Chongqing
မြစ်မဟာ ယန်စီပေါ်က ခရီးသည်
အမှန်တကယ်တော့ တရုတ် နိုင်ငံ၌ ယန်စီမြစ်ဆိုသည့် မြစ်ဟူ၍ မရှိပေ။ ယန်စီမြစ် ဆိုသည့်အမည်ကို တရုတ်လူမျိုး အများအပြားက ကြားပင်မကြားဖူးကြဟု ဆိုသည့်စကားက အမှန်ပင်ဖြစ်ပါ၏။ သို့သော် ကမ္ဘာပေါ်ရှိ လူအားလုံးက သိပြီးဖြစ်သော တရုတ်နိုင်ငံမှ ယန်စီမြစ်ကို တရုတ်လူမျိုးများက တာ့ကျန်း-Da Jiang ကြီးမားသော မြစ် သို့မဟုတ် ချန်ကျန်-Chang Jiang ရှည်လျားသောမြစ်ဟု အမည် တပ်ခေါ်ဝေါ်ကြသည်။ ချုံ့ကင်း- Chongqing မြို့သည် ယန်စီမြစ်ကမ်း နဖူး၌ ရှိ၍၊ ချုံကင်းမြို့ အထက်ဘက်၌ နေထိုင်သော သူများကမူ ယန်စီမြစ်သည် ရေစီးသန်ခြင်း၊ နှုန်းရွှံ့များ ပါလာခြင်းကို တွေ့နေရ၍ ချိန့်စာကျန်း Chin-sha Jiang ရွှေ ရောင်သဲများ ရှိ သည့်မြစ်ဟု ခေါ်ဝေါ် ကြသည်။ ယန်စီမြစ်သည် အာရှတိုက်၌ အရှည်လျားဆုံး မြစ်တစ်စင်း ဖြစ်သည်။ ကမ္ဘာပေါ်၌ တတိယမြောက် အရှည်လျားဆုံး မြစ်လည်းဖြစ်၏။ ယန်စီမြစ်၏ အလျားမှာမိုင် ၃၉ဝဝ (၆၃ဝဝ ကီလိုမီတာ)ရှည်ပြီး တရုတ်နိုင်ငံ အနောက်ဘက်၊ တိဘက်ကုန်းပြင် မြင့်၌ မြစ်ဖျားခံကာ အရှေ့ဘက်ဖျား အရှေ့တရုတ် ပင်လယ်ထဲသို့ စီးဝင်သည့် သဘာဝတရားက တရုတ်နိုင်ငံကို မြောက်ပိုင်းနှင့် တောင်ပိုင်းခွဲခြားထားရာ နယ်နိမိတ်မျဉ်းလည်း ဖြစ်သည်။ တရုတ်နိုင်ငံ၏ စီးပွားရေးအတွက် အလွန် အဓိကကျသော အရေးပါသော မြစ်တစ်စင်းဖြစ်သည်။ ယနေ့ယန်စီ၏ ပုံသဏ္ဌာန်နှင့် အထက်ပါ အမည်များသည် လုံးဝ ဆက်စပ်၍ မရတော့ပေ။ မှားယွင်း သော အမည်ပေးထားမှုဟုပင် ထင် စရာ။ ဆောင်းကာလ နေ့ရက်နေ့များ၌ မြစ်ရေမျက်နှာပြင်သည် ကျဆင်းသွားလေ့ ရှိသည်။ မြစ်ကမ်းနဖူး၌ လူအများက ရွှေကျင်နေကြသည်ကို တွေ့ရမည်။ ယန်စီမြစ်အခြေအနေ ပြောင်းသည်နှင့်အမျှ မြစ်၏ အမည်များက အမျိုးမျိုးပြောင်းသွားတတ်သည်။ စာရေးဆရာ Archibald Little က ခရီးသွား ဆောင်းပါးတစ်ပုဒ်၌ ''နေ့စဉ်နေ့တိုင်း ဖြစ်ရပ်တွေကို ကျွန်တော်က သူ့နေ့နဲ့သူ၊ အလွန် ဂရုတစ်စိုက်နဲ့ မှတ်ထားခဲ့ဖူးပါတယ်။ ဒီမြစ်က သိပ်ထူးဆန်းတယ်။ ရာသီဥတု ပြောင်းသွားတာနဲ့ ဒီမြစ်က ပြောင်းသွားတာက သိပ်အံ့အားသင့် ဖို့ကောင်းတယ်။ သူ့အနေနဲ့ သူ့ဖြစ် ရပ်တွေ ပြောင်းလဲသွားမှုတွေ မှတ်ထားပေလို့သာ သိရနိုင်တာ''ဟုရေးခဲ့ ဖူးသည်။ Little သည် အမေရိကန်နိုင်ငံမှ မစ္စစ်စပီ-Mississippi နှင့် အမေဇုန် မြစ်-Amazon တို့နှင့် နှိုင်းကြည့်ခဲ့ သည်။ မည်သို့မျှရှင်းပြ၊ ပြောပြ၍မရ နိုင်ဟုဆို၏။ ယန်စီမြစ်နှင့် ပတ်သက်၍ အသေးစိတ် အနီးကပ်ကြည့်မည် ဆိုပါက ထူးဆန်းအံ့သြဖွယ် ကြမ်းတမ်း ခက်ထန်မှုကိုလည်း တွေ့ရမည်။ ဆိုလိုရင်းမှာ လူအများကို ဇီဝိန်ချွေနေ သည့် ရေလျှံမှုရေကြီးမှုဖြစ်၏။ ဆောင်းဦးကာလ၌ ရေပြင်မြင့် တက်မှုသည် ရုတ်ခြည်းဖြစ်တတ်ကာ လျှင်မြန်လွန်း၏။ ထို့ကြောင့်ပင် ရေထုမငြိမ်မသက်မှု ဖြစ်စေသည်။ ယင်းအချိန်၌ ယန်စီမြစ်တစ်လျှောက် ခုတ်မောင်းနေသော သင်္ဘော အမျိုးအစားအလိုက် မာလိန်မှူးများသည် သူ့သင်္ဘောကို ဂရုတစိုက် ပဲ့ကိုင်ကြရသည်။ ရုတ်ခြည်း ရပ်မသွားစေရန်၊ သင်္ဘောဦး တစ်ပတ်လည် မသွားစေ ရန်ဖြစ်၏။ ယန်စီမြစ်ကို လေးပိုင်းပိုင်း၍ လေ့လာကြသည်။ တိကျစွာဆိုရလျှင် မြစ်လေးစင်းပမာ အမည်လေး မျိုးပေးကာ ခွဲခြားထားကြပါ၏။ ချုံကင်းမြို့၏ အထက်ဘက်ကို ပထမပိုင်း၊ ယင်း အပိုင်းက အလွန်ဒဏ္ဍာရီဆန်သော ဖြစ်ရပ်များဖြင့် ပြည့်နှက်နေ၏။ ထိုအပိုင်း၌ ရွှေထွက်သည့် နေရာများ ရှိသည်။ ကမ်းပါးပြိုတတ်သည့် ဖြစ်ရပ်ကလည်း အချိန်အခါ မရွေး။ မြစ်အထက်ပိုင်း ချုံကင်းမှ ယီချန်း- မြစ်အထက်ပိုင်း ချုံကင်းမှ ယီချန်း-Ichang နှစ်မြို့ကြားဖြစ်သည်။ ထို အပိုင်း၌ မြစ်ကကြမ်းတမ်းသည်။ လျှိုမြောင်များ ပေါများသည်။ ရေစီး ပြင်းသည်။ သို့သော် ကုန်းမြေပြင် ကမူ ပြန့်ပြူးသည်။ မြစ်အလယ်ပိုင်း ယီချန်းမှ ဝူ ဟန်-Wuhan အပိုင်းဖြစ်သည်။ ထို နေရာပိုင်းသည် တည်ငြိမ်၊ အေးချမ်း သည်၊ မြစ်ပြင်ကလည်း တစ်မိုင်ခန့် ကျယ်သည်။ မြစ်အောက်ပိုင်း၊ ဝူဟန်မှ ရှန်ဟိုင်း -Shanghai နှစ်မြို့ကြားဖြစ်၏။ ထိုနေရာ၌ မြစ်စီးဆင်းမှုက နှေးကွေး ၏။ နုန်းမြေများနှင့် ရောယှက်နေ သည်။ လူဦးရေထူထပ်သည့် နေရာ လည်းဖြစ်၏။ စာရေးသူ ပေါလ်သီရိုး Paul Theroux သည် ယန်စီမြစ်ကို ချုံကင်း မြို့မှအောက်ဆုံး ရှန်ဟိုင်းမြို့အထိ စုန် ဆင်းဖူးသည်။ ယင်းခရီးအရှည်သည် မိုင်ပေါင်း ၁၅ဝဝ ခန့်ရှိမည်ဟုဆို၏။ သီရိုးကိုယ်တိုင်လည်း ယန်စီမြစ် ၏ရုတ်ခြည်းခြားနားသွားမှုကို တွေ့ခဲ့ရသည်။ တစ်မိုင်လျှင် ပုံသဏ္ဌာန် တစ်မျိုးကွဲပြားသည်ကို တွေ့ခဲ့ရသည်။ ယန်စီမြစ်သည် ပြည်နယ် ဆယ်ခုကို ဖြစ်သန်းစီးဆင်းသွားလျက် ရှိရာ အခြားမြစ် ၇ဝဝ ခန့်က ယန်စီမြစ် အတွင်းသို့ စီးဝင်ကြ၏။ ယန်စီမြစ်နှင့် ပတ်သက်သည့် မှတ်တမ်းမှတ်ရာများ အားလုံးလိုလိုသည် မထင်မှတ်လောက်အောင် များပြား၍ စုဆောင်း၍ပင် မကုန်နိုင်။ လျှို့ဝှက်မှုတွေက များပြားလွန်းလှ၏။ သီရိုးက သူစီးလာသည်သင်္ဘော မာလိန်မှူးကိုမေးမြန်းကြည့်သည်။ မာလိန်မှူးက ''ဒီဖြစ်ရပ်ရဲ့ သဘောက ရာသီဥတုပေါ်မူတည်ပြီး ပြောင်းသွားတတ်တယ်။ ရာသီဥတု က နေ့စဉ်လိုလိုပြောင်းတော့ မြစ်ရေကလဲ လိုက်ပြောင်းသလိုပဲ ရာသီဥတုကလဲ နေ့စဉ်မမှန်တော့မြစ်ကလဲ နေ့စဉ်ပြောင်းလဲမှုရှိတယ်။ အဲဒါ အခက်တွေ့ရတာပဲ။ မြစ်ရေအတွင်းမှာ ရေကြောင်းအပြောင်းအလဲက သဘာဝနဲ့ ဆန့်ကျင်တတ်တယ်။ ဒီတော့ မာလိန်မှူးတွေအနေနဲ့ သင်္ဘောကို ဘယ်လိုထိန်းပြီးပဲ့ကိုင် ရသလဲ ဆိုတော့ မြစ်ကို ကိုယ့်ရန်သူလို သဘောထားဖို့ပဲလိုအပ်တယ်''ဟု ဆို၏။ နောက်တစ်နေ့ ညနေပိုင်း၌ ခရီးသည်တစ်ဦးက သီရိုးကို ပြောပြသည်။ မြစ်ထဲ၌ မျောပါလာသည့် လူသေအလောင်း ကိုးလောင်း တွေရသည်ဆို သည်။ ယန်စီမြစ်သည် တရုတ်နိုင်ငံ အတွက် အသက်ဆက်ပေးနေသော ပင်မသွေးလွှတ်ကျောကြီးသဖွယ် ဖြစ်၏။ ယန်စီမြစ်သည် တရုတ်နိုင်ငံအတွက် ရေနှင့် ပတ်သက်၍ အားအကိုးရဆုံး မြစ်တစ်စင်း ဖြစ်သည်။ ယန်စီမြစ်၏ ရှေးဒဏ္ဍာရီများကလည်း ပြောမဆုံး နိုင်လောက်အောင် များပြားသည်။ သမိုင်းမှတ်တမ်းဝင် မြစ်တစ်စင်းလည်း ဖြစ်သည်။ ယန်စီမြစ်၏ ကမ်းနဖူးပေါ်၌ တရုတ်နိုင်ငံ၏ ထင်ရှားကျော်ကြား သောမြို့များကို တည်ဆောက်ထား ကြသည်။ ယန်စီမြစ်ကို မူတည်ကာ ရှေး အစဉ်အလာ အစွဲအလမ်းဖြစ်ရပ်များက လည်းမြောက်မြားစွာ...။ ယန်စီမြစ်သည် သန်း ၆ဝဝဝ သော တရုတ်ပြည်သူများ၏ ထက်ဝက်အတွက် အစားအစာနှင့် ဝင်ငွေကို ရှာဖွေနေသည်ဆိုလျှင် ယုံနိုင်ကြမည် မထင်ပေ။ ဤယန်စီမြစ်သည် ကမ္ဘာပေါ် တွင် ကြောက်မက်ဖွယ် အကောင်း ဆုံးမြစ်တစ်စင်း ဟုဆိုနိုင်ပါသည်။ ယန်စီမြစ်၏ အချို့နေရာများသည် ညစ်ပတ်တကာ့ ထိပ်ခေါင်။ အချို့ နေရာ၌ အလွန်ခမ်းနားကြီးကျယ် နေတတ်သည်။ ပမာအားဖြင့် တရုတ်လူမျိုး အချို့တို့သည် ဤမြစ်ရေကို သောက်။ ဤြုမစ်ရေထဲ အဝတ်လျှော်။ ဤမြစ် ထဲသို့ပင်မစင်စွန့်။ ဤ့မြစ်သည် သူတို့ဘဝ၏ ရှင်ခြင်းကိုလည်း ဖော်ပြသည်။ သေခြင်းကိုလည်း ကိုယ်စား ပြုသည်။ ဤနေရာ၌ မွေးဖွား၊ ဤနေ ရာ၌ ကြီးပြင်း၊ ရှင်သန်။ ဤနေရာ၌ သဂြုင်္ိဟ်ရမည့်နေရာ။ ဤနေရာ၏ လျှိုမြှောင်များ၏ အနက်ရှိုင်းဆုံး နေရာသည် ခန့်မှန်း၍မရ။ တရုတ်လူမျိုး တို့၏ ဆိုရိုးစကားရှိပါ၏။ ယန်စီ၏ မြစ်ညာသို့ မရောက်ဖူးသူသည် မည်သည့်နေရာကိုမျှ ရောက်ဖူးတော့မည် မဟုတ်ဟူ၍ ဖြစ်ပါ၏။ ချုံကင်းမြို့၏ ထူးခြားချက်မှာ ယန်စီမြစ်ပေါ်၌ နွေဦးရာသီတွင် နေ့အခါ၌ပင် မှောင်မှောင်မည်းမည်း။ နေ ထွက်လာသည့်အခါ ခွေးများကပင် အထိတ်တလန့် ထိုးဟောင်ကြသည်။ ချုံကင်းမြို့ဆိုလျှင် နံနက် ၉ နာရီ ထိုးသည်အထိ မှောင်နေမြဲဖြစ်သည်။ သင်္ဘောမာလိန်မှူးလျူက ''ကျွန်တော်က မာလိန်မှူးဖြစ်တဲ့အတွက် ခင်ဗျားတို့ အသက်အန္တရာယ် လုံခြုံဖို့ ကျွန်တော့်မှာ တာဝန်ရှိပါတယ်။ ဘာမှစိတ်ပူပန်စရာ မရှိပါဘူး'' မာလိန်မှူးလျူသည် အသက် ၆ဝ ခန့်ရှိသည်။ ကိုယ်လုံးကိုယ်ဖန် သေးသေး၊ ခေါင်းပြားပြားတွင် ဆံပင်များက လိမ်ခွေနေသည်။ ဘယ်မျက်လုံး၌ ဒဏ်ရာကို တွေ့ရသည်။ သွားများက ကျိုးတို့ကျဲတဲ။ လျူသည် သင်္ဘောပေါ်သို့ စတင်ရောက်သည့် အချိန် သူ့အသက်မှာ ၁၅ နှစ်။ မီးဖိုချောင်၌ အလုပ်သင် အဖြစ်တာဝန် ထမ်းဆောင်ရသည်။ မြစ်ရိုးတစ် လျှောက် မောင်းနှင်သော သင်္ဘောပေါ် ၌ အစားအစာပြင်ဆင်ပေးရသည့် အလုပ်သာဖြစ်သည်။ ''အင်္ဂလိပ်တွေ အသုံးအနှုန်း အရ ကျုပ်သင်္ဘောပေါ် ရောက်တဲ့ အချိန်က ကလေးအရွယ်ပေါ့။ အဲဒီ ကတည်းက အလုပ်လုပ်ခဲ့ရတာ။ အခု မာလိန်မှူးဘဝ ရောက်တဲ့အထိ ပဲ။ ကျွန်တော် ကျောင်းလဲမနေခဲ့ရ ဘူး။ ဒီမြစ်နဲ့ပတ်သက်ပြီး သိချင်နား လည်ချင်ရင်တော့ ကျောင်းကိုသွားလို့ ဘာမှမတတ်ဘူး။ အနည်းဆုံးတော့ မြစ်ဆိပ်က တံတားပေါ်ကနေ သင်ယူရတယ်''ဟုပြောသည်။ သူပြောသည့် စကားက မှန်ပါသည်။ အဘယ်ကြောင့်ဆိုသော် ယန်စီမြစ်နှင့် ပတ်သက်၍ ရေးသား ထားသည့်စာအုပ်စာတမ်း များများစားစား မရှိချေ။ စာရေးသူ သီရိုး လန်ဒန်မှထွက် မလာမီ အထက်ပိုင်း ယန်စီမြစ်နှင့် ပတ်သက်၍ မှတ်တမ်းတစ်စောင်တွေ့ ခဲ့သည်။ ကပ္ပတိန် ဝီလီယံဆန် Captain A.R Williamson ၏ လက် နှိပ်စက်နှင့် ရိုက်ထားသော စာမူတစ် ခုဖြစ်၏။ သူသည် ယန်စီမြစ်ကို နှစ် ပေါင်း ၃ဝ ကြာ စုန်ဆန် သွားလာ ခဲ့သူဖြစ်သည်။ ကပ္ပတိန် ဝီလီယံဆန်က ၁၉၂ဝ ခုနှစ်များတွင် ယန်စီ၌ သွားလာနေ ထိုင်ခဲ့သည်။ Archibald Little နှင့် Abbe David တို့က ၁၉၆ဝ ခုနှစ် များ၌ ယန်စီသို့ ရောက်ခဲ့သည်။ အီတလီ လူမျိုး ဘာသာရေး ဆိုင်ရာ ပုဂ္ဂိုလ်များအဖွဲ့က ၁၇ နှင့် ၁၈ ရာစု၌ရောက်ခဲ့သည်။ ယန်စီနှင့်ပတ်သက်၍ အနောက် နိုင်ငံများ၌ အထောက်အထားက များများစားစား မရှိချေ။ ယန်စီမြစ်နှင့် ယန်စီမြစ်ကို မှီခို၍ စားသောက်နေထိုင်သူများသည် နှစ်ရာနှင့် ချီ၍ နေခဲ့ကြပြီး ဖြစ်သည်။ ယန်စီမြစ်နှင့် ပတ်သက်သည့် မှတ်တမ်းများမှာ ပန်းချီကားများသာ ရှိ၏။ ယင်းပန်းချီကားများ၌ ယန်စီမြစ်နှင့် ယင်းမြစ်ကို မှီခိုနေထိုင် စားသောက်သူများပါ တစ်တွဲတည်း တွေ့ကြရသည်။ ကပ္ပတိန်ဝီလီယံဆန်၏ မှတ် တမ်း၌ ဖော်ပြထားသော ဗုဒ္ဓရုပ်ပွား တော်ကြီးကမူ ယခု သီရိုးတို့ ရောက် သည့်အခါ မတွေ့ရတော့ပေ။ ချုံကင်းမှ အောက်သို့ စုန်ဆင်းခဲ့ရာ ၆၅ မိုင်ခန့်အကွာ၌ Fuling လမ်းဆုံရှိ၏။ ထိုနေရာ၌ မလှမ်း မကမ်းတွင် Feng Tu က ဆိုသော အရပ် ရှိသည်။ Abbe David က ထိုနေရာသည် အလွန်လှပသောနေရာ၊ ဘုရား၊ ပုထိုး၊ မျှော်စင်နှင့်စိမ်းစိုသော တောင် ကုန်းများရှိသည်ဟု ဆိုခဲ့သည်။ ကပ္ပတိန် ဝီလီယံဆန်ကလည်း ထိုနေရာ၌ စိမ်းစိုသော တောင်ကုန်း တစ်ခုအကြောင်း ရေးသားခဲ့သည်။ တောင်ကုန်းတစ်ခုကမူ သရဲအလွန် ခြောက်တတ်သည်ဟု မှတ်တမ်း၌ ရေးခဲ့သည်။ စာရေးသူ သီရိုးသည် သင်္ဘော ပေါ်၌ လိုက်ပါလာသည့် နိုင်ငံရေး တာဝန်ခံ Political Commissar ကို ပြောပါသည်။ ''ကျွန်တော့်အနေနဲ့ မြင်ရတာက ခြောက်လှန့်နေသလိုပဲ''ဟု ပြောလိုက်သည်။ တရုတ်နိုင်ငံ၏ သင်္ဘော များပေါ်၌ ယင်းသို့သော နိုင်ငံရေး တာဝန်ခံ ဆိုသည့် ပုဂ္ဂိုလ်တစ်ဦး အစဉ်လိုက်ပါလေ့ ရှိသည်။ ယင်း တာဝန်ခံက လုပ်ငန်းများနှင့် လုပ်သား များကြားဆက်ဆံမှု၌ ကြားမှဖျန်ဖြေ ပေးရသူဖြစ်သည်။ ဆိုရှယ်လစ်၊ ကွန်မြူနစ်ဝါဒ ကျင့်သုံးရာ နိုင်ငံများ၌ ယင်းသို့သော ပုဂ္ဂိုလ်များ နေရာတိုင်း၌ ရှိတတ်၏။ ယခု သီရိုးတို့ သင်္ဘောပေါ်၌ ပါလာသည့် နိုင်ငံရေးတာဝန်ခံ ဆိုသူမှာ ရဲဘော်ဆွန်- Comrade Sun ဆိုသူဖြစ်၏။ သူသည် ၁၉၅ဝ၊ နိုင်ငံ လွတ်လပ်ရေးရပြီး ကွန်မြူနစ်ပါတီ အစိုးရ တက်ကတည်းကမှစ၍ ယန်စီ မြစ်ပေါ်၌ တာဝန်ချထား ခံရသူ ဖြစ်သည်။ ယင်းတာဝန် စတင်ထမ်း ဆောင်စဉ်က သူ့အသက်မှာ ၁၇ နှစ် သာရှိသေးသည်။ သူသည် ဤယန်စီမြစ်ပေါ်၌ နှစ်များစွာ တာဝန်ယူခဲ့သူဖြစ်၍ သီရိုး ပြောနေသော Feag Tu က အရပ်ရှိ ဘုရားကျောင်းများ၊ တောင်များ အကြောင်းကို ကောင်းစွာ သိရှိထား သူဖြစ်သည်။ ရဲဘော်ဆွန်က ထိုနေရာ၌ သရဲ လည်းမရှိ။ သရဲခြောက်ခြင်းလည်း မရှိဟုဆိုသည်။ ရဲဘော်ဆွန်က ''သရဲဆိုတာ မရှိပါဘူး''ဟု ပြောသည်။ သူက တရုတ်နိုင်ငံတွင် ထုတ်လုပ်ထားသော သရဲများကို ထိတ်လန့်စရာမလိုဟု ခေါင်းစဉ်ပါသော စာရွက်ကို ကမ်း ပေး၍ ''သရဲ ရှိတယ်လို့ ယုံကြည်တဲ့ သူတွေဟာ ခေတ်နောက်ကျတဲ့ လူတွေပဲ။ ဒီလို စွဲလမ်းမှုတွေ ယုံကြည်တဲ့ လူဟာ ကြောက်စိတ်ရှိတဲ့ လူတွေ ပဲ။ ဒီအယူအဆကို ဒီနေ့အခါမှာ လူ တွေအားလုံး လိုလိုက သိပြီးသား ဖြစ်နေပါပြီ။ ဒါ့အပြင် သရဲ၊ တစ္ဆေ ဆိုတာလဲမရှိပါဘူး။ ဒါပေမယ့် သရဲ၊ တစ္ဆေတွေနဲ့ ထပ်တူ၊ ပုံတူတွေက အများအပြားရှိနေတယ်။ နယ်ချဲ့ အယူအဆ၊ ဖောက်ပြန်ရေး အယူ အဆနဲ့ ဥပမာလုပ်ငန်းကိုင်ငန်း လုပ် လို့မရအောင် အခက်အခဲ အကျပ် အတည်းတွေပဲ''ဟု ရှင်းပြသည်။ ယန်စီမြစ်နှင့် ပတ်သက်သည့် ရှေးအယူအစွဲများနှင့် ပတ်သက်၍ သူနှင့် သီရိုးကို ပြောကြသည်။ သူက ယနေ့အခါ အများအပြားသည် ယင်းသို့သော ခပ်ကြောင်ကြောင် အယူ အဆများ မရှိကြတော့ဟု ဆိုသည်။ ရဲဘော်ဆွန်က ဆက်ပြောသည်။ ''ဒါတွေက ရှေးတုန်းက ယုံကြည်မှုတွေပါ။ ပမာဆိုရင် ငါးတစ် ကောင်ဟာ ရေထဲကနေ သင်္ဘော ကုန်းပတ်ပေါ် ခုန်တက်မိပြီဆိုပါ တော့။ အဲဒီငါးကို မစားကြဘူး။ ငါး ဆိုတာကတော့ ရေထဲကနေ လှေ ဝမ်းဗိုက်ထဲကို ခုန်တက်လေ့ရှိတတ် ကြတာပဲ။ အရင်တုန်းကလဲ အခု လို ပဲ ခုန်တက်တာပဲ။ အဲဒီငါးမျိုးကို တစ္ဆေသရဲငါးလို့ ယူဆရမလား'' သီရိုးကဝင်မေးသည်။ ''သူတို့က ငါးကို ရေထဲ ပြန် လွှတ်လိုက်လား'' ''မလုပ်ဘူး။ ကမ်းစပ်ယူလာ ပြီးကျင်းတူး။ မြေမြှုပ်ပစ်ကြတယ်'' ''အခုကော ဘယ်လိုလုပ်ကြ လဲ'' ''စားပစ်လိုက်ကြတာပေါ့'' သီရိုးက သင်္ဘောသားများ၏ ယုံကြည်မှုများကို စာအုပ်များ၌ ဖတ် ခဲ့ဖူးသည် ။ ဥပမာ- လေမတိုက်သည့်အခါ ကုန်းပတ်ပေါ် ထိုင်နေကြသည့် သင်္ဘောသားများက လေချွန်လေ့ ရှိသည်။ လေကို ခေါ်ယူခြင်းဖြစ်၏။ အဘယ်ကြောင့် ဆိုသော် သင်္ဘော သားများက ကမ်းခြေသို့ရောက်ရန် လှေလှော်သွားရမည်ဖြစ်ရာ လှေ မလှော်လို၍ လေကို ယင်းသို့ခေါ်ယူ လေ့ရှိသည်။ ယင်းသို့သော အမူ အကျင့်ကို ဗြိတိသျှ သင်္ဘောသားများ လုပ်လေ့ရှိသည်။ ယင်းအလေ့အကျင့် ကို ရှိတ်စပီးယားရေးသားခဲ့သည့် Macbeth ၌ပင် ဖော်ပြခဲ့သည်။ ရဲဘော်ဆွန်က ယင်းအယူအဆ သည် ရှေးယခင်က အယူအဆဖြစ် သည်ဟုဆို၏။ သီရိုး၏ နောက်ဆုံး ခရီးလမ်း ဆုံးသည် ရှန်ဟိုင်း- Shanghai မြို့ ဖြစ်သည်။ ထိုမြို့သည် ယန်စီမြစ်၏ အဆုံးနေရာဖြစ်သည်။ သီရိုးသည် Suzhou မှနေ၍ ရှန် ဟိုင်းမြို့သွားရန် - Shang hai Express ရှန်ဟိုင်းအထူးသင်္ဘောကို စီးခဲ့၏။ မကြာလှသော ကာလ၌ သီရိုး သည် ရှေးဟောင်းမြို့ဖြစ်သော နန်ကျင်း Nanjing မှခွာခဲ့သည်။ ရှန်ဟိုင်း မြို့သည် ယန်စီမြစ်ကမ်း၌ ရှိသကဲ့သို့ နန်ကျင်းမြို့ကလည်း ယန်စီမြစ်ကမ်း နဖူးပေါ်၌ တည်ထားသည်။ ရှန်ဟိုင်းမြို့ကမူ အလွန်စီးပွား ရေးဆန်သည်။ ယင်းမြို့၏ အဓိက အလုပ်မှာ ကူးသန်းရောင်းဝယ်ရေး၊ ကုန်ထုတ်လုပ်ရေး၊ စီးပွားရေး ရင်းနှီး မြုပ်နှံမှုများနှင့် အခါမလပ် အလုပ်များ လျက်ရှိတတ်သည်။ ထို့ကြောင့် ရှန်ဟိုင်းမြို့ရောက် သည်နှင့် ကြော်ငြာများက အပြိုင် အဆိုင်။ မိုးကောင်းကင်ပေါ်၌ပင် တွေ့ ရသည်။ ပုစဉ်းတံဆိပ်ချည်ဖိနပ် Dragonfly Cotton Shoe စတိုင်ကျ၊ ဈေးသက်သာ၊ ရာဒိုနာရီ Rado Watch စတိုင်ကျ၊ အပွန်းအပဲ့အာမခံ အချိန်အာမခံ၊ အေရိုးတင်းနစ်ရိုက်တံ Aero Tennis Racket သီရိုးသည် ရှေးဟောင်းပစ္စည်း ဆိုင်တစ်ဆိုင်သို့ ဝင်ရောက်စုံစမ်းသည်။ ဒုတိယ ကမ္ဘာစစ်အတွင်းက အမေရိကန် ရေတပ်တွင် တာဝန် ထမ်းဆောင်ခဲ့သည့် တရုတ်အမျိုးသား တစ်ယောက်နှင့် တွေ့သည်။ သူ၏ စကားပြောဟန်က အမေရိကန် နိုင်ငံသားလေသံနှင့် တစ်ထပ်တည်း။ သူက လွတ်လပ်ရေးရပြီး ကာ လကို အကျဉ်းချုပ်တင်ပြ၏။ ''ပထမ ဆယ်နှစ်က မကောင်းဘူး။ နောက်ဆယ်နှစ် ကောင်းတယ်။ ဒါပေမယ့် နောက်ဆယ်နှစ်ကတော့ အခြေအနေဆိုးတယ်။ ဒါတွေကို ဘယ်လိုကျော်ဖြတ်ရမလဲဆိုတာ ကျွန် တော်တော့ မသိတော့ဘူး။ ပြီးတော့ ယဉ်ကျေးမှုတော်လှန်ရေး။ လူငယ်လေးတွေ သိပ်ဆိုးတာပဲ'' သီရိုးကထပ်မေးသည်။ နောက် တစ်ကြိမ်ယဉ်ကျေးမှု တော်လှန်ရေး ရှိလာဦးမယ်လို့ ထင်လား။ သူကဖြေသည်။ ''သေချာတာပေါ့'' ''ဘာကြောင့်လဲ'' ''မော်ကပြောတာလေ။ နောက် တစ်ကြိမ်တဲ့။ ပြီးရင် လာဦးမယ်တဲ့။ တစ်ခေါက်ပြီး တစ်ခေါက်လာမယ်တဲ့'' (သီရိုး တရုတ်ပြည်ရောက်ချိန်က မော် မကွယ်လွန်သေးပေ) တရုတ်နိုင်ငံ၌ ရှေးဟောင်း ပစ္စည်းဆိုင်ဆိုသည်မှာ မိသားစု ကိုယ်ပိုင်ဆိုင်သော ရှေးဟောင်းပစ္စည်း၊ ရတနာပစ္စည်းများအရောင်းဆိုင် ဖြစ်သည်။ အစိုးရပိုင်လည်း ဖြစ်သည်။ ပုဂ္ဂလိက ဆိုသော်လည်း အစိုးရ၏ ခွင့်ပြုချက်နှင့် လုပ်ဆောင်နေခြင်း ဖြစ်၏။ မြင့်မားသော ခွေးခြေပေါ်၌ ထိုင်ကာ လာရောက်ရောင်းချမည့်သူကို စောင့်ရသည်။ ထိုအချိန်၌ လူတစ်ယောက် ဆိုင်အတွင်းသို့ ဝင်လာ၏။ ထိုသူလက်ထဲ၌ အဝတ်အိတ်တစ်လုံး ဆွဲလာသည်။ တပ်ဖွဲ့ဝင် ဝတ်စုံနှင့် ဖြစ်သည်။ ဖိနပ်ကမူ ခြေညှပ်ဖိနပ် ဝတ်ထား၏။ စားပွဲရှေ့သို့ရောက်သည်နှင့် ထိုသူက အိတ်ထဲမှ ထမင်းစား ပန်းကန်၊ ဟင်းသောက်ပန်းကန်၊ ဟင်းထည့်ပန်းကန်များ တစ်ခုပြီးတစ်ခု ထုတ်၏။ ဆိုင်ရှင်က ခေါင်းခါသည်။ ''မယူဘူး'' ထိုသူက ကောက်သားနှင့် ထု ထားသော ခြင်္သေ့ပုံအရုပ်ကို ထုတ်သည်။ ဆိုင်ရှင်က ခေါင်းခါသည်။ ထိုသူက စောစောက ထုတ် ထား သော ပစ္စည်းများအားလုံး အိတ် ထဲပြန်ထည့်သည်။ အိတ်ထဲမှ နောက်ဆုံး တစ်ခု ထုတ်သည်။ အပြာရောင် ပန်းအိုး၊ ဆယ်လက်မခန့်မြင့်သည်။ အရောင် မရှိသော ဆိုင်ခန်းအတွင်း၌ပင် ပန်းအိုးအရောင်က တလက်လက်တောက် ပနေ၏။ ဆိုင်ရှင်က စာရွက်တစ်ရွက်၌ ရေး၍ ငွေများပေးသည်။ ထိုသူက ကျန်ပစ္စည်းများ ထည့်သောအိတ်ကို ကိုင်ကာ ဆိုင်တွင်းမှ ထွက်သွားသည်။ ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ ရှန် ဟိုင်းမှ မိတ်ဆွေတစ်ယောက်က သီရိုး ကိုပြောပြသည်။ ''ဒီလူတွေက ဆယ်ဂဏန်း လောက်နဲ့ ဝယ်ပြီး၊ ရာဂဏန်း လောက်နဲ့ ပြန်ရောင်းတာ'' အစိုးရက ဖွင့်လှစ်ထားသည့် ဆိုင်များရှေ့၌ရေးထားသည့် စာတန်း များကလည်း ပွင့်ပွင့်လင်းလင်းပင်။ သင်တို့၏ ကြွေပန်းကန်၊ ကြေး ပစ္စည်းနှင့် ပန်းပုများကို ရောင်းချနိုင်သည်။ ယင်းဖြစ်ရပ်ကို ကြည့်လျှင် အရင်းရှင်နိုင်ငံများ၌ နိုင်ငံက ပြုလုပ် သော၊ ဖွင့်လှစ်သော ဆိုင်များနှင့် အလွန်ခြားနားနေပါ၏။ တစ်ည ထမင်းစားပြီးချိန် ညဥ့် ၉ နာရီခန့်ရှိမည်။ သီရိုးက မှောင်မည်းသော လမ်းမတစ်လျှောက် လမ်းလျှောက်လာသည်။ ဆယ်မိနစ်ခန့်သာ လမ်းလျှောက်ရသေးသည်။ ''မင်္ဂလာ ညနေခင်းပါ ဆရာ'' လူငယ်သုံးယောက်က လှမ်း နှုတ်ဆက်သည်။ ရဲဘော် မာ၊ ရဲဘော် လျူနှင့် ရဲဘော်ဝီတို့ဖြစ်သည်။ သူတို့သုံးဦးက အင်္ဂလိပ်စကား အလေ့အကျင့်ပြောလိုကြ၍ သီရိုးနှင့် မကြာခဏတွေ့ကြသည်။ သီရိုးသည် တရုတ် စာရေးဆရာ Pu Sung Ling ၏ ထူးဆန်းထွေလာ ဝတ္ထု များကို ဖတ်ကာ သူတို့နှင့်ဆွေး နွေးလေ့ရှိ၏။ သီရိုးက သူတို့သုံးယောက်ကို သရဲ၊ တစ္ဆေယုံကြည်သလားဟု မေး ကြည့်သည်။ သူတို့က ရယ်ဖွယ် စကားဟုပင် သဘောထား၏။ ရဲဘော်မာက စပြောသည်။ ''ကျွန်တော်က သရဲကို မယုံ ဘူး'' ''ဘာဖြစ်လို့လဲ'' ''တစ်ခါမှ မတွေ့ဖူးလို့ပါပဲ'' ''ဒီတော့ တရုတ်နိုင်ငံမှာ သရဲ မရှိဘူးပေါ့။ ဟုတ်လား'' ရဲဘော်လျူက ဝင်ဖြေသည်။ ''မရှိဘူး'' သီရိုးက ဆက်မေး၏။ ''ခင်ဗျားတို့ မျိုးရိုးစဉ်ဆက် ကရော'' ရဲဘော်မာက ဖြေ၏။ ''သူတို့အားလုံးမြေကြီးထဲ မှာလေ'' သီရိုးက တရုတ်လူမျိုးတို့၏ ရိုး ရာ Ching Huing ပွဲတော် ဖြစ်သော သင်္ချိုင်း၌ သွားကန်တော့သည့်ပွဲကို မေးကြည့်သည်။ သူတို့အားလုံးက ယင်းပွဲမျိုးကို မလုပ်ကြဟုဆို၏။ ''ပြည်ပရောက်နေတဲ့ တရုတ် တွေအားလုံးလုပ်ကြတယ်'' သီရိုးနှင့် ရဲဘော် သုံးဦးဆက်၍ လမ်းလျှောက်လာခဲ့ကြရာ ရထား ဘူတာရုံ အလွန်၌ သစ်ပင်များ တန်းစီ၍ စိုက်ထားသည်။ သစ်ပင် ပင်စည်အကွယ် မှောင်ရိပ်များ၌ လူငယ်များ မတ်တပ်ရပ်လျက် ဖက်ကာ၊ နမ်းကာ နေကြသည်။ သီရိုးသည်ပင် သူတို့ကို သတိပြုမိ၏။ ရဲဘော်မာ၏ အသံက စတင် ထွက်ပေါ်လာ၏။ ''လေးဦးဂိုဏ်း ဖြိုခွင်းခံရပြီး ကတည်းက အဲဒီလို နမ်းမှုတွေ ပေါ်လာတာပဲ။ ၁၉၄၉ ခုနှစ်ကနေ လေးဦးဂိုဏ်း ပေါ်လာတဲ့ အချိန်အထိ ဒီလို စုံတွဲတွေ မနမ်းကြဘူးလေ။ အခုတော့ နမ်းနေကြတာ နေရာအနှံ့ပဲ။ ရုပ်သံထဲမှာတောင် နမ်းနေကြတာ တွေ့ရတယ်'' ''လေးဦးဂိုဏ်းဝင်တွေကကော မနမ်းကြဘူးလား'' ရဲဘော်မာက ပြန်ဖြေသည်။ ''နမ်းကြတာပေါ့။ ဒါပေမယ့် အိမ်ထဲမှာပဲ နမ်းကြတာလေ'' ထိုအခါ ကျန်ရဲဘော်များက ရယ်ကြသည်။ ရဲဘော်မာ စကားက ရယ်စရာလို ဖြစ်သွား၍- သီရိုးက ရဲဘော်တို့ကကော ကောင်မလေးတွေကို မနမ်းကြဘူးလား ဟုမေးသည်။ ရဲဘော်မာက ဖြေ၏။ ''ရဲဘော်လျူမှာလဲ ရည်းစားလေး ရှိတယ်လေ။ သူနမ်းတာပေါ့။ ကျွန်တော့်မှာလဲ ရည်စားနှစ်ယောက် တောင်ရှိတယ်။ ကျွန်တော်လဲ သူတို့ကို နမ်းတာပဲ'' သီရိုးက ဆက်မေး၏။ ''အိမ်ထဲမှာလား။ အိမ် အပြင်မှာလား'' ''အိမ်ထောင်ရှိတဲ့ လူတွေကတော့ အိမ်ထဲအခန်းထဲမှာပေါ့။ ကျွန်တော်တို့ကတော့ အဲဒီနေရာ၊ သစ်ပင်တွေ ကြားမှာပေါ့။ တစ်ခါတလေလဲ ပန်းခြံထဲမှာ ညအခါပေါ့။ မြေကလဲ မညီမညာနဲ့'' သီရိုးက သူတို့မည်သည့် အရွယ်၌ အိမ်ထောင်ပြုရန် အစီအစဉ် ရှိသနည်းဟု မေးကြည့်သည်။ သူတို့က အသက် ၃၅ ပေါ့ဟု ဖြေကြသည်။ အခု သူတို့သုံးယောက်လုံး ၂၆၊ ၂၇ နှစ် အရွယ်များသာ။ သူတို့ဝင်ငွေမှာ တစ်လလျှင် ယွမ် yuan ၅ဝ (US$ ၃ဝ) ခန့်သာ ။ သီရိုးနှင့် ရဲဘော်တစ်စု စကား ပြောနေရင်းက အကြောင်းအရာ တစ်ခုဆီသို့ ရောက်သွား၏။ လေးဦး ဂိုဏ်းအကြောင်း ဖြစ်သည်။ ယင်းအချိန်က လေးဦးဂိုဏ်းကို ခုံရုံးတင် စစ်ဆေးနေချိန်ဖြစ်သည်။ (လေးဦး ဂိုဏ်းဆိုသည်မှာ ဥက္ကဋ္ဌကြီးမော်၏ ဇနီးအပါအဝင် လေးဦးအဖွဲ့ကို ရည်ညွှန်းသည်) သီရိုးက သတိပေးသည်။ ''ဒီ လေးဦးဂိုဏ်းမှာ အပြစ် ရှိသလား'' ''ဟာ- ရှိတာပေါ့'' ''ဒါပေမယ့် ဥက္ကဋ္ဌကြီးမော် က တော့ မပါဘူးနော်။ ဥက္ကဋ္ဌကြီး က တကယ့်ပုဂ္ဂိုလ်ကြီးပဲ ဟုတ်တယ်မို့ လား'' ရဲဘော်မာက ပြုံး၍။ ''ဒါပေါ့'' ရဲဘော်ဝီက ဝင်မေးသည်။ ''ခင်ဗျားကကော ဘယ်လိုထင်လဲ'' သီရိုးက ''ကျွန်တော် မသိဘူး လေ'' ''ခင်ဗျား တော်တော်လည် တာပဲ'' စကားဦးက ယန်စီမြစ် အကြောင်း ရောက်သွားကြသည်။ ထိုနေရာ၌ နေသူများ တစ်ဦး နှင့်တစ်ဦး ကွဲပြားခြားနားသော ဝတ်ဆင်မှုမှအစ သူတို့၏ အစဉ်အဆက် ပိုင်ဆိုင်လာသော ဆံပင်များ အကြောင်းဖြစ်၏။ ထိုအခါ ရဲဘော်လျူက သူ့ဖခင် အကြောင်းပြောပြသည်။ သူ့ဖခင်သည် တောင်အမေရိက၌ နေ ထိုင်ကြောင်း။ ဆူရီနမ် -Surinam ၌ဖြစ်သည်ဆို၏။ သို့သော် သူက ထိုနေရာကို မနှစ်သက်ကြောင်း ပြော သည်။ ''အဲဒီမှာက နီဂရိုးတွေပဲ များ တယ်'' သူက ဟောင်ကောင်ကျွန်းကို သာနှစ်သက်ကြောင်းပြောသည်။ တစ်ဆက်တည်း - ''ကျွန်တော်က ဟောင်ကောင် ကျွန်းကိုသာ သွားချင်တာ'' ယင်းစကားကို ရဲဘော်အားလုံးက လက်ခံကြသည်။ သူတို့အားလုံး ဟောင်ကောင်သို့ သာသွားချင်ကြသည်။ သို့သော် သူတို့အားလုံးသည် ရှန်ဟိုင်းမြို့မှ အပြင်သို့ပင် တစ်ခေါက်မှ မရောက်ဖူးကြပေ။ သူတို့အားလုံး မိဘများနှင့် အတူ နေထိုင်ကြသည်။ သူတို့ အိမ်ထောင် မပြုသေးသည့်အချိန်အထိ မိဘများ နှင့်အတူနေမည်ဟု ဆုံးဖြတ်ထားကြ သည်။ သီရိုးက သူတို့ကိုယ်သူတို့ တော်လှန်ရေး သမားများဟု သတ်မှတ်ထားသလားဟု မေးသည်။ သူတို့က ''မဟုတ်ပါဘူး''ဟု ဖြေကာ သူတို့သည် အလုပ်သမား များသာဖြစ်သည်ဆို ကြ၏။ ရဲဘော်မာက ''ကျွန်တော်က တော်လှန်ရေးသမားမဖြစ်ချင်ဘူး လေ''ဟု ဖြေသည်။ ''စစ်တပ်ထဲကို ဝင်ခဲ့ဖူးသလား'' ရဲဘော်လူက ဖြေသည်။ ''တပ်ထဲမှာ လူတွေက အများကြီးလေ။ ဒီလူတွေက တပ်ကိုပို သဘောကျကြတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ လယ်သမားထက်ပို သက်သာတယ်လေ။ လယ်သမားအလုပ်က သိပ်ပင်ပန်းတာ။ တပ်သားဖြစ်ရတာက ပိုလဲလွယ်တယ်လေ'' ရှန်ဟိုင်းမြို့သည် တရုတ်နိုင်ငံ၏ အခြားသော မြို့ကြီးများကဲ့သို့ပင်။ လေထုကလည်း ညစ်ညမ်းသည်။ ကောင်းကင်က အမြဲလိုလို မီးခိုးမြူ တွေကြောင့် အုံ့မှိုင်းနေသည်။ လမ်းမပေါ်၌ လူများနှင့် ပြည့် နှက်နေ၏။ အခန်းများသည် ကျဉ်း ကာ လူများနှင့် ပြည့်ကျပ်နေသည်။ လူများ၏ ဝတ်ဆင်မှုသည် တစ်မျိုးတစ်စားတည်း။ ၁၉၉၉ ခုနှစ်မှတ်စု ၁၉၈ဝ ခုနှစ်၊ နိုဝင်ဘာလ၌ သီရိုးက ယန်စီမြစ်သို့ ရောက်သည့် အချိန်က ဥက္ကဋ္ဌကြီးမော်နှင့် တင်းမာ သူ ပေါ်လစ်ဗျူရိုများက ထိန်းချုပ် ထားလျက်ရှိသည်။ နောက် ဟွာကိုဖန် Hua Guofeng က ပါတီဥက္ကဋ္ဌဖြစ် လာသည်။ အစိုးရအဖွဲ့၌ ပြုပြင်ပြောင်းလဲ လိုသူများက နေရာရလာသည်။ တိန့်ရှောင်ဖိန်- Deng Xiaoping နေရာ ရလာသော်လည်း အာဏာကို မဆုပ် ကိုင်နိုင်သေး။ တရုတ်နိုင်ငံသည် ၁၉၇၆ ခု နှစ် ယဉ်ကျေးမှု တော်လှန်ရေးအပြီး ပြောင်းလဲမှု ကြီးကြီးမားမား မတွေ့ရ သေးပေ။ တရုတ်လူမျိုးအများအပြားသည် တော်လှန်ရေးဝတ်စုံဖြစ်သော အပြာရောင် ဘွိုင်လာဝတ်စုံနှင့် အပြာရောင် ကင်းဘတ်ဖိနပ်ကိုပါ ဝတ်ဆင်လျက် ရှိသေးသည်။ သူတို့၏ ကြွေးကြော်သံက ပြည်သူ့ဝန်ထမ်းရန် ဖြစ်သော်လည်း ယင်းစကားလုံးပြောရန် ဝန်လေးနေကြပြီ ဖြစ်သည်။ တရုတ်နိုင်ငံသည် ယခုအခါ လုံးဝ ပြောင်းလဲသွားခဲ့ပြီဖြစ်၏။
0 comments:
Post a Comment
သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်