ပနားမား စာရွက်စာတမ်းများအကြောင်း သိကောင်းစရာ ခုနစ်ချက် - Seven Fact About Panama Document

နိုင်ငံတကာ စုံစမ်းထောက်လှမ်းမှုဆိုင်ရာ ဂျာနယ်လစ် များ အဖွဲ့ချုပ် (ICIJ) သည် ပေါက်ကြားလာသော စာရွက်စာတမ်းပေါင်း များစွာကို ဖြန့်ချိခဲ့သည်။ ယင်းစာရွက် စာတမ်းများကို “ပနားမား စာရွက်စာ တမ်းများ” ဟု အမည်ပြောင်ဖြင့် ခေါ်ဆိုကြသည်။ ယင်းနှင့် ပတ်သက်သော သိကောင်းစရာ ခုနစ်ချက် ကို ဖော်ပြပေးလိုက်ပါသည်။
(၁) ပနားမား စာရွက် စာတမ်းများဟူသည် အဘယ် နည်း။
ICIJ နှင့် နိုင်ငံ တကာ မီဒီယာများ ညွန့်ပေါင်းအဖွဲ့ တစ်ဖွဲ့တို့သည် ကြီးမားလှသော စာရွက်စာတမ်း အစု အဝေးကြီးနှင့် ပတ်သက်၍ စုံစမ်းထောက်လှမ်းမှု များ ပြုလုပ်ခဲ့သည်။ ယင်းတွင် ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် ပတ်သက်နေသူများ ပါဝင်သည့် လျှို့ဝှက်ကွန်ရက် များနှင့် အမေရိကန်က ခြစားမှုအတွက် စုံစမ်း စစ်ဆေးနေသူများနှင့် ဖီဖာ ကျင့်ဝတ် ထိန်းသိမ်းရေး ကော်မတီဝင် တစ်ဦးတို့အကြား လုပ်ငန်း ဆက်သွယ်မှုများကို ဖော်ထုတ်ပြ ထားသည်။
(၂) ယင်းတို့ကို အဘယ့်ကြောင့် ပနားမား စာရွက်စာတမ်းများဟု ခေါ်ဆိုသနည်း။
လွန်ခဲ့သည့် ဆယ်စုနှစ် လေးခုစာအထိ သက်တမ်းရှိသော စာရွက်စာတမ်းပေါင်း ၁၁ သန်းကျော်သည် ပနားမား ဥပဒေ ကုမ္ပဏီကြီး တစ်ခုဖြစ်သော မော့ဆက် ဖွန်ဆီကာနှင့် ဆက်နွှယ်နေသည်။ ICIJ ၏ ဖော်ပြချက်အရ အဆိုပါ ကုမ္ပဏီကြီးသည် ကမ္ဘာတစ်လွှားရှိ သြဇာအာဏာ ရှိသူများ အတွက် လျှို့ဝှက် အယောင်ပြ ကုမ္ပဏီများ ထူထောင်ရန်နှင့် ပြည်ပ၌ လျှို့ဝှက်ဘဏ်စာရင်းများ ဖွင့်ထားရန် အကူအညီပေးနေသော ကုမ္ပဏီဖြစ်သည်။ အခွန်ရှောင်သူများအတွက် နိဗ္ဗာန်ဘုံဟု ခေါ်ဆိုသော အိန္ဒိယသမုဒ္ဒရာ အတွင်း ရှိ ဆေရှယ်ကျွန်းစု၌ မှတ်ပုံတင် ထားသော ကုမ္ပဏီပေါင်း ၁၄,၀၈၆ အနက် ၂၀၄ ခု၏ ပိုင်ရှင် အစစ်အမှန်များကိုသာ မည်သူမည်ဝါ များဖြစ်ကြောင်း မော့ဆက် ဖွန်ဆီကာက သိသည်ကို ၂၀၁၅ ခုနှစ် စာရင်းစစ်ချက်အရ သိရှိရသည်ဟု ICIJ က ဖော်ပြခဲ့သည်။
(၃) စာရွက်စာတမ်းများထဲ၌ မည်သူတို့ကို ဖော်ပြထားသနည်း။
ယင်းစာရွက်စာတမ်းများထဲ၌ ရည်ညွှန်းဖော်ပြထားသူများထဲတွင် လက်ရှိ ကမ္ဘာ့ခေါင်းဆောင်နှင့် ကမ္ဘာ့ခေါင်းဆောင်ဟောင်း ၁၂ ဦး ပါဝင်သည့်အပြင် အခြားနိုင်ငံရေးသမားနှင့် အစိုးရ အာဏာပိုင်ပေါင်း ၁၂၈ ဦးလည်း ပါဝင်ခဲ့သည်။ ရုရှားခေါင်းဆောင် ဗလာဒီမာ ပူတင်ကိုယ်တိုင် ပါဝင်ခြင်း မရှိသော်လည်း သူနှင့် အနီးကပ် ပတ်သက်နေသူများ ပါဝင်သကဲ့သို့ ဖီဖာနှင့် ပတ်သက်နေသူများလည်း ပါဝင်နေသည်။ အိုက်စလန် ၀န်ကြီးချုပ် ဆစ်ဂမန်ဒါဒေးဗစ်ဂန်လောင်ဆန်သည် သူ၏ ဇနီးမှတစ်ဆင့် ပြည်ပ၌ အယောင်ပြ ကုမ္ပဏီ ထူထောင် ထားကြောင်း ဖော်ပြထားသကဲ့သို့ အာဂျင်တီးနား သမ္မတ မော်ရစ်ရှိုမာခရီသည်လည်း သူ၏ ပိုင်ဆိုင်မှု ကြေညာ ချက်၌ ဖော်ပြ မထားသည့် လျှို့ဝှက်ကုမ္ပဏီတစ်ခု ရှိနေကြောင်း ဖော်ပြထားသည်။ ပနားမား အရှုပ်တော်ပုံ မတိုင်မီ ICIJ ၏ သီးခြားမှတ်တမ်း တစ်ခုတွင် မြန်မာနိုင်ငံဟူသော ခေါင်းစဉ်အောက်၌ အမည်စာရင်း ၁၇ ခု ပါဝင်ခဲ့သည်။ ယင်း၌ မြန်မာ အမည်များအဖြစ် ဦးအောင်ကျော်မြင့်၊ ဦးအေးဇော်ဝင်း၊ ဒေါက်တာဥမ္မာမိုးမြင့်၊ ဦးကျော်ဝင်း၊ ဦးမောင်မောင်ဆွေ တင်၊ ဒေါ်မြသီတာဆွေ တင်၊ ဒေါ်မြမြစိုး၊ ဦးသုတ၊ ဦးဌေးမြင့်၊ ဦးမိုးမြင့် (မိုက်ကယ်မိုးမြင့်)၊ ဦးမြင့်ဆွေနှင့် ဦးမျိုးတင်တို့ ပါဝင်ခဲ့ သည်။ မြန်မာခေါင်းစဉ်အောက်မှာပင် အင်္ဂလိပ် အမည်များဖြင့် ဖော်ပြထားမှုထဲတွင် Jonathan W.Smith၊ Earnest Howard Bolton II၊ Quamruddin Ahmed၊ William Mark Hilsma နှင့် Financecorp Limited လုပ်ငန်းစုများ ပါဝင်သည်။ မြန်မာခေါင်း စဉ် အောက်မှာပင် Poscelin Myanmar Limited၊ Myanmar-Search Company Limited၊ CNOOC Myanmar Ltd. နှင့် CNOOC Myanmar Holding Ltd တို့ ပါဝင်သည်။
(၄) စွပ်စွဲခံရသူများက မည်ကဲ့သို့ တုံ့ပြန်ခဲ့သနည်း။
ရုရှား အစိုးရက ယင်းတို့သည် ရွေးကောက်ပွဲ မတိုင်မီ ပူတင်ကို သိက္ခာချရန် ရည်ရွယ်သည့် လုပ်ကြံ အပုပ်ချမှုများ ဖြစ်သည်ဟု ဆိုကာ ပယ်ချခဲ့သည်။ အိုက်စလန် ၀န်ကြီးချုပ်ရုံးမှ ထုတ်ပြန်သော ကြေညာချက်တွင် အိုက်စလန်ဝန်ကြီးချုပ်နှင့် ဆက်နွှယ်နေသော ပြည်ပမှကုမ္ပဏီသည် သူ့ဇနီး၏ ပိုင်ဆိုင်မှုဖြစ်ပြီး အခွန်ရှောင်မှု မရှိကြောင်းနှင့် အိုက်စလန်၌ အကျိုးစီးပွား ထိပ်တိုက်တွေ့မှု မဖြစ်အောင် ပြည်ပ၌ ထားရှိခြင်းဖြစ်ကြောင်း ဖော်ပြခဲ့သည်။ အာဂျင်တီးနား သမ္မတ မာခရီ၏ ပြောရေးဆိုခွင့်ရှိသူက သမ္မတသည် ၎င်းနှင့် ဆက်နွှယ်နေသည်ဟု စွပ်စွဲထားသော ကုမ္ပဏီ၏ ရှယ်ယာများကို မည်သည့် အချိန်ကမှ ပိုင်ဆိုင်ခဲ့ဖူးခြင်း မရှိကြောင်း ရှင်းလင်းခဲ့သည်။ သို့သော် ဗြိတိန်၊ ပြင်သစ်၊ သြစတြေးလျနှင့် မက္ကဆီကို နိုင်ငံများက အခွန်ရှောင်မှုများ ရှိခဲ့နိုင်ခြင်းအတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်မည်ဟု ကတိပြုခဲ့သည်။
(၅) မော့ဆက်ဖွန်ဆီကာ ကုမ္ပဏီက မည်ကဲ့သို့ ရှင်းလင်းခဲ့သနည်း။ စာရွက်စာတမ်း များ ပေါက်ကြားခဲ့ ပြီးနောက် မော့ဆက် ဖွန်ဆီကာက ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ယင်း၌ “ကျွန်ုပ်တို့ ကုမ္ပဏီ လုပ်ငန်းကို လူထုက ကောင်းစွာ နားလည်မှု မရှိဘဲ ကံမကောင်းစွာ ထွက်ပေါ်လာသည့် ယခု စာရွက်စာတမ်းများက ရှုပ်ထွေးမှုများကို နက်ရှိုင်းအောင်သာ ပြုလုပ်ခဲ့သည်။ အစစ်အမှန် အချက်အလက်များမှာ ကျွန်ုပ်တို့သည် အချက်အလက်ပေါက်ကြားမှု၏ သားကောင်သာ ဖြစ်နိုင်ပြီး တရားမ၀င် ရယူခဲ့သည့် ယင်းစာရွက်စာတမ်းများအရ ကျွန်ုပ်တို့သည် တရားမ၀င်သည့် မည်သည့်အရာကိုမျှ လုပ်ဆောင်ခဲ့ခြင်း မရှိကြောင်း၊ မှန်ကန်သော နည်းလမ်းဖြင့် လုပ်ဆောင်လျက် နှစ်ပေါင်း ၄၀ ကြာအောင် တည်ဆောက်ထားခဲ့သော ကမ္ဘာ့ ကျော်ကြားမှုကို ဆက်လက် ထိန်းသိမ်းထားကြောင်း ထင်ရှားသည်။ မည်သူမျှ ခိုးယူလာသည့် ပိုင်ဆိုင်မှုများ ဖြစ်ပုံမရဘဲ အပြစ်ရှိသူများကို တရားဥပဒေ အတိုင်း ဖြစ်စေရေးအတွက် ကျွန်ုပ်တို့ တတ်နိုင်သမျှ အရာရာကို ပြုလုပ်ပေးရန် ရည်ရွယ်ချက် ရှိသည်” ဟု ဖော်ပြထားသည်။
(၆) ICIJ က ယင်းစာရွက်စာတမ်းများကို မည်ကဲ့သို့ ရယူခဲ့သနည်း။
အမည်မသိ ရင်းမြစ်တစ်ခုက ယင်းစာရွက်စာတမ်းများအား ဂျာမနီ သတင်းစာဖြစ်သော Suddeutsche Zeitung ကို ပေးခဲ့ပြီး ယင်းက ICIJ သို့ မျှဝေခဲ့ခြင်းဖြစ်သည်။ အဆိုပါ စာရွက်စာတမ်းများအား ဖော်ပြခဲ့သည့် မီဒီယာများထဲတွင် BBC၊ The Guardian နှင့် McClatchy တို့ ပါဝင်သည်။ ယင်းစာရွက်စာတမ်းများသည် ဥရောပ၊ အာရှ၊ အရှေ့အလယ်ပိုင်း၊ အာဖရိကနှင့် အမေရိကတိုက်များသို့ ပျံ့နှံ့သွားခဲ့သည်။
(၇) ယခုပေါက်ကြားမှု၏ အကျိုးဆက်များကား အဘယ်နည်း။
ယခု ပေါက်ကြားမှု၏ အကြီးမားဆုံး အကျိုးဆက်မှာ လျှို့ဝှက်မှုအပေါ် အကြီးမားဆုံး ထိုးနှက်ချက် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ ပြည်ပရှိ အခွန်ရှောင်ရန် အကြီးမားဆုံး နိဗ္ဗာန်ဘုံကြီးကို ဖော်ထုတ်နိုင်ခဲ့သည်။ ပြည်ပကမ္ဘာတွင် အမှန်တကယ်၌ အကြီးမားဆုံး ထွက်ကုန်တစ်ခုသာရှိပြီး ယင်းမှာ လျှို့ဝှက်မှုဖြစ်သည်။ ယင်းလျှို့ဝှက်မှုကို စွန့်လွှတ်လိုက်ရသည့်အခါ ၎င်းတို့၌ ရောင်းစရာ မည်သည့်အရာမှ မရှိတော့ဟု ICIJ ညွှန်ကြားရေးမှူး ဂျရက်ရိုင်းက ဆိုသည်။ သူက “နှစ်တွေ အများကြီးကြာအောင် သူတို့က ဒီလျှို့ဝှက်မှုနဲ့အတူ တိမ်းရှောင်နေတယ်။ အစိုးရ အဖွဲ့တွေနဲ့ အာဏာပိုင်တွေက အချိန်တိုင်း နှိမ်နင်းဖို့ ကြိုးစားတဲ့ အရာကိုလည်း ဒီစာရွက်စာတမ်းတွေထဲမှာ ကျွန်တော်တို့ မြင်နေရတယ်။ ဒီအခက်အခဲ အတားအဆီးတွေကို ကျော်လွှားဖို့ သူတို့ နည်းလမ်းအသစ်တွေ ရှာဖွေနေပါတယ်” ဟု ပြောကြားခဲ့သည်။

0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်