ဘုရားထောင် အရိုးအိုး - Pha Yar Htaung Ossuary


ပျူခေတ် အဆောက်အအုံများသည် ကမ္ဘာ့အမွေ အနှစ် စာရင်းဝင် ပျူမြို့ဟောင်း သရေခေတ္တရာ၌ ယနေ့တိုင် ကျန်ရှိနေရာ စေတီပုထိုးများလည်း အပါအ၀င်ဖြစ် သည်။ ယင်းစေတီပုထိုး ဘာသာရေး အဆောက် အအုံများကို ထူပ ခေါ် စေတီလုံးများနှင့် ဂူဘုရားများ ဟု အကြမ်းအားဖြင့် ခွဲခြားနိုင်သည်။ မြန်မာ အဘိဓာန် တွင် ဂူဘုရားကို “ကုလားကျောင်းခံ၍ ကွမ်းတောင် ပေါက်သောဘုရား” ဟု အဓိပ္ပာယ် ဖွင့်ဆို သည်။ ဂူဘုရားသည် အောက်ပိုင်း၌ ဂန္ဓကုဋိ သို့မ ဟုတ် လေးထောင့်ကုလားကျောင်းခံကာ အထက် တွင် စေတီလုံး၊ သို့မဟုတ် ပစ္စယာပေါ်တွင် ကွမ်းတောင်ပေါက်ထားသော အဆောက် အအုံဖြစ် သည်။ သရေခေတ္တရာမြို့ဟောင်းတွင် ဘဲဘဲဂူ ဘုရား၊ လေးမျက်နှာဘုရား၊ အရှေ့ဈေးဂူ ဘုရား၊ အနောက်ဈေးဂူဘုရား ရဟန္တာဂူဘုရား စသည်ဖြင့် ဂူဘုရားများရှိသည့်အနက် ဘုရားထောင်သည်လည်း တစ်ဆူအပါ အ၀င်ဖြစ်သည်။ ဘုရားထောင်သည်  သရေခေတ္တရာမြို့ဟောင်းအတွင်း ဆင်ဖြူကန်ရွာ၏ အရှေ့မြောက်ဘက် ကားလမ်းဘေးတွင် တည်ရှိနေ ပြီး အေဒီလေးရာစုမှ ကိုးရာစုအတွင်း ထွန်းကား ခဲ့သော သရေ ခေတ္တရာပျူခေတ်တွင် တည်ထားခဲ့ သည့်   စေတီ တစ်ဆူဖြစ်သည်။ ဘုရားထောင်ကို ပုဂံခေတ်တွင်တည်ထား သည့် အချို့သောဘုရားများ ကဲ့သို့ပင်  ကုလားကျောင်းခံ၍ တည်ဆောက်ထား သည်။ အောက်ခံပန္နက်သည် စတုရန်းပုံဖြစ်ကာ အနားတစ်ဘက် လျှင် ၃၈ ပေစီ ရှည်သည်။ ကုလားကျောင်းအမြင့်သည် ၁၈ ပေဖြစ်၍ ဘုရားထောင်၏ မျက်နှာလေးဘက်တွင် မုခ်ပေါက်များ ရှိခဲ့သော်လည်း ထိုမုခ်ပေါက်များကို အုတ်များစီကာ  ပိတ်ထားသည်။ စေတီအတွင်းတွင် လိုဏ်ပတ်လမ်းခံထားသည့် ဘုရားထောင် စေတီ၏ ပစ္စယံပေါ်တွင် ယခင်က အရံစေတီများ ရှိခဲ့သော်လည်း ယခုအခါတွင် မြောက်ဘက်တွင်သာ  အရံစေတီ သုံးဆူကို မြင်ကြရသည်။
၂၀၁၂- ၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ဘုရားထောင်စေတီအား သန့်ရှင်းရေးဆောင်ရွက်စဉ်ဘုရား အနောက်ဘက်နှင့် တောင်ဘက် တွင် တံတိုင်းရာ မြေကုန်းတန်းနှစ်ခု ထွက်ပေါ်လာခဲ့သည်။ ပျူခေတ် အုတ်အရွယ် အစားထက် အနည်းငယ်သေးငယ်သော အုတ်ရိုးတန်းနှစ်ခုလည်း ထွက်ပေါ်လာခဲ့သည်။ ပါးစပ်ရာဇ၀င်များအရ ဘုရား ထောင်စေတီကို ဗိုလ်ခြေတစ်ထောင် တည်ခဲ့သည်ဟု ဆိုကြသော်လည်း ဘုရားထောင်စေတီ၏ အလှူရှင်နှင့် တည်ဆောက်ခဲ့သည့် ခုနှစ် သက္ကရာဇ်ကို အတိအကျ မသိရှိရသေးပါချေ။ ဘုရားထောင်စေတီကို ရှေးဟောင်း သုတေသနဌာနက ၁၉၅၈ ခုနှစ်တွင် ထိန်းသိမ်းစောင့် ရှောက်ထားခဲ့သည်။
သရေခေတ္တရာ မြို့ဟောင်းဝန်းကျင်တွင် ပျူတိုက်ဟု ခေါ်ဆိုကြသည့် လေးထောင့်စပ်စပ်ကုန်း ဟောင်းများရှိ သည်။ မြို့ဟောင်း တောင်ဘက်ရှိ ပျူတိုက်များ၏ မြောက်ဘက်တွင် ဗိဿနိုးဟုခေါ်ကြသည့် လေးထောင့်ပုံ မြို့ကွက်ရာ တစ်ခုရှိသည်။ ထိုနေရာကို ဗိဿနိုး မိဖုရားနှင့် ဆွေတော်မျိုးတော်များ သင်္ချိုင်းဟု အစဉ်အဆက်ခေါ်ခဲ့ကြပြီး သင်္ချိုင်းသည် မြို့ဟောင်း၏ အပြင်ဘက် တောင်ဘက်ခြမ်းတွင်  တည်ရှိသည်။ လေးမျက်နှာဘုရားမှ အရှေ့ဘက်သို့ ကိုက်  ၃၀၀ ကွာ ဝေးသည။် ၁၉၆၇-၁၉၆၈ ခုနှစ်တွင် ဗိဿ    နိုးမိဖုရားနှင့် ဆွေတော်မျိုးတော်များ သင်္ချိုင်းတော်တွင် ကြီးမားသော ကျောက်အိုးကြီး ခြောက်လုံးကို တွေ့ ရှိခဲ့သည်။ ယင်းကျောက်အိုးများ သည် ပျမ်းမျှပတ်လည် ၂ ဒသမ ၄မီတာ (၇ ဒသမ ၈၇ ပေ)၊ အမြင့် ၁ ဒသမ ၈၄ မီတာ(၆ ဒသမ ၀၃ ပေ) ရှိပြီး တစ်တန်းလျှင်သုံးလုံးစီ ရှေ့နောက်တန်းလျက် စုစုပေါင်း ခြောက်လုံးရှိသည်။ ယင်းကျောက် အိုးကြီးများ ကို တွေ့ရှိ ခဲ့သောနေရာ မှာပင် ထိန်းသိမ်းထားခဲ့ပြီး အရိုးအိုးများဟု ယူဆခဲ့ကြသည်။ အိုးများ၏ ပတ်လည်တွင် စာသားများ မတွေ့ရှိခဲ့ရပါချေ။
ရှေးဟောင်းသုတေသနဆိုင်ရာ တူးဖော်မှုများအတွင်း သရေခေတရ္တာမှ ကျောက်ထွင်းအိုး ငါးလုံးကို တူးဖော် ရ ရှိခဲ့ရာ ထိုအိုးများတွင် ပျူစာများရေး ထိုးထားသည် ကို တွေ့ရှိခဲ့ကြရသည်။ ပထမကမ္ဘာ စစ်မဖြစ် မီ ၁၉၁၁ ခုနှစ်နှင့် ၁၉၁၂ ခုနှစ် တွင် သရေခေတ္တရာ မြို့ဟောင်း၏ အနောက်မြောက် မြို့ရိုးအပြင်ဘက် ရှိ ဘုရားကြီးရှေးဟောင်းစေတီ၏ တောင်ဘက် ကိုက် ၂၀၀ အကွာမှ ကျောက်ထွင်းအိုးလေးလုံးကို တူးဖော်တွေ့ရှိခဲ့သည်။ ယင်းတို့အနက် အကြီး ဆုံးကျောက်အိုးသည် ၃ ပေ ၃ လက်မခန့်မြင့် ကာ လုံး ပတ် ၇ ပေရှိပြီး အသေးဆုံးအိုးသည် အမြင့် ၂ ပေ ၁၁ လက်မနှင့် လုံးပတ် ၅ ပေ ခန့်ရှိသည်။ သရေခေတ္တရာ မှ တွေ့ရှိခဲ့သော ကျောက်အိုးများ တွင် ရေး ထွင်းထား သည့် ပျူစာများအနက်မှ အချို့ စာလုံးများကို ထိုစဉ် က ကျောက်စာ ၀န်ဖြစ်သူ Mr.C.O Blagden က မြန်မာဘာသာသို့ ပြန်ဆိုခဲ့သည်။ ထိုအိုးများသည် သူရိယ၀ိကြမ၊ ဟရိဝိကြမ၊ သဟိ ၀ြိကမ မင်းတို့၏ အရိုး အိုး များဖြစ်ကြောင်းနှင့် ကျန်တစ်အိုးမှာ မင်းဆွေမျိုးတစ်ဦးဦး သို့မဟုတ် မင်းမိဖုရားတစ်ဦးဦး၏ အရိုး အိုးဖြစ်နိုင်ကြောင်း ကောက်ချက်ချ ခဲ့ကြသည်။
၁၉၉၃ ခုနှစ် မတ် ၁၈ ရက်တွင် သရေခေတ္တရာမြို့ရိုးအတွင်း၊ မှော်ဇာရွာတောင်ဘက်၊ နန်းတော်ကုန်း အရှေ့ရှိ ဘုရားထောင်စေတီ အနီး သရေခေတ္တရာ တူးကွက်အမှတ်(၃၁)မှ ကျောက်အိုးတစ်လုံးကို ထပ်မံရရှိခဲ့သည်။ မြို့ဟောင်း အတွင်း ရွှေကျင်သူများက ထိုအိုးကြီးကိုတွေ့ရှိခဲ့ပြီး ဘုရားအနီးတွင် ထားခဲ့ကြသည်ဟု ယူဆရသည်။ အိုးအတွင်း၌ မည်သည့်ပစ္စည်းများ ထည့်သွင်းမြှုပ်နှံခဲ့သည်ကို မသိနိုင်ခဲ့သော်လည်း ယင်းဘုရားထောင် အိုးကို တွေ့ရှိခဲ့စဉ်က အိုးအတွင်း၌ ဆင်းတုတော် အကျိုး အပဲ့များကို တွေ့ရှိခဲ့ရကြောင်း ဘုရားထောင် အရိုးအိုးကို တွေ့ရှိခဲ့သည့် ဦးကျော် ဦးလွင်(ယခု ညွှန်ကြားရေးမှူး ချုပ်၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန)က ပြောပြခဲ့သည်။ ဘုရားထောင်အရိုးအိုးဟု အမည်ပေးထားသည့် ယင်းအိုးသည် ယခင်ရရှိထားသော ကျောက်အိုး လေးလုံးထက် ကြီးမားကာ အမြင့် ၁ ဒသမ ၀၇ မီတာ(၃ ပေ ၆ လက်မ)နှင့် လုံးပတ် ၂ ဒသမ ၆၄ မီတာ(၈ ပေ ၇ လက်မ) ရှိပြီး ယခင်တွေ့ရှိ ထားသော ကျောက်အိုးများကဲ့သို့ပင် ထုလုံးရှည်ပုံ သဏ္ဍာန်ဖြစ်သည်။
ဘုရားထောင် အရိုးအိုးပေါ်တွင် စာကြောင်း ရေ ငါးကြောင်း ရေးထွင်းထားပြီး ပျူအက္ခရာစာလုံးရေ ၁၁၂၇ လုံး ပါဝင်သဖြင့် သရေခေတ္တရာမှရရှိခဲ့သော ကျောက်အိုးများအနက် ပျူစာလုံးရေ အများဆုံးပါရှိသော အိုးဖြစ်သည်။ ယင်းတို့အနက် စာလုံး ၇၇ လုံးသည် မှေးမှိန်နေပြီး ကျန်စာလုံး ၁၀၅၀ ကို ဖတ်ရှုနိုင်ခဲ့သည်။ မြစေတီကျောက်စာတွင် ရေးထိးုထားသော ပျူအကရ္ခာစာလုးံ များအနက် အလုံး ၄၈၀ ကိုသာ ဖတ်ရှုနိုင်သဖြင့် ဘုရားထောင်အရိုး အိုးပေါ်မှ စာများကို မြစေတီကျောက်စာထက်  နှစ်ဆပိုမိုဖတ်ရှုနိုင်ခဲ့သည်။ အိုးပေါ်တွင် ရေထိုးထားသော စာလုံးများသည် ပျူအက္ခရာများ ဖြစ်ကာ စာလုံးအားလုံး၏ တိကျသော အဓိပ္ပာယ်ကို ယခုတိုင် မဖော်ထုတ်နိုင်ကြသေးသော်လည်း ပညာရှင်များက သြိဒေ့ဝမိတြဗံး၊ သြိ ဟရိဝိ (ကြမဗံး)၊ သြိသိဟ၀ိကြမဗံး၊ သြိသူရိယ၀ိ ကြမဗံး၊ သြိဗြိံထူဝိ ကြမဗံး၊ သြိဇတြတ ၀ိကြမဗံး၊ သြိ (အာ)ဒိတျဝိကြဗံး ဟူသည့် အမည် ခုနစ်ခုကို ဖော်ထုတ်နိုင်ခဲ့သည်။ ယင်းအမည်များအားလုံးသည်“သြိ” နှင့် စကာ “ဗံး” နှင့် ဆုံးထားကြပြီး စာကြောင်း ရေ ၁ မှ  သြိဒေ့ဝမိတြဗံး နှင့် စာကြောင်းရေ ၆ မှ သြိဇတြတ ၀ိကြမဗံးတို့မှလွဲ၍ ကျန်အမည်သည် သရေခေတ္တရာကို အုပ်စိုးခဲ့သော ပျူဘုရင်များ၏ အမည်များ ဖြစ်ကြောင်း ပညာရှင်များက သုံးသပ်ခဲ့ကြကာ သရေခေတ္တရာတွင် ၀ိကြမ မင်းဆက်အုပ်စိုး ခဲ့ကြောင်း ဖော်ထုတ်ခဲ့ကြသည်။
သမိုင်းပညာရှင် ဆရာကြီး ဒေါက်တာသန်းထွန်းက ထိုဘုရင် များ၏ အမည်များအား ဒေ့ဝမိတြကို နတ်ချစ်သူ၊ ဟရိဝိကြမကို ဗိဿနိုး နတ်မင်း၏လက်ရုံး ၊ သဟိဝိကြမကို ခြင်္သေ့ကဲ့သို့ ရဲရင့်သူ၊ သူရိယ၀ိကြမကို နေကဲ့သို့တောက်ပသူ၊ ဗြိံ ထူဝိ ကြမကို အမိနတ်မင်း စောင်မသူ၊ ဇတြတ၀ိကြမကို အမျိုးတကာ ထိတ်လန့်သူ၊ အာဒိတျဝိကြမကို နေမျိုး အသရေဟု အဓိပ္ပာယ်ဖွင့်ဆိုခဲ့သည်။ ဘုရားကြီး မှ တွေ့ရှိခဲ့သော ကျောက် အိုးများတွင် ရေးထွင်း ထားသော စာများနှင့် ဘုရားထောင် ကျောက်အိုး ပေါ် မှ စာများသည် တူညီသော ပျူဘာ သာဖြစ်ကြောင်း တွေ့ကြရသည်။ ဦးစွာတွေ့ရှိထား သည့်ကျောက်အိုးလေး လုံးပေါ်တွင် သိဟ၀ိကြမ၊ သူရိယ၀ိကြမ၊ ဟရိဝိ ကြမအမည်များကို တွေ့ရှိခဲ့ရသဖြင့် သရေခေတ္တရာတွင် ၀ိကြမ မင်း ဆက်အုပ်စိုးခဲ့ကြောင်း အထောက် အထားများ ဖြစ်လာခဲ့သည်။ သို့သော်လည်း ကျောက်အိုးတစ်လုံးစီပေါ်တွင် ဘုရင်တစ်ပါးစီ၏ အမည်ကိုသာ ရေးထွင်းထားသဖြင့် ဘုရင် အမည်များ ကို ရှေ့နောက်စဉ်ရန် အခက်အခဲ ကြုံတွေ့ခဲ့ ကြရသည်။
ဘုရားထောင်ကျောက်အိုးကို ရရှိသောအခါတွင် အိုးတစ်လုံးတည်းပေါ်တွင် ဘုရင်အမည်များကို ရေးထွင်းထား သဖြင့် မင်းစဉ်ဆက် အတိုင်း ရေးထွင်းထားကြောင်း ယူဆခဲ့ကြသည်။ ဘုရားထောင် အရိုးအိုးပါ ပျူစာများအား သမိုင်းပညာရှင်များဖြစ်ကြသည့် ဆရာကြီးဒေါက်တာသန်းထွန်း၊ ဦးစံဝင်းနှင့် ဦးငြိမ်းမောင်တို့က ဖတ်ခဲ့ကြသည်။ ဘုရားထောင်အရိုးအိုးပါ ပျူသက္ကရာဇ်များကို ခရစ်နှစ်သို့ ပြောင်းလဲ၍ ဘုရင်တို့ကွယ်လွန်ခဲ့သည့် ခုနှစ်တို့ကို ဖော်ထုတ်ရာတွင်  ဟရိဝိကြမသည် သက်တော် ၅၇ နှစ် ၂ လ ၂၄ ရက်အရွယ် ခရစ်နှစ် ၁၂၀ ခုနှစ်တွင် ကွယ်လွန်ကြောင်း၊ သိဟ၀ိကြမသည် သက်တော် ၈၀ နှစ် ၂ လ ၄ ရက်အရွယ် ခရစ်နှစ် ၁၂၃ ခုနှစ်တွင် ကွယ်လွန်ကြောင်း၊ သူရိယ၀ိကြမသည် သက်တော် ၃၅ နှစ်အရွယ် ခရစ်နှစ်  ၁၄၃ ခုနှစ်တွင်  ကွယ်လွန်ကြောင်း၊ အာဒိတျဝိကြမသည် သက်တော် ၆၄ နှစ်အရွယ် ခရစ်နှစ် ၁၆၃ ခုနှစ်တွင် ကွယ်လွန်ကြောင်း သိရှိရပေသည်။
ဆရာဦးစံဝင်း၏ အလိုအရ ဟရိ ၀ိကြမသည် ခရစ်နှစ် ၃၆၀ ခုနှစ်တွင်လည်းကောင်း၊ သိဟ၀ိကြမသည် ခရစ်နှစ် ၃၆၃ ခုနှစ်တွင်လည်းကောင်း၊ သူရိယ၀ိကြမသည် ခရစ် နှစ် ၃၈၃ ခုနှစ်တွင်လည်းကောင်း၊ အာဒိတျ ၀ြိကမသည် ခရစ်နှစ် ၄၀၃ ခုနှစ်တွင်လည်းကောင်း ကွယ်လွန်ခဲ့ သည်ဟု ယူဆသည်။
ဘုရားထောင်ကျောက်အိုးနှင့် မှော်ဇာ၊ ၀က်ခေါင်းကန်ကုန်းမှ ၁၉၂၈ ခုနှစ်တွင် ရရှိခဲ့သော ပျူနှင့် သကတ္က နှစ်ဘာသာရောစပ်ရေးထိုး ထားသော ဘုရားကျောက်စာချပ်တို့ကို နှိုင်းယှဉ်ဆက်စပ်ကြည့်ရာတွင် ဘုရင်ဟရိဝိကြမ သည် သရေခေတ္တရာကို ၄ ရာစု အလယ်တွင် တည်ထောင်ခဲ့ကြောင်း မှန်းဆနိုင်ခဲ့သည်။ သရေခေတ္တရာကျောက် အိုးများတွင် ပျူစာများကို ရေးထိုးထားပြီးအိုးများကို အလှအပများမွမ်းမံထား ခြင်းမရှိပါချေ။ သို့သော် ၁၉၇၉ ခုနှစ် ဖေဖောဝ်ါရီ ၁၀ ရက်က သရေ ခေတ္တရာမှ တွေ့ရှိခဲ့သော ကျောက် အိုးငယ်တစ်လုံးသည်  ပန်းအပြောက်အမွမ်း များဖြင့် လှပစွာခြယ်မှုန်းထားသည်ကိုတွေ့ရသည်။ ပညာရှင်များက ယင်းအိုးကို ပျူခေတ်က လက်ရာဟု မသတ် မှတ်ကြဘဲ နှောင်းပိုင်းလက်ရသာဖြစ်နိုင်ကြောင်း ယူဆခဲ့ကြသည်။
ထိုကျောက်အိုးငယ်သည် အ၀ ရှစ်လက်မ၊ အမြင့်မှာ ရှစ်လက် မခန့်သာ ရှိသည်။ ကျောက်အိုးကို လှပစွာ ထွင်းထုထားသော်လည်း မည်သည့်စာမျှ မပါရှိသည့်အပြင် အဆိုပါ ကျောက်အိုးငယ်သည် သရေခေတ္တရာမှ မဖြစ်နိုင်ဘဲ အခြားဒေသ တစ်ခုခုမှ ရောက်ရှိ လာပုံရ ကြောင်း သမိုင်းပညာရှင် ဆရာကြီး ဒေါက်တာသန်းထွန်းက သုံးသပ်ခဲ့ သည်။
ယနေအချိန်အထိ သရေခေတ္တရာ တစ်နေရာတည်းတွင်သာ တွေ့ရှိခဲ့ရသည့် ကျောက်ထွင်းအိုးများသည် မြန်မာနိုင်ငံတွင် အခြေချခြဲ့ကသော ပျူလူမျိုးတို့၏ အတိတ်ပုံရိပ်များကို တစ်စိတ်တစ်ပိုင်း ဖော်ထုတ်ပေးနိုင်ခဲ့သည်။ ပျူတို့နေထိုင်ခဲ့ရာ သရေခေတ္တရာမြို့ဟောင်းကို  ၁၉၀၇ ခုနှစ်တွင် စတင်သုတေသနပြု တူးဖော်ခဲ့ကြသည်။  ထိုစဉ်က ကျောက်စာဝန် များဖြစ်ြကသည့် မစ္စတာ တော်စိန်ခို၊ ဦးလူဖေ၀င်း၊ မွန်စီယာ ဒူရွိုင်ဇယ်တို့က ရှေးဟောင်းအရိုးအိုး များနှင့် ပတ်သက်၍လည်းကောင်း၊ မစ္စတာ ဘလက်ဒင်က အရိုးအိုးကျောက်စာများနှင့်  ပတ်သက်၍လည်းကောင်း၊ ဆရာကြီး ဦးသာမြတ်က  ပျူအက္ခရာများနှင့်ပတ်သက်၍ လည်းကောင်း လေ့လာမှတ်တမ်းပြုခဲ့ကြပြီး ခေတ်အဆက် ဆက် ရှာဖွေတူးဖော်မှုများနှင့်အတူ သုတေသနလုပ်ငန်းများကို  ဆက်လက်ဆောင်ရွက်လျက် ရှိနေ ကြပေသည်။
သရေခေတ္တရာမှ တွေ့ရှိခဲ့သည့် ဘုရားထောင်အိုး အပါအ၀င် ကျောက်ထွင်းအိုးများသည် အိုးတွင်  ရေးထိုး ထားသည့် ဘုရင်များ၏ အမည်များနှင့် ကွယ်လွန်ခဲ့သည့်နှစ်များကြောင့် အရိုးအိုးများဟု သတ်မှတ်ခဲ့ကြသည်။ သို့သော်လည်း ယင်းကျောက် အိုးများ ကို တွေ့ရှိခဲ့ချိန်တွင် ကျောက်အိုးများ အတွင်း အရိုးစများ၊  အရိုးပြာများကို မတွေ့ရှိရဘဲ မြေကြီးများကိုသာ တွေ့ရှိခဲ့ရကြောင်း သမိုင်းပညာရှင် ဗိုလ်မှူးဘရှင်က ရေးသားခဲ့သည်။
ထိုမြေကြီးများသည် ကွယ်လွန်သူများ၏ အရိုးပြာများလည်း ဖြစ်နိုင်ဖွယ်ရှိပေသည်။ ထို့အတူ ဘုရားထောင် ကျောက်အိုး ကို တွေ့ရှိခဲ့စဉ်က အိုးအတွင်းမှ ဆင်းတုတော်အကျိုးများ တွေ့ရှိခဲ့ရသဖြင့် ယင်းအိုးသည် အခြားရည်ရွယ် ချက် တစ်ခုခုအတွက် အသုံးပြုခဲ့သောအိုး ဖြစ်နိုင်ခြေရှိ မရှိ စဉ်းစားမိပါသည်။  သရေခေတ္တရာတွင်တွေ့ ခဲ့ရသည့် ကျောက်အိုး များအား စေတီများ အနီးဝန်းကျင်နေရာများမှသာ တွေ့ရှိခဲ့ကြသည်။ ထို့ကြောင့် ကျန်ရစ်သူများက ကွယ်လွန်သူ ဘုရင်များ၏ အမည်များကို  ကမ္ဗည်း ထိုးထားသော ကျောက်အိုးများအတွင်း ဘာသာရေးဆိုင်ရာ ၀တ္ထု တစ်ခုခုကို ထည့်သွင်းပြီး စေတီပုထိုးများထံ လှူဒါန်းခဲ့ခြင်း ဖြစ်နိုင် မဖြစ်နိုင်ကို သုတေသနပြုသင့်ပါသေးသည်ဟု ကျွန်တော်ယူဆမိပါ သည်။ ။
 
Ref : (၁) တ္ဒဗံး၊ ဒွတ္တဘောင် (၂) Dating the Hpayahtaung Pyu Stone Urn Inscription(San Win)

Writer : ဒေါက်တာသန်းထွန်း

0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်