ထောင့်ကွယ်မြို့ဟောင်း

ထောင်ကွယ် မြို့ဟောင်း

ထားဝယ်ရာဇဝင်တွင် ပေါက်ကံပြည်ရှင် အလောင်းစည်သူ မင်း၏ အဆက်အနွယ် ဖြစ်သော ကနိကဝတ်မင်းသည် သက္ကရာဇ် ၅၉၀ ပြည့်နှစ်တွင် လောင်းလုံမြို့နယ် ကြက်လွှတ်ရွာတွင် ထောင့်ကွယ်မြို့ကို တည်တောင်သည်။

ထားဝယ်မှ ၄၁ မိုင် ဝေးသော အောက်ကျောက်ကဝပ်ရွာကို ကိုယ်ပိုင်ကားဖြင့် သွားမည်ဆိုလျှင် ၂ နာရီခွဲမျှသာ သွားရ သည်။ လောင်းလုံမြို့နယ် ညောပြင်ကျေးရွာသို့ အောက် ကျောက်ကဝပ်ကျေးရွာမှ လမ်းခွဲ၍ ဝင်သွားရသည်။ ရွာနှစ်ရွာသည် တစ်မိုင်ခွဲသာ ဝေးပါသည်။ ညောပြင် ကျေးရွာကို ပင်လယ်တွင်းသို့ ကွေ့ဝင်စီးဆင်းနေသော  ချောင်းငယ်က နှစ်ပိုင်း ခြားထားသည်။ သစ်သားတံတား ဖြင့် ကူးရသည်။ ညောပြင်ကျေးရွာသည် မြင်းခွာပုံသဏ္ဍာန် ရှိသော ညောပြင်အော်၏ အရှေ့ဘက်ကမ်းတွင် ထောင့်ကွယ်မြို့ဟောင်း ရှိသည်။ ညောပြင်ကျေးရွာ ရှိရာ ညောပြင်အော်၏ အရှေ့ဘက်စွန်းတွင် ရွာခံများက ဘိုးဘိုး ကျောက်ဟု ခေါ်သော တောင်ရှိသည်။ မြေပုံတွင် ဝမော် ဟု ပြသည်။ အနောက်ဘက်စွန်းတွင် ကျောင်းတောင်ရှိ သည်။ မြေပုံတွင် မော်ကြီးဟု ပြသည်။ ညောပြင်အော်ကို မီနစ် ၅၀ ခန့်ကြာအောင် စက်လှေဖြင့် ကူးဖြတ်ရသည်။ ညော်ပြင်အော်သည် ရေအလွန်နက်၏။ ထိုကြောင့် တချိန်က ရေနက်ဆိပ်ကမ်း လုပ်ရန် စီမံကိန်းချဖူးသည်။ တဖက်ကမ်းသို့ နီးလာသော အခါ စီးလာသောလှေ၏ ညာဘက်တွင် ကျောက်ပြင်တောင်ကြီးကို မြင်ရသည်။ ကျောက်ပြင်တောင်ကြီးနှင့် ပင်လယ်ကမ်းစပ်ကြားတွင် ဒယ်အိုးတစ်လုံး မှောက်ထားသည့်အလား လုံးလုံး ဝိုင်းဝိုင်း ပြားပြား ဖြစ်သော ဒယ်အိုးမှောက်တောင်ငယ်ကို မြင်ရ သည်။ တဖက်ကမ်းတွင် ကျောင်းတောင် ပိဋကတ်တောင်
ဆင်ဦးတောင် နန်းတောင် တို့ကို အစဉ်အတိုင်း မြင်ရ သည်။  တဖက်ကမ်းသို့ ရောက်သောအခါ ထိုကမ်းခြေကို ဒရောကမ်းခြေဟု ခေါ်ကြောင်း သိရသည်။ ထိုကမ်းခြေမှ ဒရောချောင်းပြင်ကျယ်ကြီးကို ခြေကျင် ဖြတ်ကူးရသည်။ ရေကျချိန်တွင် ချောင်းတွင် ရေမရှိသဖြင့် ဖြတ်ကူးနိုင်ခြင်း ဖြစ်သည်။ ဒရောချောင်းသည် ကျောက်ပြင်တောင်နှင့် ပိဋကတ်တောင် တို့မှ စီးဆင်း၍ ရွာကိုပတ်ကာ ကျောက်ပြင်တောင်နားတွင် ညောပြင်အော်တွင်းသို့ စီးဝင်သည်။ ထိုကြောင့် ထောင့်ကွယ်မြို့ဟောင့် ရှိသော ဆင့်ထောင့်ရွာ အနေအထားသည် အနောက်ဘက်တွင် ပင်လယ်ပြင် တောင်ဘက်တွင် ဒရောချောင်း အရှေ့နှင့် မြောက်ဘက်တွင် တောင်များဝိုင်းနေသည့် အနေအထား ရှိသည်။

ဒရောကမ်းခြေမှတက်သည်နှင့် ဒရောချောင်းနှင့် ကမ်းခြေ အကြားတွင် သဲတာရိုးကုန်းတန်းကြီးကို တမျှော်တခေါ် တွေ့ရသည်။ အခြားမြို့ဟောင်းများမှ အုတ်မြို့ရိုး မြေမြို့ရိုး တို့ကဲသို့ သဲမြို့ရိုး ဖြစ်သည်။ ဝါးတပြန်ခန့် မြင့်သည်။ ထိုသဲတာရိုးကြီးကို ကျော်ပြီးမှ ဒရောချောင်းသို့ ရောက် သည်။ ဒရောချောင်းသည် မနက်ပါ။ ချောင်းပြင်ကျယ်ကြီး မှာ ၄ ဖာလုံခန့် ကျယ်သည်။

ဒရောချောင်းတွင်းမှ ဆင်ထောင့်ရွာကို ကုန်းမြင့်ပေါ်တွင် တွေ့ရသည်။ ဆင်ထောင့်ရွာအနေအထားသည် အလွန် ထူးခြားသည်။ ဆင်ဦးတောင်စောင်း ပတ်လည်တွင် ရွာတည်ထားခြင်း ဖြစ်သည်။ ယခင်က ဆင်ထောင့်နှင့် ဝဲမကိုက်ဟု နှစ်ပိုင်းကွဲနေသည်။ ၅ နှစ်ခန့်ကမှ တရွာတည်း ပေါင်းစပ်လိုက်ခြင်း ဖြစ်သည်။ ဒေသခံတို့က ဝဲမကိုက်ဟု ခေါ်သော်လည်း တရားဝင်အမည်မှာ ဆင်ထောင့်ရွာ ဖြစ် သည်။ ရွာပတ်လည်ဝိုင်းထားသော ဆင်ဦးတောင်ပေါ်တွင် ဘုန်းကြီးကျောင်းနှင့် ဘုရား ရှိသည်။ ရွာအနေအထား သည် တဖက်က တောင်များပတ်လည်ဝိုင်း၍ တဖက်က ချောင်းက ပတ်ထားသည်။ သို့သော် ရွာသည် တောင် စောင်းတွင် ဖြစ်၍ ရေဘေး မစိုးရိမ်ရပါ။ ပင်လယ်ကမ်းစပ် နှင့် ရွာရှိရာ တောင်စောင်းကို ဒရောချောင်းကြီးက ခြား ထားသည်။ ရွာကို ပင်လယ်ဘက်မှ မမြင်ရ။ ရွာတောင် စောင်းဘက်မှ ကြည့်လျှင် ပင်လယ်ဘက်မှ လာသော သူများကို မြင်ရသည်။ ရွာကို ဝိုင်းထားသောတောင်များက လည်း မြင့်သည်။ ထောင့်ကွယ် ဆိုသည့်အတိုင်း ပင်လယ် နှင့် တောင်ထောင့်တွင် ကွယ်နေသော နေရာဖြစ်သည်။ ရှေးက ဤနေရာသည် စစ်ရေးအရ လုံခြုံမှု ရှိခဲ့ဟန် တူပါ သည်။ လာတိုက်ရန်လည်း မလွယ်ကူလှသော အနေ အထား ဖြစ်ပါသည်။

ဒေသခံတို့ ပြောသော ထောင့်ကွယ်မြို့သမိုင်းသည် ဒဏ္ဍာရီ ဆန်သော်လည်း ယနေ့တိုင်ရှိနေသေးသော အခေါ်အဝေါ်များ နေရာဒေသများ အရ လုံးဝပယ်ချရန် လည်း မသင့်ပေ။ သမိုင်း Myth အရ ကြိုးစား ဖော်ထုတ်ပါ ဦးမည်။

ဆင့်ထောင့်ရွာဟောင်းနေရာတွင် ဘုရင့်ဆင်ဖြူတော် ရေချိုးရာ ဆင်ဖြူကန် ဟူသည် နေရာတစ်ခုကို တွေ့ရ သည်။ ကန်ကောနေသဖြင့် ရေမရှိပါ။ ဆင်ဖြူရုံ ဆိုသည့် နေရာတွင် ဘုရင့်ဆင်ဖြူတော်ထားသည်ဟု ဆိုသည်။ ပိဋကတ်တောင်နှင့် ကျောက်တောင်ခြေရင်းလောက်တွင် ရှိသည်။ ဆင်ဖြူရုံဆိုသော်လည်း အဆောက်အဦ မဟုတ် ပါ။ ပေ ၁၂၀ ကျယ်ဝန်းသော အဝိုင်းသဏ္ဍာန် နေရာတစ်ခုဖြစ်သည်။ အလယ်တွင် အနက် ၃ တောင် ခန့် ရှိနေရာတွင် သဲနှင့် ပြည့်နေပြီး မည်သည့် သစ်ပင်မှ မပေါက်ရောက်ပေ။ အဝန်း အဝိုင်းပုံသဏ္ဍာန်တစ်ခုလုံးကို ကျောက်တုံးများဖြင့် ကျောက်ရိုးစီကာ ဝိုင်းကာထားသည်။ ကျောက်ရိုးအမြင့်သည် ၈ ပေခန့် ရှိသည်။

ယခုအခါ ပ စောက် သဏ္ဍာန်သာ ကျန်တော့သည်။ အဝိုင်းအဝန်းအလယ်တွင် ဆင်ဖြူတော်ကို ကြိုးဖြင့် ချည်ထားရာ သပြေပင် ရှိခဲ့ဖူးသညဟု ဆိုပါသည်။ သပြေပင်၏ ပင်ခြေတွင် ဆင်ကြိုးချည်ရာအဖြစ် သိမ်ဝင်နေ သည့် အရာကိုပင် မြင်ရဖူးကြောင်း ရွာသားများက ပြောပါ သည်။ ထိုသပြေပင် သေသွားသည်မှာ မကြာသေးဟု ဆိုသည်။ ထိုဆင်ဖြူရုံအတွင်းသို့ ဆင်မများသာ ဝင်လာ၍ ရသည်။ ဆင်ထီးများဝင်လာလျှင် အော်ဟစ် ပတ်ပြေးနေရ သည်မှာ ဆင်ဖြူရုံအပြင်ရောက်မှ နားရတော့သည်ဟု ဆင်ဖြူရုံနေရာ၏ ထူးခြားမှုကို ရွာခံများက ပြောပြသည်။

နန်းတောင်မှ ဆင်ဖြူရုံသို့ ထောင့်ကွယ်မင်းကြီး ဆင်းလာ သည့် ကျောက်လမ်းမကြီးရှိသည်။ သဲပေါ်တွင် ပင်လယ်ကမ်းခြေရှိ ကျောက်တုံးကျောက်သားများဖြင့် လူလုပ်ထားသော ကျောက်လမ်းမကြီး ဖြစ်သည်။ ၁၆ ပေ ကျယ်ပါသည်။ အချို့နေရာတွင် သဲများဖုံးနေသည်။ သဲများကို တူးကြည့်လျှင် အောက်က ကျောက်လမ်းမကြီး ပေါ်သည်။ သဲမြို့ရိုး၏ အပြင်ဘက်တွင် နန်းတောင်မှ ပိဋကတ် တောင်သို့ သွားသော ကျောက်လမ်းမကြီး ရှိသေး သည်ကိုလည်း တွေ့ရသည်။ ၁၆ ပေပင် ကျယ်ပါသည်။ အချို့နေရာများ ပျက်စီးပြီး ပြတ်နေပါပြီ။ သဘာဝ အနေအထား မဟုတ်ပါ။ လူလုပ်ထားသည့် ကျောက်လမ်း မကြီးများသာ ဖြစ်သည်။ ထောင့်ကွယ်မင်းကြီး ကိုးကွယ်ရာ သံဃာတော်များအတွက် ကျောင်းတောင်တွင် ကျောင်းရှိ ပြီး ပိဋကတ်တောင်တွင် ပိဋကတ်တိုက် ရှိသည်ဟု ဆိုသည်။ မင်းကြီး ကျောင်းနှင့် ပိဋကတ်တိုက် ရှိရာသို့ သွားသော လမ်းမကြီး ဖြစ်သည်။

နန်းတောင်ဟုခေါ်သော နေရာသည် နန်းတော်ရာ ဖြစ်မည် ဟု ယူဆရသည်။ အုတ်ကျိုး အုတ်ပဲ့များ အပုံလိုက် ရှိသေး သည်။ ထူးခြားသည်မှာ အုတ်များတွင် အပေါက်များ ပါရှိ ၏။ အုတ်ချပ် အကောင်းပကတိ မရှိတော့သဖြင့် အတိုင်း အတာ အမှန်ကို မသိရပါ။ သို့သော် ရှေးအုတ်ချပ်များ ဖြစ်သည်ကို ခန့်မှန်း၍ ရပါသည်။ အိုးခြမ်းကွဲ အပိုင်းအစ များလည်း တွေ့ရသည်။ အိုးသားသည် မြေသားမဟုတ်ပါ။ ကမ်းခြေကျောက်သားနှင့် သဲကို ရော၍ ပြုလုပ်ထားသော အိုးသားဖြစ်သည်။ အစင်းကြောင်းများနှင့် အိုးတွင် ပန်းဖော် ထားသည်။



0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်