သာသနာနှင့်ရာဇာအပိုင်း(၃၃)

သာသနာနှင့်ရာဇာအပိုင်း(၃၃)
*****************

တိဗက်ပြည်သို့ ဗုဒ္ဓဘာသာ မရောက်မီကာလကပင် အိန္ဒိယ နှင့် အလှမ်းဝေးသော နိုင်ငံများ၌ ဗုဒ္ဓဘာသာ အခြေစိုက်နေ ပြီး ခရစ်မပေါ်မီ ၃ ရာစုကပင်စတင်၍ ဗုဒ္ဓဘာသာသည် အိန္ဒိယနယ်စပ်ကို ဖြတ်ကျော်သွားပြီးနေပြီ။ ဗုဒ္ဓဘာသာ သာသနာပြုများသည် မြန်မာ (သုဝဏ္ဏဘူမိ)နှင့် သီဟိုဠ် (သီရိလင်္ကာ) နိုင်ငံများ၌သာမကဘဲ မက်ဆိုပိုတိုမီးယား၊ မေဆိဒိုနိယာ၊ အီဂျစ်နိုင်ငံများ၌လည်း ပြန့်ပွားထွန်းကားနေ လေပြီ။ ထိုမှတစ်ပါး အခြားအစဉ်အလာ ယူဆချက် အရ အသောကမင်းတရားကြီး၏ သားတော်တစ်ပါးသည်
ကုတျာပတ်ဝန်းကျင် နယ်မြေဒေသများ၌ နိုင်ငံတစ်နိုင်ငံ
အောင်မြင်ထမြောက်စွာ တည်ထောင်ခဲ့ပြီးလေပြီ။

တရုပ်ပြည်သို့ ဗုဒ္ဓဘာသာ ရောက်သွားသည့် အချိန်ကာလ မှာ အလွန်တရာ ရှေးကျသည်ဟု ယူဆရသော်လည်း ခရစ် နှစ် ၅၆ ၌ ခိုတန်မှ ကဿပမာတင်္ဂ ဘာသာပြန်ဆိုသော တရုတ်ဘာသာပြန် ဗုဒ္ဓစာပေ ကျမ်းဂန်များမှာ ယခု ထက် တိုင် ရှိနေသေးသည်။ ဗုဒ္ဓဘာသာ ခရစ်နှစ် ၂၇၂ တွင် တရုတ်ပြည်မှ ကိုရီးယားသို့လည်းကောင်း၊ ၅၃၈ ခုနှစ် တွင် ကိုရီးယားမှ ဂျပန်သို့လည်းကောင်း ပြန့်ပွားသွားသည်။
အင်ဒိုချိုင်းနားသို့လည်း ဗုဒ္ဓဘာသာသည် ၃ ရာစုနှစ် မတိုင် မီကပင် ရောက်ရှိလာခဲ့သည်။ သို့ရာတွင် အိန္ဒိယ၏ အိမ်နီး နားချင်းဖြစ်သော တိဗက်ပြည်သို့မူ ဗုဒ္ဓဘာသာသည် ခရစ် နှစ် ၆၄၀ မတိုင်မီအထိ ရောက်မလာသေးပေ။

ယင်းသို့ အချိန်နှောင်းပြီးမှ ရောက်လာခြင်း၌ အကြောင်း များရှိနိုင်သည်။ ယင်းအကြောင်းများအနက် အဓိက အကြောင်းမှာ မြင့်မားသော တောင်တန်းများ ကာရုံထား သည် ဖြစ်၍ ကူးသန်းသွားလာရန် မလွယ်သော ပထ၀ီ အနေအထားဖြစ်သည်။ ယေဘုယျအားဖြင့် တိဗက်မြေ မျက်နှာပြင်သည် ပင်လယ်ရေမျက်နှာပြင်၏ ပေပေါင်း
၁၂၀၀၀ အထက်တွင် တည်ရှိသည်။ အလွန်တရာ ချမ်းအေး သောဒေသ ဖြစ်သည်။ အခြားအကြောင်းတစ်ခုမှာ တိဗက် လူမျိုးများသည် နေရာအတည်တကျမရှိဘဲ ခြေသလုံး အိမ် တိုင် သွားလာနေကြသူများဖြစ်၍ နိုင်ငံရေးအမြင်အရ ကြည့် လျှင် မည်သည့်အခါမှ တစည်းတလုံးတည်း မရှိကြပေ။ ထို့ကြောင့် နှစ်ပရိစ္ဆေဒ ထောင်ပေါင်းများစွာအထိ အိမ်နီးနား ချင်းနိုင်ငံများနှင့် တိဗက်တွင် လှည့်လည်သွားလာရန် အတွက် သဘာဝအခက်အခဲများကို ရင်ဆိုင်ရသည်။ သို့ရာတွင် တိဗက်လူမျိုးတို့သည် ယင်းသဘာဝတိုက်ပွဲကို အခက်အခဲမရှိအောင် စီမံဖန်တီးထားကြသည်။ နေရေးထိုင် ရေး အဆင်ပြေစေရေးအတွက် လူဦးရေ တိုးပွားများပြားမှု ကို ပိတ်ပင်တားမြစ်သည့် နည်းလမ်းကိုကြံဆထားကြသည်။ တိဗက်လူမျိုးတို့သည် ညီအစ်ကို အားလုံးပေါင်းမှ မယား တစ်ယောက်တည်း ယူသည့်စနစ်ကို လက်ခံထားကြသည်။
အဓိပ္ပာယ်ကား မိန်းမတစ်ယောက်တည်းက ယောက်ျား အများနှင့် လက်ထပ်သည့် ဓလေ့ထုံးစံဖြစ်သည်။ ကျယ်ပြန့် ကြီးမားသည့် တိဗက်အား ယဉ်ကျေးမှုနှင့် အသိအလိမ္မာ ကြွယ်ဝလာစေရန်အတွက် အိန္ဒိယနှင့် တရုတ်နိုင်ငံတို့က ပံ့ပိုးကူညီကြလေသည်။

ဘုရင်ဂမ္ပိုသည် နီပေါဘုရင် အီသုဝမ္မာ၏ သမီးတော်
ခရိကျုန် နှင့်လည်းကောင်း၊ တရုတ်ဘုရင့် သမီးတော်
ကွန်ဂဂျိုနှင့်လည်းကောင်း စုလျားရစ်ပတ် လက်ထပ်ထား သည်။ ယင်း ဗုဒ္ဓဘာသာဝင် မိဖုရားကြီးနှစ်ပါးနှင့် အမတ် ကြီး ထုန်းမိတို့၏ သြဇာလွှမ်းမိုးမှုကြောင့် တိဗက်ဘုရင် ဂမ္ပိုသည် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်သည့် ဘုရင် တစ်ပါး ဖြစ်လာသည်။ ထိုအခါ ဗုဒ္ဓဘာသာအနေနှင့် ယဉ်ကျေးမှု အသိအလိမ္မာ ရှိလာစေရန်အတွက် ပြုလုပ် ဆောင်ရွက်ခွင့် ရရှိလာသည်။ တရုတ်နှင့် အိန္ဒိယ ဗုဒ္ဓ ဘာသာ ၀င် ပညာရှင်များသည် အနုပညာ၊ အတတ်ပညာ၊
အတွေးအခေါ်၊ ဘာသာတရား၊ ယဉ်ကျေးမှု၊ စာပေပညာနှင့် ပတ်သက်၍ တိဗက်အား မိမိတို့အလိုကျ ပုံသွင်းနိုင်ရန် အခွင့်အလမ်း ရရှိလာခဲ့ကြသည်။ သို့ရာတွင် ထို ဗုဒ္ဓ ဘာသာဝင် ပညာရှင်များသည် ကိုယ်ချင်းစာနာ ငဲ့ညှာ ထောက်ထားသူများ ဖြစ်ကြသည်။ စာပေနှင့် ယဉ်ကျေးမှု မရှိသော တိဗက်လူမျိုးများအား သူတို့၏ အမျိုးသားဟန်
ပယ်ပျောက်စေပြီး မိမိတို့၏ အမျိုးသားဟန်အတိုင်း ပုံသွင်းဖို့
မကြိုးစားကြပေ။ တရုတ်နှင့် အိန္ဒိယ ယဉ်ကျေးမှုကို ဇွတ် အတင်း သွတ်သွင်းဖို့ မကြိုးစားကြပေ။ အိန္ဒိယ ဗုဒ္ဓဘာသာ ၀င် ပညာရှင်များသည် တိဗက်အား အိန္ဒိယ ယဉ်ကျေးမှုနှင့် ဘာသာတရားကို ပေးခဲ့ကြသည်။ သို့ရာတွင် တိဗက်ပုံ သွင်း ပြီး၊ တိဗက်မူပြုပြီး ပေးကြခြင်းဖြစ်သည်။ သို့မဟုတ် ကမ္ဘာ နှင့် ထိတွေ့ဆက်စပ်မှု ကင်းနေခဲ့သည်။  

နိပေါဘုရင့်သမီးတော်သည် သူနှင့်အတူ လက်ဖွဲ့ပစ္စည်း အဖြစ် ရုပ်ပွားတော်များကို ယူဆောင်သွားသည်။ ထိုနည်း တူပင် တရုတ်ဘုရင့်သမီးတော်လည်း တစ်ချိန်တုန်းက အိန္ဒိယမှ အာရှအလယ်ပိုင်း၊ ထိုမှတစ်ဆင့် တရုတ်ပြည်သို့ ပင့်ဆောင်လာသော ရှေးဟောင်း ရုပ်ပွားတော်တစ်ဆူကို တိဗက်သို့ ပင့်ဆောင်သွားသည်။ အိမ်နီးနားချင်း နိုင်ငံများ၏ ကြီးကျယ်ခမ်းနားပုံနှင့် ထိုနိုင်ငံများ၏ ယဉ်ကျေးမှုကို တွေ့ မြင် သိရှိရသောအခါ ဟိမ၀န္တာ၏ မယဉ်ကျေးသေးသော၊ အသိပညာ ခေါင်းပါးသေးသော စစ်ဘုရင် ဂမ္ပိုသည် အကြီး အကျယ် သြဇာလွှမ်းမိုးမှု ခံသွားရသည်။

တရုတ်ဘုရင့် သမီးတော်သည် သူ ပင့်ဆောင်လာသော
ဗုဒ္ဓရုပ်ပွားတော်ကို ကိုးကွယ်ထားရန်အတွက် လာဆာမြို့ တော်၏ မြောက်ဘက်ပိုင်း၌ ရာအိုချိုကာ ဘုရားကျောင်းကို တည်ဆောက်သည်။ သို့ရာတွင် နီပေါဘုရင့် သမီးတော်ထံ ၌မှု သူ၏ ဗုဒ္ဓရုပ်ပွားတော်များကို ကိုးကွယ်ရန်အတွက် ဘုရားကျောင်းဆောက်ဖို့ ငွေကြေးအလုံအလောက် မရှိပေ။ ထိုအကြောင်းကို ဂမ္ပိုသိသွားသောအခါ လာဆာမြို့တော် အလယ်၌ လှပသော ဘုရားကျောင်းတော်တစ်ဆောင် ဆောက်လုပ်ပေးသည်။ ယင်းကျောင်းတော်ကို ယခုခေတ်၌ မတ္တာရက (အရှင်သခင်) အိမ်တော်ဟု ခေါ်ကြသည်။

တိဗက် ဗုဒ္ဓဘာသာသည် အိန္ဒိယနှင့် တရုတ်ပြည်မှ ရောက် လာသော ဗုဒ္ဓဘာသာဖြစ်သည်။ အစပထမ၌ ဗုဒ္ဓဘာသာ သည် တိဗက်၏ ဌာနေဘာသာတရားဖြစ်သော `ဗွန်းပို' ဘာသာတရားနှင့် အတော်ပင် တိုက်ပွဲဝင်ရသည်။ နောက် ဆုံး တွင်ကား ဗုဒ္ဓဘာသာသည် တိဗက်၌ ခိုင်ခိုင်မြဲမြဲ အခြေ ချသွားနိုင်ခဲ့သည်။ သို့ရာတွင် အကျိုးတရား မည်သို့
ဖြစ်ပေါ် လာသနည်းဆိုလျှင် တိဗက် ဗုဒ္ဓဘာသာသည် `ဗွန်း' ဘာသာတရားနှင့် စရနယ်လိုက်သော မဟာယာန
အသွင်ဆောင်သည့် ဘာသာတရား ဖြစ်သွားသည်။

နိုင်ငံတိုင်းရှိ လူမျိုးတို့သည် အလွန့်အလွန် နောက်တန်း ကျ သည့် လူမျိုးများပင် ဖြစ်စေကာမူ မိမိတို့၏ အစွမ်းအစ၊ မိမိတို့၏ အဆင်ပြေမှု အားလျော်စွာ မိမိတို့ သုံးစွဲရန် အတွက် ဘာသာစကားကို တီထွင်ထားကြသည်သာလျှင် ဖြစ်သည်။ တိဗက်လည်း ထိုဒေသများထဲတွင် အပါအ၀င် ဖြစ် သည်။ တိဗက်တွင်လည်း ဘာသာစကားကို ပြောဆို ကြ၊ အသုံးပြုကြသည်။ သို့ရာတွင်တိဗက်ကိုယ်ပိုင် အက္ခရာ အရေးအသားမရှိပေ။ ကြီးမားပြန့်ကျယ်သော နိုင်ငံတစ်နိုင် ငံကို အုပ်ချုပ်ရန်အတွက် ဂမ္ပိုသည် အက္ခရာအရေးအသား လိုလာသည်။ ထိုကိစ္စအတွက် ဂမ္ပို၏ အမတ်ကြီး ထုန်းမိ ဆံဘိုတာ (ထုန်နယ်သား)သည် အဖွဲ့ဝင် ၁၆ ဦးနှင့် အတူ အိန္ဒိယသို့ သွားပြီးလျှင် အိန္ဒိယ၏ အက္ခရာအရေးအသားနှင့် ဘာသာစကားကို အလေးအနက် လေ့လာဆည်းပူးသည်။

မိမိနိုင်ငံ တိဗက်သို့ ပြန်လာသောအခါ အမတ်ကြီးသည်
တိဗက်ဘာသာစကားအတွက် အက္ခရာအရေးအသားကို
တီထွင်သည်။ ထိုအချိန်၌ ကသ္မီရနှင့် အာရှအလယ်ပိုင်း၌
ဗြဟ္မီအက္ခရာကို အခြေခံ၍ အသုံးပြုသော အက္ခရာ အရေး အသားကို တီထွင်ကြသည်။ ဃ၊ ည၊ ဍ၊ ဓ၊ မ၊ သ၊ ဣ အက္ခရာများ အသံထွက် တိဗက်၌ မရှိပေ။ ထို့ကြောင့် အမတ်ကြီးသည် ထိုအက္ခရာများကို ချန်ထားခဲ့သည်။ သို့ရာ တွင် တိဗက်ဘာသာစကား၏ ထူးခြားသော အသံထွက်များ အတွက် ဗိန္ဒုခေါ် အစက်နှင့် တွဲဖက်၍ စ့၊ ဆ့၊ ဇ့၊ သ့
စသော အက္ခရာများကို တီထွင်ထားသည်။ ထိုနည်းမျိုး ဂျပန်အက္ခရာ အရေးအသား၌လည်း ရှိသည်။ ဥပမာ `၀' အက္ခရာတွင် `၀ံ' ဟု ဗိန္ဒုနှင့် တွဲလိုက်လျှင် `ဗ' အသံ ဖြစ်သွားသည်။ စုစုပေါင်း အက္ခရာအရေအတွက် သုံးဆယ်ရှိ သည်။ ယခုခေတ် မြန်မာအက္ခရာ စသော အချို့အက္ခရာ အရေးအသားများ၌ `အ' နှင့် တခြား သရကို တွဲလျှင် တခြားအက္ခရာ အသံထွက်သကဲ့သို့ `အ' နှင့် ဣ၊ ဥ၊ ဧ
ကိုတွဲပြီးလျှင် တခြားအက္ခရာ အသံထွက် ပြုလုပ်ထားသည်။
တိဗက်ဘာသာစကား၌ အက္ခရာ အရေးအသား နှစ်မျိုးရှိ သည်။ တစ်မျိုးမှာ ထိပ်တွင် မျဉ်းကြောင်းသားထားသည့်
အမျိုးအစားဖြစ်သည်။ ယင်းအက္ခရာအရေးအသားကို စာအုပ်များ လှလှပပ ရေးသားခြင်း၊ ရိုက်နှိပ်ခြင်းများ၌ အသုံးပြုသည်။ အခြားတစ်မျိုးမှာ သော့ပြီးရေးသည့် အရေး အသားမျိုး ဖြစ်သည်။ ထိုအရေးသားမျိုး၌ ထိပ်တွင် မျဉ်း ကြောင်းဆွဲထားခြင်းမျိုး မရှိပေ။ ယင်းအရေးအသားမျိုးကို ရုံးအလုပ် စသည်များ၌ အသုံးပြုသည်။

ထိပ်တွင် မျဉ်းကြောင်းမပါသည့် အရေးအသားမျိုးသည်
တံဂုလဒေသမှ လူများတွင် ယခင်ကတည်းက ခေတ်စား နေခဲ့သည်ဟုလည်း ယုံကြည်ယူဆကြသည်။


တံဟုလဒေသမှ လူများသည် ဗုဒ္ဓစာပေကျမ်းဂန် အများ အပြားကို ဘာသာပြန်ထားကြသည်။ သို့ရာတွင် တိဗက် ဘာသာ တံဂျုရနှင့် ကံဂျုရ ပေါင်းချုပ် အသွင်နှစ်မျိုးဖြင့် အိန္ဒိယ ဗုဒ္ဓစာပေ ကျမ်းဂန် ထောင်ပေါင်းများစွာ ရှိနေကြ သည်။ ယင်းဗုဒ္ဓစာပေ တိဗက် ဘာသာပြန်များမှာမူ ဘုရင် ဂမ္ပိုခေတ် နောက်ပိုင်းကျမှ ပေါ်လာသည့် ကျမ်းဂန်များ ဖြစ်သည်။

အမတ်ကြီး ထုန်းမိသည် တိဗက်ဘာသာ ပထမဆုံး
သဒ္ဒါကျမ်း ကိုလည်း ရေးသားပြုစုထားသည်။ ယင်းကျမ်းကို ယခုခေတ်တွင်လည်း တိဗက်ဘာသာ၏ အားထားလောက် သော သဒ္ဒါကျမ်းအဖြစ် ထင်မှတ်ယူဆထားကြသည်။ ဘုရင်ဂမ္ပိုသည် ယင်းသဒ္ဒါကျမ်းသစ်နှင့် တိဗက်ဘာသာပြန် ကျမ်းဂန်များကို စူးစူးစိုက်စိုက် ဖတ်ရှုလေ့လာသည်ဟု သိရသည်။ လာဆာမြို့တော် သံတောင်ရှိ လိုဏ်ဂူထဲတွင် ဘုရင်ဂမ္ပိုသည် လေးနှစ်တိတိ ဗုဒ္ဓကျမ်းစာများကို လေ့လာ သည်ဟု ပြောဆိုကြသည်။

ထိုအချိန်၌ တိဗက်တွင် ဗုဒ္ဓစာပေ ကျမ်းဂန်ပေါင်းများစွာကို
တိဗက်ဘာသာ ပြန်ဆိုပြီးလေပြီ။ အမတ်ကြီး ထုန်းမိကိုယ် တိုင် ကရဏ္ဍဗျူဟ၊ ရတနမေဃ၊ ကမ္မသတယ ကျမ်းများကို တိဗက်ဘာသာ ပြန်ဆိုသည်။ ထိုနည်းတူစွာ တရုတ်ပညာ ရှင် အချို့လည်း ဂဏန်းသင်္ချာကျမ်းနှင့် ဆေးကျမ်းများကို တိဗက်ဘာသာ ပြန်ဆိုကြသည်။ ဘုရင် ဂမ္ပို၏ အတ္ထုပ္ပတ္တိ ကိုပင် ရေးသားထားသည်ဟု အဆိုရှိသည်။

လီ (တရုတ်အာရှအလယ်ပိုင်း) ဒေသမှ ပညာရှင်များလည်း ဘာသာပြန်ဆိုသည့် အလုပ်နှင့် ဓမ္မဖြန့်ဖြူးသည့် အလုပ်များ ၌ တိဗက်အား အကူအညီပေးကြသည်။ ယင်းခေတ်ကာလ ဘာသာပြန် ဆရာများထဲတွင် အိန္ဒိယပညာရှင် ကုသရ ကုမာရ၊ နိပေါနိုင်ငံသား သီလမဇု၊ ကသ္မီရသား အနတ၊ တရုတ်လူမျိုး မဟာဒေ၀၊ ထုန်းမိ၊ လာလုံချိုဂျေဒရုပလု တို့သည် ထင်ရှားသော ပုဂ္ဂိုလ်များ ဖြစ်ကြသည်။

ဘာသာပြန် ဆရာအသစ်များ ပေါ်လာသည့်နောက်ပိုင်း၌
စောစောပိုင်းက ဘာသာပြန်ထားသော ဘာသာပြန်ကျမ်းဂန် များမှာ သည်လောက် ကောင်းမွန်သည်ဟု မယူဆကြတော့ ပေ။ ထို့ကြောင့် ရှေးဟောင်း ဘာသာပြန် ကျမ်းဂန်များမှာ
တိမ်မြုပ်ပျောက်ကွယ်သွားကြသည်။

လာဆာမြို့ ထောင့်တစ်ထောင့်တွင်နေသော တရုတ်မိဖုရား သည် သူပင့်လာသော ဗုဒ္ဓရုပ်ပွားတော်ကို ကိုးကွယ်တည် ထားရန် ရာမိုချိကာ ဘုရားကျောင်းကို ဆောက်လုပ်သည်။ ဘုရင် ဂမ္ပို ကွယ်လွန်သွားပြီးသည့် နောက်ပိုင်း၌ကား ထို ဘုရားကျောင်းက ရုပ်ပွားတော်ကို ဘုရင်ဆောက်လုပ် လှူ ဒါန်း ထားသော ဘုရားကျောင်း၌ ပြောင်းရွှေ့ ကိုးကွယ်ထား လိုက်သည်။ ရာမိုချိကာ ဘုရားကျောင်းသည် ယခုခေတ် တွင် လည်း ထင်ရှားသည်။ သို့ရာတွင် ဘုရင်ဂမ္ပို ဆောက် လုပ် လှူဒါန်းထားသော ခုလဆနန် ဘုရားကျောင်းအား ဂုဏ် အသရေအရှိဆုံး ဘုရားကျောင်းအဖြစ် ထင်မှတ် ယူဆထား ကြသည်။

ရှာဖွေတွေ့ရှိသည့် သမိုင်းပစ္စည်း အထောက်အထားများအရ ဘုရင်ဂမ္ပို၏ လက်ထက်၌ပင် တိဗက်ပြည်၌ မြေအိုးမြေခွက်၊ မောင်းတို့ကို တီထွင်ပြီး သုံးစွဲကြသည်ဟု သိရှိရသည်။ယင်း အကြောင်းအရာများနှင့် ပတ်သက်၍ အထောက် အထား
မည်မျှခိုင်လုံမှု ရှိမရှိ၊ ပြောမပြနိုင်သော်လည်း ဘုရင် ဆရုန်ဆန် ဂမ္ပိုသည် တိဗက်ပြည်၏ ထင်ရှားကျော်ကြား သော ဘုရင်တစ်ပါးမျှသာမကဘဲ တိဗက်ပြည်၏ စာပေ၊ ဗုဒ္ဓဘာသာတရား၊ နိုင်ငံရေး၊ ယဉ်ကျေးမှု စသည်တို့ကို ဖန်တီးတည်ဆောက်သော ဗိသုကာကြီးလည်း ဖြစ်သည်။

ဘုရင်ဂမ္ပိုသည် အသက်ရှည်ရှည် နေရသည်။ ကြာရှည် လေးမြင့်စွာ ထီးနန်းစိုးစံနေရသည်။ ၆၂ နှစ်တိတိ ငြိမ်းချမ်း စွာ တိုင်းပြည်အုပ်ချုပ် မင်းလုပ်ပြီးနောက် ခရစ်နှစ် ၆၉၈ ခုနှစ်၊ ၈၂ နှစ်အရွယ်တွင် လာဆာမြို့တော်၏ မြောက်ဘက် ဖန်ယုလ်နယ်မြေ ဆလာသီအရပ်၌ ထို ၇ ရာစုနှစ်၏ ဘုရင် ဧကရာဇ်ဂမ္ပိုသည် ကံတော်ကုန်သွားသည်။

ဘုရင်ဂမ္ပိုတွင် နိပေါဘုရင့်သမီးတော်မှ ဂုန်ဆရုန်ဂန်ဗကျန် အမည်ရှိ သားတော်တစ်ပါး ထွန်းကားသည်။ သို့သော် ဘုရင်မင်းကြီး အသက်ထင်ရှား ရှိစဉ်၌ပင် ကွယ်လွန်သွား သည်။ ဖခမည်းတော် ကံတော်ကုန်သွားသောအခါ၌ တရုတ် မိဖုရားမှ ဖွားမြင်သော သားတော်သည် အသက် ၁၅ နှစ် အရွယ်၌ပင် တိဗက်ထီးနန်းရှင် ဖြစ်လာသည်။ ဖခမည်း တော်၏ ကြီးမားသော လုပ်ငန်းဆောင်တာနှင့် တာဝန်များ ၏ ၀န်ထုပ်ဝန်ပိုးကြီးသည် သားတော်အပေါ်တွင် ပိလာလေ သည်။ သို့ရာတွင် သားတော်အနေနှင့် သူ၏စွမ်းအားကို
ပြနိုင်ခွင့် ရရှိလာသည်။ ဘုရင်ဂမ္ပို ကွယ်လွန်ပြီးသည် နောက်၌ တိဗက်၏အင်အား ယုတ်လျော့ နိမ့်ကျသွားပြီ ဟူသော အထင်နှင့် တရုတ်တို့သည် တိဗက်သို့ ၀င်ရောက် တိုက်ခိုက်ကြသည်။ သို့သော်လည်း အောင်မြင်မှု မရရှိ ကြပေ။ တိဗက်အား တရုတ်တို့ တိုက်ခိုက်ကြသည်မှာ
မကြာခဏဖြစ်သည်။သို့ရာတွင် တိဗက်နန်းတော်မှ ဆက်သ သည့် ဘုရင့်သမီးတော်များကိုသာ လက်ခံသိမ်းပိုက်လျက် တရုတ်သည် တိဗက်ဘုရင်များနှင့် စစ်ပြေငြိမ်းခဲ့ရသည်သာ များသည်။ ခရစ်နှစ် ၈၀၀ ပြည့်၌ တရုတ်နှင့် တိဗက်သည် စစ်ခင်းကြပြီးနောက် စစ်ပြေငြိမ်းရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးကြသည်။ ထိုစာချုပ်အရ တရုတ်အား ဦးကြီးနိုင်ငံ အဖြစ်လည်းကောင်း၊ တိဗက်အား တူနိုင်ငံ အဖြစ် လည်းကောင်း အသိအမှတ် ပြုထားကြသည်။ ယင်း မှာ တရုတ်နှင့် တိဗက်၏ ပထမဦးဆုံး နိုင်ငံရေး စာချုပ် ဖြစ် သည်။

တိဗက်လူမျိုးတို့သည် မိမိတို့အတွက် ကမ္ဘာ့ယဉ်ကျေးမှု တံခါးကို စတင်ဖွင့်ပေးခဲ့သော ဘုရင်ဂမ္ပိုအား မမေ့နိုင် ကြပေ။ ဂမ္ပို၏ သူရသတ္တိနှင့် ပတ်သက်သော ဘုန်းတော်ဘွဲ့ များမှာ ယနေ့ တိဗက်သမိုင်း၌ ထင်ရှားရှိနေသကဲ့သို့ပင် နောက်အနာဂတ် ကာလတွင်လည်း ပျောက်ပျက်သွား လိမ့်ဦးမည် မဟုတ်သေးပေ။

အပိုင်း(၃၄)ဆက်ရန်


0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်