မြန်မာနိုင်ငံရှေးဟောင်းဒင်္ဂါးများကို စူးစမ်းလေ့လာမှုပြုယင်း ထားဝယ် ခဲဒင်္ဂါးများနှင့် ခဲမဖြူဒင်္ဂါးများ ကို တွေ့ရှိ ရ သည်။ ခဲဒင်္ဂါးကြီးများမှာ အချင်းပျမ်းမျှ (၃)လက်မ ရှိပြီး အထူ(ဝ ဒသမ ၄) လက်မခန့် ရှိကြသည်။ မျက်နှာ ဘက်၌ ဟင်္သာလိုလို၊ ပုံသဏ္ဌာန်ဖော်ထားသည်။ ဟင်္သာပုံကို ဖောင်ြးွကစက်ဝိုင်း အတွင်း၌ ဖော် ထား၏။ ဟင်္သာပုံဟုပြောရစေကာမူ ပီပြင်မှု မရှိလှ။ အမြီးဖျား၊ ခြေထောက်စသည် အလုံးအဖန် သေးသွယ် သည့်နေရာ များ၌ ပီပီသသ မရှိတော့သည်ကို တွေ့ရသည်။
ခဲဒင်္ဂါးကြီးများ၏ကျောဘက် မျက်နှာ၌ ဖောင်ြးွက စက်ဝိုင်း တစ်ခုပါရှိပြီး စက်ဝိုင်းအ တွင်း၌ တစ်ချို့သော ဒင်္ဂါးများတွင် အက္ခရာ စကားလုံး ပါရှိသည်၊ စာများမှာ ပီပြင်မှုမရှိ၍ ဖတ်၍ မရနိုင်။ တချို့သော ဒင်္ဂါးများတွင်မူ စက်ဝိုင်းအတွင်း၌ မည်သည့် အမှတ်အသားမျိုးမှ မပါ၊ ဗလာဖြစ်သည်။

ထားဝယ်ခဲဒင်္ဂါးကြီး တပြားကို တောင် တွင်းကြီးပြတိုက် ၌ ပြသထားသည်ကို တွေ့ရသ ဖြင့် အံ့ဩခြင်း ဖြစ် ရပါ သည်။ ဤဒင်္ဂါးမှာ တောင်ကြီးဒေသ၊ သို့မဟုတ် ဗိဿနိုးမြို့ဟောင်းမှပင် တွေ့ရှိခဲ့သည့်ဒင်္ဂါး တခုပေလောဟု သိလိုလှ၍ တောင်ကြီးပြတိုက်မှူး ဦးလှဖေအား အလောတ ကြီး မေးမြန်းရသည်။
အကယ်၍ တောင်တွင်းကြီး၊ ဗိဿနိုး စသည့်မြို့ဟောင်းတို့မှ တူးဖော်တွေ့ရသည့်ဒင်္ဂါးဆိုအံ့၊ များစွာ စိတ်ဝင်စား စရာဖြစ်နေပေ လိမ့်မည်။ သို့ရာတွင် ဦးလှဖေက ဤဒင်္ဂါး မှာ ဤဒေသမှတွေ့ရသော ဒင်္ဂါးမဟုတ်၊ ရှေးဟောင်း ပစ္စည်းချင်း လဲလှယ်မှုဖြင့် ထားဝယ်ဦးကျော်မင်း ထံမှ တောင်တွင်းကြီးပြတိုက် အတွက် လက်ခံရရှိသည့်ဒင်္ဂါးတပြားဖြစ်သည် ဟုပြောပြသည်။
ယခု တောင်တွင်းကြီးပြတိုက်လည်း မီးလောင်ပြာကျသွားလေပြီ။ ဤဒင်္ဂါးကြီးလည်း အရည်ပျော်ပျက်စီး သွားခဲ့လေပြီ။ ရှေးဟောင်း အရှေ့အာရှဒင်္ဂါးများကို စုဆောင်း၍ လေ့လာသုတေသနပြုသူများအ နက် ထင် ရှားသည့်ဗြိတိသျှအမျိုးသားနှစ်ဦးမှာ ဆာအာသာဖယ်နှင့် ဆာရစ်ချက်တင်ပယ်တို့ ဖြစ် ကြသည်။ ရစ်ချက်တင်ပယ်က ထားဝယ်ခဲဒင်္ဂါးကြီးများကို တနင်္သာရီတံဆိပ်တော်ဟုဖော်ပြခဲ့ဖူး သည်။ ဖယ်ရာကလည်း ၄င်း၏ ၁၈၈၂ ခုနှစ်ထုတ် ရခိုင်၊ ပဲခူးနှင့်မြန်မာဒင်္ဂါးများ လေ့လာချက် စာတမ်း၌ ဤ ခဲဒင်္ဂါးများကို တနင်္သာရီတံဆိပ်တော် ဟုပင် ဖော်ပြခဲ့ပေသည်။

တဖန် ရစ်ချက်တင်ပယ်က သူ ထပ်မံရေးသားထားသည့် မြန်မာနိုင်ငံမှ ဒင်္ဂါးအချို့နှင့် ပတ်သက်၍ ဟူသော
ဆောင်းပါးစာစောင်၌ တနင်္သာရီတံဆိပ်တော်ဟု သူခေါ်ညွှန်းသည့်အရာ များမှာ တံဆိပ်မဟုတ် ဒင်္ဂါးများ ပင် ဖြစ်တန်သည် ဟုဖော်ပြပြန်သည်။ ဤဒင်္ဂါးများကို အစောဆုံး သတိပြုမှတ်သားသူများ၏ မှတ်တမ်းများကို မွှေနှောက်စူးစမ်းရှာဖွေလျက် ၁၆၇၈-ခု- နှစ်တွင် ရေးသားမှတ်တမ်းတင်ထားသော တာဗင်နီးယားခရီးစဉ် စာတမ်းကို ကိုးကားပြီး ထိုဒင်္ဂါး များသည် ငွေကြေးအဖြစ် အသုံးပြုသည့် ဒင်္ဂါးများပင် ဖြစ်သည်။ မာလာယု(ယခုမလေးရှားနိုင်ငံ)ကေဒါနှင့် ဗီရတ်ဒေသမှ ဘုရင်များသုံးစွဲသည့် ဒင်္ဂါးများဖြစ်သည်ဟူသော ဖော်ပြထားချက်အရ ဤဒင်္ဂါးများမှာ မလေးဒင်္ဂါးများပင် ဖြစ်ဖွယ်ရှိသည် ဟု ရစ်ချက်တင်ပယ်က ဆိုပြန် သည်။ ကျောဘက်၌ ပါရှိသောအက္ခရာများမှာလည်း ဘာသာပြန်၍ မရနိုင်သော်လည်း ပါးရှင်း အက္ခရာများနှင့် တူလှကြောင်း ၄င်းက ဖော်ပြသည်။
ဖယ်ရာနှင့်တင်ပယ်တို့ ရေးသားကြစဉ် နှစ်ပေါင်း ၁၀ဝ ကျော်ခန့်က ထိုဒင်္ဂါးများကို မြန်မာနိုင်ငံ၌ ဦးရေအမြောက်အမြား မြေကြီးထဲမှ တူးဖော်ရရှိခဲ့ခြင်း မရှိသေးပေ။
ဗြိတိသျှတို့ မြန်မာနိုင်ငံမှ ထွက်ခွာသွားကြပြီးနောက် ဂျပန်ခေတ်၌လည်းကောင်း၊ လွတ်လပ်ရေး ရပြီး၌လည်းကောင်း၊ ထားဝယ်နယ်အနှံ့ ဤခဲဒင်္ဂါးကြီးများကို အသိုက်အအုံနှင့် မြောက်မြား စွာ တွေ့ရှိ ခဲ့ကြ၏။ အကယ်၍ ဖယ်ရာနှင့်တင်ပယ်တို့ ယခုကဲ့သို့ တွေ့ရှိကြသည်ဆိုအံ့၊ ၄င်းတို့၏ မှတ်တမ်းများ တွင်လည်း တမျိုးတဖုံ ကောက်ချက်ချဖွယ် ရှိပေလိမ့်မည်။

ထားဝယ်ခဲဒင်္ဂါးတပြား၏ အလေးချိန်မှာ ပျမ်းမျှ(၂၃. ၅)ကျပ်သား၊ သို့မဟုတ် (၁၄)အောင်စခန့်ရှိ၏။ တ ချို့ ခဲဒင်္ဂါးများ၏ကျောဘက်၌ပါရှိသည့် အက္ခရာများမှာ ဖတ်ရှုဘာသာပြန်၍ မရနိုင်။ (ခိခိ ဘယ်ရမလဲ သာမာန် စာမှ မဟုတ်တဲ့ ဟာကို)
ထားဝယ်မြို့ဝန်းကျင် (ညောင်ခရားမြို့ဟောင်း)၊ ဆင်ဆိပ်မြို့ဟောင်း၊ ထားဝယ်သာဂရမြို့ဟောင်း များ၌ ဤခဲဒင်္ဂါးကြီးများကို တွေ့ရှိရရှိဖူးသူများနှင့်စာရေးသူကိုယ်တိုင် တိုက်ရိုက် မေးမြန်းဆွေးနွေးခဲ့ဖူးသည်။ ゞင်းတို့၏ အဆိုအရ ဤခဲဒင်္ဂါးများကို တပြားတလေလောက်တွေ့ရ ခြင်းထက် အစုလိုက်အပြုံ လိုက် တွေ့ ကြခြင်းက များသည်။ အကြောင်းကိစ္စတခုခုအတွက် မြေ တူးဖော်ယင်း အမြောက်အမြား တွေ့ခဲ့ရပုံ ကို ပြောပြ သည်။ တချို့နေရာများ၌ လှည်းနှင့်တိုက်ယူ ရလောက်အောင်ပင် အများအပြား တွေ့ရသည်ဟု ဆိုသည်။
ထားဝယ်မြို့မြောက်ဘက်စွန်းရှိ မောင်မယ်ရှောင်ရွာတွင် ဘုရားမဲကလေး ဟုခေါ်သည့် ရှေးဟောင်းဘုရား အနီး၌ အမြောက်အမြား တွေ့ခဲ့ဖူးသည်။ ထားဝယ်မြို့ ဆင်ဆိပ်ရပ်၊ မြို့ ဟောင်းခွင်အတွင်း ရော်ဘာတော စိုက်ပျိုးရန် မြေရှင်းလင်းတူးဆွရာ၌ အလျားလေးတောင်၊ အနံ နှစ်တောင်မျှရှိသည့်ကျင်းထဲ၌(၈)ပြားမှ (၁၀)ပြား အထိထပ်ပြီး သပ်သပ်ရပ်ရပ် ပုံ၍ထား သည့်ခဲဒင်္ဂါးများကို ကျင်းအပြည့်တွေ့ဖူးသည်ဟုသိရ၏။
ထားဝယ်မြစ်၏အနောက်ဘက်ကမ်း၊ ထားဝယ်သာဂရမြို့ဟောင်း ဝန်းကျင်တွင် လည်း ဤခဲဒင်္ဂါးမျိုး အများ အပြား တွေ့ရဖူးကြောင်း ဆိုကြသည်။
အကယ်၍ ခဲပြားများကို ချိန်တွယ်ရာတွင် အလေးအဖြစ်နှင့်သုံးကြသည်ဆိုအံ့၊ ထိုမျှ များပြားစွာ အလေးများ ကို ပြုလုပ်သုံးဆောင်ရန် လိုအပ်မည်လောဟု သံသယဖြစ်မိသည်။ အ လေးချိန်အရွယ်အစားစားလည်း မရှိ၊ တမျိုးတစားတည်းသာ။ စာရေးသူ၏ယူဆချက်မှာ ဤခဲဒင်္ဂါးများမှာ ချိန်တွယ်ရန် အတွက် အလေးအဖြစ်နှင့် အသုံးပြုဖို့ထက် ငွေကြေးသဖွယ် လဲလှယ် အသုံးပြုသည့်ဒင်္ဂါးမျိုးပင် ဖြစ်ဟန်ရှိသည်။
တနင်္သာရီကမ်းမြောင်ဒေသသည် ခဲ၊ ခဲမဖြူနှင့်အဖြိုက်နက်အလွန်ထွက်သောဒေသ ဖြစ်လေရာ တခြားသောသတ္တုထက် မိမိဒေသ၌ထွက်သည့်သတ္တုကို အဓိကထား၍ သုံးစွဲကြမည်မှာ မလွဲပေ။
ခဲသတ္တုမှာ ရွှေငွေစသည့်သတ္တုများလောက် အဖိုးမတန်။ သို့ဖြစ်၍ ရွှေငွေကဲ့သို့ ဒင်္ဂါး ပြားအရွယ် ခပ်သေးသေးပြုလုပ်ပါက တန်ဖိုးအနေနှင့်ပြောပလောက်အောင် မရှိနိုင်။ ထို့ပြင် ခဲ သတ္တုသည် ပျော့သဖြင့် ပါးလှပ်သေးငယ်သည့်အရွယ်အစားပြုလုပ်လျှင် ပျက်စီးပွန်းတီးလွယ် မည်ဖြစ်ပေသည်။ ထို့ကြောင့်ပင် ခဲဒင်္ဂါးများကို ခပ်ကြီးကြီး သွန်းလုပ်ဟန် ရှိသည်။
ဤခဲဒင်္ဂါးများမှာ ဒင်္ဂါးအဖြစ်နှင့်အသုံးမပြုပဲ သတ္တုခဲပြားအဖြစ်နှင့်ရောင်းချရန် ပြု လုပ်သည့်ပစ္စည်းမျိုးပေလော ဟု တွေးတောကြည့်ပြန်လျှင်လည်း သတ္တုအဖြစ် အသုံးပြုရေးအ တွက်ဖြစ်လျှင် အပင်ပန်းခံ၍ စာတန်းနှင့် အရုပ်များပါရှိသော ခဲပြားများပြုလုပ်မည့်အစား လွယ်ကူသည့်ခဲချောင်း၊ ခဲတောင့်များအဖြစ်နှင့် သွန်း လုပ်ရောင်းချခြင်းက ပို၍ဖြစ်နိုင်ပေသည်။ ရွှေတောင့်ငွေတောင့်များကိုပင် လွယ်လွယ်ကူကူ ရနိုင်ခြင်း မရှိတော့ပြီ။ ဤမျှများပြားစွာ တွေ့ရှိသောခဲဒင်္ဂါးများ မည်သို့ ပျောက်ဆုံးကုန်သနည်း။ ဂျပန်ခေတ်တခေတ်လုံးလည်း တွေ့ ကြသည်။ နောက်ပိုင်းခေတ်တွေမှာလည်း တွေ့ကြသည်။ သို့ရာတွင် ထိုခဲပြားများကို အရည်ကျို ပြီး ကွန်ပစ်ရာ၌ အသုံးပြုရန် ကွန်သီး(ခဲသီး)များ အဖြစ်နှင့်အသုံးပြုလိုက်ကြ သည်။ ကွန်မြူနစ် တို့ကလည်း ဝယ်ယူသိမ်းဆည်းပြီး ကျည်ဆန်ပြုလုပ်သည်ဟု ဆိုကြသည်။ ခဲဒင်္ဂါးတွေ့ရှိ သူများက လည်း တိတ်တဆိတ် အရည်ကျိုအတုံးပြုလုပ်၍ ခဲသတ္တုအဖြစ် ရောင်းချခဲ့ဖူးသည်ဟုသာ သိရ
၏။
နှစ်ပရိစ္ဆေဒများစွာ ပြုလုပ်အသုံးချခဲ့ဖူးသော ရှေးဒင်္ဂါးများ၊ ရှေးဟောင်းပစ္စည်းများ
ဖြစ်၍ အလဟဿ ဖြုန်း တီး မပစ်ရန် မေတ္တာရပ်ခံခဲ့ရသည်။
သိမ်းဆည်းထားပြီး ရှေးဟောင်းသုတေသနဌာနတို့၊ သက်ဆိုင်ရာပါတီ၊ ကောင်စီတို့မှ တဆင့် ဆက် သွယ်အကြောင်းကြားရန် မိမိဒေသတွင် ပြတိုက်ပြခန်းကလေးများရှိကလည်း စု ဆောင်းပြသ ထား ရန်၊ မပျောက်မပျက်အောင် ဂရုစိုက်ထိန်းသိမ်းကြရန်အတွက်လည်း အတန် တန်မှာခဲ့ရသည်။
နောက်တကြိမ် ခဲဒင်္ဂါးများကို အများအပြားထပ်မံတွေ့ရှိပါက ဒင်္ဂါး၌ပါရှိသော အက္ခရာများ ကို ဖတ်ရှုနိုင်အောင် သုတေသနပြုလုပ်ကာ အဓိပ္ပါယ်ဖော်နိုင်ရန် ကြိုးစားကြဦးစို့။
ပုံထဲ၌ ဖော်ပြထားသည့်ထားဝယ်ခဲဒင်္ဂါးကြီးများ
ဒင်္ဂါးအမှတ် ၁။ ။ထားဝယ်ပြတိုက်၌ ပြသထားသည့်ဒင်္ဂါးလေးပြားအနက် အရုပ် အပီပြင်ဆုံး ပေါ်လွင်ဆုံးနှင့် သွင်ပြင်ထူးခြားဆုံးဒင်္ဂါးတပြား ဖြစ်သည်။ ဟင်္သာပုံထက် ဒေါင်းနှင့် ပို၍တူ သည်။ ဟန်မာန် မြူြးွကသည်။ ကျောဘက်ပါ စာများမှာ ထင်ရှားမှုမရှိ၊ တတ်နိုင်သမျှတူ ညီအောင် ကူးယူ ခဲ့ခြင်းသာ ဖြစ်သည်။
တောင်တွင်းကြီးပြတိုက်၌ တွေ့ရသည့်ထားဝယ်ခဲဒင်္ဂါးကြီးမှာ ဤပုံမျိုးဆန်ဆန်ဖြစ် သော်လည်း ဒေါင်း၊ သို့မဟုတ် ဟင်္သာပုံမှာ ဤဒင်္ဂါးမျှလောက် အမြီးအတောင် မစုံလင်ချေ။ ကျောဘက်၌လည်း စာမပါ။ ဗလာဖြစ်၏။
ဒင်္ဂါးအမှတ် ၂။ ။ထားဝယ် သာဂရမြို့ဟောင်းမှ တွေ့ရှိပြီး စုဆောင်းထားသူတဦး ထံမှ ကူးယူခဲ့သည်။ ဟင်္သာပုံဘက်သို့ ပို၍နွှယ်သည်။ ကျောဘက်ပါတချို့အက္ခရာများမှာ ဖတ်ရ နိုင်ဖွယ်ရှိသော်လည်း ခြုံ၍ အဓိပ္ပါယ်ဖော်၍မရ။
ဒင်္ဂါးအမှတ် ၃။ ။ထားဝယ် ဆင်ထိပ်မြို့ဟောင်းမှတွေ့ရှိသည်။ ဟင်္သာပုံနှင့်အနီးစပ် ဆုံးဖြစ်သည်။ ကျောဘက်၌ မည်သည့်အက္ခရာမျှ မပါ၊ ဗလာဖြစ်သည်။
ဒင်္ဂါးအမှတ် ၄။ ။မည်သည့်ဒေသမှ ရရှိသည်ဟုမပြောနိုင်တော့ပါ။ ရုပ်ပုံအနေနှင့် လည်း ပီပြင်မှု မရှိလှပေ။ ကျောဘက်ပါ စာတန်းများလည်း အဓိပ္ပါယ်ဖော်မရ၊ အလားတူရုပ်ပုံပါ
ဒင်္ဂါးများမှာလည်း ထားဝယ်မြောက်ဘက် မောင်မယ်ရှောင်ရွာ၌ အများအပြားတွေ့ဖူးသည်။
ကျောဘက်၌ အက္ခရာမပါသည့်ဗလာဒင်္ဂါးများလည်း အများအပြား တွေ့ရသည်။

အောင်မြင့်
မှတ်ချက်။ ။ရတနာမွန်မဂ္ဂဇင်း၊ ၁၉၈၂-ခုနှစ်၊ စက်တင်ဘာလထုတ်၊ အတွဲ(၉)၊ အမှတ်
(၉)၊ စာမျက်နှာ(၂၀ မှ ၂၂ ထိ)၌လာရှိသောဆောင်းပါးကို ပြန်လည်၍ စာစီ
ရိုက်ထားပါသည်။

0 comments:
Post a Comment
သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်