ရှေးခေတ်ကဆည်မြောင်း - ဒေါက်တာသန်းထွန်း



ပုဂံခေတ် ကျောက်စာတချို့အားကိုးနဲ့ ဆည်မြောင်းအကြောင်းကို ပြန်ပြီး စစ်ဆေးကြည့်တော့ အများ ပြောလေ့ရှိပုံကို နည်းနည်းတော့ ပြင်ဆင်ရမယ် ထင်တယ်။ ပုဂံအနားက အနောက်ဖွားစောရွာ ဓမ္မရာဇိက ဘုရား အရှေ့မုခ်ဂူထဲက ကျောက်စာအရ ဓမ္မရာဇိကဘုရားကို ဇေယသူရမင်းကြီး တည်တယ်။ မြန်မာဆန်ဆန် ဇေယသူရကို စည်သူလို့ ခေါ်ကြ တယ်။ ပြီးတော့ အထက်က စည်သူမင်းတစ်ပါး ရှိဖူးလို့ အရင်စည်သူကို အလောင်းစည်သူ (၁၁၁၃-၁၁၆၃) လို့ခေါ်လေ့ ရှိပြီး အခု စည်သူကို နရပတိစည်သူ (၁၁၆၉-၁၂၁၁) လို့ ခေါ်လေ့ ရှိကြပါတယ်။ အဲဒီနောက်မှာ ဥစ္စနာ (၁၂၄၆-၁၂၅၆) ကလည်း ကျောက်စာထဲမှာ စည်သူလို့ပဲ ဘွဲ့အမည်ကို ရေးပြန်တယ်။ တရုတ်ပြေး (၁၂၅၆-၁၂၈၇) ကလည်း စည်သူပဲ။



ဒါ့ကြောင့် အဝခေတ်မှာ မင်းခေါင်တွေကို ပထမမင်းခေါင်၊ ဒုတိယမင်းခေါင် ခေါ်သလို ပုဂံခေတ်က စည်သူတွေကိုလည်း ပထမစည်သူ၊ ဒုတိယစည်သူ၊ တတိယစည်သူနဲ့စတုတ္ထစည်သူလို့ ခေါ်လေ့ ရှိကြပါတယ်။ အခု သစ်မတီအရပ်မှာ ရှိတဲ့ ဓမ္မ ရာဇိကစေတီ တကာတော်ကိုလည်း ဒုတိယစည်သူလို့ ခေါ်လေ့ရှိပါတယ်။ ဒုတိယစည်သူရဲ့ ခမည်းတော် ပထမစည်သူရဲ့ ဘွဲ့က သိရီတြိဘုဝနာဒီတျပဝရပဏ္ဍဍိတ ဓမ္မရာဇ နရပတိ ဖြစ်ပါတယ်။ ဇမ္ဗူဒီပမှာ တန်ခိုးကြီးတယ်လို့ ကျော်ကြားတဲ့မင်း ဖြစ်တယ်လို့ သူ့သားတော် ဒုတိယစည်သူက ဓမ္မရာဇိက ကျောက်စာမှာ ထည့်သွင်း ဖော်ပြခဲ့ပါတယ်။ ဒုတိယစည်သူက သူ နန်းစံရာ နေပြည်တော်က အရိမဒ္ဒနပူရ၊ နိုင်ငံက အရှေ့သံလွင်မြစ်၊ တောင်ထဝယ်၊ တနင်သာရီ၊ သလင်ကြေ (Cape Salang)၊ အနောက်(ချင်း​)တောင်၊ ပတိက္ကရာ၊ မြောက်တကောင်း၊ ငဆောင်ချံ ဖြစ်တယ်။ သူ့မှာ စစ်သူရဲ တစ်ဆယ့်ငါး သိန်းရှိတယ်လို့တောင် ကျောက်စာထဲမှာ ဖော်ပြတယ်။ (သုညတစ်လုံး ဖြုတ်ပြီး တစ်သိန်းခွဲ နှစ်သိန်းဆိုရင် ဟုတ်​လောက် စရာ ရှိပါတယ်။)

ဒုတိယစည်သူမင်းကြီးက ဘုရား တည်မယ်ဆိုပြီး ၇ အောက်တိုဘာ ၁၁၉၆ နေ့က သစ်မတီအရပ်မှာ မြေနေရာ ရွေးတယ်။ ငါးမြှောင့်တိုင် ဖြူဖြူ တစ်တိုင်မြင်တော့ နိမိတ်ကောင်းပဲ ဆိုပြီး တွေ့တဲ့နေရာမှာ ပန်နက်ပုံ ထောင့်ငါးထောင့် ရှိပြီး အရံ တန်ဆောင်းငါးဆောင် ရှိတဲ့ စေတီတစ်ဆူ တည်ဖို့ ဆုံးဖြတ်တယ်။ အဲဒါကို သစ်မတီရပ်မထေရ် (မဟာထေရ) ကိုလည်း အကြောင်း ကြားတယ်။ ငွေတော်လည်း လေးသောင်းခွဲ ထုတ်ပေးတယ်။ သီဟိုဠ်မင်းဆီက ရထားတဲ့ ဘုရားဓာတ်တော် အဆူ ၃ဝ ကို ဌာပနာပြီး စေတီကို တည်တယ်။ ပြီးတဲ့အခါ ၁၈ စက်တင်ဘာ ၁၁၉၈ မှာ အထွတ် တင်တယ်။

ဘုရား ပြီးပြီဆိုတော့ သံဃာအပါးတစ်ထောင်အတွက် သင်္က္န်းအစုံ တစ်ထောင် လှူတယ်။ ရတနာသုံးပါးကို လုပ်ကျွေး ပြုစုဖို့ ကျွန်တစ်ထောင်လည်း လှူတယ်။ ဘုရားမြေဆိုပြီး မြေပယ်ပေါင်း ခုနစ်ထောင့်ငါးရာလောက် လှူတယ်။ တစ်ပယ် ကို ၁ ဒသမ ၇၅ ဧက ရှိလေတော့ ဘုရားမြေ အစုစု ဧကပေါင်း ၁၃၁၂၅ ဧကလောက် လှူလိုက်တာ ဖြစ်တယ်။

မြေလှူတဲ့အခါ ဆည်ရေသောက် လယ်တွေကို ခရိုင်ဒေသကရော၊ တိုက်အရပ်ကပါ မျှတပါဝင်အောင် ရွေးပြီး လှူခဲ့တယ်။ ခရိုင်နဲ့တိုက်ကို ဘယ်နေရာတွေမှာ တွေ့နိုင်တယ်။ ဘယ်တုန်းက စပြီး ဒီနေရာတွေမှာ ဆည်မြောင်းနဲ့ရေသွင်းပြီး စပါး စိုက်တယ်ဆိုတာ ရှင်းဖို့ လိုပါတယ်။ ပထမဦးဆုံး ဆည်ရေသောက် လယ်ရှိတဲ့နေရာတွေကို "ခရိုန်"လို့ခေါ်ပါတယ်။ အခု ခေတ် စာလုံးပေါင်းကတော့ "ခရိုင်"ပေါ့။

ကျောက်ဆည်နယ်မှာ ခရိုင်ဆိုတဲ့နာမည်နဲ့ တွဲပြီး ခေါ်တဲ့ရွာ တစ်ဆယ့်တစ်ရွာ ရှိတယ်။ မန္တလေးနယ်မှာတော့ ခရိုင်တစ်ရွာ ပဲ ရှိတယ်။ မင်းဘူးနယ်မှာ ခရိုင်ခြောက်ရွာ ရှိတယ်။ အဲဒီနေရာတွေမှာ မြန်မာတွေထက် စောပြီး မွန်၊ ကရင်နဲ့ကဒူးတွေက အရင် အနှစ် နှစ်ထောင် ဝန်းကျင်ကပဲ စပါး စိုက်နေကြပါပြီ။ နောင်အခါ စပါးကို ဆည်ရေ အားကိုးနဲ့ စိုက်တဲ့ပညာကို မြန်မာတွေ တတ်ကျွမ်းလာတဲ့အခါ စပါးစိုက်ခင်းကို တိုးချဲ့ပါတယ်။ နောက်တိုးဒေသကို "တိုက်"လို့ ခေါ်ပါတယ်။ အဲဒီလို တိုးချဲ့ခဲ့တာက အရင် အနှစ် ခုနစ်ရာလောက်က ဖြစ်ပါတယ်။

တစ်ဆယ့်တစ်ခရိုင်

ကျောက်ဆည်နယ်မှာ ရှိတယ်။ တောင်က မြောက်ကို အစဉ်လိုက် ဖော်ပြရင်

၁။ ပင်လယ် (နတ်ထိပ်တောင်ကြားလမ်းနဲ့အနီးဆုံး တစ်ဆယ့်တစ်ခရိုင်မှာ တောင်ဘက်အကျဆုံး၊ အခု ရွာဆိုးကုန်း)

၂။ ပြည်မနား (မီးရထားလမ်းပေါ်က မြို့မဟုတ်၊ ပန်းလောင်မြစ် အနောက်ဘက်၊ ကူမဲမြောက်ဘက်၊ အခု ရွာဆိုးကုန်း)

၃။ မြစ်သား (အခု မြို့၊ ပန်းလောင်မြစ် အရှေ့ဘက်)

၎။ ရငုန် (အခု ရွာမုံကြီး၊ ပန်းလောင်မြစ်နဲ့စမုံမြစ်ဆုံ)

၅။ မြင်းခုန်တိုင် (အခု မြို့၊ ပန်းလောင်မြစ် အရှေ့ဘက် ကမ်းပါး)

၆။ ပနန် (ကျောက်ဆည်မြို့ အနောက်၊ ပန်းလောင်မြစ် အရှေ့ဘက်ကမ်း၊ အခု ရွာဆိုးကုန်း)

၇။ တမုတ် (ပန်းလောင်မြစ်နဲ့ဇော်ဂျီမြစ်ဆုံ၊ အခု ရွာဆိုးကုန်း)

၈။ သင်တောင် (ကျောက်ဆည်မြို့မြောက်၊ ဇော်ဂျီမြစ် အနောက်၊ စွန်ရဲကန်အနီး၊ အခု ရွာဆိုးကုန်း)

၉။ မက္ခရာ (အခု မြို့၊ ဇော်ဂျီမြစ်နဲ့မြစ်ငယ်မြစ်ဆုံ)

၁ဝ။ တပြက်သာ (မက္ခရာမြို့အနောက်၊ အိုးထိန်းတောင်ဝန်းကျင်၊ အခု ရွာဆိုးကုန်း)

၁၁။ ခံမှူ (မွန်ရွာဟောင်း၊ ပန်းလောင်မြစ်နဲ့မြစ်ငယ်မြစ်ဆုံ)

တစ်ခရိုင်

မန္တလေးနယ်

မင်းဘူးနယ်၊ ကျောက်ဆည်နယ်က တစ်ဆယ့်တစ်ခရိုင်လို့ နာမည်စာရင်း မရှိ။ တောင်က မြောက် အစဉ်လိုက် မှန်းဆချက်

၁။ စကု

၂။ မပင်စရ

၃။ ကျက်သကိုင်

၎။ ယပကော

၅။ စလင်း

၆။ အော့လိုင်

တိုက်

မုံရွာအောက် ချင်းတွင်းမြစ်ရိုးနဲ့ တကောင်းအောက် ဧရာဝတီမြစ်ရိုး နှစ်ရိုးအကြား တောင်က မြောက် အစဉ်လိုက်

၁။ လတွေ

၂။ မုဆိုးခြုံ

၃။ မုဆိုးဖို

၎။ ပင်စည်

၅။ ညံ့သာ

ချင်းတွင်းမြစ် အနောက်ဘက်ကမ်း၊ ငါးခုံယမားချောင်းနဲ့ ယမားချောင်း နှစ်ခုအကြား ပင်ကျီဆယ်တိုက်၊ တောင်က မြောက် အစဉ်လိုက် မှန်းဆချက်

၁။ ငါးခုံ

၂။ ကျားတက်

၃။ ချောင်းဆုံ

၎။ ပုလဲ

၅။ မင်းတိုင်ပင်

၆။ ဆားလင်းကြီး

၇။ ဆားထုံး

၈။ ချင်ပြစ်

၉။ အိုင်းမ

၁ဝ။ ယင်းမာပင်

ဧရာဝတီမြစ် အနောက်ဘက်ကမ်း

၁။ တမာခါး (ယောမြစ်ညာ)

၂။ ပူဇော် (ခြောက်ခရိုင်အစပ်)

၃။ မုန်းတောင် (မုန်းချောင်း တောင်ဘက်ကမ်း)

ဧရာဝတီမြစ် အရှေ့ဘက်ကမ်း

၁။ တောင်တွင်းကြီး

အထူးမှတ်ချက်။ခရစ်နှစ် တစ်ဆယ့်သုံး ရာစုနှစ်ကုန်မှာ တရုတ်က တူးပေးသွားတယ်ဆိုတဲ့ သင်းတွယ်မြောင်ကို ခရစ် နှစ် ၁၂၉၈ က ကျောက်စာမှာ တွေ့တယ်။ ကျောက်စာမှာ တွေ့တဲ့နှစ်ထက် အနည်းဆုံး အနှစ်ငါးရာကျော်ကပဲ ဂဒူးတွေ တူးခဲ့လို့ သူတို့အများစုနေရာ သင်းတွယ် (တကောင်း)ကို စွဲပြီး သင်းတွယ်မြောင် ခေါ်တာ ဖြစ်မယ်လို့ ထင်ပါတယ်။ဿ

အညွှန်း ဓမ္မရာဇိကဘုရားကျောက်စာ (ဓာတ်ပုံ ၁၉၊ ၂ဝ)

ကလျာမဂ္ဂဇင်း၊ ၁၉၉၂၊ ဇူလိုင်လ၊ အမှတ် ၈၉။

0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်