မင်းတို့ကား တမန်ကို မချုပ်ရာ - ဒေါက်တာသန်းထွန်း

သက္ကရာဇ် ၆၄၇ (ခရစ်နှစ် ၁၂၈၅) ခု ပြိက်ကသိုဝ်နှစ် ပြည်အနောက် ဖက်လှည့်(ကျ)နှိုက်မင်းကြီးနိယ်တစ်မူ၏ (ကျောက် စာဓာတ်ပုံ ၂၇၁၊ စာ ကြောင်း ၁-၂)

ပုဂံ မင်္ဂ္လာစေတီကျောက်စာ အစတွင် အထက်ဖော်ပြပါ စာတစ်ပိုဒ်ကို တွေ့နိုင်ပါတယ်။



ခရစ်နှစ် ၁၂၈၅ မှာ ပုဂံမင်းကြီးက နရသီဟပတေ့ ဖြစ်ပါတယ်။ ရန်သူကျူးကျော်စစ်ကို ပုဂံမြို့တော်က ဆီးဆို့ ခုခံနိုင်စွမ်း မရှိသဖြင့် မြို့တော်ကို စွန့်ခွာပြီး ဧရာဝတီမြစ်ကြောင်းအတိုင်း စုန်ဆင်းခဲ့ရတယ်။ ပြည်မြို့ရောက်တော့ မြစ်အနောက် ဘက် လှည့်ကျဆိုတဲ့ လှည်းဆိပ်ငယ်ကလေး တစ်ခုမှာ သွားနေပါတယ်။ တခြားမှတ်တမ်းတွေမှာ ပုသိမ်ကို ပြေးတယ်လို့ တွေ့ရပေမယ့် ကျောက်စာပါ စကားကိုသာ အခိုင်ယူသင့်တယ်။

အနန္ဒပိစည်(အနန္တ ပစ္စယ) အမတ်လဲ မင်းကြီးနဲ့အတူ လှည်းကျကို လိုက်လာခဲ့ပါတယ်။ တခြားမှတ်တမ်းတွေမှာ ကျူး ကျော်စစ်ကို ခုခံရင်း ကျဆုံးတယ်လို့ ဆိုပါတယ်။ ဒီအမတ်ဟာ စစ်မဖြစ်မီကပဲ သံတမန်နည်းအရ အပြေအလည် ပြောဆို ပြီး စစ်မတိုက်ရအောင် ဆောင်ရွက်လိုသူ ဖြစ်ပါတယ်။ စစ်ကို စမိပြီးမှ ဘယ်လို သံတမန်နည်း ပြန်ကောက်ရမှာကို မသိပါ၊ သူနဲ့တွဲဖက်ပြီး မဟာပိုဝ် ဆိုတဲ့ အမတ်တစ်ယောက်လဲ ရှိသေးတယ်။

ဤအမှုကာ ကြီစွာ။ တုမ်တပဲလေလွှတ်ရသည် မဟိ။ သုဝဏ္ဏလိပ်(ပြု) အံသည် သူလေ မဟိ။ သျှင်ဒိသာပြာမုက် ထာပါမူကာ အမှုဆောင်နိုင်အံ့။

ကြားက စေ့စပ်ပြောဆိုဖို့ လွှတ်စရာလူလဲ မရှိ၊ ရွှေပေနဲ့ မင်းအချင်းချင်း ရေးသားပေးပို့မြဲ စာကိုလဲ ကောင်းကောင်း စီကုံး ပေးနိုင်သူ မရှိ။ အရှင်ဒိသာပြာမုက်(ဒိသာပါမောက္ခ) လှည်းကျကို ပါလာရင်တော့ သူပဲ ဒါတွေကို လုပ်နိုင်မှာ ဖြစ်တယ်လို့ တိုင်ပင်ပြီး ဆရာတော်ကို ပင့်ခေါ်သင့်တယ်လို့ မင်းကြီးကို လျှောက်ထားကြတယ်။ ဒီအခါမှာ ဆရာတော် ရေးထိုးခဲ့တဲ့ ကျောက်စာမှာ

ငါတိုင်ခဝ်ရုယ် မင်ကြီ ဤအမှုနှင်၏လို့ ရေးခဲ့တယ်။

ရန်သူတပ်မဟာ သစ်ဆိမ့်နဲ့ ဟန်လင်းမှာ ရှိတယ်။

မင်တိုင်ကာ တန်မန်ကို မချုပ်(ရာ) သူကိုဝ်လျှင် ငါတိုဝ်

တန်မန့်မူလျှင်အံ ဟူရုယ်သုဝဏ္ဏလိပ် (ပြု)ရုယ် ငါကိုဝ်

လွှတ်၏

ဆရာတော်ဟာ သံကြီးအဖြစ်နဲ့ ထွက်ခဲ့ရတော့ ကိုယ်တော်တိုင် တွေ့တဲ့အခြေအနေကို ပြောပြပါတယ်။

ပုကံ သိုဝ် ပိုဝ်စိမ်ဟုရုယ် သုသုတ္တကီ မင်သာသုရယ်

၂ဝဝဝဝ။ ပုညဓမ္မိက မဟာထိ။ (သိရိ) ဓမ္မိကာ သင်္ဃ࿿ာထီ။

အေ(ကျ)ာင် ၇ဝ (ကသံဃာ)။

သူရဲနှစ်သောင်းကို ဗိုလ်ချုပ်မင်းသား သုသုတ္တကီ ခေါင်းဆောင်ပြီး ရဟန်းကျောင်းခုနစ်ဆယ်က သံဃာတွေကို မဟာ ထေရ ပုညဓမ္မိက ခေါင်းဆောင်ပါတယ်။ တပ်မက စောစောက ပြောသလို သစ်ဆိမ့်မှာ တပ်စွဲနေတုန်း (မဟာယန)ရဟန်း သံဃာတွေက သင်တွယ်ပြည်(ကန်တူးမြို့တကောင်း)မှာ သီတင်းသုံးနေကြတယ်၊ စစ်သည်သူရဲတွေနဲ့ အတူတူ ရဟန်းတွေ ပါရတဲ့အကြောင်းကတော့ တမ္ပဒီပ(ပုဂံနိုင်ငံ)မှာ ဗုဒ္ဓသာသနာပြုဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ရှင်ဒိသာပြာမုက်က ဒီအချက်ကို ငြိမ်းချမ်းရေးစကား ပြောဆိုတဲ့အခါ ထည့်ပြောဖို့ အင်မတန် ကောင်းတဲ့အကြောင်း အချက် တစ်ခုဖြစ်တယ်လို့ ယူဆပြီး မှတ်ထားလိုက်ပါတယ်။ တကယ်ကတော့ သင်တွယ်(တကောင်း) ရောက်နေတဲ့ ဘုန်းကြီးတွေက တမ္ပဒီပ(ပုဂံဒေသ)ဟာ ဗုဒ္ဓသာသနာ ထွန်းကားဆဲဒေသ ဖြစ်လို့ သူတို့အတွက် အမှန်တကယ် လုပ်ငန်း တာဝန် မရှိလို့ တရုပ်ဧကရာဇ်ကို ပြောပေးပါ။ အဲဒီအခါ ဧကရာဇ်က သူလွှတ်တဲ့စစ်သည်သူရဲနဲ့ သံဃာကို ​ပြန်ခေါ်မှာပဲ ဆိုတဲ့အနေနဲ့ ရှင်ဒိသာပြာမုက်ကို အားကိုးတယ်။ သူတို့ကပဲ ရှင်ဒိသာပြာမုက်ကို လက်ဆောင်ပေးပြီး ကြိုဆိုတယ်။

ကျူးကျော်လာတဲ့ စစ်ဘက်အရာရှိတွေဆီမှာ သူတို့ရှင်ဘုရင်နဲ့ သွားတွေ့ချင်တယ်လို့ ဘုန်းကြီးတစ်ပါး လာပြောတာကို ချက်ချင်း ခွင့်မပေးလိုပါ၊ နောက်တော့ သူတို့လဲ ရဟန်းတော်တွေလိုပဲ လုပ်ငန်းတာဝန် မရှိဘဲ ဖြစ်နေတယ်၊ ရှင်ဘုရင်နဲ့ ရဟန်းရော လူပါ ပုဂံမှာ မရှိတော့ပါ၊ မခုခံဘဲ ပုန်းနေကြတယ်၊ ရန်သူက ရသမျှ ပစ္စည်း သိမ်းယူပြီး ပြန်ရုံပဲ။ ပြန်ခဲ့လို့ ဧကရာဇ်အမိန့် ကျအောင်တော့ ဒီဆရာတော်က ဆောင်ရွက်နိုင်လိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ဧကရာဇ်ဆီ အရောက် သွားခွင့်ပြုလိုက်ကြလို့ ယဆည်(ယုနန်မြို့တော်)ကို ရောက်ရတယ်။ ဟိုမှာပဲ မိုးကျလာလို့ တစ်ဝါဆိုပါတယ်။ ဝါကျွတ်မှ ခရီးဆက်တဲ့အခါ တယ်တူ(တရုတ်မြို့တော်)ကို ပြာသိုလ ရောက်ပါတယ်။ ရော​က်ရောက်ချင်း ဧည့်ခံစကားတော့ ပြောပါ တယ်။ "ပြည်မှုကာမဆိုဝ်ရ" သေးလို့ ရေးပါတယ်။ နောက် အချိန်ကာလ နည်းနည်းကြာတော့မှ "ပြည်တယ်စကာ ကိုဝ် ဆိုဝ်ကြလတ်တေ။" ​ပြောကြပုံကို ကျောက်စာပါစကားအတိုင်း ဖော်ပြပါ့မယ်။ (အောက်မြစ်ရှေ့ဆီး လိုသလို ထည့်ဖတ်)

-ပဏ္ဌိတ် ဤငါသုရယ် ၂ဝဝဝဝ နှဝ် မဟာထီသင်္ဃ္ထီသျင်နှင် သာသနာ(ပြု)လိယ်ဟု နှင်၏။

-မဟာရစ် ဤသုရယ် အလုံ၊ သင်္ဃ࿿ာအလုမ် စပါဟိမှတေ တည်ကြည်အံ။

စပါကာပြည် စည်းစိမ် အမြစ်မလော၊ ဤသူရယ်တိုဝ်သည် ထနိကိုဝ်တေစည်ရုယ် စပြိကာ ဝံနာရုယ် မသိယ်ကုန်ထလော။ ကြွင်သော သင်္ဃ࿿ာတိုဝ်လေပြည်တွင် မဝင်ငံ။ တဝ်သိုဝ်(ပြေး) ရုယ်သိယ်ကုန်ခသော တကာ။ မင်ကြီ ပြီပီသော အမှ မလော။ ဥယန်စိုက်သော ယောက်ယာကာရိယ်သွန်ရုယ် သစ်ပင်ကိုဝ်ကြီစိယ်၏။ အညွန်မဆိတ်တကာ။ သစ်ပင် သီပြီ​ သောတေ အသီစာ၏။ တံပြတိက် ပြည်ကိုဝ်လေ ရိယ်သွန်ဦလတ်သိယ် ငါယ်မူလေသာသနာမြတ်စွာ၊ မင်ကြီကာဖူရှာ ဆုတောင်သော သူမလော။ အဖကောတမ သာသနာကိုဝ် အဖျက်စိယ်လတ်ပိယ်၊ မင်ကြီနိုင်သော ပြည်ကာမျာလေမျာစွ ကြီလေကြီစွ။ တံပြတိက်ပြည် ကာ အငါယ်တွယ်။ သာသနာဟိသောကြောင်ရကာ ဖုရှာလောင်တိုဝ်ကာ ပြည်မြုတ်၏။ သုရယ်အဝင်စိယ် လတ်သိယ်။ ငါကာကောက် ပဲစိုက်လိယ်ဦအံ ကောက်ပယ်ပြီပိသော ကာဝင်။ ဤသိုဝ်ဆိုဝ် ပိယ်သော တေ။

ဤစကာတွင် ငါဖိုဝ်လေပါ၏၊ ပဏ္ဍဍိတ်လာရုယ် ပျိယ်ပျိယ်သသျင်တိုဝ်ကိုဝ် ခဝ်လိယ် ကောက်ပယ် လေ စိုက်လိယ်၊ ပြီပီ သော ငါ ကိုဝ်လွှတ်လတ်တုံ

အဲဒီစကား အဆုံးမှာ ငြိမ်းချမ်းရေးရတဲ့ သဘော ပါသွားပြီး ရှင်ဒိသာပြာမုက်လဲ တရုတ်ထံမှ ပြန်လာခဲ့ပါတယ်။

ဒီကျောက်စာမှာ

(၁) ပြည်အနောက်လှည်းကျတွင် မင်းကြီးနေ၏။

(၂) သျှင်ဒိသာပြာမုက် တေပါမှကာ အမှုဆောင်နိုင်အ့။

(၃) မင်းတို့ကား တမန်ကို မချုပ်ရာ

(၄) ပုဂံမှာ သာသနာပြုလေ

(၅) သူရဲအားလုံး သံဃာအားလုံး စပါးရှိမှ တည်ကြည်အံ့ စပါးကား ပြည့်စည်းစိမ်ပြည့်အမြစ်

(၆) ဤစကားတွင် ငါဖို့လဲ ပါ၏

အဲဒါတွေ နောက်ရေးတဲ့မှတ်တမ်းတွေမှာ မပါ၊ သို့မဟုတ် နောက်ရေးရာဇဝင်တွေနဲ့ မတူ။


ကလျာမဂ္ဂဇင်း၊ ဒီဇင်ဘာလ၊ ၁၉၉၂။

0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်