********************
ဝိပဿနာရှုဖို့ မအားဘူးလို့ ပြောကြတဲ့ အသံကြားဘူးကြ မှာပါ။ တကယ်တော့ ၀ိပဿနာအလုပ်ဆိုတာ အားမှ.. ဒါမှမဟုတ် ရိပ်သာဌာနကို သွားလုပ်မှ ရတဲ့ အလုပ်မဟုတ် ပါဘူး။
တရားရိပ်သာ.. တရားစခန်း သွားတယ်ဆိုတာ ဘုရားရှင် လက်ထက်ကလို ဘုရားရှင်ထံ
တရားရှုနည်း သွားတောင်း တဲ့ သဘောပါ၊ တရားရှုနည်း.. တရားမှတ်နည်း သိပြီးဆိုရင်
မိမိတို့ရဲ့ ခန္ဓာဟာ တကယ့်အစစ်အမှန် တရားရှုရမည့် ရိပ်သာဌာနကြီးပါ။
တရားရှုမှတ်တယ်ဆိုတာ ဘုရားရှင် လက်ထက်က ဟင်းချက်ရင်း... ခြေဆေးရင်း.. စသည့်
အလုပ်ခွင်ထဲမှာပဲ တရားထူး ရသွားတဲ့ ပုဂ္ဂိုလ်များလိုပဲ မိမိတို့
လုပ်ငန်းခွင်းထဲမှာ လုပ်လို့ရအောင် ဗုဒ္ဓမြတ်စွာက နည်းလမ်း ပေးခဲ့တာပါ။
ဘုရားရှင်လက်ထက်က တရားထူးရကြတယ်ဆိုတာ ပါရမီ ရင့်ကျက်လို့ ရတာ။ ဒို့က
ပါရမီမရင့်ကျက်လို့ဆိုပြီး ပါရမီ လွဲချစရာ အကြောင်းတော့ ရှိတယ်။
ဒါနဲ့ပတ်သက်ပြီး မိုးကုတ် ဆရာတော်ဘုရားကြီး အလိုအရဆိုရင်တော့
“ခင်ဗျားတို့ ပါရမီကို လွဲချမနေနဲ့, ပါရမီရင့်ကျက်လို့ ဘုရား သာသနာနဲ့ ကြုံကြိုက်တဲ့ လူ့ဘ၀ရနေတာ”လို့ မိန့်ကြားဘူး ပါတယ်။
တကယ်တော့ အလုပ်တခုကို လုပ်ဖြစ်ဖို့က အဓိက ပဓာန ပါ။
ဝိပဿနာအလုပ်ဆိုတာ မည်သည့်နေရာမဆို ဥပမာ.... ရပ်နေစဉ်
...စားနေစဉ်...အိပ်နေစဉ်.. လမ်းလျောက် နေစဉ်...
လုပ်ငန်းလုပ်နေစဉ်...ယုတ်စွအဆုံး အပေါ့အပါး သွားတဲ့ နေရာကအစ ၀ိပဿနာ
အလုပ်လုပ်ရတဲ့ နည်းတွေ ဗုဒ္ဓမြတ်စွာက သင်ပေးခဲ့တာပါ။ ၀ိပဿနာဆိုတာ တကယ်တော့
နေ့စဉ်.. နေစဉ် စားနေစဉ်.. သွားနေစဉ်.. စသည့်အလုပ်ထဲမှာ အသိ သတိ
ဝိရီယထည့်ပေးလိုက်တဲ့ သဘောကို ၀ိပဿနာ ရုပ်တရား၊ နာမ်တရားတို့ သတိပညာ
တရားထည့်ကာ အထူးရှုမှတ်ခြင်းလို့ခေါ်တာပါ။
အဓိကကတော့ သတိ ဦးစားပေးထည့်ပေးလိုက်တာပါ။ တဆင့်ချင်းပြီး တဆင့် ဒီလို
ဆက်လက် ကျင့်ကြံရင်း ဉာဏ် အဆင့်ဟာ မြင့်သွားမှာပါ။ဒီနေရာမှာ အဓိကမူတစ်ခု
ပြောပြ ရမည်ဆိုလျှင် အာနာပါနလို့ခေါ်တဲ့.. မိမိတို့ရဲ့ ထွက်လေ ၀င်လေလေး
မှတ်တဲ့ သဘောကို နမူအနေနဲ့ သိထားသင့် ပါတယ်။ ဒီနမူနာအတိုင်း ကျန်တာတွေ
မှတ်တာကလည်း အတူတူပါဘဲ။
အဲဒီတော့ ကိုယ်ခန္ဓာကိုယ် (သို့) ကိုယ့် အလုပ်ထဲမှာ ငါ, ငါ့ဥစ္စာ, အတ္တစွဲ
မပါဘဲ အမြဲထာဝရ တရားရှုမှတ်ဖို့ အထင် ရှားဆုံးနေရာဖြစ်တဲ့ မိမိတို့ရဲ့
နှားခေါင်းဖျား၊ နှာသီးများ၌ စိတ်ကို သတိတရားနဲ့ စောင့်ထားပြီး ထွက်လေ,
ဝင်လေ, (ဖောဋ္ဌဗ္ဗာရုံ) လို့ ခေါ်တဲ့ အတွေ့အထိသဘော ၀ါယော (လေ)ဓာတ်က ထိထိသွားတဲ့
အဖြစ်+အပျက်ကို သိအောင် ရှုမှတ်နေရမှာပါ။
လေ လေး ထိထိသွားတဲ့ တွေ့ထိမှုသဘော (ဖောဋ္ဌဗ္ဗာရု) ထဲမှာလည်း ငါမပါ၊ ထိပြီးတော့
ပျက်သွားတဲ့တာပဲ၊ အထိခံ ရတဲ့ ကိုယ်(ကာယ) ရုပ်ထဲမှာလည်း ငါမပါဘူး၊
ထိပြီးတော့ ပျက်သွားတာပဲ။ ထိတာကို သိသိနေတဲ့ ထိ,သိ စိတ်ဆို တာ လည်း
ငါမဟုတ်၊ ငါမပါဘူး၊ ထိ, သိပြီး ပျက်သွားတာပဲ။
ဒီနေရာမှာ “ငါ”ဆိုတာ တရားသဘောအရ “ငါ” (အတ္တ) မရှိတဲ့ သဘောပါ။ အပြော “ငါ”၊
ခေါ်ဝေါ်ပြောဆိုမှု (သမ္မုတိ) အနေနဲ့ကတော့ ခေါ်ဝေါ်ပြောဆိုမှု “ငါ”ဆိုတာ ရှိပါတယ်။
၎င်း “ငါ” ပယ်ရမယ် (ဒါမှမဟုတ်) အပြော “ငါ” မရှိဘူးလို့ ဘုရားရှင်ကလည်း
မဟောခဲ့ပါဘူး၊ သမ္မုတိ “ငါ” ဆိုတာ ရှိပါတယ်။
အမှန်စင်စစ် (ပရမတ္ထ) သဘောအရ မိမိတို့ရဲ့ ရုပ်-နာမ် ခန္ဓာထဲမှာ “ငါ” ဆိုတဲ့
“အတ္တ” မရှိဘူးလို့ ပြောလိုတာပါ။ အဲဒီလို ရုပ်တရား နာမ်တရားတို့
ဖြစ်ပျက်မှုကို ရုပ်နာမ် သက်သက် ငါ, ငါ့ဥစ္စာ, ငါ့ဟာဆိုတဲ့ အစွဲဥပါဒါန် မမှီ,
မစွဲ, မပါဘဲ သတိ, ပညာ, သမာဓိတရားတို့ဖြင့် သန့်ရှင်းစင် ကြယ်စွာ ဂဃနဏ
ပြတ်ပြတ်သားသားနဲ့ ရှုမှတ်ပွားများ နေရင် ၀ိပဿနာဉာဏ်စဉ်တွေ အဆင့်ဆင့်တက်ကာ
ဒိဋ္ဌိ (အယူမှားမှု)၊ ၀ိစိကိစ္ဆာ (ဘုရား၊ တရား၊ သံဃာစသည်
အပေါ်မှာယုံမှားမှု)ကင်းလျက် မဂ်ဉာဏ် ဖိုလ်ဉာဏ်ဖြင့် နိဗ္ဗာန်ကို မျက်မှောက်
တွေ့မြင်ကာ အပါယ်တံခါးပိတ်လျက် အမြတ်ဆုံးချမ်းသာအစစ်ကို
ရရှိခံစားရမှာပါ။နိဗ္ဗာန်ကို ဒီဘ၀မှာ မရသည်ထားဦးတော့... မိမိတို့တတွေ
နေ့စဉ် အလုပ်ထဲမှာ အထက်ပါနည်းအတိုင်း သတိလေးထည့်ပြီး လုပ်မယ်ဆိုရင်
စိတ်ကြည်လင်မယ်၊ ကိုယ်လုပ်တဲ့ လုပ်ငန်း အစဉ်ပြေချောမွေ့မယ်၊ အန္တရာယ်ကင်းမယ်
စတဲ့ အကျိုး တွေ ခံစားရမှာပါ။
သတိမပါတဲ့ သူရဲ့ အလုပ်ဟာ အမှားများတယ်၊ အန္တရာယ် များတယ် ဆိုတာကတော့
လူတိုင်း သိပြီးသား ဖြစ်ကြပါ တယ်။ အဲဒီတော့ မိမိတို့တစ်တွေ နေ့စဉ်အလုပ်မှာ
သတိ ပညာထည့်ကာ အဆင့်မြင့်တဲ့ ၀ိပဿနာအဆီအနှစ်ကို နေ့စဉ်အလုပ်ကနေ
ထုတ်ယူနိုင်ကြပါစေ...
ကျမ်းကိုး---
သုတ်မဟာဝါ-
မဟာသတိပဋ္ဌာနသုတ်
သုတ်မဟာဝါ-
မဟာသတိပဋ္ဌာနသုတ်
ကျေးဇူးပါခင်ဗျာ
ReplyDelete