ကမ္ဘာပေါ်မှာ ရုပ်သေးအမျိုးမျိုးပေါ်ထွန်းခဲ့ပါတယ်။ နိုင်ငံတကာမှာ သူ့နိုင်ငံနဲ့ သူ့ရုပ်သေးဆိုသလို အရုပ်လေးတွေကို စွဲလမ်းနှစ်သက်ခဲ့ကြပါတယ်။ တကယ်တော့လဲ လူတွေကျင်လည်လှုပ်ရှားခဲ့ကြတဲ့ လူ့ဇာတ်လမ်းတွေကို အရုပ်လေးတွေက ထင်ဟပ်ပေါ်လွင်အောင် သရုပ်ဆောင်နိုင်ကြပါတယ်။ လူ့ဇာတ်လမ်းတွေကို လူကိုယ်တိုင် သရုပ်ဆောင်ချက်ကောင်းသလို အရုပ်လေးတွေရဲ့ သရုပ်ဆောင်ချက်ကလဲ မနိမ့်ကျခဲ့ပါဘူး။ မြန်မာ့သဘင်ပညာမှာ လူကရင် အရုပ်နဲ့တူအောင် ကရသလို အရုပ်ကရင်လဲ လူနဲ့တူအောင်က ကြရပါတယ်။ ဒါကိုကြည့်ရင် အရုပ်လေးတွေရဲ့ ပညာအစွမ်းကမနည်းပါဘူး။
ကမ္ဘာ့ရုပ်သေးလောကမှာ ရုပ်သေး လေးမျိုးရှိတယ်လို့ အကြမ်းဖျင်းပြောလို့ရပါတယ်။
၁။ လက်လျှိုပြီး ကရတဲ့ ရုပ်သေး
၂။ ကြိုးဆွဲရုပ်သေး
၃။ တုတ်ချောင်းလျှိုပြီး ကရတဲ့ရုပ်သေး
၎။ ပိတ်ကားပေါ် အရုပ်ထင်အောင် နောက်မှ မီးထိုးပြီးကရတဲ့ အရိပ်ပြရုပ်သေးတို့ဖြစ်ပါတယ်။ မြန်မာ့ရုပ်သေးဟာ ကြိုးဆွဲကရတဲ့ အရုပ်မျိုးဖြစ်ပါတယ်။ မြန်မာ့ရုပ်သေးမှာ အရုပ်ပေါင်း ၂၈မျိုးရှိတယ်လို့ သိရပါတယ်။ အဲဒီအရုပ်တွေကို အမျိုးအစားအလိုက် ရေ တွက်လိုက်ရင် အောက်ပါအတိုင်း တွေ့ရပါတယ်။
၁။ ဗြဟ္မာရုပ် ၁၅။ ဘီလူးရုပ်
၂။ သိကြားရုပ် ၁၆။ ဇော်ဂျီရုပ်
၃။ သမ္မာဒေဝနတ်ရုပ် ၁၇။ ကုမ္ဘာန်ရုပ်
၎။ နတ်ပျက်ရုပ် ၁၈။ ဂဠုန်ရုပ်
၅။ မျက်နှာနီရုပ် ၁၉။ နဂါးရုပ်
၆။ မင်းသားရုပ် ၂ဝ။ ကျားရုပ်
၇။ မင်းသားကြီးရုပ် ၂၁။ ဆင်ရုပ်
၈။ မင်းသမီးရုပ် ၂၂။ မြင်းရုပ်
၉။ လူပြက်ရုပ် ၂၃။ မျောက်ရုပ်
၁ဝ။ သံချိုကိုင်ရုပ် ၂၄။ အပျိုတော်ရုပ်
၁၁။ ရသေ့ရုပ် ၂၅။ ဝန်(အင်္ကျီစိမ်း)ရုပ်
၁၂။ အဘိုးကြီးရုပ် ၂၆။ ဝန်(အင်္ကျီနီ)ရုပ်
၁၃။ အဘွားကြီးရုပ် ၂၇။ ဝန်(အင်္ကျီနီဗောင်းမပါ)
၁၄။ သူငယ်တော်ရုပ် ၂၈။ ဝန်(အင်္ကျီစိမ်းဗောင်းမပါ) ဆိုပြီး အရုပ် ၂၈မျိုးတို့ဖြစ်ပါတယ်။
ရုပ်သေးရုပ်တွေကို လိုအပ်သလို အမှုမဲ့ အမှတ်မဲ့ထုလုပ်အသုံးပြုတာမဟုတ်ဘဲ ရည်ရွယ်ချက်ရှိရှိ ကျမ်းဂန်အလာနဲ့ညီညွတ်အောင် ထုလုပ်အသုံးပြုတာဖြစ်ပါတယ်။ ပုဂံအနော်ရထာမင်းလက်ထက်က အဘိဓမ္မာတရား တော်လာ ဥပါဒါန်ရုပ် ၂၄ပါးနဲ့ ဘူတ ရုပ် လေး ပါးပေါင်းပြီး ရုပ်သေးရုပ် စုစုပေါင်း ၂၈ရုပ်သတ်မှတ်ထားတာလို့ဆိုပါတယ်။ ဝန်ကြီးလေးပါးကတော့ ဘူတရုပ် လေးပါးကို ရည်ရွယ်ထုလုပ်တာလို့ဆိုပါတယ်။
ဝန်ကြီး လေးပါးဆိုတာကတော့
ပထဝီဝန် ရုပ်။ အင်္ကျီစိမ်း၊ ဘောင်းဘီစိမ်း၊ မျက်နှာဖြူ
တေဇောဝန်ရုပ်။ အင်္ကျီနီ၊ ဘောင်းဘီနီ၊ မျက်နှာနီ
ဝါယောဝန်ရုပ်။ အင်္ကျီနီ (ဗောင်း မပါ)သျှောင်ထုံး ခေါင်း ပေါင်းဖြူ၊ မျက်နှာအနီ
အာပေါဝန်ရုပ်။ အင်္ကျီစိမ်း(ဗောင်းမပါ)သျှောင်ထုံးခေါင်းပေါင်း ဖြူ တို့ဖြစ်ပါတယ်။
အထက်ပါဝန်လေးပါးရုပ်မှာ ပထဝီ၊ တေဇော၊ ဝါယော၊ အာပေါ ဆိုပြီး ဓာတ်ကြီးလေးပါးကို အကြောင်းပြုထုလုပ် ထားတာလို့ ဆိုပါ တယ်။ အရုပ်တွေကို ယမနေသားနဲ့ထုလုပ်ကြပြီး ကြိုး ၁၇ကြိုးတပ် ပါတယ်။ ဦးခေါင်းမှ ခြေထောက်ထိ ရှစ်ကြိုး ဝဲ၊ ယာ ၁၆ကြိုး ကုပ်ကြိုးပါ ပေါင်းလိုက်ရင် အားလုံး ၁၇ကြိုးရှိပါတယ်။
၁။ ခေါင်းကြိုး ၆။ ဒူးကြိုး
၂။ ပခုံးကြိုး ၇။ ဖနောင့်ကြိုး
၃။ တံတောင်ဆစ်ကြိုး ၈။ ခြေဖျားကြိုး
၎။ လက်များကြိုး ၉။ ကုပ်ကြိုး
၅။ ခါးကြိုး
ကုပ်ကြိုးမှအပ ကျန်ရှိတဲ့ ကြိုးတွေအားလုံးကို ဝဲကြိုး၊ ယာကြိုး တပ်ရတဲ့အတွက် အရုပ်တစ်ရုပ်ကို ကြိုးပေါင်း ၁၇ကြိုး တပ်ထား တာ ဖြစ်ပါတယ်။ ရုပ်သေးစင်မှာ တီးတဲ့ဆိုင်းကိုလဲ အဓိပ္ပာယ်ရှိရှိ ဖွဲ့စည်းထားတာ တွေ့ရပါတယ်။ သုံးဆယ့်တစ်ဘုံကို ရည်ရွယ်ပြီး ဗုံ ၃၁လုံးရှိရပါတယ်။ အလယ်ဆိုင်းဝိုင်းထဲမှာ ဗုံ ၂၁လုံး၊ တခြားခြောက်လုံးပတ်ဝိုင်းမှာ ဗုံ ခြောက်လုံး၊ စခွန့်၊ စည်တို၊ ပတ်တော၊ ပတ်မကြီး၊ ပေါင်းရင် ဗုံ ၁ဝလုံးရှိတဲ့အတွက် ဆိုင်းဝိုင်းရော အပြင်က ဗုံတွေအားလုံးပေါင်းရင် ဗုံ ၃၁လုံးဖြစ်ပါတယ်။ ဒါက ဘုံ ၃၁ဘုံကို ရည်ညွှန်းတာပါ။ မြန်မာမင်းတွေလက်ထက်တော်က လူကိုယ်တိုင်ကတဲ့ ဇာတ်သဘင်ကို အနိမ့်သဘင်လို့ခေါ်ပြီး ကြိုးဆွဲရုပ်သေး သဘင်ကို အမြင့်သဘင်လို့ ခေါ်ခဲ့ပါတယ်။ လူကတဲ့ အနိမ့်သဘင်ကတော့ မြေဝိုင်းသဘင်အဖြစ် ကပြရပါတယ်။ အမြင့် သဘင်လို့ခေါ်တဲ့ ရုပ်သေးသဘင်ကတော့ စင်ထိုးပြီး စင်မြင့်ပေါ်မှာ ကရပါတယ်။
ရုပ်စုံသဘင်ကျင်းပတော့မယ်ဆိုရင် အမြင့်သဘင်တို့ရဲ့ ထုံးတမ်းစဉ်လာအရ သမားစဉ်အတိုင်း ကကြရပါတယ်။ ပထမပွဲမထွက်ခင် ကမ္ဘာပျက်ဟန်ဆိုင်းနဲ့ သရုပ်ဖော်တီးမှုတ်ကြရပါတယ်။ ဆိုင်းအဖွဲ့က လင်းကွင်း၊ မောင်းတို့နဲ့ အချက်ပေးရတယ်။ လင်းကွင်း နဲ့မောင်း အတီးရပ်တဲ့အခါ ပတ်ရင်းကိုမွှေပြီး ဗိန်းဗောင်းတီးတယ်။ သုံးကြိမ် သုံးခါတီးရတဲ့အကြောင်းရင်းက ကမ္ဘာကို မီး၊ လေ၊ ရေတို့ ဖျက်တဲ့အကြောင်းကို ရည်ရွယ်တီးရတာလို့ဆိုပါတယ်။ (အကျယ်ကို သီးခြားဖော်ပြထားပါတယ်) ကမ္ဘာပျက် ပြီးနောက် ကမ္ဘာသစ်ပြန်တည်ရပြန်ပါတယ်။ ကမ္ဘာသစ်တည်ပြီးရင်တော့ နတ်ကတော်ထွက်ရပါတယ်။ (နတ်ကတော် အခန်း တွင်ရှုပါ) အဲဒီနောက် ဆိတ်ညံနေတဲ့ ကမ္ဘာမြေပြင်ပေါ်မှာ တိမ်ညွန့်ကို စားနိုင်တဲ့ ဝလာဟကနတ်မြင်း ကိုပြတဲ့ သဘော နဲ့ မြင်းဖြူထွက်ရပါ တယ်။
မြင်းပြီးရင် ကျားနဲ့ဆင်ထွက်ပါတယ်။ ကျားနဲ့ဆင် လယ်ပြင်မှာ တွေ့တဲ့အလား တစ်ကောင်နဲ့တစ်ကောင် နယ်လုဟန်ကရတယ်။ အဲဒီ အချိန်မှာ ဆိုင်းကဗိန်းဗောင်းတီးပေးတယ်။ ပြီးခါနီးရင် ဆိုင်းအဖွဲ့က ဝါးရုံတောရယ်မှ ငှက်ပျောခြံ၊ ငှက်ပျောခြံဆိုပြီး ''ဟေး''ကို သံပြိုင် သီဆိုပေးရပါတယ်။ ကျားနဲ့ဆင် လယ်ပြင်မှာတွေ့ကြပြီး နဂါးနဲ့ဂဠုန်တို့ကလဲကောင်းကင်မှာ တွေ့ကြပြန်ပါတယ်။ ဒီလို တစ်ကောင်နဲ့ တစ်ကောင် မတည့်ဘဲ ခိုက်ရန်ပွားရတဲ့ ပုံသဏ္ဌာန်ကတော့ ကမ္ဘာ့ရန်တွေဟာ ကမ္ဘာတည်စက ရှိခဲ့ဟန် ကို ပြဆိုတာလို့ဆိုပါတယ်။ အဲဒီနောက် ဇော်ကပါတယ်။ ဇော်အကက နှစ်မျိုးရှိပါတယ်။ တောဇော်နဲ့ နန်းဇော်ပါ။ တောဇော် အကက ကြမ်းပြီး နန်းဇော်ကဟန်က ထီးမူနန်းဟန်တွေပါနေလို့ ယဉ်ကျေးရတယ်။ တောဇော်ကရင် ဆိုင်းက ပတ်ရင်းကို နာနာမွှေ့တီးရတယ်။ အကတွေကလဲ တစ်မျိုးပြီး တစ်မျိုးပြောင်းကာ ခပ်သွက်သွက် ကရပါတယ်။ ဆေးကြိတ် ဟန်၊ တောင် တက်တောင်ဆင်းဟန်၊ ခုန်ပျံကျော်လွှား ကျွမ်းထိုးဟန်ကရပါ တယ်။ ထီးဇော်နန်းဇော်ဆိုတာကတော့ ဆိုင်းက ခပ်ယဉ်ယဉ်တီးပေး ရသလို ကသူကလဲ ခပ်ယဉ်ယဉ်ကရပါတယ်။
ရုပ်သေးသဘင်ကို ရှေးကဘယ်လိုကခဲ့ကြသလဲဆိုတာ အတိအကျမသိရပေမယ့် အင်းဝခေတ်နဲ့ ကုန်းဘောင်ခေတ် မှာတော့ တော်တော်ထွန်းကားလာတာကို တွေ့ရပါတယ်။ ကုန်းဘောင်ခေတ်မှာ လူကိုယ်တိုင်ကတဲ့ ဇာတ်တွေ ကို မြေဝိုင်းဇာတ် အဖြစ်သာ ကကြရပြီး ရုပ်သေးသဘင်ကိုတော့ ဇာတ်စင်ထိုးကဖို့ အမိန့်တော်ထုတ်ပြန် ချီးမြှင့်ခဲ့တာကို တွေ့ရပါတယ်။ အဲဒီအချိန်ကစပြီး အနိမ့်သဘင်နဲ့ အမြင့်သဘင်ဆိုပြီး ကွဲပြားလာတာဖြစ်ပါတယ်။ ရုပ်သေးအဖွဲ့တွေကို နန်းတော်အတွင်းမှာ ကရတဲ့စင်တော်နဲ့ အများပြည်သူတို့ကြည့်ရှုရတဲ့ စင်တော်တွေရှိပါတယ်။ ဘုရင်မင်းမြတ် နှစ်သက်လို့ကောက်ယူတဲ့ စင်တော်တွေ ဟာ နန်းတွင်းစင်တော်ဖြစ် လာပါတယ်။ အဲဒီစင်တွေဟာ ကျိုင်းတွေ၊ သိုင်းတွေ၊ စိုက်ခွင့်ရကြပါတယ်။ မြန်မာ့ရုပ်သေးလောကမှာ ဦးသာပြော၊ ဆရာရိုက်၊ ဆရာဇံ၊ ဆရာမူတို့ရဲ့ အမြင့်သဘင်တွေဟာ သိုင်းလေးချက်ရ ရုပ်စုံသဘင်တွေဖြစ်ကြပါတယ်။ သိုင်းလေး ချက်မှာ မိမိတို့ကပြကြတဲ့ စင်တော်တွေမှာစိုက်ထူထားရပါတယ်။
သိုင်းစိုက်ထူထားတဲ့ ရုပ်သေးစင်တွေကို လာရောက်ရမ်းကားသူ မှန်သမျှကို ရုပ်စုံဆရာက သိုင်းကိုင်ပြီး ဟန့်တားနိုင်ပါတယ်။ နာခံမှု မရှိရင် ရိုက်နှက်နှင်ထုတ်နိုင်ပါတယ်။ တကယ်လို့ ဆက်လက်စော်ကားနေမယ်ဆိုရင် တရားနည်းလမ်း ထုံးတမ်းတွေနဲ့ အရေးယူခံရမှာ ဖြစ်ပါတယ်။ ရုပ်သေးအမြင့်သဘင်တွေနည်းတူ ဘုရင်ကောက်တော်မူခြင်းခံရတဲ့ မြေဝိုင်းဇာတ်သဘင်တွေလဲ သိုင်းစိုက်ခွင့်ရကြပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ နန်းတော်ရှေ့ဆရာတင်က မင်းသမီး ကြည်အောင်အတွက် ရေးပေးတဲ့ ''သုံးရွေ့လယ်''သီချင်းမှာ
ထုံးဓလေ့သွယ်(သုံးရွေ့လယ်)ဝယ်
အို ...မှူးတော်၊ မတ်တော်၊
ဆွေတော် မျိုးတော်ရှေ့ဝယ်
ကရပါတဲ့ မင်းသမီးစုံအလယ်
သီချင်းကြီးကမှ ဂုဏ်ထည်ပါတယ်
အဲဒီအခါဝယ် ဆရာဇံ၊ ဆရာဖေကြီးတို့က
သိုင်းနဲ့ ကျိုင်းနဲ့ ဝိုင်းဖွဲ့ကာရယ်
မြင်စေ့ချင်တယ် ရွှေနန်းတော်မှာ
ကကြတာကွယ်။
လို့ ရေးခဲ့တာကို တွေ့ရပါတယ်။ ဆရာဖေကြီးတို့၊ ဆရာဇံတို့ခေတ်က သဘင်ပညာရှင်တို့ ဂုဏ်ရှိန် အမြင့်ဆုံးအချိန်ဖြစ်ပါတယ်။ တကယ်တော်သူ၊ တတ်သူတွေကို ဆုတော်လာဘ်တော်တွေပေးသနားခဲ့သလို အဆောင်အယောင်တွေလဲ ချီးမြှင့်ခဲ့ပါတယ်။ ဒါ့ပြင် ဘွဲ့တွေ၊ ရွာစားတွေလဲပေးခဲ့ပါတယ်။ ဆိုင်းဆရာဆရာဖေကို ဆီဆုံဆည်ရွာ ရွာစားပေးသနားခဲ့တာကိုကြည့်ရင် သိသာ ထင်ရှားလှပါတယ်။ ရုပ်သေးနဲ့ပတ်သက်လို့ အင်းဝမြို့ စတုတ္ထမြို့တည် နန်းတည် ဘကြီးတော်စစ်ကိုင်းမင်းလက်ထက် ၁၁၈၅ ခုနှစ် က အင်းဝမြို့ မဟာ အောင်မြေဘုံသာကျောင်းတော်ကြီးတည်ဆောက်ပြီးစီးသွားပါတယ်။ ကျောင်းရေစက်ချလှူဒါန်းတဲ့ အလှူပွဲတွေ မှာ ကျင်းပတဲ့ ပွဲသဘင်တွေအကြောင်းကို ကျောင်းတော်ကြီး ပန္နက်ချကျောက်စာကြောင်းရေ ၇၇ မှာ ဒီလိုတွေ့ရပါတယ်။
မီးပုံဆင်းပွဲ၊ ကျွမ်းထိုးတိုင်တက်
ပချုပ်ငှက်ထွက်၊ သရက်သီးဆွတ်
လမ္မာယ်ြေ>ွမဖမ်း၊ လက်ပန်းလက်မွေ့
ဇာတ်ကြီး၊ ရုပ်သေး။
ဒါ့ပြင် အနောက်ဘက်လွန်မင်းက အက္ကပတ်သံ၊ ဂုရုံကွန္တာမင်းသံ၊ အစည်မင်းသံအဖွဲ့များကို သက္ကရာဇ် ၉၈ဝပြည့်နှစ် တပေါင်းလပြည့်ကျော် တစ်ရက် ဗုဒ္ဓဟူးနေ့ညတွင် အဖူးမြော်ခံပြီး သဘင်စုံခင်းကျင်းကပြပုံကို ဖော်ပြရာမှာ
ထိုနေ့ ကချေသဘင်စုံခံရသည်
တလိုင်းပတ် တစ်ဆယ့်လေးဆိုင်း
မြန်မာပတ် တစ်ဆိုင်း
ကချေ ၁၃
ရုပ်ကြီး၊ ရုပ်ငယ်
သဘင်စုံခံရသည်။
လို့ မှတ်တမ်းတင်ထားတာ တွေ့ရပါတယ်။
သက္ကရာဇ် ၈၉၁ခုနှစ်ရေး ရှင်မဟာရဋ္ဌသာရ ရေးသားပြုစုတဲ့ သံဝရ ပျို့အပိုဒ် ၁၆၈ မှာ
ညဥ့်ခါ ညဥ့်ခါ၊ ကြည့်ချေရာကား
လသာပကြိုက်၊ စောင်းငြင်းလိုက်၍
ဧရိုက်ခြည်းခြည်း၊ ဖြည်းဖြည်းညှင်းညှင်း
သာချင်းရတု၊ ပျော်မှုတစ်သီး
ရုပ်ကြီးရုပ်ငယ်
လို့ တွေ့ရပါတယ်။ နောက်ထပ် ၈၄၆ ခုနှစ်က ရှင်မဟာရဋ္ဌသာရ ရေးသား ပြုစုခဲ့တဲ့ ဘူရိဒတ်လင်္ကာပိုဒ်ရေ ၁၅၂မှာတော့
အလျှားအခွေ၊ အထွေထွေဖြင့်
အထွေထွေခဲ၊ တွဲရရဲလျှင်
ကြိုးဆွဲငင်ချ၊ အရုပ်ကသို့
ဆိုပြီး တွေ့ရပါတယ်။
အထက်ပါစာတွေကို ကြည့်ရခြင်းဖြင့် ရုပ်သေးသဘင်ဟာ အင်းဝခေတ်မှာ တွင်ကျယ်ထွန်းကားနေပြီလို့ မှတ်ယူရပါ မယ်။ မြန်မာကြိုးဆွဲ ရုပ်သေးကို ခေတ်အဆက်ဆက် လက်ဆင့်ကမ်းလာတယ်လို့ ဆိုရပါမယ်။ ဘာကြောင့်လဲဆိုတော့ လွန်ခဲ့ တဲ့ နှစ်ပေါင်း ၂၅ဝဝကျော် မြတ်စွာဘုရားလက်ထက်တော်ကပင် ရုပ်သေးသဘင် ရှိခဲ့တယ်လို့ ယူဆစရာရှိပါတယ်။ အဲဒီအကြောင်း နဲ့ပတ်သက်လို့ အနုပညာလောက စာအုပ်မှာ ဆရာလှသမိန်ရေးသားတဲ့ ရုပ်သေးသမိုင်းမှာ အောက်ပါ အတိုင်းတွေ့ရပါတယ်။ ခုဒ္ဒကနိကာယ် ထေရီဂါထာပါဠိတော် ၁၄တိသန်ပါတ် သုဘာဇီဝ ကမ္မဝနိကာထေရီ ဂါထာ(ဆဋ္ဌမူပုံနှိပ် စာအုပ်မြန်မာပြန် စာမျက်နှာ(၂၃၈) သုဘာအမည်ရှိသော ရဟန်းမိန်းမကပြောသော စကားများတွင် အပါအဝင် သုံးဂါထာအနက် ဂါထာ အမှတ် (၃၉၂) တွင် အမောင် လက်၊ ခြေ၊ မျက်နှာ စသောအခြင်းအရာဖြင့် ဆန်းကြယ်စွာ စီရင်ဖန်ဆင်းပြုလုပ် အပ်ကုန်သော ကောင်း မွန်တင့်တယ်သော အဆင်းသဏ္ဌာန်ရှိသည်ဖြစ်၍ ကြိုးသွယ်တို့ဖြင့်လည်းကောင်း၊ လက်၊ ခြေ၊ ကျောကုန်း၊ နားရွက် စသည်တို့ကို သွယ်ခြင်းငှာတတ်အပ် သော သစ်သားစို့တို့ဖြင့်လည်းကောင်း၊ အသွယ်သွယ်ဖွဲ့အပ်သော သစ်သားတို့ဖြင့် ဆန်းကြယ်စွာ စီရင်အပ်သော စက်ယန္တရားရုပ် တို့ကို ယန္တရားစက်ကြိုးစသည်တို့ဖြင့် ဆွဲငင်လျှောချလျက် ''က'' စေသည်တို့ကို ငါမြင်ဖူးကုန်ပြီ။
ဂါထာအမှတ်(၃၉၃)တွင်
အမောင် ထိုသစ်သားယန္တရားရုပ်၌ ဖွဲ့ချည်ထားသော ကြိုး၊ လက်ဆစ်၊ ခြေဆစ်တို့၌ ဖွဲ့ချည်ထားသော ကြိုးနှင့်ရိုက်နှက်ထား သော သစ်သားစို့တို့ကို ဖွဲ့ချည်ထားသောအရပ်မှ နုတ်ပစ်အပ်သော်လည်းကောင်း၊ ထိုသို့သောအရပ်တို့၌ ပစ်ချသဖြင့် ဖရိုဖ ရဲ ပြန့်ကြဲအပ်သော်လည်းကောင်း၊ ထိုသစ်သားယန္တရားရုပ်အစိတ် အပိုင်း၌ အတုံးအတုံးအပိုင်းအပိုင်းရှိသောအားဖြင့် ကိုယ်တခြား လက်တခြားတစ်ခုစီပြုအပ်သော်လည်းကောင်း၊ ဤကြိုးကား ယန္တရားရုပ်၊ ဤသစ်သားစို့ကား ယန္တရားရုပ်ဟုမှတ်၍ မရနိုင်ရာ။ ထိုအစိတ်စိတ်သော ကြိုးသစ်သားစို့တို့တွင် အဘယ်အစိတ်၌ သစ်သားစက်ယန္တရားရုပ်ဟူ၍ စိတ်ကိုသက်ဝင်စေနိုင်ပါတော့ အံ့နည်း။
ဂါထာအမှတ်(၃၉၄)တွင်
အမောင် ထိုအပိုင်းအပိုင်းခွဲခြားပြီးသော သစ်သားစက်ယန္တရား ရုပ်နှင့်အတူပင် လက်၊ ခြေ၊ မျက်နှာစသော ကိုယ်အင်္ဂါတို့သည် ပထဝီဓာတ်စသော ပရမတ္တတရားတို့နှင့်ကင်း၍မဖြစ်ကုန်။ ကိုယ် ခန္ဓာအတ္တဘောသည် လက်၊ ခြေ၊ မျက်နှာစသော ကိုယ်အင်္ဂါ အစိတ်အပိုင်းတို့နှင့်ကင်း၍မဖြစ်ဟု ငါ၏Óဏ်၌ထင်လာ၏။ ထိုသို့ရှိသည်ဖြစ်သော် ထိုပထဝီဓာတ် စသော အစိတ်စိတ်သော တရားတို့တွင် အဘယ်မည်သောတရားအစိတ်၌ မိန်းမ၊ ယောက်ျားဟု စိတ်ကို သက်ဝင်စေနိုင်ပါတော့ အံ့နည်း။
အထက်ပါဂါထာတွေကိုကြည့်ရင် မြတ်စွာဘုရားက ရုပ်သေးရုပ်လေးတွေနဲ့ ခိုင်းနှိုင်းပြီး ရုပ်၊ နာမ်တရားတို့ကို ဟောကြားတော် မူခဲ့တဲ့အတွက် မြတ်စွာဘုရားလက်ထက်ကပင် ကြိုးဆွဲရုပ်သေးရှိနေပြီလို့ ယူဆနိုင်ပါတယ်။ ကြိုးဆွဲရုပ်သေး ဟာ ရှေးပဝေ သဏီ ကတည်းက ဒီနေ့ထိ တည်မြဲနေတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ဒီနေ့ကစပြီး နောင်နှစ်ပေါင်းများစွာ ထိ လက်ဆင့်ကမ်း သယ်ဆောင် ရင်း ကြိုးဆွဲရုပ်သေးတိုးတက်ပြန့်ပွားရေးကို ရှေးရှုဆောင်ရွက်ကြ ပါစို့လို့ တိုက်တွန်းရေးသားလိုက်ရပါတယ်။
0 comments:
Post a Comment
သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်