တစ်ရက်က စစ်ကိုင်းမြို့က ထူးခြားတဲ့စေတီတစ်ဆူကို သွားရောက်ဖူးမြော်ဖြစ်ခဲ့ပါတယ်။ စစ်ကိုင်သား ဆိုပေမယ့် စစ်ကိုင်းနဲ့ ကင်းကွာခဲ့တဲ့ အခြေ အနေကြောင့် ရောက်တုန်းမှာ သွားဖူးဖြစ်ခဲ့တာပါ။ သွားပြီးဖူး မြော်ဖြစ်ခဲ့တဲ့စေတီက စစ်ကိုင်းမြို့ အနောက်ပိုင်း ကနားတော်ရပ်ကအဘယစေတီပါ။ အဲဒီ ဘယစေတီဟာ မြန်မာသက္ကရာဇ် ၈၂၄ ခုနှစ်မှာ ဒုတိယမင်းခေါင်က တည်ခဲ့တာပါ။ “ဒုတိယမင်းခေါင် သည် ဆွံ့အသောရောဂါစွဲကပ်ရာ၌ ငါသည် ဘိုးတော် ကို ပြစ်မှားမိသည်ဟူ၍ ဘိုးတော်နရပတိက နားတော် ရာတွင် စေတီတည်သည်။ အဘယစေတီဟု သမုတ် သည်။ ရတနာမဏိ ဟုလည်း ခေါ်ကြ သည်။ ကျောင်းတော်နှစ်ခု လည်း ဆောက်လုပ် လှူဒါန်း၏။ တစ်ကျောင်းကိုကား ဘိုးတော်နရပတိ မင်းကြီးက နားတော်ရာတွင် တည်သောကြောင့် ကနားတော်ကျောင်းတွင်သည်။ သီတင်း သုံးသော ဆရာတော်ကိုလည်း ကေတုဓဇတံဆိပ် ဆက်ကပ် သည့်နောက် ကျောင်းတစ်ခု ကို အောင်မြေ မင်္ဂလာကျောင်းဟု သမုတ် သည်” လို့ စေတိယကထာ မှာ ဖော်ပြထားတာကို ဖတ်ဖူးခဲ့ပါတယ်။ မှန်နန်း ရာဇ၀င်တော်ကြီးမှာ “ကနားတော်ရာတွင် စေတီတော်နှင့် ရွှေကျောင်းတော်နှစ်”လို့ ပါရှိတာကိုလဲ မှတ်သားခဲ့ဖူးပါတယ်။
ဒီဘုရားက ထူးခြားတယ်ဆိုတာက တခြားမဟုတ်ပါဘူး။ ဒီဘုရားကိုလာပြီး ဆုတောင်းဆွမ်းကပ်လှူဒါန်းရင် ဆွံ့အတဲ့ရောဂါပျောက် တာပါ။ ဒီဘုရားတညတဲ့ ဒါယကာ ဘုရင်မင်းခေါင်ကိုယ်တိုင် ဆုတောင်းခဲ့တဲ့အတွက်ကြောင့်ပါတဲ့။ ဖြစ်ပုံက တော့ ထူပါရုံ ဘုရားဒါယကာ အင်းဝဘုရင်နရပတိမင်းကြီးဟာ စစ်ကိုင်းမြို့ ထူပါရုံစေတီတည်တဲ့အခါ အခုကနားတော်ရပ်မှာ ကနားထိုးနား တယ်လို့ဆိုပါတယ်။ အဲဒီအရပ်မှာ ဘုရင်မင်းခေါင်ဟာ ယုန်တို့၊ ချေတို့ကို တောလိုက်ကစားတဲ့အခါ ရုတ်တရက် ဆွံ့အသွား တယ်လို့ ဆိုပါတယ်။ ဒါနဲ့ အနားမှာရှိတဲ့ နတ်ဝင်သည်တွေကိုခေါ်မေးတော့ ဘုရားရှင်ရဲ့ဓာတ်တော်မွေတော်ရှိတဲ့နေရာမှာ အခင်းကြီး၊ အခင်းငယ်သွားမိတဲ့အတွက် ဆွံ့အသွားတာပါ။ ဓာတ်တော်မွေတော်ရှိတဲ့နေရာမှာ စေတီတည်ပြီး ကိုးကွယ် ရင် ဝေဒနာပျောက်ကင်းမယ်လို့ပြောတယ်တဲ့။ ဒါကြောင့် မင်းကြီးက စေတီတည်ပြီး ကိုးကွယ်မယ်လို့ စိတ်တွင်းက ကတိပြု လိုက်တဲ့အခါ စကားပြောနိုင်သွားတယ်။ ဒါကြောင့် သက္ကရာဇ် ၈၂၄ ခုနှစ်မှာ မင်းခေါင် က စေတီတည်ပြီးကိုးကွယ်ခဲ့တယ်တဲ့ ဒါကမူ တစ်မျိုးပါ။
နောက်တစ်မူရှိသေးတယ်။ ရာဇ၀င်ချုပ်မှာတော့ “ဒုတိယမင်းခေါင်သည် ဆွံ့အသောရောဂါ ကိုယ်တွင် စွဲကပ်ရာ၌ ငါသည်ဘိုးတော်ကို ပြစ်မှားမိသည်။ ဘိုးတော်ကနားတော်ရာတွင် စေတီတည်၍ တောင်း ပန်သည်။ အဘယ်စေတီသည် ရတနာမဏိဟုလည်း သမုတ်သည်”လို့ ဖော်ပြထားတာရှိပါတယ်။ ပထမမူက မှန်နိုင်သလိုပဲ၊ ဘာကြောင့်လဲဆိုတော့ စေတီရဲ့ အနောက်မှာ နတ်ကွန်းရှိတယ်။ ပြီးတော့ အသောက မင်းကြီးရဲ့ရေကန်ပေါင်းရှစ်သောင်းလေးထောင်ထဲက တစ်ခုလို့ ယူဆ ရတဲ့ ရေကန်က ဂေါင်းမင်း ဘုရား အရှေ့ဘက်မှာရှိနေပြီး ဒီစေတီဟာ အသောကမင်း ရဲ့စေတီဖြစ်ပြီး ဘုရင်မင်းခေါင်က ပြန်လည်တည်ထား ခဲ့တာ ဖြစ်နိုင်ခြေများ သလိုပါပဲ။ ဘာပဲပြောပြော ဒီစေတီကိုတည်တော့ ဘုရင်မင်းခေါင်ရောဂါ ပျောက် သွားတယ်။ ပျောက်သွားတော့ သူ့လိုပဲဝေဒနာ သည် တွေကို လဲ ရောဂါပျောက်ကင်းစေချင်လို့ ဒီစေတီတော်ကို ဖူးမြော်ဆည်းကပ် ဆုတောင်း ရင် ရောဂါပျောက်ပါစေလို့ ဆုတောင်း ခဲ့ပါတယ်တဲ့။ ဒါကြောင့် ဆွံ့အရောဂါဖြစ်တဲ့သူတွေဟာ ဒီစေတီကိုလာဖူးပြီး ဆည်း ကပ်လှူဒါန်းဆုတောင်းကြတယ်တဲ့။ ပြီးတော့ စေတီ အင်္ဂါထောင့်က ကလေးရင်ခွင်ပိုက်ထားပြီး ဘီလူးမရုပ်ရွက်ထားတဲ့ သင်ပုတ်ခွက်ပေါ်မှာ ဆွမ်းတော်တင်ကို စွန့်ရပါတယ်။ သင်ပုတ်ပေါ်စွန့်ထားတဲ့ အထဲက အနည်းငယ်ကိုပြန်ယူ ပြီး ဆွံ့အသူကို ပြန်ကျွေးရင်ပျောက်ပါတယ်တဲ့။
အဲဒီလိုဖြစ်တာ တကယ်ဆိုတာကို အခုနောက်ပိုင်းမှာတော့ စေတီတော်ဂေါပက မှတ်တမ်းပြုစုထားလို့ သိခဲ့ရတယ်။ စေတီ ဒါယကာကိုယ်တိုင်ဆွံ့အရောဂါ ပျောက်ခဲ့တဲ့စေတီဖြစ်တာမို့ အံ့သြစရာတော့ မရှိပါဘူး။ ဒါပေမဲ့ အခုလိုသိပ္ပံခေတ်မှာတော့ ယုံ သူ နည်းမယ်ထင်တယ်။ ထင်ရှားတဲ့သာဓကလေးတွေကို ပြောပြရရင်တော့ စစ်ကိုင်းကနားတော်ရွာက ဦးလွင်ကြီး၊ ဒေါ်မြင့်ခိုင်တို့ရဲ့ သား မောင်အောင်အောင်ခြောက်နှစ်ကျော်တဲ့ထိ စကားမပြောလို့ အဲဒီ စေတီမှာ ဆွမ်းတော်တင်ကပ်လှူပြီး သင်ပုတ်ကို စွန့်စားခဲ့ တာလေး ကြိမ်မြောက်မှာစကားပြောနိုင်တယ်။ တောင်မြို့က ကိုမိုးခိုင်၊ မမြင့်မြင့်ခိုင်တို့ရဲသား မောင်ရဲသူထက် စတဲ့သူတွေဆွံ့ အ ပျောက်ကြတယ်။ ဂေါပကရဲ့ စာရင်းမှာတော့ အများကြီးပါ။ အခုဖော်ပြတာက ဈေးကွက် ဂျာနယ်လို စာနယ်ဇင်းမှာပါတဲ့ သိသာ တဲ့သူတွေကိုပြောပြတာပါ။ တချို့ဆို နိုင်ငံခြားကနေ ဆွမ်းတော်တင်ဖို့ ပစ္စည်းပို့ပြီး ဆွမ်းတော်ကျကို လေယာဉ်နဲ့ပြန်ပို့ပေးရတာ မျိုးရှိတယ်။ ဒါကြောင့် ထူးခြားတဲ့စေတီတစ်ဆူလို့ပြောတာပါ။
ဒီဘုရားပွဲကို ၀ါးလက်ခုပ်ပွဲလို့ ခေါ်ကြတယ်။ စစ်ကိုင်းမြို့ရဲ့ အထင် ကရပွဲပေါ့။ ဒီဘုရားပွဲကျင်းပဖို့ ရပ်ကွက်ထဲက အိမ် တွေက တစ်အိမ်ဘယ်လောက်ဆိုပြီး ငွေစုဆောင်း၊ လှူကြ၊တန်းကြ ပွဲကျင်းပကြတာပါ။ အရင်တုန်းကတော့ အမျိုးသမီးလေးတွေက တူညီဝတ်စုံလေးတွေ ၀တ်ပြီး ကြာသင်္ကန်းကိုကိုင်၊ အမျိုးသားလေးတွေက ၀ါးလက်ခုပ်အရွယ်စုံကို ကိုင်ပြီး တပျော်တပါး သီဆို တီးမှုတ်ပြီး ဘုရားကိုသွား သင်္ကန်းကပ်လှူ၊ ဆွမ်းလှူကြတာ ပျော်စရာပါ။ တစ်ရပ်တစ်ကျေးကလာတဲ့သူတွေကို မုန့်ပဲသရေစာ အစား အသောက်တွေနဲ့ ဧည့်ခံကြတယ်။ ကိုယ့်ဥယျာဉ်ခြံကထွက်တဲ့ ဆီးဖြူသီး၊ သီးသီး၊ စောင်းလျားသီးတွေကို စတုဒိသာ လမ်း ဘေးမှာ ချကျွေးထားတာ ကြည်နူးစရာ၊ ပျော်စရာပေါ့။ အခုတော့ ဒါတွေလဲ မတွေ့တော့ဘူး။
အရင်တုန်းကတော့ ကနားတော်၊ ရွှေစင်ဂဲ၊ ကျောင်းတော်ရာ၊ ညောင်ကုန်းစတဲ့ရွာတွေမှာက အိမ်တိုင်းဝါးနက်ရုံတွေ အုံနဲ့ ကျင်းနဲ့ ရှိတာဆိုတော့ ၀ါးလက်ခုပ်က အလွယ်ကူဆုံးတူရိယာပေါ့။ ပြီးတော့ ရွာတွေမှာက ကိုယ်ပိုင်သီချင်းရေးဆရာ၊ ကိုယ့်တီးဝိုင်းနဲ့ကိုယ်၊ ကိုယ့်ပြဇာတ်နဲ့ကိုယ် အပြိုင်အဆိုင်ကကြတာ။ တီးဝိုင်းဆိုလို့ ခေတ်ပေါ်တီးဝိုင်းတော့ မဟုတ်ဘူး။ မောင်းတို့၊ ဒိုးပတ်တို့၊ ဗုံတို့၊ နှဲတို့ပေါ့။ ရွာပိုင်ဝယ်ထားပြီးသား။ ဘုရားပွဲမကျင်းပခင် တစ်လလောက်မှာ ၀ါသနာပါတဲ့သူတွေစုပြီး သဘာရှိတဲ့ သူက ခေါင်းဆောင်တီးမှုတ် ကြတာပါ။ ဘုရားကလဲ ထူးခြားတဲ့ဘုရား၊ ရိုးရာကလဲထူးခြားလို့ အလွန်စည်ကားတဲ့ပွဲပေါ့။ အဘယစေတီမှာ ဘုရားပွဲတော်ကို တစ်နှစ်သုံးကြိမ် ကျင်းပတယ်။ တန်ဆောင်မုန်းလပြည့်နေ့မှာ သံဃာတော်တွေကို စာရေးတံမဲလှူဒါန်းတဲ့ပွဲ၊ တန်ဆောင်မုန်းလပြည့် ကျော် ၈ရက်နေ့မှာ ကြာသင်္ကန်းကပ်လှူတဲ့ပွဲ၊ ဆွမ်း၊ ဆီမီး၊ ပန်း၊ ရေချမ်းကပ်လှူတဲ့ပွဲနဲ့ ပြာသိုလမှာ အသံမစဲမဟာပဋ္ဌာန်းပွဲနဲ့ မဟာ ဗုဒ္ဓ၀င်ရွတ်ဖတ်ပူဇော်ပွဲ ကိုကျင်းပကြတယ်။
ဒီစေတီရဲ့ ၀တ္တကမြေကို လုပ်ကိုင်စားသောက်တဲ့အတွက် စေတီရဲ့ ဝေယျာဝစ္စကို လုပ်ကိုင်ရပြီး ပွဲတော်ကျင်းပရတဲ့ရွာ တွေက တဲကြီး၊ ကနားတော်၊ ညောင်ကုန်း၊ ဂုံညင်းတောင်၊ ကျောင်းတော်ကြီး၊ သပြေပင်၊ နေပူကုန်း၊ ကြယ်လူး၊ တာတိုင်၊ ခြံကြီး၊ ရွှေစင်ဂဲကျေးရွာတွေပါ။ ဒီရွာတွေက နှစ်စဉ် ဆွမ်းဆက်ကပ်လှူဒါန်းပွဲတော်ကျင်းပရတာက ယဉ်ကျေးမှုဓလေ့တစ်ခုပါပဲ။ ဒီလိုထူးခြားတဲ့ စေတီနဲ့ထူးခြားတဲ့ရိုးရာဓလေ့တွေဟာ နှောင်းလူတွေထိန်းသိမ်းရမယ့် ယဉ်ကျေးမှုအမွေအနှစ်တွေပါ။ ဒြပ်ရှိ၊ ဒြပ်မဲ့ ယဉ်ကျေးမှုတွေပါ။ ဒါကိုနှောင်းလူတွေသိစေချင်လို့ပါ။ အခုတော့ ဘုရားပွဲကို ကျင်းပတာလဲ ၀ါးလက်ခုပ်သံမကြားရသလိုပဲ။ ၀ါးလက်ခုပ်လုပ်စရာဝါးရုံတွေလဲ နည်းသွားသလိုပါပဲ။ ၀ါးရုံတွေထိန်းသိမ်းဖို့လိုသလို ပျောက်ဆုံးတော့မယ့် ၀ါးလက်ခုပ်ပွဲတော်ဓလေ့ လဲ တန်ဖိုးထား ကြစေချင်လို့ ကျွန်တော့်ရဲ့ ငယ်ဘ၀က စစ်ကိုင်းမြို့ရဲ့ ယဉ်ကျေးမှုဓလေ့ကို သတိတရနဲ့ ရေးသားတင်ပြလိုက်ပါ။
0 comments:
Post a Comment
သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်