နဘုလယ်စက်တော်ရာ

ယခု နဘုလယ်စက်တော်ရာသည် ဘုရားခြေရာတော် အစစ် ဆိုတာ တကယ်လား
••••••••••••••••••••••••••••••••••••••••
ထားဝယ်သမိုင်းတွေ ပိုစ့်မရေးဖြစ်တာ ကြာပါပြီ ကိုယ့်ဟာ ကိုယ်တော့ စာအုပ်အတွက် ဆက်လက် ရေးနေဆဲပေါ့လေ
ပိုစ့်မတင်ပေးဖြစ်တာ ပြောတာပါ

ကျွန်တော်တို့ ထားဝယ်ခရိုင် ရေဖြူမြို့နယ်က နဘုလယ်
က စက်တော်ရာဘုရား ဆိုတာ တနင်္သာရီတိုင်းမှာတော့ အတော်ပင် ထင်ရှားကျော်ကြားလှတဲ့ စေတီဘုရား တစ်ခု
ပါပဲ

ဒီစက်တော်ရာက တကယ့် ဗုဒ္ဓခြေရာတော် အစစ်လား  အစစ်မှ ဟုတ်ရဲ့လား ဆိုတာကို ဆန်းစစ်လေ့လာကြည့်တဲ့
အခါ ဆရာကြီး ရွှေဝယ်ဧရေးတဲ့ ထားဝယ်ရာဇဝင်မှာ ဆို ထားသလို ဘုရားရှင် ကြွလာတယ် ဆိုတာကို ပိဋကတ် နှင့် အဋ္ဌကထာ ဋီကာများတွင် မတွေ့ရ။ ဗျာဒိတ်တော်ကျမ်း စက်တော်ရာ သမိုင်းကျမ်းများတို့တွင်လည်း မတွေ့ရပေ။

နောက်တဖန် ယခု ရှိနေသော စက်တော်ရာတွင် ထူးထူး ခြားခြားပင်လျှင် စက်လက္ခဏာများတွင် မပါဝင်သော စ ဓ ဗ ဝ အက္ခရာများ ရှိနေသည်ကို တွေ့ရှိရပါသည်။ အသို့ ဖြစ်လေသနည်း။

ဤတွင် စဉ်းစားစရာများ ဖြစ်လာသည်။

၁။ မူလကပင် အစစ် မဟုတ်/ မရှိ ခဲ့လေသလား

၂။ မူလက အစစ်မဟုတ်ဘဲ နှောင်းလူတို့မှ ကြံဆကာ အမှား ပြုလိုက်မိ လေသလား

၃။ နဂိုမူလက အစစ်အပေါ် ဖုံးအုပ်ပြီး မွမ်းမံလိုက်လို့ ထိုသို့ ဖြစ်လေသလား

စတဲ့ မေးခွန်းတွေ စဉ်းစားလာရပါတော့တယ်

စက်တော်ရာသည် အဓိကမကျ ကြည်ညိုသဒ္ဓါခြင်းသည် သာ လိုရင်း ဟု ဆိုသော်လည်း ကျွန်တော် အခု ပြောနေ သည်မှာ ဘာသာရေး မဟုတ်ပါ ခေတ်သစ်သမိုင်းအမြင်ကို
ပြောနေခြင်းဖြစ်ပါသည်။

အထက်က သုံးချက်ကို သမိုင်းအမြင်အယူအဆနှင့် သုံးသပ်ကြည့်ပါ

၁ ။ နဂိုကပင် အစစ် မဟုတ်သည်လည်း ဖြစ်နိုင်သည်။
မရှိသည်လည်း ဖြစ်နိုင်ပါသည်

၂။ ရှေးကတည်းက ရှိတာ မှန်သည် အစစ် ဖြစ်ကောင်း ဖြစ်မည် အတုလည်း ဖြစ်နိုင်သည်။ နောက်လူတွေ လုပ်ကြံ ဖန်တီးထားတာလည်း ဖြစ်နိုင်သည်။

၃။ နဂိုမူကက အစစ်ရှိသည် နောက်လူတွေ ပေါက်တတ် ကရ  လုပ်လိုက်သည်လည်း ဖြစ်နိုင်သည်။

ဒီလိုတွေ သုံးသပ်ယူဆနိုင်ပါတယ်။ သို့သော်လည်း ထို ယူဆချက်များသည် အတွေးအထင်မျှသာ ဖြစ်ပေသည်။
တကယ့်တကယ် သက်သေပြဖို့ရာ အချက်အလက် အကိုးအကား အခိုင်အမာလည်း မရှိ  မခိုင်မမာ ဝိုးတိုး ဝါးတားတွေလည်း မရှိဟု ဆိုရမလောက်အောင် မှတ်တမ်း မှတ်ရာများ ပျောက်ဆုံးနေပါသည်။

ထိုသို့ အထောက်အထား အခိုင်အမာ မပြနိုင်သော အရာ များကို ခေတ်သစ်သမိုင်းပညာက လက်သင့်မခံသည် ဖြစ် ရာ သက်သေပြဆိုနိုင်ခြင်း မရှိသေးသမျှ ကာလပတ်လုံး
နဘုလည်စက်တော်ရာ သမိုင်းသည် ရာဇဝင်စာမျက်နှာ တစ်ခု အနေဖြင့်သာ လမ်းဆုံးနေပါဦးမည်။

ခေတ်သမိုင်းအမြင်ဖြင့် ဆိုပါလျှင် အစစ် မဟုတ်ပါ ဟူ၍သာ ဆိုကြပါလိမ့်မည်။ ဆိုရပါလိမ့်မည်။ သဘာဝယုတ္တိလည်း မရှိ အာဂမယုတ္တိလည်း မရှိသော စာများကို ခေတ်သမိုင်းမှ
လက်မခံ အတည်မပြုပေ။ ထိုကြောင့် ဆက်လက်လေ့လာ နိုင်ကြပါရန် စဉ်းစားဆင်ခြင်သုံးသပ်နိုင်ရန် ခေတ်နှင့်အညီ သမိုင်းစံမှီမှီဖြင့် သုတေသနပြုလုပ်နိုင်ကြရန် ကောက် ကြောင်းများ တင်ပြပေးလိုက်ပါသည်။

ကိုယ့်ဒေသသမိုင်း ကိုယ်ကနာနာ ဖိထောင်းထားပါမှ သူတပါးက မှိုချိုးမြှစ်ချိုး လာပြောမှာတွေ ကာကွယ်နိုင်မည် ဖြစ်သလို စံချိန်မှီတဲ့ သမိုင်းစာမျက်နှာတွေ ထွက်လာမည် ဖြစ်ပါကြောင်း……


0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်