၂၀၁၅-ခု၊ နိုဝင်ဘာလ ၂၉-ရက်မှ ဒီဇင်ဘာလ ၉-ရက်နေ့ထိ ရန်ကုန်မြို့၊ သီတဂူ အင်တာနေရှင်နယ် ဗုဒ္ဓစ်စ် အကယ်ဒမီမှာ ငြိမ်းချမ်းရေးခေါင်းလောင်းကို ဘာသာပေါင်းစုံမှ ပုဂ္ဂိုလ်တွေ အတူတကွ တီးခတ်နိုင် အောင် ရီလီးဂျင်းနှင့် ရူးလ်အော့ဖ် လော (Religion and Rule of Law) ဆိုတဲ့ ခေါင်းစဉ်နှင့် သင်တန်းတစ်ခု ကျင်းပပြုလုပ်ပေးခဲ့ကြတယ်။ ဘာသာတရားနှင့် တရားဥပဒေစိုးမိုးရေးကို အချိုးအစားညီမျှအောင် စဉ်းစားနိုင် စေဖို့ ဒီသင်တန်းကို ပို့ချပေးခဲ့ကြတယ်။ ဆယ်ရက်တိုင်တိုင် ကျင်းပပြုလုပ်ပေးတဲ့ ထိုထရိန်နင် သင်တန်းဟာ (၉-၁၂-၁၅)နေ့မှာ ပြီးဆုံးသွား ခဲ့တယ်။ သင်တန်းတက်ရောက်သူ (၃၅)ယောက်ကို ရီလီးဂျင်းနှင့် ရူးလ်အော့ဖ်လော (Religion and Rule of Law) - ဘာသာတရားနှင့် တရားဥပဒေဆိုင်ရာ ဘာသာရပ်များကို ဘာသာတရားနှင့် တရားဥပဒေအရာမှာ ကျွမ်းကျင်နှံ့စပ်ကြတဲ့ အပြည်ပြည်ဆိုင်ရာ နိုင်ငံပေါင်းစုံမှ ပရော်ဖက်ဆာ (၁၄) ဦးက လာရောက်သင်ကြား ပေးခဲ့ကြတယ်။ အသိအမှတ်ပြု လက်မှတ်ကို သီတဂူဆရာတော်ဘုရားကြီးကိုတိုင် သင်တန်းပြီးတဲ့ နေ့မှာ သင်တန်းသူ၊ သင်တန်းသားများအား ပေးအပ်ခဲ့တယ်။ ထိုသင်တန်းသို့ အော့ဗ်ဆာဗာ (Observer) လေ့လာခွင့် ရသူများအနေနှင့် တက်ရောက်သူများလည်း ရှိခဲ့တယ်။
ထိုသင်တန်းဟာ အလွန်ထူးခြားပြီး၊ မြန်မာပြည်သူ၊ ပြည်သားများအတွက် အဖိုးတန်လှတဲ့ ပညာရပ် တစ်ခုကို တစ်နေရာတည်းမှာ သင်ယူခွင့် ရလိုက်ခြင်းဖြစ်တယ်။ ဘာသာပေါင်းစုံမှ သင်တန်းသူ၊ သင်တန်း သားများ အတူတကွ ပါဝင်တက်ရောက် ခဲ့ကြတဲ့အတွက် ဘာသာရေးနှင့်ပတ်သက်၍ သူ့အမြင်၊ ကိုယ့်အမြင်၊ သူ့ယုံကြည်ချက်၊ ကိုယ့်ယုံကြည်ချက်များကို ချစ်ကြည်ရင်းနှီး စွာ ဆွေးနွေးခွင့်များကို ရရှိခဲ့ကြတယ်။ ထိုသို့ အတူ တကွ ဆွေးနွေးခွင့်များကို ရရှိခဲ့ကြ၍ မိမိတို့ ဘာသာတရားအလိုက် လက်ခံယုံကြည်ထားသော ယုံကြည် ကိုးကွယ်မှုများကို အချင်ချင်းမျှဝေပေးနိုင်ခဲ့ကြပြီး၊ ဘာသာတရားအသီးသီး၌ တည်ရှိနေသော အားသာချက်၊ အားနည်းချက်များကို အပြန်အလှန် နားလည်သဘောပေါက်ခဲ့ကြတယ်။ ဘာသာတရားကို ကိုးကွယ်ခြင်းဆိုတာ ပုဂ္ဂိုလ်ရေးရာ ယုံကြည်ချက်မျိုးသာဖြစ်တယ်-ဆိုတဲ့သီအိုရီကို အများစုက လက်ခံခဲ့ကြတယ်။ ထိုကြာင့် မိမိယုံကြည်ရာ ဘာသာတရားကို မိမိကိုယ်တိုင် ရွေးချယ်ခွင့် ရှိရမယ်။ ကိုယ်ယုံကြည်ရာကို ကိုးကွယ်ခွင့်ရှိရမယ်။ ဒါဟာ လူသားတိုင်း ရရှိသင့် တဲ့ မွေးရာပါ အခွင့်အရေး တစ်ခု ဖြစ်တယ်။ ဒီအချက်ကို ပြည်သူ၊ ပြည်သားတိုင်း နားလည်သဘောက်ပေါက်ထားမည်ကြဆိုလျှင် ဘာသာရေး ပြဿနာ၊ လူမျိုးရေးပြဿနာဆိုတာ ဖြစ်လာနိုင်စရာ အကြောင်းမရှိပါဘူးလို့ ဆွေးနွေးသူများလည်း ရှိခဲ့တယ်။
သို့သော် လူသားတို့ နေထိုင်ရာ ဤကမ္ဘာဆီသို့ လူသားတိုင်းက မလိုချင်တဲ့ပြဿနာတစ်ခုကို မည်သူတွေက သယ်ဆောင် လာခဲ့သနည်း။ ဒီလို ဖြေဖို့ ခက်တဲ့ အဖြေမျိုးကို စဉ်းစားသူများလည်း ရှိခဲ့တယ်။ အမုန်းတရား (hate) ရဲ့လက်သည်ဟာ ဘယ်သူလဲ။ ချစ်ခြင်းတရား (spiritual love)ကို မွေးဖွားပေး သူဟာ ဘယ်သူလဲ။ ဒီအဖြေကို ဖြေဖို့ ဘာသာတိုင်းမှာ အဖြေရှိပေလိမ့်မယ်။ သို့သော် အချို့သော အဖြေများသည် အမုန်းတရားဆိုတဲ့ ဘောင်စည်းကို မကျော်လွန်နိုင်ကြ၍ အမုန်းတရားတွေကိုသာ ပိုမိုပြီး တိုးပွားလာစေတယ်။ ဘာကြောင့်လဲဆိုရင် ရန်ကို ရန်ချင်း တုန့်ပြန်တဲ့ အဖြေမျိုးနဲ့ ပြဿနာကို ဖြေရှင်းနေကြ သောကြောင့်ဖြစ်တယ်။ ထို့ကြောင့် ကမ္ဘာ့မှာ ရှေ့တန်းရောက်နေတဲ့အစ်ရှူးဟာ အမုန်းတရားတွေကြောင့် အမုန်းတရားရှိနေတဲ့သူတွေဟာ အမုန်းတရား ရှိနေတဲ့သူများကို တာ့ဂက် (target)ထားပြီး (ပြစ်မှတ်ထားပြီး) ပြောဆိုနေကြတာကို တွေ့နေရတယ်။ အမုန်းတရားတွေကြောင့် အမုန်းကျိန်စာတွေကို တတွတ်တတွတ် ရွတ်ဆိုနေကြတဲ့ သူတွေလည်း ရှိနေခဲ့ပြန်တယ်။ ထိုအမုန်းတရားတွေကြောင့် မုန်းသူတွေကို သေကျေ ပျက်စီးစေလို၍ စစ်သည်တွေနဲ့ စစ်တလင်းမှာ သူသေငါသေ အသေအကျေ တိုက်နေကြသူတွေက လည်း ထောင်သောင်းမက ရှိနေကြပြန်တယ်။
သံသရာခရီးမှာ အများနှင့်သွားချင်ရင် အများနဲ့တည့်အောင် နေတတ်ဖို့လိုမယ်။ ခရီးတို သွားချင်သူများ အတွက် ခရီးဖေါ်များများကို မလိုအပ်ပေမဲ့၊ ခရီးရှည်ကို သွားလိုသူတွေအတွက်တော့ ခရီးသွားဖေါ်လည်း လိုမယ်။ ခရီးစရိတ်လည်း လိုမယ်။ ခရီးဖေါ်ဟာလည်း အသိတရားရှိသူ၊ အမှားအမှန်ကို ဝေဖန်ဆန်းစစ် နိုင်သူမျိုးဖြစ်ပြီး၊ မိမိနှင့် ခရီးသွားဖေါ်၊ သွားဖက်တွေအပေါ်မှာ (ဟိတကာရ) အကျိုးစီးပွား လိုလားသူမျိုးလည်း ဖြစ်ရမယ်။ ဒါမှသာ ငြိမ်းချမ်းရေးဆိုတဲ့အရသာကို နှုတ်နဲ့အထူးပြောနေစရာမလိုဘဲ သဘော သဘာဝအတိုင်း ငြိမ်းချမ်းခြင်းဆိုတဲ့အရသာဟာ လူသားတို့အတွက် အလိုအလျှောက်နားလည်နေပေလိမ့်မယ်။ ယနေ့ကမ္ဘာမှာ ငြိမ်းချမ်းရေးဖြစ်စဉ်တွေ ပျောက်ဆုံးလုနီးပါးဖြစ်နေပြီ်။ အပြန်အလှန် မယုံကြည်မှု တွေရယ်၊ အပြန်အလှန် လေးစားမှုများ ကင်းနေ တာတွေရယ်၊ မဆုံးနိုင်တဲ့ ရန်လိုတဲ့မုန်းတီးမှုတွေရယ်၊ ကြီးနိုင်ငယ်ညှင်းဖြစ်နေတဲ့ အနေအထားတွေရယ်၊ အချင်းချင်း အမြင် မကြည်ဖြစ်နေမှုတွေရယ်၊ ဒီလိုစတဲ့အရေး တွေကို၊ ဒီလိုဖြစ်နေတဲ့အစ်ရှူးတွေကို အဖြေရှာနိုင်ဖို့ ရန်ကုန်မြို့က သီတဂူ ဗုဒ္ဓတက္က သိုလ်မှာ ဘာသာပေါင်းစုံ ပါဝင်တဲ့ သင်တန်းသားတွေဟာ ဆွေးနွေးခဲ့ကြတယ်။ အဖြေရှာခဲ့ကြတယ်။
သီတဂူဆရာတော်ဘုရားကြီးဟာ ဆယ်ရက်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့တဲ့ ရီလီးဂျင်းနှင့် ရူးလ် အော့ဖ်လော (Religion and Rule of Law) သင်တန်းပိတ်ပွဲမှာ ပြည်သူအလုံးအတွက် ငြိမ်းချမ်းရေး အထိန်း အမှတ်ဖြစ်တဲ့ ရွာဦးကျောင်းက ခေါင်းလောင်းကြီးကို အားမာန်အပြည့်ဖြင့် ထိုးပေးခဲ့တယ်။ ယနေ့ကမ္ဘာလောကကြီးဟာ ပြဿနာတွေနဲ့ ရှုပ်ထွေးနေတယ်။ ဒီပြဿနာတွေဟာ ဘယ်ကစခဲ့သလဲ။ ပြဿနာအားလုံးရဲ့အစဟာ ဘာလဲ။ အစွန်းရောက်တွေလား၊ အစွန်းရောက်တွေကို မုန်းတီးနေသူတွေလား၊ အစွန်းရောက်တွေကို ကာကွယ်နေသူတွေလား။ မေးခွန်းထုတ်ခဲ့တယ်။ ထို့နောက် အဖြေကို တရားဟော၍ ထုတ်ပြန်ခဲ့တယ်။ ပြဿနာတွေအားလုံးရဲ့ အစဟာ အ၀ိဇ္ဇာ (မသိမှု တရား) ဖြစ်တယ်။ ထိုပြဿနာကို ရှုပ်ထွေးအောင် လုပ်ပေးနေတဲ့တရားကတော့ တဏှာ (မတရားလိုချင်မှု လောဘ) ဖြစ်တယ်။ လူသားတွေရဲ့ အဆိုးသံသရာလည်နေခြင်းကို ပဋိစ္စသမုပ္ပါဒ်တရားဖြစ်စဉ်နှင့် မီးမောင်းထိုးပြခဲ့တယ်။
ဘာသာတရားတစ်ခုနှင့် ဘာသာတရားတစ်ခုတို့အကြား ဖြစ်စဉ်နှင့်ဖြစ်ရပ်ကို သဲကွဲစွာ မသိနိုင်ကြတဲ့ အတွက်ကြောင့် မိတ်ဆွေကို ရန်သူထင်၊ ရန်သူကို မိတ်ဆွေထင်နေခဲ့ကြတယ်။ အထင်နှင့်နေခြင်းဟာ သဲကွဲစွာ မသိနိုင်စေတဲ့ အ၀ိဇ္ဇာရဲ့ ဇာတ်ရုပ်ဖြစ်တယ်။ အ၀ိဇ္ဇာဇာတ်ကောင်ရဲ့အပေါင်းအဖေါ်ဟာ တဏှာဖြစ်နေပြီး ထိုတဏှာရဲ့အမွှေကို အ၀ိဇ္ဇာကိုယ်တိုင်က မသိဖြစ်နေပြန်တယ်။ ဒီဇာတ်ထုပ်မှာ ဒီဇာတ်ရုပ်တွေကို တွေးခေါ် ဆင်ခြင်နိုင်တဲ့ဥာဏ်၊ အမျှော်အမြင်ကြီးတဲ့ဥာဏ်၊ ဒီဥာဏ်မျိုးရှိသူ ပညာရှိနှင့်တူတဲ့ ပညာရှင်ဇာတ်သရုပ်ကို ပေါ်လွင်အောင် ကနိုင်တဲ့ဇာတ်ရုပ်ဆိုတာ လိုအပ်လာခြင်းဖြစ်တယ်။ ဒီနေ့ကမ္ဘာမှာ လူတွေရဲ့စိတ်ဓာတ်တွေဟာ ကျယ်ပြန့်နေသယောင်ယောင်ရှိပေမဲ့ စိတ်ဓာတ်တွေက အလွန်ကို ကျဉ်းမြောင်းနေတယ်လို့ ဆရာတော်ကြီးက မိန့်ဆိုခဲ့တယ်။ ကျယ်ပြန့်တဲ့စိတ်တွေရှိလာနိုင်အောင် လူသားတွေဟာ အချင်းချင်းအပေါ်မှာ ဟိတကာရ - အကျိုးစီးပွားလိုလားတဲ့ မေတ္တာနှင့်ယှဉ်တဲ့စိတ်တွေကို မွေးမြူကြရမယ်။ သူတစ်ပါးဒုက္ခကို ကိုယ်တိုင်ခံစားနေရသလို ခံစားနေရတဲ့ သဘောမျိုးကို သက်ဝင်စေတဲ့ ကရုဏာတရားမျိုးတွေကို မွေးမြူနိုင်အောင် ကျိုးစားကြရမယ်။ လောကမှာ ဖြစ်နေတဲ့ အနေအထားတွေက လွတ်လပ်စွာ ရေးသားခွင့်တွေ၊ ကိုးကွယ်ခွင့်တွေ၊ ဘာသာရေးလွတ်လပ်ခွင့်တွေက အိုဗာဖြစ်နေလေတော့ ဖေ့စ်ဘုတ်စာမျက်နှင့်တွေပေါ်မှာ ဆဲဆိုနေသံတွေ ကလည်း အိုဗာဖြစ်နေပြန်တယ်။ ဒီလိုအနေ အထား မျိုးတွေကို ကျော်လွှားနိုင်ဖို့ လူသားတို့အတွက် လိုအပ် နေတဲ့ တရားသဘောတစ်ခုက ခန္တီ သည်းခံစိတ်တွေမွေးနိုင်ကြဖို့ လိုအပ်နေ တယ်လို့ ဆရာတော်ကြီးက တိုက်တွန်းခဲ့တယ်။
ခန္တီ သည်းခံစိတ်တွေကို မွေးနိုင်ဖို့ ဦးစွာပထမ ချစ်ခြင်း၊ မုန်းခြင်းဆိုတဲ့ အစွန်းနှစ်ခုကို ဘယ်လို မျှတအောင် ကိုင်တွယ်နိုင် မလဲဆိုတာ စဉ်းစားနိုင်ဖို့ပါ။ နိုင်ငံရေးဇာတ်ထုတ်မှာ မိမိပါဝင်နေမယ်ဆိုရင် ချစ်ခြင်း၊ မုန်းခြင်းတွေဆိုတာ ရှိလာမယ်။ ဘာသာရေး ဇာတ်ထုတ်မှာလည်း မိမိပါဝင်နေမယ်ဆိုရင် ချစ်ခြင်း၊ မုန်းခြင်းတွေဆိုတာ ရှိလာနိုင်သေးတာပဲ။ ဒီအခါမျိုးမှာ သတိမဲ့နေတဲ့ လူသားတစ်ယောက်ဟာ ချစ်ခင်ခြင်း (love) ဖြင့် နှောင်ဖွဲ့ထားသူအပေါ်မှာ ဖေဗာ (Favor)လို့ ခေါ်ဆိုနိုင်တဲ့ မမျှတတဲ့ ထောက်ပံ့ မှုတွေကို ပေးလာနိုင်တယ်။ အမုန်းတရား (hate) ဖြင့် နှောင်ဖွဲ့ ထားသူအပေါ်မှာ ပရက်ရှာ (Pressur) လို့ ခေါ်ုနိုင်တဲ့ မမျှတတဲ့ ဖိအားတွေကို ပေးနေတတ်ကြပြန်တယ်။ ချစ်ခြင်း၊ မုန်းခြင်းဆိုတဲ့ တရားနှစ်ခုအကြားမှာ ဘက်မျှစွာ ထားနိုင်တဲ့ ခန္တီတရားမျိုးနှင့် ဘာသာရေး ခေါင်းဆောင်တွေ၊ နိုင်ငံရေးခေါင်းဆောင်တွေ နေနိုင်အောင် ကြိုးစားကြရမှာဖြစ်တယ်။ ဒီလိုထားနိုင်အောင် မကြိုးစားကြဘဲ လောင်နေတဲ့ဖွဲမီးပုံကြီးတွေထဲကို တငွေ့ငွေ့ လောင်းကျွမ်းတတ်တဲ့ ဖွဲမီးတွေကို ထပ်ထည့်နေတဲ့ အဖွဲ့ဝင်တွေထဲမှာ မိမိတို့ကိုယ်တိုင် ပါနေခဲ့မယ်ဆိုရင် ငြိမ်းချမ်းရေးတို့၊ တရားဥပဒေစိုးမိုးရေးတို့ဆိုတာ ထိုနိုင်ငံတွေ အတွင်းမှာ ပျောက် ဆုံးသွားနိုင်ခြင်းပါ။ ထိုကြောင့် ဖေ့စ်ဘုတ်စာမျက်နှာတွေပေါ်မှာ ဆဲနေတာတွေကို သည်းခံခွင့်လွတ်နိုင်ကြဖို့၊ နိုင်ငံရေးကြောင့် အမြင်စောင်းနေသူများအပေါ်မှာလည်း နားလည်ပေးပြီး၊ သည်းခံခွင့်လွတ်နိုင်ကြဖို့ အထူးတိုက်တွန်းထားခြင်းဖြစ်တယ်။
ဘာသာတရားမှာ ကိုယ်ပိုင်ဥပဒေမျိုးဆိုတာ ရှိနိုင်တယ်။ ဥပမာ၊ ၀ိနည်းဥပဒေ၊ ဘိုင်ဘယ် ဥပဒေ၊ ကိုရမ်ဥပဒေ စသည်တို့ ကို ပြောလိုခြင်းပါ။ သို့သော် ထိုဥပဒေသည် နိုင်ငံတော်မှ ပြဋ္ဌာန်းထားသောဥပဒေများနှင့် မဆန့်ကျင်လျှင် ဘာသာတရား အတွက် လည်းကောင်း၏၊ နိုင်ငံတော်အတွက်လည်းကောင်း၏လို့ ဆိုနိုင်ခြင်းပါ။ သို့သော် ဘာသာတရားနှင့် တရားဥပဒေ အားပြိုင်လာခဲ့သည်ရှိသော် နိုင်ငံတော်မှ ပြဋ္ဌာန်းထားသော တရား ဥပဒေကိုသာ လိုက်နာကြရမည်ဖြစ်ကြောင်း သိထားကြရမှာဖြစ်တယ်။ သို့သော် … ဘာသာတရား၏ ဥပဒေဖြစ်တဲ့ ရှရီယာလိုဥပဒေမျိုး ကို နိုင်ငံတော် ရဲ့ဥပဒေမျိုးဖြစ်နေခဲ့ မည်ဆိုလျှင် ထိုနိုင်ငံနေ ထိုလူမျိုးအတွက် လိုက်နာရုံမှလွဲ၍ အခြားရှောင်လွဲနိုင်တဲ့ နည်းလမ်းမရှိပြီ။ ထိုကြောင့် …. ။ ချမ်းသာစွာ အိပ်စက်နိုင်ကြပါစေ။
လဥပနိနှင့် တရားဥပဒေ အချိုးညီမျှနိုင်နေမည်ဆိုလျှင်
Writer : ဒေါက်တာဓမ္မပိယ (ITBMU)
0 comments:
Post a Comment
သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်