*********************
နှုတ်ကြောင့် သေ၊ လက်ကြောင့် ကြေ-ဟူသော စကားကို စိစစ်ကြည့်လျှင် ၀စီကံမှုက ကာယကံမှုထက်ပင် ပို၍ ဆိုးကျိုးပေးတတ်ကြောင်း ဖော်ပြရာရောက်၏။
နှုတ်ချိုလျှင် လူချစ်ခင် ပွင့်လန်းပြီး နှုတ်လျှာကြမ်းလျှင် လူမုန်းများသော
အဖြစ်သာဓကများ ကြုံဖူး ကြားဖူးကြပေလိမ့်မည်။
ဘုရားရှင်လက်ထက်တော်အခါက နှုတ်လျှာကြမ်းသော အမျိုးသမီးတဦးရှိခဲ့ရာ သူ့အား
ဗုဒ္ဓကိုယ်တော်တိုင် ချေချွတ် ဆုံးမပြီး လမ်းမှန်ပေါ်ရောက်အောင်
ကယ်တင်ပေးခဲ့ရသည်။ သူ့အမည်က သုဇာတာ-စင်စစ် ထိုအမျိုးသမီးမှာ ထိတ် ထိတ်ကြဲ
ဆွေကြီး မျိုးကြီးထဲက ဖြစ်သည်။ ဆွေဂုဏ် မျိုး ဂုဏ် အဘယ်မျှကြီးသနည်းဟူမူ
အနာထပိဏ်သူဌေးကြီးက သူ၏ယောက္ခမ၊ ၀ိသာခါကျောင်းအမကြီးက သူ၏အမ အရင်းတည်း။
သို့ရာတွင် သူငယ်မ သုဇာတာသည် ယောက္ခမ မိဘနှင့် တကွ အိမ်သူအိမ်သား
လင်ယောက်ျားတို့ကို လားလားမျှ ကြောက်ရွံ့ခြင်း လေးစားခြင်း
ရိုသေခံ့ညားခြင်း မရှိချေ။ နေ့ရှိသရွေ့ သူကချည်း အနိုင်ယူကာ ငေါက်လား
ငန်းလား လုပ်၏။ မကြားဝံ့ မနာသာ ဆဲဆိုတိုင်းထွာ၏။တနေ့သော်
အနာထပိဏ်သူဌေးကြီးအိမ်သို့ ဘုရားရှင်ကြွတော်မူလာရာ သုဇာတာ၏
ရိုင်းစိုင်းသောအမူအရာများ ပြုလုပ်နေချိန်နှင့် ပက်ပင်းကြီးတိုးမိလျက်သား
ဖြစ်သွားလေသည်။
ထို့ကြောင့် ဘုရားရှင်က
အသင်သူဌေးကြီး-ဘယ်အကြောင်းကြောင့် သင်တို့အိမ်မှာ မကြားဝံ့ မနာသာ ပူပူဆာဆာ ဆူညံနေပါသနည်း-ဟုမေး၏။
အနာထပိဏ်သူဌေးကြီးက အရှင်ဘုရား-တပည့်တော်၏ ချွေးမဖြစ်သူ သုဇာတာ
စိတ်ကြီးဝင်လွန်း၊ မာနကြီးလွန်း၊ ဘ၀င်မြင့်လွန်းလို့ တပည့်တော်နှင့်တကွ
သားခင်ပွန်းလင် တအိမ်လုံးကို (ကျွမ်းပြန်အောင်) ဆဲဆိုမြည်တမ်းပြီး
နှုတ်သရမ်း နေသောကြောင့် ဆူညံနေခြင်း ဖြစ်ပါသည် ဘုရား-ဟူ၍ ဖြေကြား
လျှောက်တင်လေသည်။
ထိုအခါ ဘုရားရှင်က သုဇာတာကို အနီးသို့ ခေါ်တော်မူပြီး မယားအပြား
၇-ပါးရှိရာတွင် သင်သည် ဘယ်မယား အတန်း စားတွင် ပါဝင်ပါသနည်း-ဟုမေးမြန်းရာ
သုဇာတာ-က အရှင်ဘုရား တပည့်တော်မ အကျဉ်းအားဖြင့် မသိနိုင် ပါ၍ အကျယ်
ဟောကြားတော်မူပါရန် တောင်းပန် လျှောက် ထားလေ၏။
ထိုအခါ ဘုရားရှင်က အကျယ်ချဲ့ ဟောကြားပြသဆို ဆုံးမတော်မူသည်။ထိုအခါ
သုဇာတာ-က မိမိအား ယနေ့မှစ၍ ကျွန်မနှင့်တူသော မယားမျိုး ဖြစ်ပြီဟု မှတ်
ယူတော်မူပါဘုရား-ဟူ၍ ၀န်ခံလျှောက်ထားကာ သူ့ဘ၀ကို
ပြောင်းပြန်လှန်ပစ်လိုက်လေတော့သည်။
သုဇာတာ-က ကံကောင်းလှပေစွ။ အကယ်၍သာ မြတ်စွာ ဘုရားနှင့် မတွေ့ဆုံခဲ့ရသော်
နှုတ်လျှာကြမ်းသည့်သူ့ဘ၀ ဇာတ်သိမ်းလှနိုင်စရာ အကြောင်း မရှိပေ။
0 comments:
Post a Comment
သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်