ကျွန်တော် မသိသော အမျိုးသားလုံခြုံရေး ဟူသည်

ကျွန်တော် မသိသော အမျိုးသားလုံခြုံရေး ဟူသည်
***************************

စစ်အေးတိုက်ပွဲလွန်ကာလရဲ့ အဆိုးဝါးဆုံး သွင်ပြင် လက္ခဏာ တစ်ရပ်ဟာ အမျိုးသားလုံခြုံရေးဆိုင်ရာ ရည်မှန်းချက်များနဲ့ မဟာဗျူဟာများ ချမှတ် ရေးဆွဲ မှုတွေကို စစ်အေးတိုက်ပွဲကာလမှာ တုန်းက ထက် ပိုပြီးခက်ခဲနက်နဲစေတဲ့ မရေရာမသေချာမှုများ (uncertainties) နဲ့ ရှုပ်ထွေးမှုများ (complexities) ရောပြွန်းနေသော လုံခြုံရေး ၀န်းကျင် (security environment) ဖြစ် ကြောင်း အမျိုးသားလုံခြုံရေးဆိုင်ရာ ပညာရှင်များ က ဖော်ထုတ်ရေးသားခဲ့ကြပါတယ်။

နိုင်ငံများအကြားမှာ စစ်အင်အားသုံး ကျူးကျော်မှု တွေက လျော့နည်းသွားပေမယ့် လက်နက်အင်အား ပြိုင်ဆိုင်တိုးချဲ့တပ်ဆင်မှုတွေက ရပ်တန့်သွားခြင်း မရှိပါဘူး။ မြေပိုင်နက်၊ ရေပိုင်နက်၊ ဝေဟင်ပိုင်နက် ဆိုင်ရာ အငြင်းပွားမှုတွေ၊ စစ်အင်အားပြိုင်ဆိုင်မှု တွေနဲ့ ခေတ်မှီလက်နက်များ တိုးချဲ့တပ်ဆင်မှုတွေ က နိုင်ငံအများစုရဲ့ အမျိုးသားလုံခြုံရေး မူဝါဒတွေ မှာ ထိပ်ဆုံးကနေ နေရာယူထားဆဲပဲ ဖြစ်ပါတယ်။

နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုတွေဖြစ်တဲ့ အကြမ်းဖက် မှု (terrorism)၊ မူးယစ်ဆေးဝါးထုတ်လုပ် ရောင်းဝယ် ဖောက်ကားမှု (illicit drug production and trade)၊ လူကုန်ကူးမှု (human trafficking) နဲ့ လက်နက်ကုန်ကူး မှု (arms trafficking) ပြဿနာတွေကလဲ နိုင်ငံတွေရဲ့ အမျိုးသား လုံခြုံရေးကို ခြိမ်းခြောက် လျက် ရှိပါတယ်။

နိုင်ငံရေးမတည်ငြိမ်မှု (political instability)၊ ပြည်တွင်းစစ် (civil wars)၊
လူဦးရေအဆမတန် တိုးပွားမှု၊ ဆင်းရဲနွမ်းပါးမှု (poverty reduction)၊
အဂတိလိုက်စားမှု (corruption) နဲ့ ကောင်းမွန်သော အုပ်ချုပ်ရေး အားနည်းမှု (lack of good governance)

စတဲ့ ပြဿနာတွေကလဲ တိုင်းပြည်အများစုရဲ့ နိုင်ငံတော်နှင့် လူ့အဖွဲ့အစည်း (state and society) ကို တိုက်ရိုက် ခြိမ်းခြောက် လျက် ရှိပါတယ်။

အမျိုးသားလုံခြုံရေး (National Security) ဆိုရာဝယ် John Schlesser ဆိုသူက အမျိုးသားလုံခြုံရေးဆိုတာ အစိုးရတရပ်အနေနဲ့ ပြည်သူလူထုကို ၀န်ဆောင်မှုပေးရမယ့် ပထမဦး ဆုံးနဲ့ အရေးကြီးဆုံး ပြည်သူ့ဝန်ဆောင်မှု ဖြစ်တယ်လို့ သတ်မှတ် ပြောဆိုခဲ့ပါတယ်။

အမျိုးသားလုံခြုံရေးဆိုတဲ့ သဘောတရားကို ကျဉ်းမြောင်းသော ရှုထောင့်နဲ့ ကျယ်ပြန့်သော ရှုထောင့် နှစ်မျိုးနဲ့ ရှုမြင် သုံးသပ်ကြပါတယ်။ စစ်အေးတိုက်ပွဲကာလ တလျှောက်မှာ နိုင်ငံ တော် တော် များများဟာ ကျဉ်းမြောင်းသော ရှုထောင့်ကို အသုံးပြုခဲ့ကြပြီး၊ စစ်အေးတိုက်ပွဲလွန် ကာလ မှာ တော့ ကျယ်ပြန့်သော ရှုထောင့်ကို အသုံးများလာ ပါတယ်။

ကျဉ်းမြောင်းသော ရှုထောင့်အရ အမျိုးသား လုံခြုံရေး ဆိုတာ လူ့အဖွဲ့အစည်းရဲ့ ငြိမ်းချမ်းရေး နဲ့ လုံခြုံရေးကို ပြည်တွင်း၊ ပြည်ပ ထိပါး ခြိမ်းခြောက်ခံရခြင်းမှ ကင်းဝေးစေရန် စစ်တပ်၊ ရဲ၊ ထောက်လှမ်းရေး အဖွဲ့အစည်းများမှ ကာကွယ်ပေး ခြင်းနဲ့ ဆက်စပ်ပါတယ်။

နိုင်ငံရေးပညာရှင် Edmonds ဆိုသူက အမျိုးသားလုံခြုံရေးကို ပြည်တွင်း (သို့မဟုတ်) ပြည်ပခြိမ်းခြောက်မှုများကို ဖော်ထုတ်ခြင်း၊ သင့်လျော်သော လုပ်ငန်းစဉ်များ ချမှတ်ရေးဆွဲခြင်း၊ ဆုံးဖြတ်ချက်များချမှတ်ခြင်းနှင့် အကောင်အထည် ဖော်ဆောင်ခြင်း ဖြစ်ကြောင်း အဓိပ္ပာယ် ဖွင့်ဆိုခဲ့ကြ ပါတယ်။

ဒါကြောင့် အမျိုးသားလုံခြုံရေးဆိုတာ coercion (ဥပမာ- The use of force) နဲ့ intrusion (ဥပမာ- The use of secret intelligence) ပါဝါများနဲ့ ဆက်စပ်နေပါတယ်။

ကမ္ဘာ့ကုလသမဂ္ဂရဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်အရ အမျိုးသားလုံခြုံရေး ဆိုတာ လူ့အဖွဲ့အစည်း အတွင်းမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ် အေးချမ်းမှု ရရှိအောင် ဆောင်ရွက်ခြင်းပဲ ဖြစ်ပြီး၊ ဒီလို ဆောင်ရွက်ရာမှာ အင်အားသုံး ဖြေရှင်းမှုနဲ့ တခြား power instruments များကို မျှတအောင် ချိန်ဆဖို့ လိုအပ်ပါတယ်။

ကျယ်ပြန့်သော ရှုထောင့်အရ အမျိုးသားလုံခြုံရေး ကို အဓိပ္ပာယ် ဖွင့်ဆိုကြရာမှာ လုံခြုံရေးရာနဲ့ ဆက် စပ် နေတဲ့
နိုင်ငံသားခံယူခွင့် (citizenship)၊ စီးပွားရေးရာလုံခြုံရေး (economic security)၊ ပတ်ဝန်းကျင် လုံခြုံရေး (environmental security)၊
လူသားလုံခြုံရေး (human security) စတာတွေကိုပါ ထည့်သွင်း ဖော်ပြကြပါတယ်။

Stephen Krasner က အမျိုးသားလုံခြုံရေး ဆိုရာမှာ မူလရည်မှန်းချက် ဖြစ်တဲ့ ကာကွယ်ရေး၊ ပြည်ထဲရေး ကိစ္စတွေ တင်မကပဲ၊ စီးပွားရေး လုံခြုံ ရေး စတဲ့ တန်ဖိုးတွေပါ ထည့်သွင်းစဉ်းစားသင့် ကြောင်း၊ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနှေးကွေး နေတဲ့ နိုင်ငံတွေ မှာတော့ စီးပွားရေးဖွံ့ဖြိုးတိုးတက် ရေးဟာ နိုင်ငံတော်ရဲ့ အမျိုးသားလုံခြုံရေး ရည်မှန်း ချက် ဖြစ်သင့် ကြောင်း ရေးသားဖော်ပြခဲ့ပါတယ်။

အချို့သော ဖွံ့ဖြိုးပြီး နိုင်ငံကြီးတွေမှာတော့ တဦး ချင်း လုံခြုံရေး၊ သဘာဝပတ်ဝန်းကျင် လုံခြုံရေးနဲ့ လူသား လုံခြုံရေးတွေနဲ့ ဆက်စပ်တဲ့ မြေဆီလွှာ ခြောက်ခန်းမှု၊ သဘာဝပတ်ဝန်းကျင် ပြုန်းတီးမှု၊ အိမ်နီးချင်း နိုင်ငံများမှ ရေကြီးမှု၊ ကမ္ဘာကြီးပူနွေး လာမှု၊ တန်းတူညီမျှခြင်း မရှိမှု၊ ပညာရေးအဆင့် အတန်း၊ ကူးစက်ရောဂါများ စတာတွေကိုပါ အမျိုးသားလုံခြုံရေး မဟာဗျူဟာများ ရေးဆွဲရာမှာ ထည့်သွင်း ဖော်ပြကြပါတယ်။

၂၁ ရာစုကာလ၊ အမျိုးသားလုံခြုံရေး မဟာဗျူဟာ များကို လေ့လာသူ ပညာရှင်များကတော့ နိုင်ငံ အများစုရဲ့ အမျိုးသားလုံခြုံရေးမှာ ထည့်သွင်း စဉ်းစားရမယ့် ပဓာနကျသော အခြေခံ အချက် လေးချက် ရှိကြောင်း ရေးသားခဲ့ကြပါတယ်။ ဒီအချက်လေးချက်ကတော့
အန္တရာယ်ကင်းရှင်းရေး (Safety)၊
ကိုယ်ပိုင် ပြဌာန်းခွင့် (autonomy)၊
အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး(Development) နဲ့ အုပ်စိုးမှု (rule) တို့ပဲ ဖြစ်ပါတယ်။

အန္တရာယ်ကင်းရှင်းရေး ဆိုရာမှာ တိုက်ခိုက်ခံရမှုမှ ကင်းဝေးရေး ဖြစ်ပါတယ်။ နိုင်ငံသားများ အနေနဲ့ အန္တရာယ် ကင်းရှင်းစွာနဲ့ မိမိတို့ဘ၀ ကံကြမ္မာကို ကိုယ်တိုင် ဖန်တီးနိုင်ရေးဖြစ်ပါတယ်။ ဒီအတွက် နိုင်ငံတော်ကို ကာကွယ်ပေးဖို့ တပ်မတော်ဆိုတာ ရှိရပါတယ်။ ရာဇ၀တ်မှုများ လျော့ပါးစေဖို့ ဥပဒေ ဘက်တော်သား ရဲတပ်ဖွဲ့ဝင်တွေ ရှိရပါတယ်။ ဒုတိယအချက်ဖြစ်တဲ့ အော်တိုနော်မီဆိုရာမှာ နိုင်ငံတော် အစိုးရဟာ ပြည်ပ သြဇာလွှမ်းမိုးမှု ကင်းတဲ့ အစိုးရတရပ် ဖြစ်ရပါမယ်။

နောက်တချက်ဖြစ်တဲ့ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ဆိုတာက စီးပွားရေး၊ လူမှုရေး၊ ပညာရေးနဲ့ နိုင်ငံ ရေး တိုးတက်မှုများကို ဆိုလိုတာ ဖြစ်ပါတယ်။

နောက်ဆုံးတချက်ကတော့ နိုင်ငံအုပ်စိုးမှုပါ။ အစိုးရ တရပ်မှာ နိုင်ငံတော် အုပ်ချုပ်နိုင်တဲ့ စွမ်းရည် ရှိရမှာ ဖြစ်ပါတယ်။ အုပ်ချုပ်ရေးအာဏာ၊ ဥပဒေပြုရေး အာဏာ၊ တရားစီရင်ရေး အာဏာသုံးရပ်ကို စနစ် တကျ ကျင့်သုံးဆောင်ရွက်မှု ရှိရမှာ ဖြစ်ပါတယ်။

ဒီအချက် လေးချက်ကို ၂၁ ရာစု အမျိုးသား လုံခြုံ ရေး မဟာဗျူဟာများ ရေးဆွဲရာမှာ နိုင်ငံအများစုက ထည့်သွင်း စဉ်းစားလာကြပါတယ်။ အမျိုးသား လုံခြုံရေး မဟာဗျူဟာ နိုင်ငံတကာ စစ်ရေးနဲ့ ကာကွယ်ရေး ဆိုင်ရာ စွယ်စုံကျမ်းမှ အဓိပ္ပာယ် ဖွင့်ဆိုချက်အရ အမျိုးသားလုံခြုံရေး မဟာဗျူဟာ ဆိုတာ နိုင်ငံတနိုင်ငံရဲ့ အမျိုးသား အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရေးနဲ့ မြှင့်တင်ရေး ဆိုင်ရာ ဦးတည်ချက်၊ ရည်မှန်းချက်များကို အကောင် အထည် ဖော်ဆောင်ရေးအတွက် နိုင်ငံတော် အာဏာ (state power) ယန္တရားများကို စနစ် တကျ ပေါင်းစပ် အသုံးပြုရန် ရေးဆွဲထားသော စီမံချက် ဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံအားလုံးမှာ အမျိုးသားလုံခြုံ ရေး မဟာဗျူဟာများ ကိုင်စွဲထားကြပါတယ်။ အချို့ မဟာဗျူဟာများက implicit strategies များဖြစ်ပြီး၊ အချို့ကတော့ explicit strategies များ ဖြစ်ပါတယ်။

Implicit strategy ဆိုတာက အခြားနိုင်ငံများ ရဲ့ နိုင်ငံတကာ လုံခြုံရေးဝန်းကျင်မှာ ပတ်သက် ဆက်စပ်ပုံ (ဥပမာ- ခြိမ်းချောက်မှုများ၊ နိုင်ငံတော် ရည်မှန်းချက်များမှာ ၀င်ရောက် စွက်ဖက်မှုများ စသည်) ကို လေ့လာ စောင့်ကြည့်ပြီး၊ သင့်လျော်တဲ့ မဟာဗျူဟာများကို အခြေအနေ၊ အချိန်အခါနဲ့ တပြေးညီ ချမှတ်ခြင်း ဖြစ်ပါတယ်။

ဥပမာ- စစ်အေးတိုက်ပွဲကာလမှာတုန်းက အမေရိကန်ပြည်ထောင်စုရဲ့ Implicit strategy ဟာ ၀ါဆောစာချုပ်အဖွဲ့ဝင် နိုင်ငံများ ရဲ့ deterrence ပေါ်မှာ ဗဟို ပြုထားပါတယ်။ ဒါပေမယ့် စစ်အေးတိုက်ပွဲလွန် ကာလတွေမှာတော့ ဒီလို ဗဟိုပြုမှု နည်းပါးလာပါတယ်။

Explicit strategy ဆိုတာကတော့ နိုင်ငံတကာ လုံခြုံရေးဝန်းကျင်မှာ တိုင်းပြည်ရဲ့ အမျိုးသား လုံခြုံရေးဆိုင်ရာ ရည်မှန်းချက်များ ပြည့်မှီ အောင် မည်သို့မည်ပုံ ကြိုးပမ်းသွားမယ် ဆိုတာကို အများသို့ အသိပေး ကြေငြာ ထားချက် များ ဖြစ်ပါတယ်။ အချို့ အစိုးရများကတော့ အမျိုး သားလုံခြုံရေး မဟာဗျူဟာများ ချမှတ် ရေးဆွဲပြီး တဲ့အခါ အများပြည်သူနဲ့ နိုင်ငံတကာကို တရားဝင် အသိပေးကြေုငာ ထားတတ်ကြပါတယ်။ အမျိုး သားလုံခြုံရေး မဟာဗျူဟာများကို ယေဘုယျအား ဖြင့် အမျိုးသားလုံခြုံရေးကောင်စီများက ရေးဆွဲလေ့ ရှိကြပါတယ်။ အမျိုးသား လုံခြုံရေးကောင်စီများ ကိုတော့ သက်ဆိုင်ရာ နိုင်ငံများရဲ့ ဖွဲ့စည်းပုံ အခြေ ခံဥပဒေများနဲ့ အခြား အစိုးရအမိန့်ကြော်ငြာစာများ အရ ဖွဲ့စည်း တည်ထောင်ထားကြပြီး၊ ပါဝင်လေ့ရှိ တဲ့ အဖွဲ့ဝင်များကတော့ သမ္မတ၊ ဒုသမ္မတ၊ ၀န်ကြီး ချုပ်၊ ဒုဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး၊ ကာကွယ် ရေးဝန်ကြီး၊ အမျိုးသားလုံခြုံရေးဆိုင်ရာ သမ္မတ လက်ထောက် စတဲ့ ထိပ်တန်းနိုင်ငံ ခေါင်းဆောင် များ ဖြစ်ပါတယ်။

အကြံပေးအဖွဲ့ကိုတော့ အမျိုးသားထောက်လှမ်း ရေးနှင့် စစ်ဖက်ဆိုင်ရာ ထောက်လှမ်းရေး အကြီး အကဲများ၊ ပညာရှင်များနဲ့ ဖွဲ့စည်းလေ့ရှိပါတယ်။ အမျိုးသား လုံခြုံရေးဆိုင်ရာ အရေးပေါ် ပြဿနာ များ (အခြားနိုင်ငံများမှ စစ်ကြေငြာခံရခြင်း၊ အရှိန် အဟုန်ကြီးသော ပြည်တွင်းစစ် ဖြစ်ပွားလာခြင်း၊ အကြမ်းဖက် တိုက်ခိုက်ခံရခြင်း) စတာတွေ ဖြစ်ပွား လာတဲ့အခါ အမျိုးသားလုံခြုံရေး ကောင်စီက နိုင်ငံ တော် အဆင့် ကွပ်ကဲတာဝန်ပေးမှုများ ပြုလုပ်လေ့ ရှိကြပါတယ်။

မဟာဗျူဟာရေးဆွဲရာမှာ အမျိုးသားလုံခြုံရေး မဟာဗျူဟာ (National Security Strategy) ကို ကနဦး ရေးဆွဲပြီး၊ အမျိုးသား ကာကွယ်ရေး မဟာဗျူဟာ (National Defence Strategy) နဲ့ အမျိုးသား စစ်ရေး မဟာဗျူဟာ (National Military Strategy) များကို ဆင့်ပွား ရေးဆွဲကြပါတယ်။

အခြား sub-strategies များဖြစ်တဲ့ အကြမ်းဖက်မှု တိုက်ဖျက်နှိမ်နင်းရေး မဟာဗျူဟာ (National Strategy for Combating Terrorism) စသည်များကိုလဲ လိုအပ်ချက်နဲ့ အညီ ထပ်မံ ရေးဆွဲလေ့ ရှိကြပါတယ်။

အမျိုးသား လုံခြုံရေး မဟာဗျူဟာမှာ အဓိက အချက်ကြီး လေးချက်ကို အခြေခံ ရေးဆွဲလေ့ ရှိပါ တယ်။
ပထမတချက်ကတော့ နိုင်ငံရေးဦးဆောင်မှုနဲ့ တိုင်းပြည်ရဲ့ ရည်မှန်းချက်များကနေ ဆင်းသက် လာတဲ့ တိုင်းပြည်တခုရဲ့ vision ဖြစ်ပါတယ်။

ဒုတိယတချက်ကတော့ နိုင်ငံတော်ရဲ့ အမျိုးသား အကျိုးစီးပွား (National Interests) များပဲ ဖြစ်ပါတယ်။ ဒီအမျိုးသား အကျိုးစီးပွားတွေက vision ကို ထင်ဟပ်နေရမှာ ဖြစ်ပါတယ်။ ဒီအကျိုး စီးပွားတွေဟာ တိကျပြီး၊ လူ့အဖွဲ့အစည်းအတွက် အရေးပါတဲ့ ကဏ္ဍများ (အရင်းအမြစ် လုံခြုံရေး၊ တန်ဖိုးထားမှု စံနှုန်းများ ထိန်းသိမ်းရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး စသည်များ) ကို ခြုံငုံမိဖို့ လိုအပ် ပါတယ်။

တတိယအချက်ကတော့ အမျိုးသား အကျိုးစီးပွား များကို မြှင့်တင်ရေးနဲ့ တိုင်းပြည်ရဲ့ power instruments (သံတမန်၊ သတင်းအချက် အလက်၊ စစ်တပ်နှင့် စီးပွားရေး စသည်များ) ကို သတ်မှတ်ရွေးချယ်ရာမှာ အတားအဆီး၊ ခြိမ်း ခြောက်မှု ဖြစ်စေနိုင်တဲ့ အရာများကို ဆန်းစစ်ချက် ဖြစ်ပါတယ်။

စတုတ္ထအချက်ကတော့ power instruments များကို စုစည်း အသုံးပြုပြီး၊ တိုင်းပြည်ရဲ့ အမျိုးသား အကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်နိုင်မယ့် မဟာဗျူဟာ ချဉ်းကပ်မှု (strategic approach) ကို ရွေးချယ် သတ်မှတ်ခြင်း ဖြစ်ပါတယ်။

အမျိုးသားလုံခြုံရေး မဟာဗျူဟာဟာတိုင်း နိုင်ငံ တခုအတွက် အရေးကြီးဆုံး မဟာဗျူဟာပဲ ဖြစ်ပါ တယ်။ အမျိုးသားလုံခြုံရေး မဟာဗျူဟာများ ချမှတ် ရာမှာ မှားယွင်းမှု တစုံတရာ ဖြစ်သွားခဲ့ရင် တိုင်း ပြည်ရဲ့ စစ်ရေး၊ ကာကွယ်ရေး၊ ပြည်ထဲရေး လုပ်ငန်း တာဝန်များ အားလုံးကို သက်ရောက်မှုတွေ ဖြစ် လာနိုင် ပါတယ်။

ဒါကြောင့် အမျိုးသားလုံခြုံရေး မဟာဗျူဟာနဲ့ ပတ်သက်ပြီး ပြန်လည် ဆန်းစစ်ချက်များကို စဉ် ဆက်မပြတ် ပြုလုပ်ဖို့ လိုအပ်ပါတယ်။ ဒီလို ဆန်း စစ်ရာမှာ ထည့်သွင်း စဉ်းစားသင့်တဲ့ အချက်များ ကတော့အစိုးရအဖွဲ့အတွင်းမှ မည်သည့် အဖွဲ့ အစည်းများမှ အမျိုးသား လုံခြုံရေးမဟာဗျူဟာ ရေး ဆွဲရန် တာဝန်ရှိသနည်း။

အစိုးရမဟုတ်သော မည်သည့် အဖွဲ့အစည်းများမှ အမျိုးသားလုံခြုံရေး မဟာဗျူဟာ ရေးဆွဲခြင်းတွင် ပါဝင်ပတ်သက်သနည်း။

ဥပဒေပြု အာဏာရှိသူများမှ အသိအမှတ်ပြု လက်ခံ ထားခြင်း ရှိပါသလား။ မဟာဗျူဟာမှာ အမျိုးသား လုံခြုံရေးကို ခြိမ်းခြောက်လာနိုင်သော အချက်များ ကို ဖော်ပြထားခြင်း ရှိပါသလား။

မည်သည့်အတိုင်းအတာအထိ ဖော်ပြ ထားသနည်း။
မဟာဗျူဟာမှာ စစ်တပ်ဖွဲ့စည်းပုံများကို ရည်ညွှန်း ထားချက် ရှိပါသလား။

မဟာဗျူဟာမှာ အင်အားသုံး ဖြေရှင်းခြင်းဆိုင်ရာ မူဝါဒများ ပါရှိပါသလား။

မဟာဗျူဟာရေးဆွဲရာမှာ သင့်လျော်သော ရည် ညွန်းကိုးကား စာအုပ်စာတမ်းများကို အသုံးပြုခဲ့ခြင်း ရှိပါသလား။

စတာတွေပဲ ဖြစ်ပါတယ်။

အမျိုးသားလုံခြုံရေး မူဝါဒများအမျိုးသားလုံခြုံရေး မဟာဗျူဟာကို ချမှတ်ရေးဆွဲပြီးတဲ့အခါ၊ ဒီမဟာ ဗျူဟာကို အကောင်အထည် ဖော်ဆောင်ရမယ့် မူဝါဒများ ဆက်လက်ရေးဆွဲဖို့ လိုအပ်ပါတယ်။

အမျိုးသားလုံခြုံရေး မူဝါဒများမှာ
ကာကွယ်ရေး မူဝါဒ (defence policy)၊ လုံခြုံရေး မူဝါဒ (security policy)၊ နိုင်ငံခြားရေးမူဝါဒ (foreign policy)၊
စီးပွားရေး မူဝါဒ (economic policy) စသည်များ ပါဝင်ပြီး၊
မူဝါဒများအကြားမှာ နီးစပ်စွာ ဆက်နွယ်မှု ရှိပါ တယ်။

ကာကွယ်ရေးမူဝါဒတွေက နိုင်ငံရဲ့ အခြေအနေပေါ် မူတည်ပြီး ကွဲပြားခြားနားမှုတွေ ရှိပါတယ်။ ဘယ်လို ပဲ ကွဲပြားပေမယ့် ကာကွယ်ရေးမူဝါဒ ရေးဆွဲခြင်း ကိုတော့ ပထမဦးစွာ ပြုလုပ်ရမှာ ဖြစ်ပါတယ်။

ကာကွယ်ရေး မူဝါဒများ ရေးဆွဲခြင်းက အစပြုလို့၊ အကောင်အထည်ဖော် ဆောင်ခြင်းများ ပြုလုပ်ခြင်း အဆင့်အထိ အစိုးရနဲ့ စစ်တပ်တို့အကြားမှာ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ အရေးကိစ္စတခု ဖြစ်ပွားလာချိန်မှာ လိုအပ်တဲ့ မဟာ ဗျူဟာ လုပ်ငန်းတာဝန်များ (strategic functions) ကို ကာကွယ်ရေး မူဝါဒထဲမှာ တိကျ စွာ ရေးဆွဲပြဌာန်းထားဖို့ လိုအပ်ပါတယ်။

ဥပမာအားဖြင့် ပြင်သစ်နိုင်ငံရဲ့ ကာကွယ်ရေး မူဝါဒ ဟာ အစိုးရရဲ့ စက္ကူဖြူစာတမ်း (white paper) ထဲမှာ ပါဝင်ပြီး၊ ဖြစ်ပွားနိုင်ချေရှိတဲ့ အရေးကိစ္စများ အတွက် လိုအပ်တဲ့ မဟာဗျူဟာ လုပ်ငန်းတာဝန် များကို ဖော်ပြထားရာမှာ၊ ကျူးကျော် တိုက်ခိုက်ခံရ ခြင်းနဲ့ ပတ်သက်တဲ့ scenarios ခြောက်ခုကို ထည့်သွင်း ဖော်ပြထားပါတယ်။ ကာကွယ်ရေး မူဝါများ ရေးဆွဲရာမှာ နိုင်ငံတော်ကာကွယ်ရေးကို သက်ရောက်မှုရှိစေတဲ့ အချက်များကို စုံလင်အောင် ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။

အဓိက သက်ရောက်စေတဲ့ အချက်များကတော့ နိုင်ငံရေးတည်ငြိမ်မှု၊ ပြည်သူ့ဝန်ဆောင်မှုရေးရာ ထိရောက်မှု၊ လူမျိုးစုရေးရာနှင့် ဘာသာရေးရာ ပဋိပက္ခများနှင့် တင်းမာမှုများ၊ သဘာဝပတ်ဝန်း ကျင် ရေးရာ ပြဿနာများ၊ ပထ၀ီနိုင်ငံရေး အခြေ အနေ၊ သံတမန်ရေးရာ၊ အိမ်နီးချင်းနိုင်ငံများ၏ စစ်အင်အား၊ ဒေသတွင်း စစ်ရေးပူးတွဲ ဆောင်ရွက် မှုများ စတာတွေ ဖြစ်ပါတယ်။

ကာကွယ်ရေး မူဝါဒ ဟာ နိုင်ငံတော်ရဲ့ နိုင်ငံရေး တည်ငြိမ်မှု၊ တရားဥပဒေစိုးမိုးမှု အခြေအနေတွေ အပေါ်မှာ တိုက်ရိုက် အချိုးကျစွာ မူတည်ပါတယ်။ တည်ငြိမ်သော နိုင်ငံရေး ရာသီဥတု (stable political climate) ကို ဖန်တီးနိုင်ရေးအတွက် ကာကွယ်ရေးအင်အားစုများရဲ့ အခန်းကဏ္ဍက အရေးပါတဲ့အတွက် ကာကွယ်ရေးမူဝါဒများ ရေးဆွဲ ရာမှာ တည်ငြိမ်သော နိုင်ငံရေးရာသီဥတု ဖန်တီး နိုင်ရေးနဲ့ တည်ငြိမ်မှုကို ထိပါးစေသော အရာများ ကို တုံ့ပြန် ရင်ဆိုင်ရာ မဟာဗျူဟာ လုပ်ငန်းတာ ၀န်များ ထည့်သွင်း စဉ်းစားထားဖို့ လိုအပ်ပါတယ်။

နိုင်ငံတနိုင်ငံရဲ့ ပြည်သူ့ရေးရာဝန်ဆောင်မှု ကဏ္ဍ များ (ရေပေးဝေမှု၊ လျှပ်စစ်ပေးဝေမှု၊ ကျန်းမာရေး၊ ပညာရေး စသည်များ) မှာ ထိရောက်မှုရှိခြင်းဟာ အစိုးရဲ့ စွမ်းပကားကို မီးမောင်းထိုးပြနေတဲ့ အချက် ဖြစ်ပါတယ်။

ဒီကဏ္ဍများမှာ ထိရောက်မှုမရှိတဲ့အခါ အုပ်ချုပ်ရေး အာဏာကို ပြည်သူလူထုက ယုံကြည်မှု ကင်းမဲ့လာ ပြီး၊ အစိုးရဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ပေါ်ထွက် လာလေ့ရှိပါတယ်။

ဒီအခြေ အနေတွေမှာ ကာကွယ်ရေးမူဝါဒနဲ့ ပတ် သက်တဲ့ မဟာဗျူဟာ လုပ်ငန်းတာဝန်များလဲ ရှိလာ တတ်ပါတယ်။ ဒါကြောင့် ပြည်သူ့ရေးရာ ၀န်ဆောင်မှု ကဏ္ဍများရဲ့ ထိရောက်မှု အခြေအနေ ကို ကာကွယ်ရေးမူဝါဒများ ရေးဆွဲရာမှာ ထည့်သွင်း သုံးသပ်ဖို့ လိုအပ်ပါတယ်။

လူမျိုးစုရေးနဲ့ ဘာသာရေးဆိုင်ရာ တင်းမာမှုများ ကနေ တဆင့် ပဋိပက္ခတွေ ကြီးထွားလာတတ် ပါ တယ်။ ဒါကြောင့် ကာကွယ်ရေးမူဝါဒများ ရေးဆွဲရာ မှာ လူမျိုးစုရေး ဒိုင်မင်းရှင်း (ethnic dimension) နဲ့ ဘာသာရေး ဒိုင်မင်းရှင်း (religious dimension) တွေကို ထည့်သွင်း စဉ်းစားဖို့ လိုအပ်ပါတယ်။

သဘာဝပတ်ဝန်းကျင်အရေးကလဲ ၂၁ ရာစုရဲ့ ကာကွယ်ရေး မူဝါဒများမှာ မရှိမဖြစ် ထည့်သွင်း စဉ်းစားရမယ့် အချက်တချက် ဖြစ်လာပါတယ်။ မြေဆီလွှာပျက်သုဉ်းမှု၊ မိုးခေါင်ရေရှားမှု၊ သဘာဝ ဘေးအန္တရာယ် သက်ရောက်မှု၊ ရာသီဥတု ပြောင်း လဲဖောက်ပြန်မှု စတာတွေ ဖြစ်ပွားရာမှာ နိုင်ငံတော် ကာကွယ်ရေးအင်အားစုများက အရေးပေါ်အခြေ အနေ ပါဝင်ဆောင်ရွက်ရမယ့် လုပ်ငန်း တာဝန်များ ရှိတဲ့အတွက် ကာကွယ်ရေး မူဝါဒများမှာ ဖြစ်နိုင်ချေ ရှိတဲ့ scenario များကို လေ့လာသုံးသပ်ထားဖို့ လိုအပ်ပါတယ်။

ဒေသတွင်း စစ်ရေးပူးတွဲဆောင်ရွက်မှုများကလဲ collective peace and security အတွက် အရေးကြီးတဲ့အတွက် ဒေသတွင်း စစ်ရေး၊ နိုင်ငံ ရေး အခြေအနေများနဲ့ ကာကွယ်ရေး အင်အားစု များရဲ့ ပါဝင်ပတ်သက်နိုင်မှုအခန်းကဏ္ဍဆိုင်ရာ လိုအပ်ချက်များကို ကြိုတင် သုံးသပ်ထားဖို့ လိုအပ် ပါတယ်။

ဒီလို အချက်များကို ထည့်သွင်းစဉ်းစားထားတဲ့ ကာကွယ်ရေးမူဝါဒများကို များသောအားဖြင့် ကာကွယ်ရေး ၀န်ကြီးဌာန တာဝန်ရှိသူများနဲ့ ပညာရှင်များ ပူးတွဲ ရေးဆွဲလေ့ရှိပြီး၊ လုံခြုံရေး ကောင်စီက အတည်ပြု ချမှတ်လေ့ရှိပါတယ်။ ဒီလို ချမှတ်ထားတဲ့ Defence Policy Framework ကိုလဲ အခြေအနေ ပြောင်းလဲမှု များနှင့်တပြေးညီ စဉ်ဆက်မပြတ် လေ့လာသုံးသပ် မှုများ ပြုလုပ်ဖို့ လိုအပ်ပြီး၊ strategic diagnosis of the defence sector ကို အကောင်အထည် ဖော်ခြင်းအားဖြင့် တိုင်းပြည်ရဲ့ အမျိုးသား အကျိုးစီးပွားကို ထာဝစဉ် ကာကွယ် စောင့်ရှောက်ပေးနိုင်တဲ့ ကာကွယ်ရေးမူဝါဒကို အချိန်နဲ့ တပြေးညီ အကောင်အထည် ဖော်ဆောင် ရွက်နိုင်မှာ ဖြစ်ပါတယ်။

လုံခြုံရေး မူဝါဒများ ရေးဆွဲရာမှာ ပြည်သူလူထုရဲ့ လုံခြုံရေးကို ကာကွယ်စောင့်ရှောက်ရေး၊ အုပ်ချုပ် ရေး လုပ်ငန်းတာဝန်များ ချောမွေ့စွာ အကောင် အထည်ဖော်ဆောင်ရေး၊ နိုင်ငံတော်အရေးပေါ် ကာလ ဖြစ်ပွားလာပါက အုပ်ချုပ်ရေး အာဏာပြိုလဲ မှု မဖြစ်ပွားစေရန် လိုအပ်သော ယန္တရားများ ထား ရှိရေး၊ နိုင်ငံတော်လုံခြုံရေးကို အခြား စစ်ရေး မဟုတ်သော ခြိမ်းချောက်မှုများမှ ကာကွယ်ရေး စတာတွေကို ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။ ဒါတင်မကပဲ ၂၁ ရာစု နိုင်ငံတော် ခြိမ်းချောက် မှုများဖြစ်တဲ့ အကြမ်းဖက်မှု၊ သဘာဝဘေး အန္တရာယ် ကျရောက်မှုဆိုင်ရာ ပြဿနာတွေ ဖြစ်ပွားလာချိန်မှာ ပြည်တွင်း ပြည်ပ လုံခြုံရေး စွမ်းပကားများကို ပေါင်းစပ်အသုံးပြုနိုင်ရေးဆိုင်ရာ လိုအပ်ချက်များကိုလဲ ကြိုတင် လေ့လာသုံးသပ် ထားဖို့ လိုအပ်ပါတယ်။

အခြား နိုင်ငံတော်မူဝါဒများဖြစ်တဲ့ နိုင်ငံခြားရေး မူဝါဒ နဲ့ စီးပွားရေး မူဝါဒများကလဲ အမျိုးသား လုံခြုံရေးနဲ့ တိုက်ရိုက် ဆက်စပ်နေတာ ဖြစ်တဲ့ အတွက် အမျိုးသား အကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်ရေး အပေါ်မှာ အခြေခံပြီး ရေးဆွဲဖို့ လိုအပ်ပါတယ်။အမျိုးသားလုံခြုံရေးဆိုင်ရာ အန္တရာယ် ဖြစ်နိုင်ချေ ဆန်းစစ်ချက် အန္တရာယ် ဖြစ်နိုင်ချေ ဆန်းစစ်ချက်များ ပြုလုပ်ရာမှာ အန္တရာယ် ဖြစ်နိုင်ချေရှိတဲ့ အချက် တခုချင်းဆီရဲ့ ဖြစ်နိုင်ချေ ရှိတဲ့ အတိုင်းအဆနဲ့ သက်ရောက်မှု ပဏာမတွေကို သုံးသပ်ဖို့ လိုအပ်ပါတယ်။

အမျိုးသား လုံခြုံရေးဆိုင်ရာ အန္တရာယ် ဖြစ်နိုင်ချေ ဆန်းစစ်ချက်မှာ ဖြစ်ရပ်သက်ရောက်မှုများကို စီးပွားရေးရာ နောက်ဆက်တွဲ အကျိုးဆက်များ၊ ထိခိုက်ဒဏ်ရာရမှုများ၊ လူမှုရေးရာ အခြေအနေ များ အပေါ် မူတည်ပြီး ထည့်သွင်းစဉ်းချက်တွေနဲ့ ဆန်းစစ်ချက်ပြုလုပ်ရန် သတ်မှတ်ထားတဲ့ အချိန် ကာလတခုအတွင်းမှာ ဖြစ်ရပ် ဖြစ်ပွားနိုင်ချေတွေကို သုံးသပ်ချက်များ ပါဝင်ပါတယ်။ အမျိုးသားလုံခြုံရေး ဆိုင်ရာ အန္တရာယ် ဖြစ်နိုင်ချေ ဆန်းစစ်ချက်များကို ပြုလုပ်ကြရာမှာ နိုင်ငံတခုချင်းစီ အလိုက် အသုံးပြု တဲ့ methodology တွေ ကွဲပြားခြားနားပါ တယ်။

ဗြိတိန်နိုင်ငံ အပါအ၀င် ကမ္ဘာ့နိုင်ငံကြီး အများစု ကတော့ သက်ရောက်မှု အတိုင်းအတာ (impact) နဲ့ ဖြစ်နိုင်ချေ အတိုင်းအဆ (Likelihood) တို့အပေါ်မှာ အခြေခံထားတဲ့ methodology ကို အသုံးပြု ထားကြပါတယ်။

အမျိုးသားလုံခြုံရေး မဟာဗျူဟာရဲ့ high priorities စာရင်းမှာ ထည့်သွင်းသုံးသပ်ဖို့ လို အပ်ပါတယ်။ ဖြစ်နိုင်ချေအတိုင်းအဆများနဲ့ သက် ရောက်မှု အတိုင်းအတာ နည်းပါးတဲ့ အန္တရာယ် ဖြစ်နိုင်ချေများ ကိုတော့ low priorities စာရင်း မှာ ထည့်သွင်းလေ့ ရှိပါတယ်။ အန္တရာယ်ဖြစ်နိုင်ချေ များကို ဖော်ထုတ်ခြင်း၊ ဆန်းစစ်ခြင်းနဲ့ ဦးစားပေး စာရင်း ထည့်သွင်းသုံးသပ်ခြင်း တွေဟာ အနာဂတ် ခြိမ်းချောက်မှုများနဲ့ ပတ်သက်တဲ့ မဟာဗျူဟာ သတိပေးချက် (strategic notice) ကို လုပ် ဆောင်ပေးနိုင်တဲ့အတွက် အမျိုးသားလုံခြုံရေးရဲ့ ရေတို၊ ရေရှည် ရည်မှန်းချက်များကို ပြည့်မှီစေ နိုင် ပါတယ်။

အမျိုးသားလုံခြုံရေးဆိုင်ရာ အန္တရာယ်ဖြစ်နိုင်ချေ ဆန်းစစ်ချက်ဟာ မဟာဗျူဟာ သုံးသပ်ချက် ဖြစ်ပါ တယ်။ အနာဂတ်ဟောစာတမ်းတော့ မဟုတ်ပါဘူး။ နောင်တချိန် ဖြစ်လာမယ့် အမျိုးသားလုံခြုံရေး ဆိုင် ရာ အန္တရာယ်တရပ်ဟာ ဘယ်အချိန်၊ ဘယ်နေရာ မှာ ဖြစ်ပွားလာမယ် ဆိုတာကို ဘယ်သူမှ သေချာ သိနိုင်မှာ မဟုတ်ပါဘူး။ သို့ပေမယ့် အန္တရာယ် ဖြစ်နိုင်ချေများကို ကြိုတင် သုံးသပ်လေ့လာဖော် ထုတ်ထားခြင်း၊ ဦးစားပေး သတ်မှတ်ခြင်းနဲ့ တုန့် ပြန်နိုင်မယ့် နည်းလမ်းတွေကို ရှာဖွေထားခြင်း အား ဖြင့် အမျိုးသား လုံခြုံရေးကို တစုံတရာ အတိုင်း အတာ တခုအထိ ဆောင်ကျဉ်းပေးနိုင်မှာ ဖြစ်ပါ တယ်။

နိုင်ငံတနိုင်ငံရဲ့ ရှင်သန်ရပ်တည်ရေးအတွက် သက်ဆိုင်ရာ အမျိုးသား အကျိုးစီးပွားတွေကို အစိုးရ၊ စစ်တပ်၊ ပြည်သူ ဆိုတဲ့ “eternal trinity” သုံးရပ် စလုံးက ကာကွယ် စောင့်ရှောက် ရန် တာဝန်ရှိပြီး၊ အစိုးရ တရပ်အနေနဲ့ ပြည်သူ လူထုကို ၀န်ဆောင်မှုပေးရမယ့် ပထမဦးဆုံးနဲ့ အရေးကြီးဆုံး ပြည်သူ့ဝန်ဆောင်မှုဟာ အမျိုးသား လုံခြုံရေးပဲ ဖြစ်ပါတယ်။ ဒီလို ၀န်ဆောင်မှုပေးရာမှာ နိုင်ငံတော် အာဏာ (state power) ယန္တရား များကို စနစ်တကျ ပေါင်းစပ် အသုံးပြုနိုင်ရေး အတွက် အမျိုးသားလုံခြုံရေး မဟာဗျူဟာ (National Security Strategy) ကို အမျိုးသားလုံခြုံရေး ကောင်စီက ချမှတ်ရေးဆွဲဖို့ လိုအပ်ပါတယ်။

ဒီမဟာဗျူဟာကို ထိရောက်စွာ အကောင်အထည် ဖော်ဆောင်နိုင်ရေး အတွက် ရှုပ်ထွေးေ၀၀ါးမှုများ မရှိသော တိကျသေချာတဲ့ ကာကွယ်ရေးမူဝါဒ၊ လုံခြုံရေးမူဝါဒ၊ နိုင်ငံခြားရေး မူဝါဒနဲ့ စီးပွားရေး မူဝါဒတွေကိုလဲ ပြဌာန်းဖို့ လိုအပ်ပါတယ်။ ဒီမူဝါဒ များမှာ အမျိုးသားလုံခြုံရေးဆိုင်ရာ အန္တရာယ် ဖြစ် နိုင်ချေများကို မည်သို့မည်ပုံ တုန့်ပြန်ဆောင်ရွက် ရန် မဟာဗျူဟာ လုပ်ငန်းတာဝန်များကို တိကျစွာ ဖော်ပြလမ်းညွှန်ထားခြင်း၊ စဉ်ဆက်မပြတ် လေ့လာ ဆန်းစစ်ခြင်း၊ အမျိုးသားလုံခြုံရေးအတွက် အစိုးရ၊ စစ်တပ်၊ ပြည်သူများရဲ့ အခန်းကဏ္ဍများကို လူ အများသို့ အသိပေး ပြောကြားခြင်း စသည်တို့ကို လုပ်ဆောင်ရန် အရေးကြီးလှပါကြောင်း ရေးသား တင်ပြအပ်ပါတယ်။

ရည်ညွန်းကိုးကား

-Barnett, Thomas P.M. (2004) The Pentagon’s New Map: War and Peace in the Twenty-First Century. New York: G.P. Putnam’s SonsBaylis, J. et. Al (2002) Strategy in the Contemporary World, Oxford, OUPBetts, R. (2000)” Is Strategy an illusion?” International Security, Vol. 25, No.2, Fall 2000Campbell, KurtM., andMichael E. O’Hanlon. Hard Power: The New Politics of National Security, New York: Basic BooksDrew, Dennis M., and Donald M. Snow (2006) Making Twenty-First-Century Strategy: An Introduction to Modern National Security Processes and Problems. Maxwell Air Force Base: Air University PressEdmonds, M. (1971) “Armed Forces and the National Security System: The meaning and basics of compliance”, in ed. Holloway, D., European Military Institutions, USSG, EdinburghErica-Irene, A. (1990) Freedom of the individual under Law: An analysis of Article 29 of the Universal Declaration of Human Rights, Human Rights Study Series No.3, UN publicationsKaresner, S. (1983) “National security and Economics”, in Trout, T., Herf, J. (eds) National Security Affairs, New Brunswick: Transaction BooksInternational Military and Defense Encyclopedia (1993), pp. 2577-78. NY: Brassey’s (US)Luttwak, E. (1987) Strategy : The Logic of War and Peace, Harvard, BelknapLiddell Hart, B. H. (1967) Strategy: The Indirect approach, London, Faber & FaberMurray, W. et. al. (1994) The Making of Strategy: Rulers, States & Wars, Cambridge, Cambridge University PressParet, P. (ed) (1986) Makers of modern strategy from Machiavelli to the Nuclear age, Princeton University PressPearce & Robinson (1997) Strategic Management: Formulation, Implementation and Control, London, IRWINRemark by John Schllesser, Quoted in Fitz-Gerald, A. (2007) Developing in a Comprehensive approach to national security, Chatham House Debate, 21 Feb 2007


0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်