မြန်မာတွေ အငြင်းအခုံ ဖြစ်ကြလို့ တရားရုံး ရောက်တဲ့အခါ တရားသူကြီးက အမှုကို စစ်ဆေးပြီး ဆုံးဖြတ်ချက်ချတယ်။ ဖြတ်ချက်ကို အမှုရှင်နှစ်ဦးက ကျေနပ်ရင် လက်ဖက် အတူနှိုက်စားကြတယ်။ အဝခေတ်၊ ကုန်းဘောင်ခေတ် ဖြတ်ထုံးတွေ မှာ ဒီလိုပဲ တွေ့တယ်။ ပုဂံခေတ် အထောက်အထား ဆိုတဲ့ ကျောက်စာမှာ လက်ဖက် မတွေ့ဘူး။ ဒီတော့ ပုဂံခေတ်မှာ အမှု ကိစ္စတစ်ခု ပြီးပြတ်ရင် ဘာလုပ်သလဲဆိုတဲ့ မေးခွန်း ထွက်လာတယ်။ ကျောက်စာမှာ မြေဝယ်ပြီး ကျောင်း၊ ဘုရားမှာ လှူ တဲ့မှတ်တမ်းပဲ တွေ့မယ်။ လူပုဂ္ဂိုလ်တစ်ဦးက နောက်တစ်ဦးကို မြေရောင်းတယ်။ လူက ရဟန်းကို မြေလှူတယ်။ ပိုင်ရှင် အပြောင်းအလဲကို လူအများက သိဖို့ လိုတယ်။ ဒီခါမှာ သေ(စိမ်ရည်)နဲ့ အမဲသားစားကြတယ်။ ထိုအခါက ကွမ်းစားတဲ့ အလေ့ရှိပေမယ့် လက်ဖက်မရှိ။ ဆေး(Tabacco)မရှိ၊ အရက် (Arak) မရှိသေးလို့ "သိယ်သာစာသောက်ပါသတေ" လို့ပဲ မြေပိုင်ရှင် ပြောင်းတာကို မှတ်သားလိုက်ကြမယ်။ ကျောက်စာပါ တွေ့ဖူးသမျှ အထောက်အထားကို ဒီမှာ ထည့်သွင်းဖော် ပြပါမယ်။ (ကျောက်စာ စာလုံးပေါင်းအတိုင်း ဖြစ်ပါတယ်။)
သကရစ် ၆၁၁ ခု မြိက္ကသိုဝ်နှစ် ကြာသပတေနေအာ ကဆုန်
လပ္လည် သာသနာ ၅ဝဝဝ တည်စိမ်ဟု ဖုန်လင်ကသူ ငပံ
တောင် ကန်သင်ထက် ဆာကိုဝ်၊ ဖုံမ္ပသင်ကြံ ဘုမ္မဝတ္ထနာ၊
ငတက်သင်၊ ငကံသင် ညိရုယ်ရောင်ရကာ ကျောင်နေသသျင်
စန္တိမာဝဲသောခွက် ၅ဝ နွာလာတဖဂ် သာနွာတခု၊ သေခုနှစ်
လုံမ်၊ အဝတ်ဖျင် ငါ စည်လွှ သတေ။ (ဓာတ်ပုံ ၃၈ဝ၊ စာကြောင်း ၃-၇)
ရက်စွဲက ၂၇ ဧပြီ ၁၂၄၉ ဖြစ်တယ်။ အကြောင်းအရာက ဘုန်းကြီးသျှင်စန္ဒိမာ မြေဝယ်တယ်၊ ကြေး ၅ ပိဿာနဲ့ ဝယ်ရ တယ်။ သေနဲ့ အမဲသား စားသောက်ပွဲ လုပ်ဖို့ နွားအကြီးတစ်ကောင်၊ အငယ်တစ်ကောင်နဲ့ သေအိုးခုနစ်လုံး ပေးတယ်၊ ရောင်းသူငါးယောက်ကိုလည်း ဖျင်တစ်ထည်စီ ပေးသေးတယ်။ သေနဲ့အမဲအင်အားကို ကြည့်ပြီး စားသောက်တဲ့ပရိသတ် များမယ် ထင်ပါတယ်။
သကရစ် ၆၁၁ မြိဂ္ဂသိုရ်နှစ် နတ်၏လဆုတ် ၉ ရက်
တန်နှင်လာနိယ်…မ္လိယ် ဖိုဝ်ပိယ်သောအခါလေ သေ သံပျင်
ကလန် သူခပင် သတိုဝ်ကိုဝ်လျှင် အသိအမြင် ဟုရုယ် ဥတ်
တလာ ကန်ပိုင်ထက်နွာလာသင် ၁ ကောင် သိယ်အိုဝ်ခက်
၁ဝ စာသောက် ပိယ်ဧအ်။ (ဓာတ်ပုံ ၃၉၅၊ စာကြောင်း ၉-၁၇)
ရက်စွဲက ၂၉ နိုဝင်ဘာ ၁၂၄၉ ဖြစ်ပါတယ်။ နွားတစ်ကောင် သေဆယ်လုံး ဆိုတာ ပုံစံနှုန်း ဖြစ်မယ် ထင်ရပါတယ်။
သကရစ် ၆၂၅ ခု ပါဓ နှစ် နတ်၏လ္ဆန် ၅ ရျက် ၆
နိယ်အာ…မ္လိယ် ၅ဝ ကိုဝ်…သ္ခိင် သုတိသာ ငီရုယ် ဝယ်
ရ၏၊ …သိယ်ဖိုဝ် သာဖိုဝ် ၅ ပိဿာ ၁ျ။ အပေါင် ၁၄၆
ပိဿာ ၁ျ ပိယ်သတေ။ (ဓာတ်ပုံ ၂၄၄၊ စာကြောင်း ၁-၁၁)
ရက်စွဲက ၆ နိုဝင်ဘာ ၁၂၆၃ ဖြစ်ပါတယ်။ ဝယ်သူ ဘုန်းတော်ကြီး သခင်ဓမ္မဂုရုနဲ့သခင် သုတိသာတို့ ဖြစ်ကြပါတယ်။ မြေဖိုးရဲ့ ၄ ရာနှုန်းလောက် ဖျော်ဖြေရေးအတွက် သို့မဟုတ် အသိအမှတ် ပြုကြဖို့အတွက် သုံးရပါတယ်။
သကရစ် ၆၃၉ ခု၊ ဇယ်နှစ် တန်ဆောင်မှုန်လ္ဆန် ၅ ရက်
ပုတ္ထဟုနိယ် အာ၊ မင်ကြိဖွာအ်စ်…သ်ာဝ် ခါသေမင်ဖိုဝ်
သိယ်ဖိုဝ်သာ ဖိုဝ် လေ ၅၄ က္လျပ်။ (ဓာတ်ပုံ ၂၆၈၊ စာကြောင်း ၁-၈)
ရက်စွဲက ၁ အောက်တိုဘာ ၁၂၇၇ ဖြစ်ပါတယ်။ မြေတစ်ပယ် (၁ ဒသမ ၅ ဧက) ကို ငွေတစ်ကျပ်ပဲ ပေးရတယ်။ မြေ တန်ဖိုးရဲ့ ၅ ရာနှုန်းလောက်က သေသားအတွက် ဖြစ်ပါတယ်။
ခေါင်ရေသောက်တာက မူလဓလေ့ ဖြစ်တယ်။ ဗုဒ္ဓသာသနာဝင် ဖြစ်လာကြတော့ သာသနာရဲ့အဆုံးအမနဲ့ သေသောက်တဲ့ အလေ့ မပျောက်တပျောက် တဖြည်းဖြည်း ညှိ(Ambivalence) ယူကြရပါတယ်။ နောက်တော့ ကွမ်းဆေး လက်ဖက်နဲ့ အစားထိုးလို့ အောင်မြင်ခဲ့ပါတယ်။
ကလျာမဂ္ဂဇင်း၊ အမှတ် ၉၉၊ ၁၉၉၃။
0 comments:
Post a Comment
သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်