တွေးကြည့်ပါဦးလား


************
အဲဒီတုန်းက တိုင်းပြည်ကလည်း မငြိမ်မသက် ဖြစ်နေတုန်း။ တောကြောင် ပေါင်ပုတ်တဲ့ အချိန်ပဲ။ ထားပါ တော့။ ညရေးညတာ အဘွားတစ်ယောက်နဲ့ အဲဒီတုန်းက ကလေးအရွယ်ဖြစ်ပဲရှိတော့ ဦးလေးရဲ့ ဆိုက်ထဲက အလုပ် သမား နှစ်ယောက်ကို အိမ်မှာခေါ်ထားတယ်။ အိမ်ရှေ့မှာ သူကြီးအိမ်နဲ့ ရွာသားပြည်သူ့စစ်စခန်းကြီးတစ်ခုလုံး ရှိပေမဲ့ မပေါ့ရဲဘူး။ ခြံစည်းရိုးတွေ ဘာတွေလည်း အခိုင်အမာ ပြင် ရတယ်။ အပိုဆာဒါးအနေနဲ့ ဗမာလူမျိုးတို့ရဲ့ ထုံးစံအတိုင်း တုံကင်အောက်က ရေကန်ကို ပြင်ခိုင်းတာတို့ မြက်ပေါက် ခိုင်းတာတို့ ထင်းခွဲခိုင်းတာတို့ ခိုင်းရတယ်။ အဆစ်ပေါ့။ မခိုင်းလည်း လုပ်ပေးမှာပါ။ ကူညီတတ်တဲ့ လူမျိုးမဟုတ် လား။
အဖော်မရှိတော့ အဲဒီအလုပ်သမားနှစ်ယောက်ကိုပဲ ဦးလေး တွေလို သူငယ်ချင်းလို ခင်နေတယ်။ သူတို့နားပဲ ကပ်နေ တာပဲ။ သူတို့က စကားခပ်ကြွယ်ကြွယ်ရယ်။ မဟုတ်တာ တွေတော့ သင်မပေးပါဘူး။ အဘွားကလည်း ဒေါင်းချည် မောင်းချည်ဆိုတော့ ပြန်နားပေါက်သွားရင် သူတို့မလွယ် ဘူး။ အဲဒီခေတ်က ကာလသားတွေဆိုတာက နောက်ပေါက် တွေဆို မဟုတ်တဲ့အတတ်တွေပဲ သင်ပေးနေကျ။ ဒါကြောင့် တော်ရုံလူတွေနား အဘွားက ပေးမကပ်ဘူး။ ဒီဦးလေး နှစ်ဦးကတော့ တော်ပါတယ်။ ဗဟုသုတရှိတယ်။ စာလည်း ဖတ်တယ်။
ဦးညွန့်က ရွာစွန်က ဒေါ်ငြိမ်းအိမ်ကို မနက်ဖြန်သန်ဘက် ဓားပြ၀င်တိုက်မယ်လို့ အတပ်ဟောနေတယ်။"ဟလူ ကိုညွန့်ရ ဒေါ်ငြိမ်းအိမ်ကို ဓားပြတိုက်မယ်ပဲ ထင်နေ တယ်.. ခင်ဗျားနှယ်။ ဒေါ်ငြိမ်းက သူတော်ကောင်းကြီးနှော။ ဘုရားနဲ့တရားနဲ့ သူ့ခမျာ..နေတာ။""ဓားပြတိုက်ပြီဆိုမှတော့ မင်းဓားပြက ဘုရားပြောတာ အရေးစိုက်နေဦးမလား ငမောင် ရ။"
"နို့... အဘွားကြီးတစ်ဦးတည်း တုံတုံချိချိဗျာ ကျုပ်ဆို သနားတာနဲ့ တိုက်ရက်မှာ မဟုတ်ဘူး""ဓားပြဆိုတာက သနားတာတွေဘာတွေ ဘယ်ရှိမတုန်းကွာ..သူရဖို့ပဲ တွက် မှာပေါ့။"
"လူပဲဗျာ..စာနာသနားစိတ်တို့ ကိုယ်ချင်းစာစိတ်တို့ ဘာတို့ ရှိဦးမှာပေါ့.. အဘွားကြီးက သနားစရာကြီးပါ။ သားနဲ့ချွေးမ မီးလောင်ပြီး ဆုံးသွားတာဖြင့် မကြာသေးဘူး။ သူ့ရှိတဲ့ ပစ္စည်းလေးတွေနဲ့ လှူလိုက်တန်းလိုက် အေးအေး နေ တာ။ခင်ဗျားက သတင်းအတိအကျ ရထားသလို ပြောနေ တယ်။ ခင်ဗျား ကိုယ်တိုင် လုပ်တာမဟုတ်ရင်တော့ မဖြစ်နိုင်ပါဘူးဗျာ"
"ဟကောင်ရ။ သတင်းရမှ မဟုတ်ဘူး။ ကလေးကအစ သိတယ်။ အခု ဒေါ်ငြိမ်းအိမ်က ရွာစွန်မှာလည်း ဖြစ်သလို မီးရထား သံလမ်းကုန်းနဲ့လည်း ကပ်လျက်။ အဲကုန်းကို အကာအကွယ်ယူပြီးပြေးရင် သေနတ်လည်း မမီဘူး။ ဟိုဘက်မှာ တောစပ်က ကပ်လျက်။ တို့ပြည်သူ့စစ် ပတ္တရောင်လှည့်ရင်လည်း အဲဒီဘက်ကို မနက် ၂နာရီ လောက်မှ ရောက်တာ။ ကြားထဲမှာ လုပ်ပါလေ့ကွာ။ ခုမဲ့ခံမဲ့ လူမရှိ။ ပစ္စည်းကလည်း ဒီရွာမယ် အပေါဆုံး။ ဘယ်ဓားပြက သွားရည်မကျဘဲ နေနိုင်မတုန်း"
"ကျုပ်ပြောတာက ကိုယ်ချင်းစာတရားကိုပြောနေတာ။" "ကိုယ်ချင်းစာတာက အိမ်ကသားမယား ဗိုက်ဆာနေတာ လောက် အရေးမကြီးဘူးကွ။ လူဆိုတာ မိသားစုရှိလာရင် မိသားစုကိုပဲ အရင်ကြည့်ကြတာပဲ။"
"ခင်ဗျားစကားက အားလုံးကို သိမ်းကျုံးစော်ကားလိုက်သလို ဖြစ်နေပြီ.. ခင်ဗျားက အိမ်နဲ့ထောင်နဲ့ကိုး။ ဒီစကားပြောမှာ ပေါ့။ ကျုပ်က တစ်ကောင်ကြွက် တစ်မျက်နှာဗျ။ ချွင်းချက် လေးဘာလေးနဲ့ ပြောမှပေါ့။ အစားကိုသာ ကုန်အောင်စား စမ်းပါဗျာ။ ခေါင်းပြတ်ချင်နေပြီထင်တယ်။"
"အို...မင်းနှယ် ..မင်းနဲ့ငါရယ်ပဲရှိလို့ ဒီစကားပြောတာပေါ့။ ဒါပေမဲ့ မင်းမှတ်ထားကွယ့် ဒီစကားဟာ ကိုးဆယ်ရာခိုင်နှုန်း မှန်တယ်။ ကိစ္စတစ်ခုကို ဒီအတိုင်းဖြစ်လိမ့်မယ်လို့ အခါ တစ်ရာ ရမ်းပြော။ အခါကိုးဆယ် မှန်လိမ့်မယ်။ မှားချင်လည်း မှားလိမ့်မပေါ့။ ဆယ်ခါလောက်။"
"တော်ဗျာ..တော်ဗျာ အလကားနေရင်း ကိုယ့်ပါးစပ်နဲ့ကိုယ် အကုသိုလ်ယူနေတယ်။ ဒီမယ်ကိုညွန့် ကျုပ်သာဓားပြဆို ရင်လေ အရက်ပုန်းရောင်းတဲ့ ငဆင့်အိမ်ကို တိုက်မယ်။ ငွေတိုးချေးတဲ့ ငချစ်တီးအိမ်ကို တိုက်မယ်။ ညာစားနေတဲ့ သာဘွားအိမ်ကို တိုက်မယ်။ လေကန်တဲ့ ငွေမှန်အိမ်ကို တိုက်မယ်"
"ဟလူရ.. အဲဒီအိမ်တွေတိုက်ရင် မင်းဓားပြ ရူးနေလို့ပဲ။ အတွင်းပိုင်းကျတယ်။ ပြေးလမ်း မရှိဘူး။ ရွာတွင်းမှာ မမိလို့ လွတ်စေဦး ရွာပြင်ထွက်တာနဲ့ လယ်ကွင်းတွေဘက်က ဖြတ်ထွက်ရမှာ။ လယ်ကွင်းပေါ်မှာ ထီးထီးကြီး ပြေးတုန်း မီးမောင်းထိုးပြီး ငှက်ပစ်သလို အပစ်ခံရလို့ အရိုးပါ မတွန်နိုင်ပဲ ဖြစ်သွားမယ်။"
"အို ဘာပဲဖြစ်ဖြစ် ဒေါ်ငြိမ်းအိမ်ကတော့ မဖြစ်နိုင်ပါဘူးဗျာ။ စိတ်ကောင်းရှိကရှိနဲ့။ လုပ်ချင်းလုပ်ရင် လူသားဝါဒတို့ ဘာတို့နဲ့ မငြိတဲ့ ဟိုလူတွေအိမ်ပဲ လုပ်ကြမှာပါဗျာ။"
"လုပ်မှာကွယ့် လုပ်မှာကွယ့် ကြည့်နေ။ လူဆိုတာ ခက်တာ ကို မလုပ်ဘူး။ လွယ်တာပဲ လုပ်တယ်။ မသေချာတာကို မလုပ်ဘူး။ သေချာတာပဲ လုပ်တယ်ကွယ့် မှတ်ထား။ ဒါနဲ့ မင်းကို ငါအခုမှသိတယ်။ မင်းက မြင်းခွာသံကြားရင်ကို မြင်းပြေးလာတယ် မပြောဘဲ မြင်းကျားပြေးလာတယ် ပြောချင်နေတဲ့ လူစားမျိုးကိုးကွယ့်"
"ဘာတုန်းဗျာ ခင်ဗျားဥပမာက။"
ဦးညွန့်က ပုဆိုးကို အကျအန ပြန်ဝတ်တယ်။ အုတ်ကန်ကို ဘိလပ်မြေတွေ ဘတ်ခနဲဘတ်ခနဲကပ်ရင်း ပုံပြင်တစ်ပုဒ်ကို ပြောပြတယ်။ သူပြောတဲ့ပုံပြင်ကို တကယ့်စာထဲတော့ ခုထိ တစ်ခါမှ မဖတ်ဖူးသေးဘူး။ လုပ်ကြံပြောတာ ဖြစ်ဖို့များ တယ်။ အမှတ်ရစရာကောင်းလို့ တဆင့်ပြန်ပြောပြလိုက် တာပါ။ နားထောင်ကြည့်ကြပါဦး။
"တစ်ခါက သားအဖနှစ်ယောက် ရှိသတဲ့။ သားက တက္ကသီလာမှာ ပညာလေးဘာလေး သင်ထားတော့ မင်းလိုပဲ နည်းနည်း ကွန့်ချင်တာပေါ့ ငမောင်။ တစ်ည... မြင်းခွာသံတွေကြားတော့ အဖေက စောင်ခေါင်းမြီးခြုံထား တာက ထတဲ့ပြီး ဘာသံတုန်းသားကြီးလို့ မေးတယ်တဲ့။ သားလုပ်တဲ့သူက 'မြင်းခွာသံတွေအဘ။ ဇီးဘရားလို့ခေါ်တဲ့ မြင်းကျားတွေ လာနေတာ' လို့ပြောတယ်။ဒါနဲ့ အဖေက 'သေချာလှချည်လား သားကြီးရ။ မြင်းခွာသံလေး ကြားရ တာ နဲ့ မြင်းကျားလာနေတာလို့ ပြောနိုင်သလား။ သားမောင် တို့ကျောင်းက ဂလိုကို သင်ပေးလိုက်တာလား။ တယ်ဟုတ် ကွာ' လို့ပြောလိုက်တော့ သားလုပ်သူက ကျောင်းဆရာ ကိုကျော်စွာ ကျောင်းနှစ်ပတ်လည် ဆုပေးပွဲမှာ မိုက်ကိုင်ခွင့် ရတုန်းက မိန့်ခွန်းတက်ပြောတဲ့ လေသံနဲ့ 'အဘတို့ အဲဒါတွေခက်တာပဲဗျာ။ တက္ကသိုလ် ပညာရေးဆိုတာဟာ ဝေးအော့ဖ်သင်းကင်းကို သင်ပေးလိုက်တာ။ အဋ္ဌာရသ ဆယ့်ရှစ်ရပ်ထဲမှာ အခု လိတ်တက်စ် အက်ဂျူဂေးရှင်း စစ်စတမ်ထဲ ခရစ်တစ်ကယ် သင်းကင်းဆိုတာကိုပါ နောက်တိုး ထပ်ထည့်ထားတော့ ၁၉ ရပ်ဖြစ်သွားပြီး သိပ်တိုးတက်ကုန်ပြီ။ ဘားမိစ်လိုတော့ ကျုပ်လည်း မပြောတတ်ဘူး။ ဘုတ်အုပ်ပြန်လှန်မှပဲ။"ဆိုပြီး ပေရှည်နေသေးတယ်။
အဖေက မျက်ထောင့်နီကြီးနဲ့ ကြည့်တော့မှ ကိုယ်ရည်သွေး တာတွေ ရပ်ပြီး ခုလို သောက်တလွဲကြီးပြောတယ် ငမောင် ရ။'မြင်းကျားတွေက ပြေးတဲ့အခါ နည်းနည်းပိုနှေး ပေမဲ့ ဟိုကွေ့ဒီကွေ့ ပြေးတတ်တယ်လို့ အန်ဆိုင်ကလိုပီးဒီးယား စာမျက်နှာ ၆၇၈စာကြောင်းရေ ၉ မှာဆိုထားတယ် အဘရ။ သင်းတို့က ကဆုန်စိုင်းပြီးလည်း ပြေးတတ်တယ်လို့ အတိ အကျ ဆိုထားတဲ့ အာတီကယ်လ်လည်း ရှိပေတယ်။ အခု မြင်းခွာသံတွေက ကဆုန်စိုင်းပြီး ပြေးလာတဲ့အသံ။ ပြီးတော့ ခွာသံကို သေသေချာချာ နားထောင်ကြည့်။ ဘယ်ဘက်ကပ် လိုက် ညာဘက်ကပ်လိုက် ဖြစ်သွားတယ် တွေ့လားအဘရ။ ဒါဟာ နောက်ကရန်သူကို မျက်ခြေဖြတ်ဖို့ မြင်းကျားတွေ လုပ်လေ့လုပ်ထရှိတဲ့ အလေ့အထ ဟက်ဗစ်တစ်မျိုးပဲ။ ဒီမြင်းကျားဟာ နောက်ခြေထောက် နည်းနည်းဆာနေပုံ လည်း ရတယ်' လို့ပြောတယ်။
ဒါနဲ့ အဖေက 'အေးငါ့သား မင်းပြောတာ မင်းတို့ကျောင်းမှာ တော့ ဟုတ်ချင်လည်းဟုတ်မယ်။ ငတို့အရပ်မှာတော့ မင်းပြောသလို မြင်းကျားဆိုတဲ့ အကောင်မျိုးလည်း မမွေး သေးဘူး။ ဇီးပြားလည်း အကောင်လိုက် ဘယ်သူမှ မမြင် ဖူးဘူး။ မင်းမိန်းမရမှ အဲလိုအကောင်မျိုးကို မွေးပေတော့။ ဒီတော့ အဲဒီမင်းရဲ့ သောက်သုံးမကျတဲ့ ကျောင်းကထွက်ပြီး ငါ့ဆီမှာပဲ သူရင်းငှားလာ လုပ်'ဆိုပြီး နားရင်းအုပ်လိုက် သတဲ့။"
ဟုတ်တယ်။ ဦးညွန့်ပြောသလိုပဲ။ နောက်တစ်ရက် နှစ်ရက် နေတော့ ဒေါ်ငြိမ်းအိမ် ဓားပြတိုက်ခံရတယ်။ ဓားပြကိုတော့ မမိဘူး။ ဒါပေမဲ့ အခင်းဖြစ်ပြီး နောက်နေ့မှာ ဦးညွှန့်တို့လည်း ရွာကပျောက်သွားတော့ တရွာလုံးက သူတို့နှစ်ယောက် တိုက်တာဖြစ်တယ် လို့ပဲ ရိုးစွပ်ကုန်ကြတယ်။ အဘွားလည်း သူခိုးလက်ခံ မဖြစ်အောင် တော်တော်ရှင်းယူ လိုက်ရတယ်။
ဟုတ်တယ် မဟုတ်ဘူး ဆိုတာကတော့ ခုထိမသိဘူး။ ဟုတ်ခဲ့ရင်လည်း ကျွန်တော်တို့အိမ်ကို ဘာလို့ အန္တရာယ် မပြုသွားတာလဲ ဆိုတာကို လော့ဂျစ်ကျကျ မစဉ်းစားတတ် ဘူး။ သူတို့နှစ်ယောက်ကိုလည်း မတွေ့ဖြစ်ဘူး။ တွေ့ဖြစ်ရင် တောင် မေးဖို့မသင့်တော့ပါဘူး။အခုနောက်ပိုင်း ဘုတ်အုပ် တွေဘာတွေ ပိုက်ဆံမပေးရတိုင်း နင်းကန်ဖတ်မိပြီး ပြော တိုင်းလွဲနေတော့ ဦးညွန့်တို့နဲ့ မြင်းခွာသံပုံပြင်ကို အမှတ်ရပြီး Zebra Syndrome ဖြစ်နေပြီလားလို့ ပြုံးမိတယ်။ ရွာသားတွေစကားကပေမဲ့ မခေဘူးနော်။ သက်ကယ်ရိတ် စကားများလိုပဲ တေးထားရေးထားဦးမှပဲရယ်လို့ ။

0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်