရင်နှစ်ပါးအား လုပ်ကြံလျက် ထီးနန်းကို သိမ်းပိုက်လိုက်သည်။
ထိုဘုရင်၏ မင်းဆက်မှာ တောင်ပိုင်းကျာအီ မင်းဆက်ဟူ၍
ခေါ်တွင်သည်။
လျုဆုန်မင်းဆက် (၄၂၀-၆၉)၌ တောင်ပိုင်း တရုတ်ပြည် တွင် ဗုဒ္ဓယဉ်ကျေးမှုသည် အလွန်တရာ ထွန်းကားပြန့်ပွား သည်။ ထိုအချိန်၌
တောင်ပိုင်း တရုတ်ပြည်တွင် ဗုဒ္ဓစာပေ ဘာသာပြန်ဆရာ ၁၂၁ ဦးတို့သည် ဗုဒ္ဓစာပေကျမ်းဂန်များ ကို တရုတ်ဘာသာ ပြန်ဆိုကြသည်။
အိန္ဒိယနိုင်ငံမှ ဖာဟီယန် ပြန်ရောက်လာသောအခါ တရုတ်
ဗုဒ္ဓဘာသာလောက၌ အိန္ဒိယနိုင်ငံသို့ အပြိုင်အဆိုင် ခရီး ထွက်ကြသော ရဟန်းတော်များ ပေါ်ပေါက်လာကြသည်။ ခရစ်နှစ် ၄၂၀ ၌ ရဟန်း ၂၅
ပါးပါသော အဖွဲ့တစ်ဖွဲ့သည် ဘုရားဌာနများကို ဖူးမြော်ရန် အိန္ဒိယနိုင်ငံသို့
ထွက်ခွာ သွားကြသည်။ ထိုအဖွဲ့၏ခေါင်းဆောင်မှာ ဖာယုန်ဖြစ်သည်။
ထိုတရုတ်ရဟန်းတော်သည် သူ၏ ပါဠိဘွဲ့အမည်ကို
ဓမ္မာကရဟုမှည့်ထားသည်။ လျုဆုန်ခေတ်သည် တရုတ်-အိန္ဒိယ ခရီးသည်များအတွက် ထင်ရှားသောခေတ် ဖြစ် သည်။ ထိုခေတ် ခရီးသည်များမှာ တန်ဟဇုအေ၊ ၀ိုင်တို စသည်တို့ ဖြစ်ကြသည်။
ဟိုဟဇီခရိုင်တွင် နေထိုင်သီတင်းသုံးကြသော ရဟန်းတော် ရှစ်ပါးသည် ဗုဒ္ဓစာပေကျမ်းဂန်များကို ရှာဖွေရန် အိန္ဒိယ နိုင်ငံသို့ ထွက်ခွာသွားကြသည်။ ထိုရဟန်းတော်များသည် ခိုတန်ကို
ဖြတ်သွားကြသည်။ ခိုတန်၌ မြင်ရသမျှ ကြားရ သမျှကို ရေးသားမှတ်တမ်းတင်ထားကြသည်။
ကျုကျုကင်းရှင်းသည် မြောက်ပိုင်း လိယန်မင်းဆက် ဘုရင်၏ ညီတော်ဖြစ်သည်။ ထိုပုဂ္ဂိုလ်သည် ခိုတန်သို့
အသွားအလာရှိခဲ့သည်။ ခိုတန်၌ ဂေါတမီကျောင်းတိုက်
ဈင်ဂိုဏ်ဆရာတော် ဗုဒ္ဓသေနထံတွင် ပညာဆည်းပူးခဲ့ သည်။ ----------
လျုဆုန်ခေတ် အစပိုင်းလောက်၌ တာအိုယုအမည်ရှိ
တရုတ်ဗုဒ္ဓဘာသာဝင် တစ်ဦးသည် အခြားဗုဒ္ဓဘာသာဝင် အရာရှိ ၁၈ ယောက်နှင့်အတူ မဟာပရိနိဗ္ဗာနသုတ်ကို ရှာဖွေရန်အလို့ငှာ အိန္ဒိယသို့ သွားခဲ့သည်။ ထိုခေတ်၌ တရုတ်ခရီးသည်များ အိန္ဒိယနိုင်ငံသို့ သွားကြသကဲ့သို့ အိန္ဒိယမှ သာသနာပြုများလည်း တရုတ်ပြည်သို့
ခရီးဆန့် ခဲ့ကြသည်။ ခရစ်နှစ် ၄၂၃ ၌ ဗုဒ္ဓဇီဝမထေရ်သည် နန်ကင်း သို့သွားသည်။ ထိုရဟန်းတော်သည် ကသ္မီရ၌ ၀ိနည်းကို
သင်ကြား လေ့လာခဲ့ပြီးသူ ဖြစ်သည်။ သူ နန်ကင်းရောက် လာသောအခါ ဖာဟီယန်အသက်ထင်ရှား ရှိနေသေးသည်။ ဗုဒ္ဓဇီဝသည်
တခြားပညာရှင်များနှင့် ပူးပေါင်းလျက် ပဉ္စ၀ဂ္ဂိနိကာယ် တစ်ခုလုံးကို
ဘာသာပြန်ဆိုသည်။
အပိုင်း(၂၇) ဆက်ရန်
0 comments:
Post a Comment
သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်