စာအုပ်အကဲဖြတ် -ဒေါက်တာသန်းထွန်း



အကဲဖြတ်တယ်ဆိုတာ သူများ ရေးထားတဲ့စာကို ရှင်းရှင်း ပြောတော့ ကောင်း မကောင်း၊ ရဲရဲဝံ့ဝံ့ ရိုးရိုးသားသား ပြော တာ ဖြစ်တယ်။ ပြောတဲ့လူက မြင်သလောက် ပြောဝံ့ဖို့ လိုတယ်။ အပြောခံရတဲ့ လူကလည်း ဟုတ်သလောက်တော့ ပြောပါစေပေါ့လို့ စိတ်ထားနိုင်ရမယ်။ တစ်ခါက နာမည်ကြီး နေ့စဉ်သတင်းစာ တစ်စောင် (ဟံသာဝတီနေ့စဉ်) မှာ စာအုပ် ဝေဖန်ခန်း ပါဖူးတယ်။ သူရေးပုံက စက္ကူချောတယ်၊ မင်ကျမင်န ကောင်းတယ် ဆိုတာလောက်နဲ့ ပြီးသွားတော့ စာအုပ် ကြော်ငြာသက်သက် ဖြစ်ပြီး သူရေးတဲ့စာကို အလေးဂရု မပြုတောပါ။ စာအုပ် ဝေဖန်တဲ့အခါ စာရေးဆရာ ဘယ်သူလဲ၊ ဘယ်အကြောင်းကို ရေးတာလဲ၊ ဘယ်သူ့အတွက် ရေးတာလဲ၊ ဘယ်အကြောင်းကို ရေးတာလဲ၊ ဘယ်သူ့အတွက် ရေးတာ လဲ၊ ဘာကို ရည်ရွယ်တာလဲ၊ ရည်ရွယ်တဲ့အတိုင်း ဖြစ်မြောက်ရဲ့လား၊ delux edtion လား၊ cheap edition လား၊ နောက် ဆက်တွဲ လာဦးမှာလား။ အဲဒါတွေကို ရှေ့နောက် ဆက်စပ်ပြီး ရေးတာကို စာအုပ်ရဲ့တန်ဖိုးဖြတ်ခြင်း Evaluation of the Book လို့ လွယ်လွယ် နာမည်​ မှည့်ထားပါတယ်။ ဒီအချက်တွေ လိုအပ်ကြောင်း ထင်ရှားအောင် နည်းနည်း ထပ်ပြီး ရှင်း ပြလိုပါတယ်။



စာရေးဆရာ ဘယ်သူလဲ ဆိုတဲ့အမေးကို ဘာကြောင့် မေးရသလဲဆိုတာကို ရှင်းလင်း ပြောပြလိုပါတယ်။ စာရေးသူက စာရေးဖို့ ဝါသနာပါလို့၊ မရေးဘဲ မနေနိုင်လို့၊ ဟိုဟာဒီဟာ အတိုအထွာ ရေးမိပါတယ် ဆိုတဲ့လူ ရှိသလို၊ အကြောင်းအရာ တစ်ခုခုကို စူးစိုက် လေ့လာပြီး၊ ကိုယ်သိတဲ့ အသိသစ်ကို ဝေငှဖို့ တာဝန် ရှိတယ်ဆိုတဲ့ သဘောနဲ့ စာတမ်း ရေးတယ်။ ဖတ်တယ်၊ စာအုပ် တစ်အုပ် ဖြစ်အောင် ပြုစုတယ်ဆိုတာလည်း ရှိပါတယ်။ ဒီလို လုပ်နိုင်မှ ဝေဖန် ဆွေးနွေးခြင်း ပြင်ဆင် ဖြည့်စွက်ခြင်း ဆိုတာ ရှိနိုင်တယ်။ အဲဒီလို ဆွေးနွေးလိုက်တဲ့အခါ၊ စာရေးသူမှာ စာဖတ်ပရိသတ်က မိမိ အယူအဆကို လက်ခံတယ် ကန့်ကွက်တယ် ဆိုတာမျိုးကို သိရှိပြီး၊ ပြင်ဆင် ဖြည့်စွက်ခွင့် ရတဲ့အတွက် အများကြီး အကျိုးရှိနိုင်ပါတယ်။ "ထ ပြောက ပေါတောတောတွေ ပြောနေရင်လည်း၊ သဘာပတိက တားမြစ်ပေးပါလိမ့်မယ်။ ခေါင်းဆောင်ပြီး ပြောတဲ့လူ ကလည်း ခပ်ကြောင်ကြောင် ဖြစ်တတ်ပါသေးတယ်။ အလားတူပဲ စာရေးဆရာက ခပ်ညံ့ညံ့ ဖြစ်တတ်ပါတယ်။" ဥပမာ တစ်ခုပြရရင် ပုဂံ အကြောင်း ရေးရင် ဖတ်တဲ့လူ များမယ် ဆိုပြီး၊ ဝတ္ထုရေးဆရာက ပုဂံလမ်းညွှန် ဝင်ရေးတာလည်း ရှိပါ တယ်။ တချို့က မှားချင်လည်း မှား၊ ကိစ္စမရှိ၊ ဝယ်ဖတ်တဲ့ နိုင်ငံခြားသားက မှားမှန်း သိမှာ မဟုတ်လို့ သဘောထားပြီး ပုဂံ လမ်းညွှန်မျိုး၊ ဘုရားစုံသမိုင်းမျိုးကို အင်္ဂ္လိပ်ဘာသာနဲ့ ရေးသား ထုတ်ဝေပါတယ်။ ဖြစ်ဖို့ ကောင်းတာကတော့၊ ကိုယ့် စကား မှန်ကန် တိကျဖို့ ကိုယ်တိုင် တာဝန်ယူသင့်ပါတယ်။ ဈေးကွက်ကို ကြည့်ပြီး မရေးသင့်ပါ။ စာအုပ်ဝေဖန်သူက ဒီ စာအုပ်ဟာ ဈေးကွက်ကို ကြည့်ပြီး ရေးတဲ့စာအုပ် ဖြစ်တယ်လို့ တွေ့ရင်လည်း မညှာပါနဲ့၊ ကဲ့ရဲ့ရှုတ်ချပါ။ နောက် တစ်မျိုး ပြောရရင် စာရေးသူဟာ "သတင်းစာဆရာလား သုတေသီလား" စုံစမ်းပြီးမှ (အားကိုးလောက်မှ) သုံးပါလို့ ပြောချင်ပါ တယ်။ သတင်းစာက သတင်းပဲ ပေးမယ်၊ ပညာ မပေးပါ။ ဂျာနယ်ကသာ ပညာပေးနိုင်ပါတယ်။ စာအုပ်တစ်အုပ်ဟာ အဖုံးကောင်းရုံးနဲ့၊ အတွင်းစာ ကောင်းချင်မှ ကောင်းမယ်။ ဒါကြောင့် ဘယ်လိုပုဂ္ဂိုလ် ရေးသလဲလို့ စစ်ဆေးဖို့ ဖြစ်ပါ တယ်။

ရေးတဲ့လူကို သိပြီးတဲ့နောက် ဘယ်သူ့အတွက် ရေးတာလဲ ဆိုတာကို ထပ်ပြီး စစ်ဆေးစေချင်ပါတယ်။ ဦးဝန်နဲ့ဦးဘ ဟာ ပညာရှိကြီးတွေ ဖြစ်တယ်။ အားကိုး အားထား ပြုလောက်တဲ့ ကျမ်းကြီးတွေကို ပြုစုကြတယ်။ သူတို့နှစ်ယောက်ပေါင်းပြီး သူငယ်တန်း ဖတ်စာအုပ်ကို ထုတ်တဲ့အခါ "ဒါ ငါဖို့ မဟုတ်ပါ" လို့ ချက်ချင်းသိသလို၊ တခြားစာအုပ်တွေကိုလည်း သိဖို့ ကြိုးစားပါ။ စာဖတ်သူဆိုရင် အကြမ်းအားဖြင့် ခပ်လွယ်လွယ် ခပ်ပေါ့ပေါ့စာကို ဖတ်သူနဲ့၊ လေးနက်တဲ့ အတွေးအခေါ်နဲ့ စာကို ဖတ်သူရယ်လို့ ခွဲရမယ်၊ အပြင်းပြေ (ဖြေဖျော်ဖို့ entertainment) ဖတ်ချင်တာလား၊ ပညာရှာတဲ့သဘောနဲ့ (အသိ သစ်၊ အမြင်သစ်)ကို ရှာလိုတဲ့သဘောလား ဆိုတာ၊ ခွဲခြားဖို့ လိုပါတယ်။ စာဖတ်သူတွေက… စာရေးဆရာနာမည်၊ စာ အုပ်နာမည်၊ ပုံနှိပ်ထုတ်ဝေတဲ့တိုက်၊ နေရာနဲ့၊ ပုံနှိပ်ထုတ်ဝေတဲ့ နှစ်တွေကို ကြည့်ပြီး၊ ဒီစာအုပ်ကို ငါဖတ်သင့် မဖတ်သင့် ဆုံးဖြတ်မှာ ဖြစ်ပါတယ်။ စာကြည့်တိုက်သုံး ဝေါဟာရကို သုံးရင်၊ ဒီစာအုပ်ဟာ "ရသ"လား၊ "သုတ"လား ဆုံးဖြတ်ရ မယ်။ ဒါတွေကို စာအုပ်ရှေ့ပိုင်းက အမှာစာနဲ့မာတိကာက၊ အတော်ပြည့်ပြည့်စုံစုံ ပြောနိုင်ပါလိမ့်မယ်။ တန်ဖိုးဖြတ်ခြင်း evaluation ဖြစ်ပါတယ်။ စာဖတ်များလာတဲ့အခါ ဒီကိစ္စကို မြန်မြန် လုပ်လို့ရပါတယ်။ ဒေါက်တာမောင်ဖြူး (Gwan Leong) ဆိုရင်၊ အဲဒီလို ဖတ်ပြီး ဆုံးဖြတ်လေ့ရှိတယ်လို့ သိရပါတယ်။ ဒါမှမဟုတ်ရင် (နေ့စဉ်)သတင်းစာ၊ (သတင်းစဉ်) ဂျာနယ်၊ (လစဉ်)မဂ္ဂဇင်း၊ နှစ်ချုပ်စာစောင်တွေမှာ စာအုပ်အကဲဖြတ်(Book Review) ပါတတ်တယ်။ အိန္ဒိယ၊ တရုတ်၊ ဂျပန်၊ ဥရောပ၊ အမေရိကနိုင်ငံတွေမှာ စာအုပ်သစ် ထွက်သမျှနီးနီး စာအုပ်အကဲဖြတ် ထည့်ပေးလေ့ ရှိပါတယ်။ စာကြည့် တိုက် တစ်ခုခုကို ဝင်ပြီး စာအုပ်အကဲဖြတ်တွေကို ဖတ်လေ့ရှိကြတယ်။ ကြိုက်ပြီဆိုမှ ကိုယ်ပိုင်သိမ်းဖို့ ဝယ်ကြတယ်။ မြန်မာနိုင်ငံက နိုင်ငံခြားကို ပညာတော်သင် သွားတဲ့လူတွေလည်း ဒီအလေ့ကို ရပြီး စာကြည့်တိုက်မှာ Book Review ကို အရင်ဖတ်ပြီး ကြိုက်မှ စာအုပ်ကို ထုတ်ပြီး ဖတ်တယ်။ ငှားတယ်။ စာအုပ်တွေက ပညာရပ် အမျိုးမျိုး ဖြစ်လို့ ဆိုင်ရာ ဆိုင်ရာပုဂ္ဂိုလ်တွေက စာအုပ် အကဲဖြတ်ချက်ကို ရေးလေ့ ရှိပါတယ်။ တစ်နည်း ပြောတော့ ဝေဖန်ရေးဆရာရဲ့ မှတ်ချက် ဟာ အားကိုးလောက်ပါတယ်။

(၁) ဝေဖန်သူဟာ ရိုးသားတယ်၊ မျက်နှာမထောက်၊ အပြစ်ဆိုစရာ ရှိရင် ပွင့်ပွင့်လင်းလင်း ဆိုမယ်၊

(၂) သူ့ကို အဆိုးပြောတယ်ဆိုပြီး ရန်သူ သဘောမထားပါ။ အမှားကို ထောက်ပြရင်း အမှန်ကို ညွှန်တယ်လို့ပဲ မြင်ပါတယ်။

ဒါကြောင့် စာဖတ်ပရိသတ်က စာအုပ်သစ်အကြောင်းကို အားကိုးလောက်တဲ့ ပညာရှင်တစ်ဦးဦးရဲ့ review ကို ဖတ်ပြီးမှ ဝယ်လေ့ ရှိပါတယ်။ သို့မဟုတ် စာအုပ်ကို စာကြည့်တိုက်က ငှားဖတ်ပြီးမှ ကြိုက်ရင် ဝယ်ပြီး သိမ်းပါတယ်။ စာအုပ်ထုတ် ဝေသူကလည်း သာမည ဖတ်ဖို့ cheap edition ထုတ်တယ်။ ဈေးပေါစာအုပ် ဖြစ်ပါတယ်။ စာအုပ်ကို သိမ်းမယ့်လူအ တွက် ခန့်ချုပ် delux edition ကိုလည်း ထုတ်ပေးထားပါတယ်။ ကျွန်တော် ရေးတဲ့စာအုပ်ကို အရောင်းဆိုင်တင်ပုံကို မေးကြည့်တယ်။ ကျွန်တော့်စာအုပ်က ချက်ချင်း ကုန်သွားတာမျိုး မဖြစ်နိုင်၊ နှစ်နှစ် သုံးနှစ် ရောင်းရင်တော့ ကုန်ပါတယ် လို့ ပြောတယ်။ ဒါကြောင့် ကျွန်တော့်အနေနဲ့ စာအုပ်ရေးပြီး အသက်မွေးလို့ ဘယ်မှာ ဖြစ်နိုင်ပါ့မလဲလို့ သိပါတယ်။ ပြည်သူ့ စာပေ ထုတ်ဝေရေးပိုင်ရှင်၊ ကွယ်လွန်သူ သခင်ကျော်စိန်က "ကျွန်တော်တို့မှာ အကျိုးအမြတ်များတဲ့ စာအုပ်တွေ ရှိပါတယ် ခင်ဗျားရဲ့ ခေတ်ဟောင်း မြန်မာရာဇဝင်စာအုပ်ကို ကျွန်တော် အရှုံးခံပြီး ထုတ်ပေးပါ့မယ်" ဆိုပြီး သူပိုင် ဒဂုံစာအုပ်တိုက် က ထုတ်ပေးဖူးပါတယ်။ စောင်ရေ မများပေမယ့် သုံးနှစ်ကြာမှ ပထမပုံနှိပ်ခြင်း ကုန်ပါတယ်။

ဖြည့်စွက်ချက်

သူငယ်ချင်း အုံးခိုင်က "မင်းစာအုပ်ရေးတာ ပိုက်ဆံရသလား၊ ရာထူး တိုးသလား" လို့မေးတယ်။ "ပိုက်ဆံမရ၊ ရာထူး မတိုး" လို့ဖြေတော့ "မရေးနဲ့"လို့ ခပ်မာမာ ပြောပါတယ်။ သူ့မှတ်ချက်ဟာ စာအုပ်အကဲဖြတ်ချက်
ကြောင်း တစ်ခု ဖြစ်ပါ တယ်။ စာအုပ်သစ်ဟာ အရောင်းရ တွင်ကျယ်တယ်ဆိုတာလည်း အကဲဖြတ်ချက်တစ်ခု ဖြစ်ပါတယ်။

မိုးဂျာနယ်၊ အောက်တိုဘာ၊ ၂ဝဝ၅၊ ၁၇၆-၁၇၉။

0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်