မလိဝမ်းသို

ထားဝယ်မှ နံနက်အရုဏ်တက်ချိန်တွင် ထွက်ခွာလာ ခဲ့သော ထားဝယ်-မြိတ်-ကော့သောင်း ရှပ်ပြေးရေ ယာဉ်သည် မြိတ်ဆိပ်ကမ်းသို့ နံနက် ၉ နာရီတွင် ဆိုက်ကပ်လာခဲ့သည်။ ရှပ်ပြေးယာဉ်များ မရှိသေးမီက ထားဝယ်မှ မြိတ်သို့ မြန်မာ့ ကြယ်ငါးပွင့်သင်္ဘော လုပ်ငန်းမှ ပြေးဆွဲပေးသော ကမ်းရိုးတန်းသွား သင်္ဘောများဖြင့် သွားလျှင်သွား၊ မသွားလျှင် ပုဂ္ဂလိက စက်လှေများ၊ ငါးဖမ်းသင်္ဘောများ၊ ကုန်တင်မော်တော် များဖြင့်သာ သွားလာခဲ့ကြရသည်။ လွန်ခဲ့သော ငါးနှစ်ခန့်မှစ၍ ထားဝယ်မှ ကော့သောင်းအထိ ကမ်းရိုးတန်းသွားရှပ်ပြေးယာဉ်များကို ပြေးဆွဲခဲ့ရာ တနင်္သာရီကမ်းရိုးတန်းဒေသ သွားလာရေးနှင့် လမ်းပန်းဆက်သွယ်ရေးသည် များစွာတိုးတက်ကောင်းမွန်လာခဲ့သည်။ ရှပ်ပြေးယာဉ်များကို ရာသီဥတုကောင်းမွန်ချိန်များတွင် ပြေးဆွဲလေ့ရှိပြီး မိုးတွင်းကာလ တွင် ပြေးဆွဲပေးခြင်းမရှိပါချေ။
မြိတ်မှ ကော့သောင်းသို့ ရှစ်နာရီကြာ မောင်းနှင်ခဲ့ပြီး ကော့သောင်းမြို့သို့ ညနေ ၅ နာရီဝန်းကျင်တွင် ဆိုက်ရောက် ခဲ့သည်။ ကော့သောင်းသည် မြန်မာနိုင်ငံ၏ တောင်အစွန်ဆုံးမြို့ဖြစ်ကာ ဘုရင့်နောင် အငူသည် မြန်မာနိုင်ငံ ၏ အောက်ဆုံးမြေ သားနေရာဖြစ်သည်။ ဘုရင့်နောင်အငူကို စတီးလက်ရန်းများဖြင့် ကာရံထားကာ ကြမ်းခင်း ကို ကြွေပြားများခင်းထားသည်။ ပင်လယ်ပြင်ကို ဖြတ်သန်းလာသည့်လေက တရစပ် တိုက်ခတ်နေသည်။ လေတ၀ူးဝူးအောက်တွင် အင်္ကျီပုဆိုးများ လွင့်နေလျက် မိမိနိုင်ငံ၏အောက်ဆုံး အငူထိပ်ပေါ်တွင် ရပ်ကာ ပင်လယ်ပြင်ကို ကြည့်နေရသည့်အရသာကို ကျွန်တော် မည်သို့ ဖော်ပြရ မည်ကိုပင် မသိနိုင်ခဲ့ပါချေ။ သမိုင်းတစ်လျှောက် အင်အားကြီးမားဝင့်ထည်ခဲ့သည့် အမိမြန်မာနိုင်ငံတော် ကြီး၏ အောက်ဆုံးထိပ် တွင် ရပ်နေရသည်ကိုပင် ကျွန်တော် ဂုဏ်ယူနေမိခဲ့ပါသည်။

ဘုရင့်နောင်မင်းတရားကြီး (အေဒီ ၁၅၅၁-၁၅၈၁) ကို ခမည်းတော် မင်းရဲသီဟသူမင်းကြီးဆွေနှင့် မယ်တော် ခင်မျိုးမြတ်တို့က မြန်မာသက္ကရာဇ် ၈၇၇ ခုနှစ် (ခရစ်နှစ် ၁၅၁၅ ခုနှစ်)တွင် မွေးဖွားခဲ့သည်။ ဘုရင့်နောင်၏ ငယ်နာမည်သည် ရှင်ရဲထွတ်ဖြစ်ပြီး ခမည်းတော်သည် တပင်ရွှေထီး၏ အကြီးတော်ဖြစ်၍ မယ်တော်သည် တပင်ရွှေထီး၏ နို့ထိန်းဖြစ်သည်။ တပင်ရွှေထီးနျင့် ရှင်ရဲထွတ်သည် ငယ်စဉ်က နို့စို့ ဖက်များဖြစ်ခဲ့ကြပြီး တပင်ရွှေထီးက ရှင်ရဲထွတ်ထက် သုံးလနှင့် လေးရက်သာကြီးသည်။ အရွယ်ရောက်သောအခါ ရှင်ရဲထွတ်သည် တပင်ရွှေထီး၏ အစ်မဖြစ်သူ ခင်ခင်ကြီးနှင့် မေတ္တာ မျှခဲ့သည်။ တပင်ရွှေထီးသည် မင်းဖြစ်လာသောအခါ မိမိနှင့် နို့စို့ဖက် ရှင်ရဲထွတ်ကို မိမိ၏အစ်မဖြစ်သူ ခင်ခင်ကြီးနှင့် စုံဖက်ပေးခဲ့ သည်။
သစ္စာရှိ၍ စစ်မှုထမ်းကောင်းသော ရှင်ရဲထွတ်ကို တပင်ရွှေထီးက ကျော်ထင်နော်ရထာ ဘွဲ့ချီးမြှင့်ခဲ့ သည်။ ကျော်ထင်နော်ရထာ ဘွဲ့ခံ ရှင်ရဲထွတ်သည် တပင်ရွှေထီး၏ မင်းမှုတော်ကို ထမ်းဆောင်လျက် တပင်ရွှထီးနှင့်အတူ လက်ရုံး ရည် နှလုံးရည်များ ကို ပြသခဲ့သည်။ ၁၅၃၇ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် နောင်ရိုးတိုက်ပွဲတွင် စွန့်စွန့်စားစား ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်ကာ အောင်မြင်မှု ရရှိခဲ့သော ကျော်ထင်နော်ရထာအား တပ်ငရွှေထီးက မိမိဝတ်ဆင်ထားသော ပတ္တမြားလက်စွပ်နှင့် လက်ကောက်တို့ကိုချွတ်၍ ရဲဆုအဖြစ်ပေးခဲ့ကာ လှိုင်မြို့ကို စားစေခဲ့သည်။ နောင်ရိုးတိုက်ပွဲ အောင်နိုင်မှုကြောင့် ကျော်ထင်နော်ရထာအား ဘုရင့်နောင်ဘွဲ့ကို ချီးမြှင့်ခဲ့သည့် နောက်ပိုင်းတွင် ရှင်ရဲထွတ်သည် မြန်မာ့သမိုင်းတစ်လျှောက်တွင် ဘုရင့်နောင်အမည်ဖြင့် ထင်ရှားခဲ့သည်။
ဘုရင့်နောင်သည် ၁၅၄၁ ခုနှစ်တွင် တပင်ရွှေထီး၏ အိမ်ရှေ့မင်းဖြစ်လာခဲ့ပြီး မြန်မာသက္ကရာဇ် ၉၁၂ ခုနှစ် (ခရစ်နှစ် ၁၅၅၁ ခုနှစ်) တွင် ဘုရင်ဖြစ်လာခဲ့ကာ ဒုတိယ မြန်မာနိုင်ငံတော်ကြီးကို ထူထောင်၍ ၁၅၅၃ ခုနှစ်တွင် ဟံသာဝတီ ပဲခူးမြို့ရှိ ကမ္ဘောဇ သာဒီနန်းတော်ကြီးတွင် ထီးနန်းစိုက်ခဲ့သည်။ ၁၅၆၃ ခုနှစ်တွင် ထိုင်းနိုင်ငံ (ယိုးဒယား)သို့ စစ်ချီခဲ့ပြီး သောက္ကတဲ့၊ ပိသလောက်၊ သုဝဏ္ဏလောက်မှ အယုဒ္ဓယမြို့အထိ နယ်မြေများကို သိမ်းပိုက်ခဲ့သည်။ အယုဒ္ဓယဘုရင်က ဘုရင့်နောင်ထံ ဆင်ဖြူလေးစီး ဆက်သခဲ့သဖြင့် ဘုရင့်နောင်သည် ဟံသာဝတီဆင်ဖြူများရှင်ဟု ဘွဲ့မည်တင်ခဲ့သည်။ ဘုရင့်နောင်မင်းတရားကြီး၏ ဒုတိ ယမြန်မာနိုင်ငံတော်ကြီးသည် အရှေ့ဘက်တွင် ကျိုင်းတုံ၊ ကျိုင်းရုံကြီး၊ လင်းဇင်၊ ဇင်းမယ်နှင့် အယုဒ္ဓယအထိလည်းကောင်း၊ အနောက်ဘက်တွင် မဏိပူရအထိလည်းကောင်း သြဇာအာဏာ သက်ရောက်ခဲ့သည်။
ဘုရင့်နောင်မင်းတရားကြီးသည် သက်တော် ၆၆ နှစ်အရွယ်၊ မြန်မာသက္ကရာဇ် ၉၄၃ ခုနှစ် (ခရစ်နှစ် ၁၅၈၁ ခုနှစ်)တွင် နတ်ရွာစံခဲ့သည်။ ဘုရင့်နောင်နှင့်ပတ်သက်သည့် အကြောင်းခြင်းရာများကို ဘုရင့်နောင်ကမ္ဗည်းစာတွင် ရေးသားထားသည်ကို ဖတ်ရှုနေစဉ် ဇာတိမာန်စိတ်များ တက်လာမိပေသည်။ ကျွန်တော်သည် ကော့သောင်းရောက်ခိုက် မြန်မာနိုင်ငံသားများ ဂုဏ်ယူလေး စားချစ်မြတ်နိုးကြရသည့် ဘုရင့်နောင်မင်းတရားကြီး၏ ရုပ်တုကို တွေ့မြင်ခဲ့ရချိန်တွင် ဒုတိယမြန်မာနိုင်ငံတော်ကြီးကို ထူထောင် ခဲ့သော မင်းတရားကြီးအား လေးမြတ်ဦးညွှတ်မိခဲ့ပါသည်။ နောက်တစ်ရက် တွင် ကော့သောင်းမြို့မှ မြောက်ဘက် သို့ ပြည်ထောင် စုလမ်းမကြီးအတိုင်း ကျွန်တော်တို့ကားဖြင့် သွားခဲ့ကြရာ ၂၅ မိုင်တွင် မလိဝမ်းရွာသို့ ရောက်ရှိခဲ့သည်။ မလိဝမ်းသို့ မရောက်မီ လမ်း တွင် ပုလုံးတုံတုံးပင်လယ်ဖြတ် သစ်သားတံတားကြီးကို ၀င်ရောက်ကြည့်ရှုခဲ့ကြသကဲ့သို့ ကော့သောင်းမြို့ နှီး ဘုရားကြီးကိုလည်း ၀င်ရောက်ဖူးမြော်ခဲ့ကြသည်။ လမ်းတစ်လျှောက်တွင် ဆီအုန်းခြံများကို တွေ့ရသကဲ့သို့ ကွမ်းခြံများကို လည်း မြင်ရသည်။ ကွမ်းသီး များ လှန်းထားသည်ကိုလည်း နေရာအနှံ့တွေ့ရသည်။
၁၇၅၀ ပြည့်နှစ်ဝန်းကျင်က မြန်မာလူမျိုးများ၊ ရှမ်းနှင့်ဆလုံများသည် ပါချန်မြစ်ရိုးတစ်လျှောက် ရေကြည်ရာ မြက်နုရာရှာဖွေကြရင်း ယခု မလိဝမ်းတည်ရှိနေရာသို့ ရောက်ရှိလာခဲ့ကြသည်။ ထိုနေရာသည် မြေမျက်နှာပြင်ညီညာပြန့် ပြူးလျက် ဇွန်ပန်းများလည်း ဖူးပွင့်နေကြသည်ကို မြင်ကြရသဖြင့် အခြေချနေထိုင်ရန် ရွေးချယ်ခဲ့ကြကာ မလိဝမ်းဟု အမည်ပေးခဲ့ကြသည်။ ထိုင်းဘာသာစကား မလိဝမ်းဟု အမည်ပေးခဲ့ကြသည်။ ထိုင်းဘာသာစကား မလိသည် ဇွန်ပန်းပွင့်ဖြစ်ကာ ၀မ်သည် နေ့ဖြစ်သဖြင့် မလိဝမ်းသည် ဇွန်ပန်းများ ပွင့်သောနေ့ဟု အဓိပ္ပာယ်ရသည်။ ဒေသခံများက မလိဝမ်းသည် စံပယ်ပန်းများပွင့်သောမြေဟု ဆိုကြသည်။ မလိဝမ်းကျေးရွာတွင် အိမ်ခြေ ၈၅၀ ကျော်ရှိ၍ လူဦးရေ ၄၀၀၀ နီးပါး နေထိုင်လျက်ရှိသည်ဟု သိရှိရသည်။ ဘုန်းတော်ကြီးကျောင်းသုံးကျောင်းနှင့် မူလတန်းကျောင်း၊ ကျေးလက်ဆေးပေးခန်းများရှိသည်။ ကျေးရွာပြည်သူများအများ စုသည် ဥယျာဉ်ခြံ၊ ရော်ဘာခြံ၊ ကွမ်းသီးခြံနှင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများဖြင့် အသက်မွေးကြသည်။
မလိဝမ်းကျေးရွာတွင် ကော့သောင်းမြို့၏ တစ်ခုတည်းသောသဘာဝ အပန်းဖြေရေတံခွန်နှင့် ရေပူစမ်းရှိသည်။ ယခင်က မလိဝမ်းရေတံခွန်နှင့် ရေပူစမ်းသို့ လမ်းပန်းဆက်သွယ်ရေး မကောင်းမွန်မှုကြောင့် အလွယ်တကူမသွားရောက်ခဲ့ သော်လည်း ယခုအခါ ရေတံခွန်နှင့် ရေပူစမ်းဝန်းကျင် စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများကို ဆောင်ရွက်နေသဖြင့် ဒေသနေ ပြည်သူများနှင့် ဧည့်သည်များသည် မလိဝမ်းသို့ အလွယ်တကူသွားရောက် အပန်းဖြေနိုင်ကြပြီဖြစ်သည်။ သစ်သားတံတားကို ဖြတ်သန်းလိုက် သည်နှင့် မလိဝမ်းရေတံခွန်မှ စီးလာသောရေများကို ဆယ်ထားသည့် ရေပြင် ကျယ်ကြီးကို တွေ့ကြရ သည်။ ရေပြင်ကျယ် အတွင်း ရေကူးနေကြသူများ၊ ကမ်းစပ်တွင် ပျော်ပွဲစားနေ ကြသူများ၊ ရေတံခွန်ထိပ် သို့ တောင်တက်လမ်းအတိုင်း တက်နေကြ သူများကို စည်ကားစွာတွေ့ရှိရပေသည်။ ထိုင်း-မြန်မာနယ်စပ်ဝင် ပေါက်မှတစ်ဆင့် ကော့သောင်းသို့ လာရောက် လည်ပတ် ကြသော နိုင်ငံခြားသားအချို့ကိုလည်း တွေ့မြင်ရသည်။ ကော့သောင်း၏ တစ်ဖက်ကမ်းထိုင်းနိုင်ငံရနောင်းမြို့တွင်လည်း ရေ တံခွန်နှင့် ရေပူစမ်းတစ်ခုရှိရာ မလိဝမ်းရေတံခွန်နှင့် ရေပူစမ်းက ပိုမိုလှပသည်ဟု ကျွန်တော်ထင်မြင်မိပါသည်။
ရေတံခွန်၏ အနောက်ဘက်တွင်ရှိသည့် တောင်တက်လမ်းအတိုင်း ရေတံခွန်ထိပ်ဖျားအထိ လမ်းလျှောက်တက်ခဲ့ ကြရာ တောင် တက်လမ်းတစ်လျှောက် လှပစွာမြင်တွေ့ရသည့် တောတောင်နှင့် ရေတံခွန်အဆင့်ဆင့် ရှုခင်းများသည် မလိဝမ်း၏ လှပသန့် စင်သော သဘာ၀၀န်းကျင်များဖြစ်ကြပေသည်။ ရေတံခွန်ထိပ်ဖျားတွင် သံကွင်းများဖြင့် အခိုင်အမာ တုပ်နှောင်ထားသည့် ငါးပေ၀န်းကျင်ပတ်လည်ရှိသည့် အင်္ဂတေလေးထောင့်အုတ်ခုံတစ်ခုကို တွေ့ခဲ့ရသည်။ အုတ်ခုံပေါ် တွင် လေးထောင့်ကြက်ခြေခတ် တစ်ခုကို အင်္ဂတေဖြင့် ပြုလုပ်ထားသည်။ အချို့က ဂျပန်ခေတ်က ဂျပန်များ တစ်စုံတစ်ခုကို လျှို့ဝှက်ထားသည့် နေရာတစ်ခုဟု ယူဆ ကြသော်လည်း ယခုတိုင်မည်သူမျှ အတိအကျမသိရှိကြသေးပါ ချေ။ မလိဝမ်းမှ အပြန်တွင် ကော့သောင်းမရောက်မီ ၁၀ မိုင်ခန့်အလိုတွင်ရှိသော ဆယ်မိုင်ကျေးရွာသို့ ၀င်ခဲ့ကြသည်။ ဆယ်မိုင်ရွာသည် ပင်လယ်ကမ်းခြေရွာ တစ်ခုဖြစ် သဖြင့် ရေထွက် ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ၀ယ်ယူနိုင်ခဲ့ကြ သည်။ လူကြိုက်များသည့် ပသျှူးငါးပိစစ်စစ်များကို ဆယ်မိုင်ရွာတွင် ၀ယ်ယူရရှိနိုင်သည်။
တစ်ချိန်သောကာလက မှောင်ခိုလုပ်ငန်းများဖြင့် စည်ကားခဲ့သည့် ကော့သောင်းမြို့သည် ယခုအချိန်တွင် လည်း ကော့သောင်းမြို့မှ ငါးမိုင်အကွာတွင် ပုလုံးတုံးတုံး အပန်းဖြေကမ်းခြေ၊ ၁၀ မိုင်အကွာတွင် ၁၀မိုင် အပန်းဖြေကမ်း ခြေနှင့် ၂၅ မိုင်ဝန်းကျင် မလိဝမ်းသဘာဝရေတံခွန်၊ မလိဝမ်းရေပူတွင်းများရှိနေသဖြင့် လာရောက်လည်ပတ်ကြသော ခရီးသွားများဖြင့် စည်းကားလျက်ရှိ သည်။ လှပသောသဘာဝ ရှုမျှော်ခင်းများစွာကို ပိုင်ဆိုင်ထားသည့် မြန်မာနိုင်ငံတွင် ခရီးသွားလုပ်ငန်း အရင်းအမြစ် များစွာရှိသည့် အနက် ကော့သောင်းမြို့၏ လှပသော သဘာ၀၀န်းကျင်များသည်လည်း အပါအ၀င်ဖြစ်ပေရာ ကော့သောင်းမြို့သို့ အလည် တစ်ခေါက်ရောက်ရှိခဲ့သည့်ခရီးကို ကျွန်တော် အမှတ်ရနေဆဲပင်ဖြစ်ပါပေသည်။

0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်