ဗုဒ္ဓဘာသာဝင်တို့အတွက် လူမှူရေး - ဒေါက်တာသန်းထွန်း




ဗုဒ္ဓသာသနာ (မြတ်စွာဘုရား၏ဆိုဆုံးမချက်) တွေဟာ အိန္ဒိယအတွေးနဲ့အိန္ဒိယလူမှု အခြေခံဖြစ်လို့ မြန်မာလိုဒေသကို ရောက်တဲ့အခါ မူရင်းနဲ့ အသင့်အတင့် ကွဲပြားခြားနားချက်တွေကို တွေ့ရပါတယ်။ အဲဒီလို ခြားနားတဲ့အခါ ဘယ်လို ဖြေရှင်းမလဲ ဆိုတာမျိုး၊ စဉ်းစားစရာ မလိုပါ။ ဝိနယ(ဝိနည်း) ရှိနေပြီ၊ "ဒီလို ပြစ်မှုကို ဒီလို ဆုံးဖြတ်" လို့ သတ်မှတ်ပြီး ရှိနေတယ်လို့ ယတိပြတ် ပြောရင်လည်း ဖြစ်ပါတယ်။



ဒါပေမယ့် အဲဒီလို အပြတ်မပြောဘဲ ကာလဒေသ လိုက်ပြီး လိုတိုးပိုလျှော့ လုပ်ရင်း ဘယ်အဆင့်ထိ ပြင်ဆင်ချက်ကို လက်ခံနိုင်မလဲလို့၊ သမိုင်းနည်းနဲ့စဉ်းစားကြည့်မိပါတယ်။ နောက်တစ်ချက် ပြောစရာ ရှိသေးတာက၊ ရဟန်းအတွက် ဝိနည်း ရှိပြီး ထပ်စဉ်းစရာ မလို၊ လူတွေအတွက်တော့ လိုမှာပေါ့ ပြောရင်ကော ကြိုက်ပါ့မလား။ လက်တွေ့မှာတော့ ဘုရားဟော မဟုတ်တဲ့ လောကနီတိတွေ စာဏာကျနီတိတွေ ရှိပြီ၊ ဒါတွေကို သင်ပေးဖို့ လိုတယ်လို့ တစ်ခါက ဆုံးဖြတ်ကြတယ် ထင်ပါတယ်။ အဲဒါလည်း အထောက်အထားအနေနဲ့ ကိုယ်တွေ့တစ်ခုပဲ ရှိတယ်။ ကျွန်တော် တက္ကသိုလ်ကို ရောက်တဲ့အခါ စာဏာကျနီတိကို ဥပစာပထမနှစ်မှာ သင်ရတယ်။ အချုပ်ကတော့ လူကောင်းတစ် ယောက် ဖြစ်အောင်နေနည်း ဖြစ်ပါတယ်။ ဒီလိုဆိုရင် ဗုဒ္ဓဆိုဆုံးမချက်တွေမှာရော လူမှုရေး မပါတော့ဘူးလား မေးရင် ပါတယ်လို့ပဲ ဖြေရမှာပါ။ ဘာပြုလို့လဲဆိုတော့ သုတ္တန်ဒေသနာမှာ၊ ဘယ်သူ ဘယ်လို ပူဆွေးဒုက္ခ ရောက်တဲ့အခါမှာ ဘုရားက ထိုသူမှာ ဒုက္ခငြိမ်းအောင် ဘယ်တရားကို ဟောတယ်လို့ ပါတဲ့အတွက် လူတွေ နေ့စဉ် နေထိုင်ရေးကို ဖြေရှင်းတာတွေကို အများကြီး တွေ့ရပါတယ်။ အဲဒါကြောင့် ဘုရားတရားတော်ထဲမှာ လူမှုရေးနဲ့ဆိုင်တဲ့ အချက်တွေ တွေ့ရမယ်။ ဒါတွေကို လူမှုရေးရှုထောင့်က သီးသန့် သင်ကြားလေ့လာသင့်တယ်လို့ ထင်ပါတယ်။ သင်တန်းတွေ အဆက်မပြတ် ရှိနေတယ်လို့ သိရပေမယ့် အခုထက်ပိုပြီး အနှံ့အပြား ရှိသင့်တယ်လို့ ထင်ပါတယ်။


စတိုင်သစ်၊ မတ်၊ ၂ဝဝ၄၊ ၁၆-၁၇။

0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်