အင်္ဂလိပ်မြန်မာပထမစစ်ပွဲ ဖြစ်ပွားနေသည့်ကာလ ရန္တပိုစာချုပ် ချုပ်ဆိုရတော့မည့် အခြေအနေတွင် ထင်ရှားသော ရဟန်းစာဆိုတော်ကြီး တစ်ပါး သည် မြန်မာ့ဇာတိမာန်ကို သိမ်မွေ့စွာ လှုံ့ဆော်သည့် စကားကို မိန့်ကြားခဲ့သည်။ ထိုစကား မှာ ”ထိုကြောင့် စင်စစ်၊ ရဲချိန်ခေတ်တွင်၊ ရဲဆစ်တညီ၊ တန် ချေပြီဟူ ၍ ဖြစ်သည်။ ယခု အချိန် သည် ရဲစွမ်းသတ္တိ ပြရမည့် အချိန်ဖြစ် သည့်အတွက် ညီညီညွတ် ညွတ် ရဲစွမ်း သတ္တိပြဖို့ အချိန်တန်ချေပြီဟု ဆို လိုခြင်းဖြစ်သည်။ ထိုသို့ မိန့်ကြားသော ရဟန်း စာဆိုတော်ကြီးကား ‘မုံရွေးဆရာ တော်အရှင် အရိယာဝံသအာဒိစ္စရံ သီ’ဟူ၍ ထင်ရှားသော ဆရာတော် ကြီးဖြစ်သည်။ မုံရွေးဆရာတော်သည် ပျို့ အများအပြားရေးဖွဲ့ခဲ့ရာ ဒုတိန္နပျို့၊ ပဉ္စာဝုဓပျို့၊ နာရဒပျို့၊ မဟာသီလဝ ပျို့၊ ကုသပျို့၊ မင်္ဂလသုတ်ပျို့ စသည့် ပျို့များထင်ရှားပါသည်။ ငါးရာငါး ဆယ်၊ ဓမ္မပဒ စသည့် စာပေများကို အခြေပြု၍ ဖတ်ချင်စဖွယ် ရေးဖွဲ့ ထားသော လေးလုံး စပ်ကဗျာ ရှည်ကြီး များဖြစ်သည်။ မူလဇာတ်တော်များ မှ ဇာတ်လမ်း၊ဇာတ်ဆောင်၊ ကာလ ဒေသနောက်ခံတို့ကို အသက်ဝင်လာ အောင်၊ ရုပ်လုံးကြွ လာအောင် အပြောက်အမွမ်းအဆင်တန်ဆာများ ဖြင့် ချဲ့ထွင်ရေးဖွဲ့ထားသည့်အတွက် စာဖတ်သူတို့နှစ် သက်သော ရသ မြောက်အရေးအဖွဲ့များ ဖြစ်ပါသည်။ ဖော်ပြပါ ဇာတိမာန်လှုံ့ဆော် သောအဖွဲ့ကို မဟာသီလဝပျို့တွင် တွေ့ရပါသည်။ မဟာ သီလဝပျို့မှာ ငါးရာငါးဆယ်နိပါတ်၊ မဟာသီလဝ ဇာတ်ကို ပျို့အဖြစ် ပြန်လည်ရေးဖွဲ့ ထားခြင်းဖြစ်သည်။ မဟာသီလဝ ဇာတ်သည် အလွန်သဘောကောင်း သော၊ နူးညံ့ သိမ်မွေ့သော ဘုရား လောင်း မဟာသီလဝမင်းအကြောင်း ဖြစ်သည်။
မဟာသီလဝမင်းသည် တိုင်းသူပြည်သားများကို ချစ်ခင်ကြင်နာသည်။ တိုင်းပြည်ကို သာယာညင်းပျောင်းစွာ အုပ်ချုပ် သည်။ သူခိုးသူ ဝှက်များကို ဖမ်းမိ လျှင် အပြစ်မပေးဘဲ ဆုံးမဖျောင်းဖျပြီး ပြန် လွှတ်သည်။ တစ်နေ့တွင် ရန်သူမင်းက မဟာသီလဝမင်း၏ တိုင်းပြည် ကို လာရောက်တိုက်ခိုက်သည်။ တိုင်းသူပြည်သားများ သေကျေပျက်စီးမည်စိုးသဖြင့် ရန်သူကို ခုခံတိုက်ခိုက်ခြင်း မပြုရန် မဟာ သီလဝမင်းက အမိန့်ပေးသည်။ မှူးမတ်များက ရန်သူကို တိုက်ခိုက်ရ မည်ဖြစ်ကြောင်း၊ မင်းကြီးသည်လည်း ရန်သူကို တိုက်ခိုက် သတ်ဖြတ်သည့် အလုပ်ကို ရှောင်လွှဲ၍ မရကြောင်း လျှောက် ထားပြီး ရန်သူကို မိမိတို့ ထွက်တိုက်ပါရစေဟု ခွင့်တောင်း သော်လည်း မဟာသီလဝမင်းက ခွင့် မပြု။ ထို့ကြောင့် ရန်သူမင်းက နန်းတော်ကို အလွယ်တကူဝင်ရောက် သိမ်းပိုက် သည်။ မဟာသီလဝမင်းကို ဖမ်းဆီးပြီး သင်္ချိုင်းတွင် ဦးခေါင်းသာဖော်ထားပြီး တစ်ကိုယ်လုံးမြေမြှုပ်ထားသည်။ ညအချိန် သင်္ချိုင်းခွေး များ ကိုက်မည်ပြုသောအခါမှ မဟာသီလဝမင်းက ‘အချည်းနှီးမသေစ ကောင်း’ဟု တွေးမိပြီး ခွေးများကို ကျယ်လောင် စွာ အော်ဟစ်ခြောက် လှန့်သည်။ ခွေးများထွက်ပြေးသော အခါ ခွန်အားဖြင့်ရုန်းပြီး တွင်းထဲမှ ထွက်သည်။ ထိုစဉ် ဘီလူးနှစ်ကောင် သည် လူသေအလောင်းတစ် ခုကို အဝေမတည့်သည့်အတွက် မဟာသီလဝမင်း ထံ ရောက်လာရာ မဟာသီလဝမင်းက လူသေကောင်ကို သန်လျက်ဖြင့် ခေါင်း၊ ကိုယ်နှစ် ခြမ်းခွဲပြီး တစ်ခြမ်းစီဝေပေးလိုက် သဖြင့် ဘီလူးများကျေနပ်သွားပြီး ခိုင်းလိုရာ ခိုင်းပါဟု ဆိုသဖြင့် နန်းတော်သို့ လိုက်ပို့ခိုင်းသည်။ မဟာ သီလဝမင်းသည် အိပ်ခန်းဆောင်တွင် စိတ်ချလက်ချ အိပ်ပျော်နေသော ရန်သူမင်း၏ အနားကိုသွားပြီး ဝမ်း ဗိုက်ကို သန်လျက်ဖြင့် ရိုက်ပုတ်သည်။ ရန်သူမင်းထိတ်လန့်သွားပြီး မဟာသီလဝမင်း ကို တောင်းပန်၍ တိုင်း ပြည်ပြန်ပေးသည်။ ဤကား မဟာသီလဝဇာတ် အကျဉ်းချုပ်ဖြစ်သည်။
မုံရွေးဆရာတော်သည် မှူးမတ်များက မဟာသီလဝမင်းအား ရန်သူမင်းကို တိုက်ခိုက်ခွင့်ပေးရန် အမျိုးမျိုးလျှောက်ထားပုံကို ဖွဲ့ရာ၌ အထက်တွင် ဖော်ပြခဲ့သော ‘ထို့ ကြောင့်စင်စစ်၊ ရဲချိန်ခေတ်တွင်၊ ရဲဆစ်တညီ၊ တန်ချေပြီ’ ဟူသော စကားကို ထည့်သွင်းရေး ဖွဲ့ထားခြင်း ဖြစ်သည်။ ထိုစကားသည် မူရင်း ဇာတ်တော်တွင် မပါဝင်ပါ။ မုံရွေးဆရာတော်က ထည့်သွင်းရေးဖွဲ့ ထားသည့် စကားဖြစ် သည်။ သို့ဆိုလျှင် ‘ရဲချိန်ခေတ်’ ဟူသည် မည်သည့်အချိန်ကို ဆိုလိုပါသနည်း။ ပျို့ရေးဖွဲ့သည့်အချိန်သည် မြန်မာနိုင်ငံကို အင်္ဂလိပ်တို့ ဝင်ရောက်ကျူးကျော်နေသည့် အချိန်ဖြစ်သည်။ ထိုအချိန်တွင် ရန်သူကို ရဲရဲဝံ့ဝံ့ပြန်လည်ခုခံဖို့လိုအပ်သည်။ ထိုအချိန်တွင် တိုင်းပြည်အုပ်ချုပ်နေသော ဘကြီးတော်ဘုရားသည်လည်း ဇာတ်တော်ထဲက မဟာသီလဝမင်းကဲ့သို့ပင် စိတ်ထားနူးညံ့ သူဖြစ်သည်။ နိုင်ငံခြားသား မှတ်တမ်းတစ်ခုတွင် ဘကြီးတော်မင်းတရားသည် သွေးထွက် သံယိုမြင်ကွင်းကို မကြည့်ဝံ့သော၊ စိတ်ထားနူးညံ့သောမင်းဖြစ်ကြောင်း ရေးသားထားသည်။ ထိုသို့သော အခြေအနေတွင် မုံရွေးဆရာတော် မဟာသီလဝ ပျို့ရေး ဖွဲ့ခြင်းမှာ တမင်ရည်ရွယ်၍ ရေးဖွဲ့ခြင်း ဖြစ်လေမည်လားဟု တွေးစရာဖြစ်လာပါသည်။ အထူးသဖြင့် ‘ရဲချိန်ခေတ်’ဟု ဆရာတော်မိန့် ဆိုသော ထိုခေတ်ထိုအချိန်သည် ပြည်ပမှ ကျူးကျော်လာသော ရန်သူ အင်္ဂလိပ်များကို ညီညီညွတ်ညွတ်ပြန်လည်တိုက်ခိုက်ရမည့် အချိန်ဖြစ်ကြောင်း သတိပေးလိုသောသဘောဖြင့် မဟာသီလဝဇာတ်ကို တမင်ရွေးချယ်ကာ ပျို့အဖြစ် ရေးဖွဲ့ ခြင်းဖြစ်သည်ဟု ယူဆ ဖွယ်ဖြစ်နေပါသည်။
ဤသို့လျှင် ရဟန်းစာဆို မုံရွေးဆရာတော်ဘုရားသည် ရဟန်းပင်ဖြစ်သော်လည်း နိုင်ငံအတွက် အရေးကြုံလာသည့် အခါ မနေသာ ဘဲ မဟာသီလဝပျို့တွင် မြန်မာ့ဇာတ်သဘင်ကို သိမ်မွေ့စွာ လှုံ့ဆော်ရေးဖွဲ့ခြင်းဖြစ်သည်ဟု ယူဆမိပါသည်။
Writer : မောင်ခင်မင် (ဓနုဖြူ )
0 comments:
Post a Comment
သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်