သီဟိုဠ် ရာဇ၀င် ဖြစ်တဲ့ စူဠ ၀ံသ အခန်း ၅၈ မှာ Sri Lanka ဘုရင် ၀ိဇယ ဗာဟု ၁ ခေါ် သိရီ သိင်္ဃ ဗောဓိ မင်း (၁၀၅၉- ၁၁၁၄ အေဒီ) က ၁၀၆၀ မှာ စောဠ (Tamil) ကျေးကုလား တို့ ဆူပူ အုံကြွမှု ရန် ကိုဖြိုခွင်း ဖို့ အနိ ရုဒ္ဓ ထံက စစ်ကူ တောင်းတယ် လို့တွေ့ ရတယ်။ စူဠ ၀ံသ ရဲ့  အခန်း ၆၀ မှာ ကျေးကုလား တွေသောင်းကျန်း လို့ ရဟန်း သံဃာ တွေ သေကြေ ပျက်စီး ပြီး ဗုဒ္ဓ သာသနာ မှေးမှိန် လာလို့ ကျေးကုလား ရန်ကို ချိုးနှိမ် ပြီးသည့်နောက် မြန်မာ ရဟန်း တော် များကို စေလွှတ် ပေးဖို့ အနိ ရုဒ္ဓ ထံ အကူအညီ တောင်း ပြန် လို့ ၁၀၇၁ မှာ စေလွှတ် ပေးခဲ့တယ်။ ဒါကြောင့် သီဟိုဠ် သာသနာ အဓွန့်ရှည်ခဲ့တယ် လို့ အပြတ်ရေး ထားတဲ့ အတွက် ပုဂံ ဟာ ဗုဒ္ဓ သာသနာ တော် ကောင်းစွာ စည်ပင် ဖွံ့ဖြိုး ပြီးဖြစ် တယ်။ မြေစမ်း ခရမ်းပျိုး အဆင့် မဟုတ်၊ ကျေးဇူး ပြုခြင်း ပြုရင် သီဟိုဠ် ကို မြန်မာ ကစတင် ပြီးသာ ကျေးဇူးပြုခဲ့တယ် လို့ ယူဆရတယ်။ဒီနေရာမှာ ပြန်လည်စီစစ်ရန် အများကြီး လိုအပ် နေသေးတယ်
ညီသား နောင်မယ် လို့ပြောလို့ စုက္ကတေး နဲ့ စီးချင်း ထိုး၊ ကြီးလေးကြီး ကိုနှိမ်နင်း၊ သိကြားမင်း ကလှံပျံ ဆက်၊ ကျန်စစ်သား ကိုမွေးစား စတဲ့ စတဲ့ ကိစ္စ တွေကတော့ လူကြိုက် များတဲ့ ပုံပြင်တွေ အဖြစ် အသုံးတော် ခံခဲ့၊ ခံဆဲ၊ ဆက်လက် ၍လည်းပဲ အသုံးတော် ခံကြပါလိမ့်ဦးမယ်။ထိလိုင်မင
သူ့နောက် မှာ နန်းတက်တဲ့ ထီးလိုင်မင် ကတော့ ကျန်စစ်သား ဆိုတဲ့ နာမည် နဲ့ မြန်မာ ရာဇ၀င် မှာ လျှမ်းလျှမ်းတောက် ခဲ့ တယ်။ နာမည်ကြီး တဲ့ နေရာ မှာ ရှေ့ လူ အနိရုဒ္ဓ ထက်တောင် နည်းနည်း ပိုချင်သေးတယ်။ သူ့ရဲ့  ဇာတ်လမ်း လေးတွေ က လည်း ဂျိမ်းစ်ဘွန်း ကားလို အနု အရွ၊ အလှ အပ၊ အပစ် အခတ်၊ အညှစ် အသတ် ကလေး တွေနဲ့ ကြွရွ နေတော့ အင် မတန် နားထောင်ချင် စရာ ကောင်းတယ်။ အလွန် ဘုန်းကြီး သောမင်းပေ ကပဲ။ သူ့ အကြောင်း ဘာများသိရ မလဲ။ ကြည့်ကြ ရအောင်လား။ထိလိုင်မင် ကို အနိ ရုဒ္ဓ ရဲ့  သားအရင်း လိုလို၊ ဒူးမနာ သားလိုလို ရှေး ရာဇ၀င် ကျမ်း များက ရေးခဲ့ကြတယ်။
မှန်နန်း ရာဇ၀င် ပထမတွဲ။ အပုဒ် ၁၃၀ မှာ “ကျန်စစ်သား သည် အနော် ရထာ နှင့်ယှဉ်သော ပဋိ သန္ဓေ မှ မွေးသူ” လို့ဆို ခဲ့ ပြီး ဒီကျမ်း၊ ဒီအတွဲ မှာပဲ အပုဒ် ၁၃၉ ရောက်တော့ ကျန်စစ် သား က မိမိ သမီးကို အနော် ရထာ ရဲ့ မြေး နဲ့ လက်ဆက် စေလိုတဲ့ အတွက် “ငါ့ အရှင် မြေးတော် ဖြစ်သော စောယွမ်းနှင့် ထိမ်းမြားပေးအံ့” လို့ဆိုပြန်တယ်။ ငါ့ခမည်းတော် လို့မဆို။
ဆိုခဲ့ ရင်လည်း အဒေါ်နဲ့တူ ကိုပေးစား သလိုဖြစ်နေ မှာကိုး။ အေဒီ ၁၅၁၆ မှာ လှော်ကား သုံးထောင်မှူး စပ်ဆိုတဲ့ မင်း တရား ရွှေထီး ဧချင်း အပုဒ် ၅ မှာ-“နော် ရထာ ၏ ဆက်ကာ မြေးသား၊ တလပ် ခြားရှင့်၊ တိုင်းကား နိုင်ငံ၊ ပြည် ပုဂံ ကို၊ တတန် ကိုးယောက်၊ လွန်ပြီး မြောက်မှ” လို့ စပ်ဆိုခဲ့ လို့ အနိ ရုဒ္ဓ မင်းဆက် ဟာ ၀ဇြာဘရဏ သေပြီးတစ်ဆက် ပြတ်ခဲ့တယ် လို့ဆိုရမယ်။
အေဒီ ၁၇၂၅ မှာ ဦးဖျော် စပ်ဆိုတဲ့ ပလိပ်စား ဧချင်း အပုဒ် ၃၀ မှာ-“စောလူး စံမြောက်၊ နှစ်ဆယ့် ခြောက်တွင်၊ ချောက်ချောက် ချားချား၊ မင်းကြား မချပ်၊ နှစ်နှစ် လပ်သော်” လို့ တွေ့ ရတဲ့ အတွက် ၀ဇြာ ဘရဏ သေပြီး မင်းမဲ့ ကာလ နှစ်နှစ် ကြာခဲ့ တယ်။ မွန်သူပုန် အန္တရာယ် ကြောင့် ကလန်၊ သံပျင် ထဲက အတော် ဆုံး၊ အစွမ်းဆုံး ပုဂ္ဂိုလ် ထိလိုင်မင် ကို အားလုံးက ကျေ ကျေ နပ်နပ် မင်းမြှောက်လိုက် ကြတယ်။ ၁၀၈၄ မှာ မင်းဖြစ်ပေ မဲ့ မွန်သူပုန် ရန်ကို အပြီး နှိမ်ပြီး တိုင်းပြည် အေးချမ်း သာယာတဲ့ ၁၀၈၆ မှ ဘိသိက် ခံပြီး မင်းအဖြစ် ရယူ တယ် လို့ ပညာရှင် များ က ကောက်ချက် ဆွဲကြပါတယ်။
ဒါကြောင့် ထိလိုင်မင် ကို အနိ ရုဒ္ဓ ရဲ့ သား ဆိုတဲ့ အဆိုကို ပယ် ပြီး ငတပါးမင်း လို့ယူရ ပါမယ်။ အများ သူငါ ထဲမှာ အစွမ်း အစ အရှိဆုံး ကျန်နေရစ်တဲ့ စစ်သား ကြီး မို့ ကျန်စစ်သား လို့ခေါ် တယ် ဆိုတဲ့ စကား ဟာလည်း ရီစရာတောင်ကောင်း လောက် အောင် လွဲပါတယ်။
ကလန် စစ်သားလို့ ကျောက်စာ မှာ တွေ့ ရတာ တော့ရှိတယ်။ ကလန် ဆိုတာ အုပ်ချုပ်ရေး အရာ ရှိ ရာထူး၊ စစ်သာ ဆိုတာ အများသုံး ခုခေတ် စစ်သား မဟုတ်။ စစ်သား လို့ အဲဒီ ခေတ်က မခေါ်၊ စစ် သူရဲ လို့သာ ခေါ်ပါတယ်။ စစ်သာ က ရိုးရာ အလိုက် မြို့ နယ် ကျေးရွာ ကိုအုပ်ချုပ် ရသူလို့ အဓိပ္ပါယ် ရတယ်။ ၀မ်းတွင်း မြို့ နယ်၊ ထီးလှိုင် မြို့ သူကြီး၊ ရွာသူကြီး လို့ပြောတာပါ။ ဒါကို စစ်သား လုပ်ပြီး ကျန်စစ်သား အစွမ်းပြလိုက် တဲ့စစ်ပွဲ တွေ ကို ရာဇ၀င် မှာ မနည်း ပါဘူး။
အနိရုဒ္ဓက စစ်တိုက် ရင်းမြေပုံ ဘုရား ဖြန့်ဝေ သလို သူကလည်း စစ်တိုက် ရင်း မျိုးဆက် ဖြန့် ဝေ တယ်ပြော ရလောက်အောင် တွေ့ ရာနေရာ တစ်ရွာ တစ်ကျီဆောက် လိုက်တာ အားကျ စရာ ကြီးနော်။ဘိသိက် ခံတော့ ဂြီတြိ ဘုဝနာ ဒိတျ ဓမ္မ ရာဌာ ပရ မိသွ ရ ဗလ စက္က၀ရ် ဆိုပြီး ခေါ်ရင်း နဲ့ လေဖြတ်သွားနိုင် လောက်တဲ့ ဘွဲ့ရှည်ကြီး ကိုခံယူ တော်မူတယ်။
အလွန် အင်မတန် ကျက်သရေ ရှိတော် မူထ သော သုံးလောက ၏ နေမင်း၊ တရားမင်း ဟု အခေါ်ခံ ထိုက်သည့် အဆူဆူ သော မင်း တို့၏ အရှင် ဘ၀ရှင် စကြ၀တေး မင်းကြီး လို့ အနက်ပြန် ရမယ်။ ထိလိုင်မင် အကြောင်း ကိုတော့ ကျောက်စာ တွေက တဆင့် အတော်လေး သိနိုင် ပါတယ်။ သို့သော် ထိုးသမျှ ကျောက်စာ အားလုံး ကမွန် ဘာသာ နဲ့ဖြစ် နေတဲ့ အတွက် မွန်-မြန်မာ ချစ်ကြည်ရေး ကိုရှေးရှု တဲ့ အနေနဲ့ ထိုးခဲ့ တာလား။ မွန်ယဉ်ကျေးမှု ကို သဘောကျ လို့လား။ သူကိုယ်တိုင် ကရော မွန်သွေး နှော သလား၊ စဉ်းစား စရာ တွေ ချန်ထား ရစ်သလို ပါပဲ။
ရွှေစည်းခုံ ကျောက်စာ စစချင်း- ငါသည် ဂြီက္မေတြ (ပျူမြို့ တော်) ကိုတည်သော ဗိဿနိုး နတ်မင်းကြီး ၀င်စား သူဖြစ် တော့သည် လို့ တွယ်လိုက်ပါတယ်။ ဖခင်က အာဒ္ဒိစ နေမျိုး၊ မိခင် က ဥသျှစ်သီးမျိုး လို့ရေး ပါတယ်။ အနိရုဒ္ဓ ရဲ့  သားလို့ ဒီကျောက်စာ မှာလည်း မတွေ့၊ ဘယ်ခေတ်ပြိုင် ကျောက်စာ မှာမှ မတွေ့ရပါ။
ဒီလို ကြွားတာ တွေက ရာဇ၀င် တန်ဖိုး မရှိ ပေမဲ့ ဆက်ရေးတဲ့ အချက် အလက် တွေက တော့ တန်ဖိုး ရှိပါတယ်။ သူ့ လက် ထက် သူပုန်၊ သူကန် ဆူပူပုံ၊ နှိမ်နင်း ရပုံ၊ ပြန်လည် ထူထောင် ရေး လုပ်ရ ပုံတွေပါလို့ မွန်သူပုန် ထဖူးတယ် ဆိုတဲ့ အချက် ကို အတည်ယူ နိုင်ပါတယ်။ ဘုရင် ဖြစ်တဲ့ အခါ အများပြည်သူ သာယာဝပြော အောင် အုပ်ချုပ်ပါမည် လို့ ကျောက်စာ မှာ ကတိ ပြုပါတယ်။ထိလိုင်မင် ဟာ အပြောနဲ့ အလုပ်ညီ တဲ့ မင်းကောင်း မင်းမြတ် ဆိုတာ ကို အခြားကျောက်စာ တွေ ကသက်သေ ပြပါ တယ်။ စိုက်ပျိုးဖို့ ကန်ဆည်၊ မြောင်းတူး၊ ဆည်ဆောက် အလုပ် တွေ ကို ဘုရင့် အမိန့် နဲ့ လုပ်စေတယ်။ မွန်ဒေသ မှာ ပျက်စီးနေ တဲ့ ရှေးဘုရား တစ်ဆူကို ၁၀၉၈ ခု ဧပြီ ၁၆ ရက်နေ့ မှာ ပြုပြင် တယ်။ ဘုန်းကြီးကျောင်းများစွာ တည်တယ်။ လယ်ယာ မြေများ စွာ ကို သာသနိက မြေ အဖြစ်လှူတယ် (ဘုန်းကြီးကျောင်း ကို လယ်လှူ တဲ့ ကိစ္စ ဟာ နောက်မင်း တွေ လက်ထက် မှာ ပြဿနာကြီး ဖြစ်လာခဲ့တယ်) ပိဋကတ်သုံးပုံ တစ်စုံ ကူးစေ တယ်။ သဘင် အတတ်ကို တိုးတက်စေတယ်။ သစ်ပင် ပန်းမာန် များစိုက်ပျိုး စေတယ်။ ပြည်သူ များစာရိတ္တ ကောင်းဖို့ သွန်သင် ဆုံးမတယ်။ ၁၁၀၁ ဒီဇင်ဘာ မှာ တည်ပြီး ၁၁၀၂ ဧပြီ မှာပြီးတဲ့ နန်းတော်သစ် ကိုဆောက်တယ်။ ဒါပေမဲ့ ဘယ်ကျောက်စာ မှာမှ ရှေးရာဇ၀င် များမှာ ထပ်ကာ တလဲလဲ ပါတဲ့ အနိ ရုဒ္ဓ လက် အောက်မှာ အမှုထမ်းပြီး နာမည်ကြီး ခဲ့ပုံများ နဲ့ မင်းပျို မင်းလွင် ဘ၀ က အချစ် ဇာတ်လမ်း များကို မတွေ့ ရပါ။
ထိလိုင်မင်းရဲ့  ဇာတ်သိမ်း ကို ရာဇကုမာရ် ကျောက်စာ မှာတွေ့ ရတယ်။ ၁၁၁၂ အေဒီ မှာ နန်းသက် ၂၈ နှစ်စိုးစံပြီး မင်းကြီး သိယ်ခမူနာ နေစဉ် တိလောက ၀ဋံ သကာ ဒေ၀ီ နဲ့ ရတဲ့ သား တော် ရာဇကုမာရ် ကချည်းကပ် ၍အဖ ကိုယ်စား ပြုခဲ့တဲ့ ကောင်းမှု ကုသိုလ် များကို လျှောက်ထား တဲ့အတွက် မင်းကြီး က ကောင်လှောင်တေဟ်၊ ကောင်လှောင်တေဟ် လို့ ရေရွတ် သာဓု အနု မောဒနာ ခေါ်ခဲ့တယ်။
ဒါပေမဲ့ ဒီလောက် လိမ်မာ လှတဲ့ သားတော် ကိုထီးနန်း မပေးပဲ မြေးတော် စည်သူ ၁ ခေါ် အလောင်း စည်သူ ကို ထီးနန်း ပေး တယ်။ ဒီအကြောင်း ၀ိဝါဒ တွေကွဲပြား လွန်းလှတယ် ခဏ ချန်ထားခဲ့ပါမယ် ထိလိုင်မင် လက်ထက် မှာ ထင်ရှားတဲ့ အချက် တွေက တော့ ဗိဿနိုး ပူဇော်ပွဲ များကို အလွန် အရေးပေး ကျင်းပခြင်း နဲ့ အထက်တန်း ရာထူး များကို အချို့  မွန်များ ကို ပေးအပ်ခြင်း တွေကို တွေ့ရတယ်။ ဘာပဲ ပြောပြော ဒီလောက် သိရ တာနဲ့ ကို ထိလိုင်မင် ဟာ အစွမ်း အစ ရှိတဲ့ မင်းကောင်း မင်းမြတ် တစ်ပါး၊ ပုဂံ ကိုထိပ်တန်း ပို့နိုင်ခဲ့ သူဆိုတာ ထင်ရှား လှပါပြီ။ ပုံပြင် တွေ မပါလည်း ရပါတယ်ဗျာ။
(၁၁၁၃- ၁၁၆၃ အေဒီ) လိမ္မာ လှတဲ့ သားတော် ရာဇကုမာရ် ကို ထီးနန်း မပေးပဲ မြေးတော် ပထမ စည်သူ သို့မဟုတ် လူသိ များတဲ့ အလောင်း စည်သူ ကိုဘဇာကြောင့် ထိလိုင်မင် က ထီးမွေ နန်းမွေ အဖြစ်ရွေးခဲ့ သလဲ ဆိုတဲ့ ပုစ္ဆာကြီး တစ်ပုဒ် ပြီးခဲ့ တဲ့ အပိုင်းတုန်း က ပေးခဲ့မိတယ်။
မှန်နန်း ရာဇ၀င် အပိုဒ် ၁၃၈ နဲ့ ၁၃၉ မှာ ဖော်ပြထားတဲ့ အများ သိတဲ့ အကြောင်း ကတော့ ထိလိုင်မင် နန်းတက်ပြီး ၂ နှစ် အကြာ မှာ သားအရင်း ရာဇကုမာရ် ပေါ်ပေါက်လာ ပေမဲ့ မြေးတော် စည်သူ ကို ထီးမွေ ပေးပြီးဖြစ် နေပြီ။ ရာဇကုမာရ် က ဒါကို ကျေနပ် စွာလက်ခံ ပါတယ် လို့လွမ်းလောက်အောင် ရေးပါ တယ်။
သို့သော် နန်းတက်ပြီး ၂ နှစ် အကြာမှာ သားတော်ပေါ်လာရိုး မှန်ခဲ့ရင် အေဒီ ၁၀၈၆ ခုနှစ်က ဖြစ်ရမယ်။ ၁၁၄၅ အေဒီ မှာရေး ထိုး တဲ့ ကျောက်စာ အရ မြေးတော် စည်သူ ကို ၁၀၈၉ ခုနှစ်မှ မွေးတယ်ဆိုတော့ မြေးကို ထီးမွေ ပေးပြီးဖြစ်နေလို့ သားတော် မရခဲ့ရှာ ဆိုတဲ့ လွမ်းစရာ ဇာတ်လမ်းကို ပါယ်သင့်တယ်။ မတော် တဆ ဖြစ်တာ မဟုတ်ပဲ နိုင်ငံရေး အရ လိုအပ်လို့ အသေ အချာ တွက်ချက်ပြီး မှလုပ်ခဲ့တာ လို့ကောက်ချက် ချရမယ် ထင်တယ်။
ဒါနဲ့ ပထမ စည်သူ ဟာ ဘယ်သူ့ မျိုးရိုးလဲ ဆိုတာ ကိုလေ့လာ ကြပြန်တယ်။ ထိလိုင်မင် နဲ့ ရာဇကုမာရ် သားအဖ နှစ်ယောက် လုံး မင်းရိုး မဟုတ်ခဲ့ကြ ပေမဲ့ စည်သူ ကတော့ ရှေးမင်းရိုးက ပေါက်ဖွားတယ် လို့ အစဉ်အဆက် ဆိုခဲ့ကြတော့ ဘယ်သူ့မင်းရိုး ကပေါက်ဖွား သလဲ။ ဘယ်မင်းသား လဲ?
မှန်နန်း ရာဇ၀င် ရဲ့ အလိုအရ တော့ စည်သူ (၁) ရဲ့  အဖေဟာ အနိ ရုဒ္ဓ ရဲ့ မြေး စောယွန်း လို့ဆိုတယ်။ ခေတ်သစ် သမိုင်း ပညာရှင် တို့က တော့ သထုံ နန်းကျ မနူဟာ လို့ အများ ခေါ် နေကြတဲ့ မကုဋ မင်းရဲ့  မြေး နဂသ္မန်း ပဲ လို့ မွန်ကျောက်စာ အထောက်အထား တွေနဲ့ ပြောကြတယ်။
ငရမာန်ကန်း ပုန်ကန် စဉ်က ထိလိုင်မင် ဟာသမီးတော်နဲ့ မကုဋ ရဲ့ မြေးကို ပေးစားပြီး သူတို့မောင်နှံ ရဲ့ သားကို နန်းညွှန့် နန်းလျှာ ပြုစေခြင်း ဖြင့် မွန်ရော မြန်မာ ပါ မငြင်းနိုင် အောင် တွက်ချက် စီမံတော်မူတယ် ဆိုတဲ့ အဆိုရှိတယ်။
စည်သူ (၁) ကနာမည်တွေ အများသား၊ ဇေယျ သူရ၊ အလောင်းစည်သူ ဆိုတဲ့ ခန့်ညားတဲ့ အများသိ နာမည်တွေ တင် မက ကျောက်စာ ပါအမည်တွေ ကတော့ သက်တ၀်ရှည်၊ ရွှေဂူ ဒါယကာ၊ ဂြီတြိ ဘုဝနာ ဒိတျ ပ၀ရ ဓမ္မ ရာဇ (သူ့ အဖိုး ထိလိုင်မင် ရဲ့ ဘွဲ့တော် အတိုင်း) ဆိုတာတွေ တွေ့ရတယ်။ ရွှေဂူ ဒါယကာ လို့ အမည်တွင်စေတဲ့ ပုဂံ ရွှေဂူကြီး ဘုရား နံရံ မှာ သူ့ အကြောင်း ပါဠိ သင်္သကရိုက် နှစ်ဘာသာ နဲ့ရေးထိုး ထားတဲ့ နှစ်မျက်နှာ ကျောက်စာ အရ ရွှေဂူကြီး ဘုရား ကို မေ ၁၇၊ ၁၁၃၁ တနင်္ဂနွေ နေ့မှာ စတင် တည်စေ၍ ဒီဇင်ဘာ ၁၇၊ ၁၁၃၁ ကြာသာ ပတေးနေ့မှာ အပြီးသတ်တယ်။
တိုင်းခန်းလှည့် လည်တော်မူတယ် လို့လူပြော များပေမဲ့ အထောက်အထား မရှိ၊ အသက် (၇၇) နှစ် အထိ နေရပြီး ၁၁၆၅ မှာ ပျံလွန် တော်မူ တယ်လို့ ယူဆကြတယ်။အနည်းဆုံး အနှစ်ငါးဆယ် လောက် ရှည်လျားတဲ့ သူ့လက်ထက် မှာ သူ့ဘိုးအေ ထိလိုင်မင် လို ပြောစမှတ် ပြုလောက် အောင် စွမ်း ဆောင် နိုင်တာ မျိုး ဘာတစ်ခု မှ မတွေ့ရပါ။ မြန်မာ ဘာသာ နဲ့ ကျောက်စာ တစ်ချပ် မှ မထိုးခဲ့ ပါ။ ထိလိုင်မင် ရဲ့  ရွှေစည်းခုံ ကျောက်စာ အောက်ခြေ ကဆက်ပြီး မွန်ဘာသာ နဲ့ စာကြောင်း လေးကြောင်းလောက် ထိုးတယ်။
အထက် ကဖော်ပြခဲ့တဲ့ ရွှေဂူကြီး ကျောက်စာ ရှိတယ်။ ဒါပဲ။ ဒါပေမဲ့ စည်သူ (၁) ဟာ နှောင်းခေတ် ပညာရှင်တွေ အတွက် ပုစ္ဘာ တွေ ချန်ထားခဲ့တယ်။ အထူး သဖြင့် သူ့မျိုးနွယ်နဲ့ ပါတ်သက်လို့ပေါ့။
စည်သူ (၁) ဟာ စောလူး သား စောယွန်း နဲ့ ထိလိုင်မင် သမီး ရွှေအိမ်စည် တို့က ပေါက်ဖွားလာတဲ့ ဗမာ အစစ်လား၊ မကုဋ မြေး နဂသ္မန်း နဲ့ ရွှေအိမ်စည် တို့ရဲ့ သား မွန်-ဗမာ ကပြားလား ဆိုတဲ့ ပြဿနာဟာ ……………
0 comments:
Post a Comment
သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်