သံဃာ့ဂုဏ်ရည်

ပရီးမီးယားလိဂ်နှင့် သံဃာ့ဂုဏ်ရည်
⚽⚽⚽⚽⚽⚽⚽⚽⚽⚽⚽⚽⚽⚽
"ဂိုးးးးး"

လဘက်ရည်ဆိုင်အတွင်းမှ လွင့်ထွက်လာသော အသံက ဆိုင်ဝရောက်နေတဲ့ ကျွန်တော့်ရဲ့ခြေလှမ်းကို တုန့်ဆိုင်းသွားစေတယ်။ ဖျက်ကနဲကြည့်မိတော့ TVမှ လာနေတဲ့ ပရီးမီးယာလိဂ် ဘောလုံးပွဲတစ်ခုက ဂိုးသွင်းသွားတဲ့ မြင်ကွင်းကို တွေ့လိုက်ရတယ်။

ဆိုင်ထဲမှာလည်း လူကအပြည့်။
ထိုအချိန် "ဆရာ ဒီကိုလာလေ" လှမ်းခေါ်ရာဘက်ကြည့်လိုက်တော့ ရပ်ကွက်အတွင်းက ကျွန်တော်စာသင်ပေးခဲ့ဖူးတဲ့ ကောင်လေးတွေ ဖြစ်နေတယ်။ ကျွန်တော် ဆိုင်ထဲရောက်ပြီးချိန်မှာပဲ ဘောလုံးပွဲက ပြီးသွားပုံရတယ်။ ဆိုင်ထဲကနေ အသီးသီးထွက်ခွါသွားကြတယ်။ အဲဒီထဲမှာ ဦးဇင်းငယ် ကိုရင်ငယ်တွေကိုပါ တွေ့လိုက်ရတယ်။

ဆိုင်ထဲမှာ လူပါးသွားပြီဆိုမှ တပည့်တစ်ယောက်က...……
"ဘောလုံးပွဲကတော့ ကြည့်ကောင်းပါတယ်။ ဆိုးတာက လိမ္မော်သီးတွေပဲ။ သောင်းကျန်းလွန်းတယ်။ တော်တော်စိတ်ပျက်ဖို့ ကောင်းတယ်။ ကျွန်တော်ကတော့ ဆွမ်းလောင်းဖို့မပြောနဲ့။ ရိုသေချင်တဲ့စိတ်တောင် ပျောက်တယ်"

ဒီတော့မှ ကျွန်တော်သဘောပေါက်သွားတယ်။ 'လိမ္မော်သီး ဆိုတာ ဦးဇင်း ကိုရင်တွေကို ပြောတာကိုး' လို့။ ဒါနဲ့ ကျွန်တော် မေးကြည့်လိုက်တယ်။
"ဘယ်လိုတွေ သောင်းကျန်းကြတာလဲကွ"
" ဟာ..ဆရာရယ် မပြောပါနဲ့တော့။ သူတို့အားပေးတဲ့အသင်းဘက်ကများ ကန်လိုက် ဂိုးသွင်းလိုက်လို့ကတော့ သင်္ကန်းတွေ မြှောက် မြှောက်ပြီးတော့ ဆူညံနေတော့တာပဲ။ သူတို့သဘောမကျတဲ့ အသင်းဘက် တစ်ယောက်က ညစ်လို့ အားပေးတဲ့အသင်း ဘက်က တစ်ယောက်ယောက် ထိခိုက်ဒဏ်ရာရ လဲကျသွားရင် ဖိနပ်တွေနဲ့ချွတ်ပေါက်၊ ဆဲ ဆို ဆူညံနေတာပဲ။ ဝါသနာပါလို့ မနေနိုင်လို့ ကြည့်ရင်လည်း အေးအေးဆေးဆေး ကြည့်ပေါ့ဆရာရယ်။ ခုဟာက ဒေါနဲ့မောနဲ့။ အဲဒီဘက်တခြမ်းလုံး ဝါထိန်ပြီးတော့ ဆူညံ ပွက်လောရိုက်နေတော့တာပဲ"

(လူငယ်အများစု သိသင့်သော အကြောင်းအရာတွေဦးစားပေးထားလို့ ရသပိုင်းကို လျော့ချပြီး ဒိုင်ယာလော့သက်သက်နဲ့သွားပါမယ်)

အဲဒါနဲ့ ကျွန်တော် သူ့ကို မေးလိုက်တယ်။ "မင်းဗုဒ္ဓဘာသာ အစစ်မဟုတ်ဘူးလား"
"ဘာဖြစ်လို့လဲဆရာ"
"ဘာသာရေး အပါးမဝလို့"
"ဆရာပြောတာ နားမလည်ဘူး"
"ခုဏက ပြတဲ့ဘောလုံးပွဲကို လာကြည့်ကြတဲ့ပုဂ္ဂိုလ်တွေက ဘယ်သူတွေလဲ"
"ဘုန်းကြီးတွေလေ ဆရာ"
"ဘုန်းကြီးတွေဆိုတော့ ကျောင်းထိုင်ဘုန်းကြီးတွေ၊ တိုက်အုပ်ဘုန်းကြီးတွေ၊ ဓမ္မကထိကတွေ၊ တရားပြ ကမ္မဋ္ဌာနာစရိယတွေပေါ့နော်"
"အဲဒီဘုန်းကြီးတွေ မဟုတ်ဘူးဆရာ၊ ဦးဇင်း ကိုရင်ငယ်တွေပါ"
"အော် ဒါဆို ဦးဇင်း ကိုရင်ငယ်တွေရဲ့ အပြုအမူ အပြောအဆိုတွေကို မြင်ရလို့ မင်းတို့က စိတ်ပျက်နေတာပေါ့"
"ဟုတ်တယ် ဆရာ၊ သူတို့အနေနဲ့ မလုပ်သင့် မလုပ်ထိုက်ဘူးလေ"
"ဘာဖြစ်လို့လဲ"
"သူတို့ဟာ ဘုရားသားတော် မြေးတော် ဆရာကောင်းတပည့်တွေပဲ၊ ပြီးတော့ သင်္ကန်းဝတ်ကြီးတွေနဲ့၊ သံဃာတွေက ဒီလိုလုပ်နေရင် ကျွန်တော်တို့စိတ်ထဲ ဘယ်လိုလုပ် ကြည်ညိုနိုင်တော့မှာလဲ"
"နောက်ပြီး ဘာသာခြားတွေကလည်း အထင်သေးကြဦးမယ်၊ ဒါတွေကို စဉ်းစားမိတိုင်း စိတ်ပျက်ပါတယ်ဆရာ၊ ကျွန်တော်တို့ သာသနာကောင်းနိုင်ပါဦးမလား"
"အေး သာသနာဆိုလို့ သာသနာဆိုတာ ဘာလဲ မင်းသိလား"
"သိပါတယ်ဆရာ၊ ဘုန်းကြီးတွေပေါ့"
"မဟုတ်ဘူးကွ။ သာသနာဆိုတာ ဘုရားရှင်ရဲ့အဆုံးအမတွေကိုပြောတာ။ ဘုရားရှင်ရဲ့ အဆုံးအမဖြစ်တဲ့ တာဝန်တွေကို ထမ်းဆောင်နေတဲ့သူတွေကိုတော့ ခုနက မင်းတို့ ပြောတဲ့ ဘုန်းကြီး ဦးဇင်း ကိုရင်တွေပေါ့။ သူတို့ကို သာသနာ့ဝန်ထမ်းလို့ခေါ်တယ်။ သာသနာကတခြား၊ သာသနာ့ဝန်ထမ်းကတခြား" မတူဘူးကွ။
"ဘယ်မှာ ထမ်းလို့ ကျင့်လို့လဲဆရာ၊ ဘောလုံးပွဲရောက်နေတာ"
"အေး ဟုတ်တယ်။ ဒါပေမယ့် ကျင့်စရာဆိုတဲ့ ဘုရားအဆုံးမတွေက ဘောလုံးပွဲတစ်ခု တည်းရှောင်ဖို့ မဟုတ်ဘူး"
"ဘယ်လိုလဲဆရာ။ ရှင်းအောင်ပြောပါဦး။ မကောင်းတာဆို အကုန်ရှောင်ရမှာပဲမလား။ ပြီးတော့ ကောင်းတာဆို အကုန်လုပ်ရမှာပဲလေ ဆရာ"
"မကောင်းတာတွေက ဘာတွေလဲ"
"အများကြီးပဲလေဆရာ"
"ကောင်းတာတွေကရော"
"ကောင်းတာတွေလည်း အများကြီးပဲပေါ့"
" အဲဒီ ကောင်း မကောင်းဆိုတဲ့အလုပ်တွေကို ဘယ်သူတွေကလုပ်ကြတုန်း"
"လူတွေ လုပ်နေကြတာပဲ ဆရာ"
"လူတွေ ဆိုတော့ မင်းတို့ ငါတို့ ပြီးတော့ ဘုန်းကြီး ရဟန်း ကိုရင် သီလရှင်အားလုံးပေါ့"
"မှန်ပါတယ် ဆရာ"
"ဒါဆိုရင် မကောင်းတာ ကောင်းတာတွေကို လုပ်တတ်တာခြင်းမှတော့ ဒို့အားလုံးက အတူတူပဲပေါ့"
"တူပါတယ်ဆရာ"
"တူရင် ဘာဖြစ်လို့ ဦးဇင်း ကိုရင်တွေကိုမှ ရွေးပြီးအပြစ်မြင်နေရတာလဲ"
"ဟာ..…သူတို့က ဦးဇင်း ကိုရင်တွေလေ၊ မလုပ်သင့်ဘူးပေါ့ဆရာ"
"ခုနက မင်း ပြောတယ်လေ။ မကောင်းတာတွေက အများကြီးဆိုတော့ အဲဒါတွေ အကုန်လုံး ရှောင်နိုင်ပါ့မလား"
"အကုန်လုံးတော့ ဘယ်ရှောင်နိုင်ပါ့မလဲ ဆရာ"
"ပုဂ္ဂိုလ်နှစ်မျိုး ယှဉ်ကြည့်ရအောင်ကွာ…………
၁။ မင်းတို့ ငါတို့လူတွေ ၂။ ဦးဇင်း ကိုရင်တွေ နှစ်မျိုးစလုံးပဲ ကောင်းတာ မကောင်းတာ လုပ်တတ်တယ်နော်။ ဥပမာကွာ မင်းတို့လည်း ဘောပွဲကြည့်တယ်။ သူတို့လည်း ဘောပွဲကြည့်တယ်။ ဒီတော့ ပုဂ္ဂိုလ်နှစ်မျိုးဟာ သဘာဝအားဖြင့် အချက်တစ်ခုတည်းမှာ တူနေကြတယ်။ တူညီတဲ့အချက်နှစ်ခုမှာ မင်းတို့က သူတို့ကို အပြစ်မြင်တယ်။ ဒါပဲပေါ့"
"သိပ်မရှင်ဘူး ဆရာ"
"အကြောင်းအရာတစ်ခုကို တိကျတဲ့အမှန်တရားရောက်အောင် စဉ်းစားချင်ရင် ပထမဆုံး ညီမျှတဲ့အဆင့်အတန်းမှာ ထားရတယ်။ ဒါကို ပါဠိစာပေမှာ ဧကတ္တသဘောလို့ ခေါ်တယ်။ တူနေတာကို သိအောင်လုပ်ပြီးတော့မှ နောက်တဆင့်တက်ပြီး ကွဲပြားခြားနားချက်ကို ထပ်စဉ်းစားရတယ်"
"ဒီတော့ ငါ မင်းတို့ကို ထပ်မေးမယ်"
" ဟုတ် မေးပါဆရာ"
"မင်းတို့ အခု ဘောပွဲကြည့်ပြီး လဘက်ရည်သောက်ပြီးရင် ဘယ်ကိုသွားကြမလဲ"
"အိမ်ကို ပြန်ကြမယ်ဆရာ"
"ဦးဇင်းတွေ ကိုရင်တွေကော"
"သူတို့ကျောင်းပြန်တာပေါ့ ဆရာ"
"အိမ်ရောက်တော့ မင်တို့ ငါတို့ အလုပ်တွေလုပ်ကြတယ်။ ဦးဇင်းကိုရင်တွေလည်း အလုပ် လုပ်ကြတယ်။ မင်းတို့ ငါတို့ အလုပ်က သား မယားကိစ္စ၊ အိမ်မှုကိစ္စ၊ ရပ်ရွာကိစ္စ၊ စီးပွားရေး ကြီးပွားရေးစတဲ့ လောကီကိစ္စတွေပဲလုပ်ကြတယ်။ ဦးဇင်း ကိုရင်တွေကျတော့ ကျောင်းမှာ စာအံတယ်၊ စာကျက်တယ်၊ စာတက်တယ်၊ ဘုရားဝတ်တက်တယ်၊ ရေချမ်းလှူ  ပန်းလှူလုပ်ကြတယ်။ ကျောင်းထိုင်ဆရာ တိုက်အုပ်ဆရာ စာချဆရာတွေရဲ့ ဝေယျာဝစ္စကြီးငယ်တွေ လုပ်ကြတယ်။ ဒီတော့ မင်းတို့ငါတို့ လုပ်တဲ့အလုပ်တွေနဲ့ ဦးဇင်းကိုရင်တွေ လုပ်တဲ့အလုပ်တွေကို နှိုင်းယှဉ်ကြည့်။ ဘယ်သူ့အလုပ်က ပိုပြီးအပြစ်ကင်းမယ်၊ ကုသိုလ်ရမယ်ထင်လဲ"
"ဦးဇင်း ကိုရင်တွေအလုပ်က ပိုအပြစ်ကင်း ကုသိုလ်ရတာပေါ့ဆရာ"
"ဒါဆိုရင် ကုသိုလ်ကို အသာထား။ အပြစ်ကင်းသူနဲ့ ပိုအပြစ်ကင်းသူ နှစ်ဦးမှာ ဘယ်သူက ဘယ်သူ့ကို အရိုအသေပေးထိုက်သလဲ"
"အပြစ်မကင်းသူက ပိုအပြစ်ကင်းသူကို အရိုအသေပေးထိုက်ပါတယ်။ ဒါပေမယ့် သူတို့က ဆရာပြောသလို တကယ်ကောလုပ်ကြလား။ ကျွန်တော်တို့က မမြင်ရဘူးလေ"
"ဒါကျတော့ ဒီလိုစဉ်းစားကွ"
"မင်းတို့ ငါတို့က အိပ်တဲ့အချိန်မှာတောင် သားနဲ့မယားနဲ့ ပျော်ပျော်ရွှင်ရွှင်အိပ်ကြတယ်။ ဦးဇင်း ကိုရင်တွေမှာ သားမယားမရှိဘူး။ နိုးလာတော့လည်း စဉ်းစားကြည့် တနေကုန် လုပ်ကြတဲ့ အပြစ်ကင်း အပြစ်ရှိအလုပ်နှစ်မျိုးမှာ ဦးဇင်းကိုရင် တို့လုပ်ကြတဲ့အလုပ်တွေက အပြစ်ကင်းတဲ့အလုပ်တွေ များလိမ့်မယ်"
"ဘာဖြစ်လို့လည်းဆရာ"
"ကျောင်းဆိုတဲ့ ဋ္ဌာနက မင်းတို့ ငါတို့အရပ်ထဲမှာလို လုပ်ချင်တိုင်းလုပ်လို့ သင့်တော်တဲ့ ဋ္ဌာနမဟုတ်ဘူး။ ဆရာသမားတွေက အမြဲစောင့်ရှောက် ပြောဆိုဆုံးမနေကြတာ။ စာချ  စာတက် စာအံ စာကျက်ဆိုတဲ့အလုပ်တွေက သူတို့ရဲ့နေ့တိုင်းအလုပ်ပဲ။ အဲဒီအချိန်တွေကို ထာက်ကြည့်ရင် မင်းတို့ ငါတို့ထက် အလုပ်ကောင်းတော့ များတာသေချာတယ်"
"ဘောပွဲလာကြည့်တာ အလုပ်ကောင်းခေါ်မလား ဆရာ"
"ကောင်းတဲ့အလုပ်ချည်းပဲ အချိန်ပြည့်လုပ်နေနိုင်မလား"
"မင်းတောင် တနေ့လုံးအလုပ် လုပ်ရတာငြီးငွေ့တော့ ဘောပွဲလာကြည့်သေးတာ။ သူတို့လည်း အလုပ် လုပ်ရတာငြီးငွေ့တော့ ဘောပွဲလာကြည့်တာပေါ့။ ဒါတောင် ဆရာသမားတွေ မသိအောင် တိတ်တိတ်လေး ခိုးထွက်လာတာနေမှာ။ အဲဒီ ဆရာသမားတွေသိမှာ ရှက်တာကြောက်တာကို ပါဠိစာပေမှာ လဇ္ဇီသဘာဝ လို့ခေါ်တယ်။ အထက်လူကြီးတွေသိမှာ ရှက်တတ် ကြောက်တတ်တဲ့ စိတ်ကလေးရှိတာကိုက ကိုရင် ဦးဇင်းတွေဆီမှာ ရှိတဲ့ သူတော်ကောင်းမျိုးစေ့ပဲ။ ဒီမျိုးစေ့ကို နေ့တိုင်းအလုပ်ကောင်းတွေက အားပေး ကူညီနေရင်း အကောင်းတွေများလာကြတာ။ တော်တော်ကြီးလို့ ဘုန်းကြီးဖြစ်သွားရင် ဒီထက် ပိုကောင်းလာကြတာပေါ့။ ဒါကြောင့် အသက်အရွယ်ရလာတဲ့ ဘုန်းတော်ကြီးတွေ လမ်းဘေးက ဘောပွဲ ဇာတ်ပွဲတွေမှာ တွေ့ရလား"
"မတွေ့ရဘူးဆရာ"
"ဘာဖြစ်လို့လည်းသိလား"
"အသက်အရွယ်ကြီးလာတာနဲ့အမျှ  သူတော်ကောင်းစိတ်ဓာတ်တွေ ကိန်းလာပြီး သူတော်ကောင်းဖြစ်သွားလို့ပါ။ ဒါပေမယ့် ခုလို မြင်တွေ့နေရတာကိုတော့ စိတ်မချမ်း မသာ ဖြစ်မိတာတော့ အမှန်ပဲဆရာ"
"ဒါဖြင့်ရင် ဒီလိုလုပ်။ သာသနာနဲ့သာသနာ့ဝန်ထမ်း မတူပုံကို ငါခုနက ပြောခဲ့တယ်နော်။ ဥပမာဆိုပါတော့ကွာ။ ဘုရားဟော ဝိနည်းတရားဆိုပါတော့။ ရှောင်ကြဉ်ရမယ့် တာဝန်တွေ။ အဲဒီ ထိန်းသိမ်းစောင့်ရှောက်ရမယ့် အလုပ်တွေ ဘယ်သူတွေလုပ်။ ရဟန်းသံဃာတွေ လုပ်ကြတယ်နော်"
"မှန်ပါတယ်ဆရာ"
"ဒီတော့ စဉ်းစားကြည့်။ မင်းတို့ငါတို့မှာ ဘုရားအဆုံးအမ တာဝန်တွေကို ထမ်းဆောင်မယ်ဆိုတဲ့ ပဋိညာဉ်မရှိဘူး။ ဦးဇင်းကိုရင်တွေမှာ ရှိတယ်။ ပြီးတော့ ပဋိညာဉ်အတိုင်း ထမ်းဆောင်ကြတယ်။ ထမ်းဆောင်ရမယ့် တာဝန်တွေက များတော့ အကုန်အစင်တော့ ဘယ်ထမ်းနိုင်ပါ့မလဲ။ မထမ်းနိုင်လို့ တခါတရံ ပျက်ကွက်သွားရင် မင်းတို့ငါတို့က ကဲ့ရဲ့တော့တာပဲ"
"မင်း ဂုဏ်နဲ့ဒြပ်ဆိုတာ ကြားဖူးလား"
"ကြားဖူးပါတယ်ဆရာ"
"အဓိပ္ပာယ်ကောသိလား"
"အဓိပ္ပာယ်တော့မသိပါဆရာ"
"ဂုဏ်ဆိုတာမှာ အကောင်အထည်မရှိဘူး။ ဒြပ်ဆိုတာ အကောင်အထည်ရှိတယ်။ ဂုဏ်ဆိုတာဟာ အထည်ဒြပ်ကို အမှီပြုပြီးမှ ပေါ်လာရတဲ့ သဘာဝတစ်မျိုး။ ဂုဏ်ဆိုတဲ့ စကားလုံးကို ကောင်းတဲ့ စကားအဖြစ်နဲ့ပဲ သုံးတယ်။ ဥပမာကွာ……မိန်းကလေးတစ်ယောက် လှတယ်။ လှတယ်ဆိုတဲ့စကားဟာ ဂုဏ်ပဲ။ ဒီလှတယ်ဆိုတဲ့စကားက မိန်းမဒြပ်ကို အမှီပြုပြီးမှ ဖြစ်လာတဲ့စကား။ ဒီတော့ ဂုဏ်နဲ့ဒြပ်က မခြားနားဘူးလား"
"ခြားနားပါတယ်ဆရာ"
"အေး သာသနာ့ဝန်ထမ်း ရဟန်းသာမဏေတို့မှာ အဲဒီဂုဏ်တွေ အများကြီးရှိတယ်ကွ။ ဗုဒ္ဓဘုရားရှင်ဟောကြားခဲ့တဲ့ ခက်ခဲနက်နဲတဲ့ သဘောသဘာဝတရားတွေကို ရဟန်းတော်တွေ ကိုရင်တွေက သူတို့နေတဲ့ကျောင်းက ဆရာသမားတွေထံက နေ့စဉ်နေ့တိုင်း သင်ယူ နာကြား လေ့ကျင့်နေကြတာ။ မင်းတို့ငါတို့က နေ့စဉ်နေ့တိုင်း သင်ယူ နာကြား လေ့ကျင့်နိုင်လို့လား"
"မလုပ်နိုင်ပါဘူးဆရာ"
"ဒါဆိုရင် မင်းတို့ငါတို့ထက် သာလွန်တဲ့ လက်တွေ့ဂုဏ်တစ်မျိုး ရှိနေတာပေါ့။ မသိတာ သိအောင် သိပြီးတာတွေ ရှောင်ကြဉ်ထိန်းသိမ်းနေတဲ့ ဂုဏ်တွေ များမှများ။ ပြီးတော့ မင်းတို့ငါတို့က အိမ်ထောင်ပြုကြတယ်။ ရဟန်းတော် ကိုရင်တို့မှာအိမ်ထောင်မပြုကြဘူး။ အိမ်ထောင်ပြုချင်တဲ့စိတ် မရှိလို့လားဆိုရင် ပုထုဇဉ်ဖြစ်တဲ့အတွက် တချို့သံဃာတွေမှာ ရှိကြမှာပဲ။ ဒါပေမယ့် ဝိနည်းတရားတော်က တားမြစ်ထားလို့ ထိန်းသိမ်းနေကြရတယ်။ ကြိုးစားပြီး ပယ်ဖျောက်နေကြတယ်။ မင်းတို့ငါတို့က သူတို့လို ပယ်ထား အောင့်ထားနိုင်လို့လား"
"မနေနိုင်ပါဘူးဆရာ"
"ဒါဟာလည်း မင်းတို့ငါတို့ထက် ပိုလွန်တဲ့ အကျင့်ဂုဏ်ပါပဲ။ မကောင်းတာတွေကို တတ်နိုင်သမျှပယ်။ ကောင်းတာတွေကို စွမ်းအားရှိသမျှ  အားထုတ်နေကြတာတွေ။ မင်းတို့ငါတို့ထက် သာပါတယ်ကွာ။ အဲဒီလို မကောင်းတာတွေကို တတ်နိုင်သမျှပယ်။ ကောင်းတာတွေကို စွမ်းအားရှိသမျှ အားထုတ်နေကြတာကိုပဲ သုပ္ပဋိပန္န လို့ခေါ်တာပဲ။ အဲဒီ ကွဲပြားခြားနားချက်တွေကို မြင်အောင်ကြည့်။ စဉ်းစား။ သိလာရင် သိလာသလောက် ရိုသေချင်တဲ့ ကြည်ညိုတဲ့စိတ်ဆိုတာ ဖြစ်မှာပါ။ ဒီစိတ်တွေဟာ ကုသိုလ်စိတ် မဟုတ်လို့ဘာလဲ။ သဘာဝတစ်ခုနဲ့တစ်ခုတူရင် တူတဲ့အဖြစ်။ ခြားနားရင် ခြားနားတဲ့ အဖြစ်ကို စဉ်းစားဆင်ခြင်ပေး။ သဘာဝအမှန်ကို သိလာရင် စိတ်ချမ်းသာမှာပဲ။ ဒါကို ပါဠိစာပေမှာ နာနတ္တသဘောလို့ခေါ်တယ်။ ပြီးတော့ ဆရာတစ်ခုပြောဦးမယ်။ ရတနာသုံးပါးနဲ့ ဆက်စပ်လာရင် ဂုဏ်ကိုပဲ အာရုံပြုရတယ်။ ပုဂ္ဂိုလ်ကို အာရုံမပြုရဘူး။ အဓိပ္ပာယ် ကတော့ကွာ။ သာသနာ့ဝန်ထမ်း ရဟန်းသာမဏေတွေဆိုတဲ့ ပုဂ္ဂိုလ်ဒြပ်ကို အာရုံမပြုနဲ့လို့ ပြောချင်တာ။ ဒီဒြပ်အပေါ်မှာ တည်နေတဲ့ ဂုဏ်ကိုပဲ အာရုံပြုတတ်ရမယ်ပေါ့"
"ဥပမာ စဉ်းစားကြည့်။ မင်းတို့ ငါတို့ အခု လဘက်ရည်ဆိုင်မှာ လဘက်ရည်သောက်ကြတယ်မလား။ လဘက်ရည်က ဘယ်မှာရှိလဲ"
"ပန်းကန်လုံးထဲမှာပါဆရာ"
"ဒါဆို ပန်းကန်လုံးဟာ လဘက်ရည်ရဲ့ဝန်ကို ထမ်းနေရတာပေါ့"
"ဟုတ်တာပေါ့ဆရာ"
"ဒီလိုပဲပေါ့ကွ။ သာသနာ့ဝန်ကို သာသနာ့ဝန်ထမ်းတွေဖြစ်တဲ့ ရဟန်းသာမဏေတွေက ထမ်းဆောင်နေကြတာပဲ။ ဂုဏ်ဟာ ဒြပ်အပေါ်မှာ တည်နေတာနော်"
"မေးပါဦးမယ်။ မင်းလဘက်ရည်သောက်တော့ လဘက်ရည်ကို စဉ်းစားသောက်လား။ ပန်းကန်လုံးကို စဉ်းစားသောက်လား"
"လဘက်ရည်ကိုပေါ့ဆရာ"
"အေးပေါ့ကွ။ ဒါမှ ချိုတယ် စိမ့်တယ် သကြားပေါ့တယ် နို့ဆီလိုတယ် စသဖြင့် သိတော့မှာပေါ့"
"သိတော့ ဘာဖြစ်လဲဆရာ"
"သိတော့ ကောင်းရင် နောက် ဒီဆိုင်ကို လာသောက်မှာပေါ့။ မကောင်းရင် လာမသောက် တော့ဘူးပေါ့။ ဒီဥပမာ အတိုင်းပဲ။ သာသနာ့ဝန်ထမ်း ရဟန်းသာမဏေတို့ဟာ ပန်းကန်လုံးနဲ့တူတော့ စဉ်းစားဖို့ မလိုတော့ဘူးပေါ့။ လဘက်ရည်နဲ့တူတဲ့ ဂုဏ်တော်တွေကို စဉ်းစားကြည့်မှ ခက်ခဲတယ် လွယ်ကူတယ် သိမ်မွေ့တယ် ကြမ်တမ်းတယ် နက်နဲတယ် ပေါ်လွင်တယ် စသဖြင့် ကောင်း မကောင်းဆိုတဲ့ သာသနာတော်ဂုဏ်အရသာ သာသနာ့ဝန်ထမ်း ရဟန်းသံဃာတွေဖြစ်တဲ့ သံဃာ့ဂုဏ်အရသာတွေကို လက်တွေ့သိကြရမှာ။ လက်တွေ့သိတော့ ကောင်းရင် နောက်တစ်ခါလာပြီး သောက်ချင်သလို နောက်တစ်ကြိမ်လည်း တွေ့ချင်မှာပဲ။ ဖူးချင်မှာပဲ"
"မှန်ပါတယ်ဆရာ"

(မှတ်ချက်) ဘာသာရေးအခြေအတင်ကို မှီငြမ်းထားပါသည်………။
အကာနဲ့ အနှစ် ခွဲခြားတတ်ကြပါစေ……………………

                                                                                                         မေတ္တာစိတ်တို့ဖြင့်
                                                                                              အရှင်ဇောတိက (ဗုဒ္ဓတက္ကသိုလ်)


0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်