တိမ်ဖုံးပါလို့ လမသာ

ဘဝဟူက ဒုက္ခမှန်သည်
ဘယ်ဘဝမှလည်း အမြဲမတည်
လူ့ပြည်မှာလည်း ဖြစ်ခဲ့ရပြီ
နတ်ပြည်မှာလည်း စံခဲ့ရပြီ
ငရဲမှာလည်း ခံခဲ့ရပြီ
၃၁-ဘုံ နယ်ကို လှည့်၍
တကယ့်ကိုပဲ ဆင်းရဲလှပါသည်။
မရှိပြန်တော့လည်း တောင့်တပူ
ရှိပြန်တော့လည်း ကြောင့်ကြပူ
မရှိ,တောင့်တ ရှိ,ကြောင့်ကြ ပူ
လူ့ဘဝကြီး ‘အထက်မီး-အောက်မီးမုန့်’နဲ့ တူ။
ဇာတိဘေး ကြောက်လှပါ
ဖြစ်မှုတွေ ချုပ်ငြိမ်းလို့ ဇာတ်သိမ်းဖို့ရာ ညွှန်ပြပါ
ဖြစ်မှုတွေ ဇာတ်သိမ်းလို့ ချုပ်ငြိမ်းဖို့ရာ ညွှန်ပြပါ
ရူပက္ခန္ဓာ အနိစ္စ ဒုက္ခ အနတ္တများမို့
ပရမတ်များသာ ရှုစမ်းပါ
သူသူငါငါ စွဲတာ ဖြုတ်မှ
ဖြစ်မှုဆုံး အဆုံး‘နိဗ္ဗူတာ’။
မျက်စိ၂-ပေါက်က ကြည့်ခဲ့လေပြီ
အဆင်းဟူသမျှ ကြည့်ခဲ့လှပြီ
ကောင်းတာတွေ့တော့ လောဘဖြစ်သည်
ဆိုးတာတွေ့တော့ ဒေါသဖြစ်သည်
သင့်အတွက်နဲ့ စိတ်ပျက်လှပြီ
သံသရာထဲ တဝဲလည်လည်
ထိန်းသိမ်းကြဖို့ ယခုတော်ပြီ
‘ငါ’သိမ်းပိုက် မီးမြိုက်လေဦးမည်။
လောဘတရား ဖြစ်ပွားလာသည်
အလောဘနဲ့ သတ်ဖို့ကြံစည်
သတ်နိုင်က အာဂခရီးသည်။
ဒေါသတရား ဖြစ်ပွားလာသည်
အဒေါသနဲ့ သတ်ဖို့ကြံစည်
သတ်နိုင်က အာဂခရီးသည်။
မောဟတရား ဖြစ်ပွားလာသည်
အမောဟနဲ့ သတ်ဖို့ကြံစည်
သတ်နိုင်က အာဂခရီးသည်။
လိုတာမရတာ၊ သည်းခံခြင်းနဲ့ ဖြေ
မလိုတာ ရလာ၊ သည်းခံခြင်းနဲ့ ဖြေ
လိုတာ ရလာ၊ တင်းတိမ်ခြင်းနဲ့ ဖြေ
လောဘ သေ၊ ဒေါသ သေ
ဤလူ့ဘုံတွင်း တွေ့ကြုံ နေ့တိုင်း ဖြေ။
သဘောကျတော့ ပြုံးပြန် ပြုံးပြန်
သဘောမကျတော့ မုန်းပြန် မုန်းပြန်
ပြုံးပြန်မုန်းပြန် နှစ်ရုပ်နှစ်နာမ်
မျက်စိအောက်က ချုပ်ပျောက် ရုပ်နဲ့နာမ်
‘ငါ’ မပါရန် ကိုယ်ပိုင်ဉာဏ်နဲ့ ကြံ
အမှန်သိတော့ သန္တိပြည်နိဗ္ဗာန်။

0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်