ရာဇဝင်များထဲက ပျူသုံးမြို့


================
ခင်ညိုညို (ရှေးဟောင်းသုတေသန)
မြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက် ရာဇဝင်အစောင်စောင်တို့ကို ညောင်ရမ်းခေတ်မှစ၍ ရေးသားပြုစုခဲ့သည်မှာ ယခုခေတ်တိုင်အောင် ရေးသားနေကြဆဲဖြစ်သည်။ မြန်မာ့အဘိဓာန်၌ ရာဇဝင်ဆိုသည်မှာ မင်းဆက်မင်းစဉ် အကြောင်းအရာမှတ်တမ်းကို ရာဇဝင်ဟုခေါ်သည်။ ပါဠိရာဇဝံသမှ ဆင်းသက်လာပြီး အနွယ်တူမင်းဆက်ဟူသော အဓိပ္ပာယ်ရပါသည်။ ရာဇဝင်ဟုဆိုရာတွင် သဝတ္ထုကရာဇဝင်နှင့်အဝတ္ထုက ရာဇဝင်ဟူ၍ နှစ်မျိုးရှိရာ ကျောက်စာ၊ ကြေးစာ၊ အုတ်ခဲစာစသော သက်သေခံရှိသော ရာဇဝင်ကို သဝတ္ထုကရာဇဝင်ဟုခေါ်၍ ဝတ္ထုပစ္စည်းသက်သေခံမရှိသော ရာဇဝင်ကို အဝတ္ထုကရာဇဝင်ဟု ခေါ်လေသည်။ ဤလောက၌ သက်သေသာဓကမပြနိုင်သော်လည်း ဘိုးဘွားစဉ်ဆက်လက်ခံလာသော အကြောင်းအရာများစွာရှိလေသည်။
ရှေးမြန်မာရာဇဝင်မှတ်တမ်းများအရ ပျူတို့သည် ပထမဆုံးသော ပျူနိုင်ငံတော်ကို ခရစ်မပေါ်မီ နှစ်ပေါင်းများစွာကပင် တည်ထောင်နေထိုင်ခဲ့ ကြကြောင်း သမိုင်းရာဇဝင်များကဆိုကြသည်။ ပျူမြို့ရွာများအဖြစ် မြို့ကြီး ငါးမြို့နှင့်ပြည်နယ် ၁၈ ပြည်နယ်အထိ ထူထောင်နေထိုင်ခဲ့သည်ဟုဆိုပါသည်။ ရှေးဟောင်းရာဇဝင်များ၌ ပျူနိုင်ငံတော်များအဖြစ် တကောင်းနှင့်သရေခေတ္တရာ တို့ကိုသာ အကျယ်တဝင့်ဖော်ပြကြ၍ ဗိဿနိုးမြို့နှင့် ဟန်လင်းမြို့တို့အကြောင်း ကိုကား ရာဇဝင်ကြီးများတွင် အနည်းငယ်မျှသာ ဖော်ပြသည်ကို တွေ့ရသည်။သို့သော်လည်း မျက်မှောက်ခေတ် ရှေးဟောင်းသုတေသီတို့၏ လေ့လာတွေ့ရှိ ချက်များအရ ပျူတို့၏ မြို့ပြတည်ထောင်နေထိုင်ခဲ့ကြပုံမှာ အတော်ပင်ရုပ်လုံး ပေါ်လာပြီဖြစ်သည်။ ထိုသို့ခေတ်မီသုတေသနပြု လေ့လာတွေ့ရှိ ချက်များနှင့် ရှေးခေတ်ရာဇဝင်တို့၏ သမိုင်းကြောင်းဖော်ပြပုံတို့မှာ ကွာခြား၍ ဒဏ္ဍာရီ ဆန်လှပါသည်။ ထိုဒဏ္ဍာရီဆန်လှသော ရှေးဟောင်းပျူသုံးမြို့ဖြစ်သည့် ဟန်လင်း၊ ဗိဿနိုးနှင့်သရေခေတ္တရာမြို့တော်တို့၏ ရာဇဝင်သမိုင်းကြောင်းအရ စိတ်ဝင်စားစရာကောင်းပုံကို လေ့လာတင်ပြလိုပါသည်။
ဟန်လင်းမြို့တော်
ဟန်လင်းမြို့တော်၏ သမိုင်းကြောင်းသည်လည်း ကျောက်စာ၊ သမိုင်း၊ လင်္ကာများ၌ကား အကျဉ်းမျှတွေ့ရ ပေသည်။ စစ်ကိုင်းမင်း၏ အချီတော်ဝန် နေမျိုးကျော်စွာက မြန်မာသက္ကရာဇ် ၁၁၆ဝ ပြည့်နှစ်တွင် ဝက်လက်မြို့နယ် ဟန်လင်းကြီးမြို့ဟောင်း ရွှေဂူကြီးစေတီရင်ပြင်၌ လှူဒါန်းထားသော ခေါင်းလောင်းစာတွင် ဟန်လင်းမြို့အကြောင်းကို ''ရှေးခါသရော်၊ ကရပေါ် မင်းမှစ၍ သက်ဆင်းပျူမင်းအစပြုံးမင်းအဆုံး၊ ရုံးခဲ့ရှစ်ရာမင်းတို့ ပျော်ရာ ဟံသာနဂရ၊ မြို့ကား ၉ ပါးအံ့ရာပြည့်စုံစွာလျက်၊ ရတနာမိုး မစိုးမရိမ် ကြိမ်ကြိမ်ကြိုးကာများစွာ ရွာဘူးလေပြီ၊ ရာသီ ၁၂ ရပ်မလပ်ပျံ့မွှေး၊ သလေး နတ်ကောက်တို့ဖြင့် ပြွမ်းလျက်တောင်မျက်နှာက၊ အင်းမနက် ကျယ်ချီးဘွယ် များစွာ မန္ဓာဂီရိအိုင်ကြီးအတူ၊ ဟူလည်းမယွန်း၊ ရဲဝန်တောင်တော လွန်သာမော၏ တပေါဒါန မန္တာမြစ် ၂ စင်းလည်းမယွင်းအတူ စီးဆင်းသောဟူသို့ရေပူရေအေး မထွေးမရှက်ဆုံလျက် ပေါင်းကာ ဖျာစီးကြလေသတည်း ယင်းသည် ဟံသာနဂရ ဟန်လင်းမြို့နှိုက်'' ဟူ၍ ဟန်လင်းမြို့၏ အံ့ဖွယ်ထူးခြားချက်များ အပါအဝင် ဟန်လင်းမြို့အကြောင်းကို အကျဉ်းချုပ်ဖော်ပြပါရှိလေသည်။ ထိုအတူပင် ဘိုးတော်ဘုရားလက်ထက် စည်သူကျော်ထင်ဘွဲ့ခံသာချင်းဆရာ ဦးအောင်ဖြိုး ရေးသားသည့် ဟန်လင်း မြို့ဟောင်းသမိုင်း လင်္ကာ၌လည်း ''ဟန်လင်းမြို့သည် မဇ္ဈိမဒေသမှ မဟာ သမ္မတမင်း၏ သားတော်ကရပေါ်မင်းသားသည် ဟန်လင်းမြို့ကိုစတင် တည်ထောင်ခဲ့ကြောင်း၊ မင်းစဉ်မင်းဆက် (၇၉၉)ပါး စိုးစံခဲ့ကြောင်း မင်းဆက် (၈ဝဝ)မြောက် ပျူမင်းလက်ထက်၌ ညီတော်ပြုံးမင်းဟူ၍ရှိရာ ထိုမင်းသား ရယ်ပြုံးလျှင် ကောင်းကင်ယံမှ ရတနာမိုးတစ်ကြိမ် ရွာသွန်းကြောင်းနှင့် ထိုသို့ ထူးဆန်းသည့် ဂုဏ်သတင်းကို သိရှိရန် တရုတ်ပြည်မှ ဥတည်မင်းက သံစေလွှတ်ကာ စုံစမ်းစေသောအခါ ညီတော်ပြုံးမင်းသည် မရီးတော်၏တမလွန်ဘဝ ငရဲတွင်ခံစားရမည်ကို ဇာတိသရ ဥာဏ်ဖြင့် ရှုမြင်မိ၍ မပြုံးနိုင် မရယ်နိုင်ဖြစ်နေသည့်အခိုက်နှင့် ကြုံကြိုက်နေလေသည်ကို ပျူမင်းက အမျက်သင့်ကာ အပြစ်မဲ့သော ညီတော်အား ကွပ်မျက်စေသောကြောင့်၊ ပြာပူမိုးရွာ သွန်းသောကြောင့် ဟန်လင်းမြို့ကြီး ပျက်စီးခြင်းသို့ ရောက်လေသည်ဟု လင်္ကာများ၏သမိုင်းက ဤသို့ဆိုလေသည်။
ဤတွင် ရာဇဝင်ပါ ပျူမင်း၊ ပြုံးမင်းသည် ဒဏ္ဍာရီအဖြစ်ယူဆခဲ့သော်လည်း နွားထိန်းရွာ ရွှေမုဋ္ဌောဘုရား ကျောက်စာ၌ ပျူမင်းညီအစ်ကိုသည် နွားထိန်းရွာ၌ ဘုရားရှင်ရုပ်ပွားတော် သီတင်းသုံးသည့်ဂူဘုရားတစ်ဆူကို ဆောက်လုပ် လှူဒါန်းခဲ့လေသည်။ ပျူမင်းညီအစ်ကို ဆောက်လုပ်လှူဒါန်းခဲ့သော ဂူဘုရားသည် ပျက်စီးယိုယွင်း၍ ပုဂံစည်သူမင်းကြီးလက်ထက်ရောက်သော အခါ သူကြွယ် ငတရာသင်နှင့် ငကူသင်တို့အား ပြင်ခွင့်ပေးကာ ထပ်မံပြုပြင်ခဲ့ကြောင်း ဖော်ပြထားပါသည်။ ဤကျောက်စာ အထောက်အထားများအရ ပျူမင်း၊ ပြုံးမင်းအကြောင်းသည် မြန်မာရာဇဝင်သမိုင်းများတွင် ဒဏ္ဍာရီပုံပြင် မဟုတ်ကြောင်းကို သက်သေပြနိုင်ခဲ့ပါသည်။ ယခုမျက်မှောက်ခေတ် ရှာဖွေ တွေ့ရှိနေသော ပုဂံကျောက်စာများသည်ပင်လျှင် နှစ်၂ဝဝဝ နီးပါးရှိပြီဖြစ်၍ ရှေးပုဂံခေတ်မတိုင်ခင်က မြို့ပြများ ထွန်းကားခဲ့ကြောင်းကိုလည်း ကျောက်စာ အထောက်အထားများအရတွေ့ရှိ၍ ဖော်ပြခဲ့ခြင်းဖြစ်ပေသည်။
ထို့ပြင် မုံရွေးမဟာဇေတဝန်ဆရာတော်၏ စေတီယကထာရာဇဝင်ချုပ် ၌လည်း ဟန်လင်းမြို့ သမိုင်းကို ''နနူဇိန္ဒသမ္မတမင်းကြီးသည် ဟံသာနဂရ မည်သော ဟံလင်းမြို့ကြီးကို တည်၏။ ထိုပြည်၌ မင်းတို့သည် မင်းကျင့် တရားဆယ်ပါးနှင့် အညီမင်းပြု၏။ ရတနာမိုးရွာ၏။ ပဒေသာပင်ပေါက်၏။ ထိုပြည်၌အထောင် အသောင်းမကသော မင်းဆက်တို့သည်စံနေကုန်၏။ နောင်အခါ ထိုမင်းတို့သည် အလိုဆန္ဒကြီး၍ အခွန်အတွက် အမှန်အကန်မပြု။ အလွန်အကြူးခံလေလျှင် ခိုးသားဓားပြထူ၍ မိုးလေခေါင်၏။ ငတ်မွတ်၏။ နတ်တို့မစောင့် မရှောက်သောကြောင့်လိ မိုးရွာ၏။ လိပ်သားကို စားလျှင် သေကြေပျက်စီး ၍ပြည်လုံးထိတ်လန့်ထွက်ပြေးလေလျှင် ပြည်ပျက်လေ၏'' ဟုလည်းကောင်း၊ ဆက်လက်၍ နောက်ထပ်တစ်ဖန် ဟန်လင်းမြို့တော်ရှိပုံကို ''ဟံလင်းအရပ်၌ ဟံသာပူရ မြို့သမုတ်၍ သူရိယဝံသမင်းတရားနှင့် အညီ မင်းပြု၏။ ရွှေမိုး၊ ငွေမိုးရွာ၏။ မင်းဆက်တစ်ထောင်ကျော်တည်၍ နောက်ဆုံး မင်းတို့တွင် အမျက်မာန ဒေါသကြီး၍သူ့ဥစ္စာကို မျက်မုန်းကျိုး၏ ကုန်သည်တို့ကို နှိပ်စက်ညှင်းပန်းပြီးလျှင် အဝယ်တော်ဟု ဝယ်ယူစေပြီးလျှင် ဈေးတိုးလုပ်၍ ရောင်း၏။ နောင်အခါ နန်းတော်သို့ ဖွတ်များစွာတက်၍ ဖွတ်ကိုသတ်စားလျှင် အော့အန်၍သေလေ၏။ ကျောက်ဝက်သက်ကြီးစွာဝင်၏။ ပြည်သူတို့ ဥပဒ် ရောက်၍ ထွက်ပြေးကြလျှင် ပျက်စီးလေ၏'' ဟူ၍လည်းကောင်း စေတီယက ထာရာဇဝင်ချုပ်၌ ဖော်ပြလေရာ ဟန်လင်းမြို့သည် ပျူမင်း၊ ပြုံးမင်းမတိုင်မီကပင် မြို့တော်များရှိခဲ့ကြောင်းနှင့် အခြားသောမင်းများက စိုးစံခဲ့ကြောင်း၊ ရှေးခေတ် လူတို့ ပါးစပ်ရာဇဝင်အဖြစ် လက်ဆင့်ကမ်း၍သယ်ဆောင်လာသော အကြောင်း အရာများသည် တစ်ချိန်က ကျောက်စာ၊ ပေစာများ၊ရွှေ၊ ငွေ၊ ကြေးပြားစာ စသည်ဖြင့် မှတ်သားထားကြလိမ့်မည်ဖြစ်သော်လည်း နှစ်ကာလများစွာ ကြာရှည်ခြင်းကြောင့် ထိုသမိုင်းကြောင်း အချက်အလက်တို့မှာ ပျောက်ပျက် ပျက်စီးခြင်းသို့ရောက်၍အထောက်အထားများ မရှိတော့ခြင်းလည်း ဖြစ်နိုင်သည်။ အတိအကျမဆိုနိုင်ပေ။ ဤသည်မှာ ရှေးဟောင်းသမိုင်းရာဇဝင်များမှ ဖော်ပြပါရှိသောဟန်လင်းမြို့တော်၏ ရာဇဝင်ဖြစ်ပေသည်။
ဗိဿနိုးမြို့တော်
အချို့သော ရာဇဝင်များအရ ပထမဦးဆုံး ပျူနိုင်ငံတော်များ ''ဗိဿနိုး'' ဖြစ်သည်ဟု ဆိုလေသည်။ အချို့ကား ဗိဿနိုးမြို့သည်ဘုရားမပွင့်မီ နှစ်ပေါင်း ၃ဝဝ၊ ဘီစီ ၉ဝဝ ခန့်က တည်ခဲ့သည်ဟုဆိုလေသည်။ တောင်တွင်းကြီး သမိုင်းနှင့် ဗိဿနိုးရာဇဝင်မှအရ သာသနာသက္ကရာဇ် ၅၉ ခုနှစ်တွင် သင်းတွဲပြည်(တကောင်းပြည်)မှ မဟာသမ္ဘဝ၊ စူဠသမ္ဘဝအမည်ရှိသော မျက်မမြင် မင်းသားနှစ်ပါးကို ဖောင်နှင့်မျောရာမှ စစ်ကိုင်းအရပ်တွင် စန္ဒမုခိဘီလူးမသည် ညီနောင်နှစ်ပါး၏ စားတော်ပွဲကို ခိုးယူစားသုံးရာ ညီနောင်နှစ်ပါးက ဖမ်းမိ၍ မျက်စိနှစ်ကွင်း အလင်းရအောင် ဘီလူးမအားဆေးကုစေသည်။ ဘီလူးမ မဟာသမ္ဘဝနှင့် အကြောင်းပါ၍ သမီးငယ်ဖွားမြင်ပြီး တောအရပ်တွင် သီတင်းသုံးနေသော ရသေ့ထံမှာ ပစ်ထားခဲ့ရာ ရသေ့ကကောက်ယူကျွေးမွေးပြီး အရွယ်ရောက်သော် ကျောင်းသင်္ခမ်းနှင့် မအပ်စပ်သည်ဖြစ်၍ မီးမဖုတ်ရ သေးသောအိုးကိုပေးကာ ရေခပ်ယူခိုင်းလေသည်။ အိုးငယ်သည် ရေထည့်လျှင် ကွဲပျက်ခြင်းသို့ရောက်လေသည်။ ဤသို့ ရေအိုးကွဲဖန်များသော် တောစောင့်နတ်၊ တောင်စောင့်နတ်များ ဖျက်ဆီး၍ ငါ့အိုးကွဲရသည်ဟု ငိုယိုမြည်တမ်းသောကြောင့် ယခင်ဘဝက မောင်နှမတော်စပ်ခဲ့ဘူးသော ဗိဿနိုးနတ်မင်းက သိကြားမင်းကို မေးလျှောက်လျှင် သိကြားမင်းက မိန်းမငယ်သည် '' ကဿပမြက်စွာဘုရားရှင် လက်ထက်တော်တွင် လက်ျာတော် ရံအရှင်မြတ်အား ပေရွက်ယပ်တောင်လှူဒါန်း သော အကျိုးကြောင့် ဖြစ်လရာအရပ်တွင်မစိုက်ပျိုးဘဲ ပေပင်တို့ဖြင့် ပေါက် ရောက်ခြံရံလျက် ကနက်ထီးနန်းနှင့် မင်းခင်းကျင်းပ၍၊ ဘဝအထိုထိုအလို အတိုင်းပြည့်စုံအံ့'' ဟု သိကြားမင်းက ပြောသောကြောင့် ထိုအရပ်တွင် တာလေးတောင်ပမာဏ ကျယ်သောမြို့ထီး၊ မြို့နန်း၊ တန်ဆောင်း၊ ပြအိုး၊ မြို့ရိုး၊ ကျုံးမြှောင်းနှင့်တကွ ဗိဿနိုးနတ်မင်းက ဖန်ဆင်းတည်ထောင်ပေးလေ သည်။ ထိုဗိဿနိုးနတ်မင်း တည်ထောင်ဖန်ဆင်းပေး၍ ''ဗိဿနိုးမြို့'' ဟုအမည်တွင်သည်။ ထို့ပြင် အတိတ်ဘဝက ပန်ထွာဆုတောင်းခဲ့သောကြောင့် ''ပန်ထွာပြည်'' ဟုလည်း အမည်တွင်သည်။ ထို့ပြင်သိကြားမင်းပေးသော အတုလစည်တော်လည်းရှိသည်။ ဤသည်မှာ ဗိဿနိုးမြို့နှင့် ပန်ထွာဘုရင်မ ဇာတ်လမ်းဖြစ်သည်။ ထိုဇာတ်လမ်းကိုပင် သရေခေတ္တရာပြည်နှင့် ဆက်စပ်၍ ရာဇဝင်များကဆိုထားသည်မှာ အခါသော် သရေခေတ္တရာပြည့်ရှင် ဒွတ္တဘောင် မင်းကြီးသည် မြို့ပြကျေးရွာများသို့ အခွန်တော် တောင်းခံစေလွှတ်ရာ ပန်ထွာပြည်သို့ရောက်လျှင်ပန်ထွာပြည်မှမှူးမတ်တို့က အခွန်တော်အမတ်တို့ကို ထွက်ပြေးသွားစေသည့်အတွက် ဒွတ္တဘောင်မင်းမှ ပန်ထွာပြည်သို့ လာရောက် တိုက်ခိုက်လေသည်။ ပန်ထွာပြည်မှလည်း လာရောက်တိုက်ခိုက်သူတို့အား သိကြားမင်းပေးသော အတုလစည်တော်တီးလျက် ရန်ပယ်ချောင်းမှရေများ၊ လှိုင်းတံပိုးထစေပြီး ပျက်စီးခြင်းသို့ ရောက်စေသည်။ ထို့နောက်တွင် လူယုံသွင်း၍ အတုလစည်တော်အား ဖျက်ဆီးခိုင်းပြီး မြို့ကိုသိမ်းပိုက်လေသည်။ ဒွတ္တဘောင်မင်းကြီးသည် ပန်ထွာမင်းသမီးနှင့်တကွ မှူးမင်းပြည်သူတို့ကို သိမ်းယူကာ သရေခေတ္တရာပြည်သို့ ခေါ်ဆောင်သွားပြီး မိဖုရားအရာမြှောက်လေ သည်။ ပန်ထွာမင်းသမီးလည်း ရှေးယခင်ဘဝ ပွေးဖို၊ ပွေးမ လက်ထက်မှ အညှိုးကြောင့် မသန့်ရှင်းသော အဝတ်ဖြင့်စီမံထားသောပုဝါကို ဒွတ္တဘောင် မင်းကြီးအားဆက်သလေသည်။ ဒွတ္တဘောင်မင်းကြီးလည်း ပုဝါအားအသုံးပြု သောအခါ မှဲ့ရှင်တော်ကွယ်၍ ဘုန်းတန်ခိုးနိမ့်ပါးလေသည်။ ဤသည်ကို ဒွတ္တဘောင်မင်းကြီး၏ မှူးမတ်များကလည်း မကျေနပ်၍ ပန်ထွာမင်းသမီးအား သစ်ကြားသီးနှင့် မြေဇာဥတို့တွင် အဆိပ်ခတ်၍ ပေးလေရာ ပန်ထွာမင်းသမီး စားသုံး၍ နတ်ရွာစံလေသည်ဟု ဗိဿနိုးမြို့၏ သမိုင်းကြောင်းကို တောင်တွင်းကြီးရာဇဝင်တို့၌ အကျယ်တဝင့် ဖော်ပြထားပါသည်။ ဤတွင် ဗိဿနိုးမြို့သည် သာသနာသက္ကရာဇ် ၁ဝ၃ ခုနှစ်တွင် ပျက်စီးခြင်း သို့ရောက်လေသည်ဟု ဖော်ပြလေသည်။
တခြားသော ရာဇဝင်ကြီးများ၌ ဗိဿနိုးမြို့အကြောင်းကို အကျဉ်းမျှဖော်ပြရာတွင် မှန်နန်း ရာဇဝင်တော်ကြီး ပထမတွဲ၌ ''သာသနာတော် သက္ကရာဇ် ၆၆ ခုနှစ်တွင် ထိုမင်း၏ညီတော် စူဠသမ္ဘဝမင်း ဖြစ်တော်မူ၏၊ မိဖုရားကား မရီးတော် ဘေဒါရီတည်း၊ ဘေဒါရီကို မိဖုရားမြှောက်လျှင် အိမ်ရှေ့မင်းအဖြစ်က အလုပ်အကျွေးပြုသော စန္ဒမုခိဘီလူးမသည် ဝမ်းနည်းသောအားဖြင့် ထိုမင်းနှင့် မြင်သောသား ဗိဿနိုးကို ယူ၍ ပုပ္ပါးအရပ်မှာ ရွာပြုတည်ထောင်နေလေသည်'' ဟု ဆိုပါသည်။ တောင်တွင်းကြီးသမိုင်း၊ လင်္ကာနှင့်မှန်နန်းရာဇဝင်တို့၌ပင် ဗိဿနိုးမြို့၏ သမိုင်းကြောင်းလည်း အကြောင်းအရာအားဖြင့် ကွဲပြားခြားနား နေသည်ကိုတွေ့ရသည်။ ထို့ပြင် အခြားသော ရာဇဝင်သမိုင်းမှတ်တမ်း စာအုပ်များ ၏ အမြင်ကိုတင်ပြရသော် မြန်မာမင်းအုပ်ချုပ်ပုံ စာတမ်း ဒုတိယတွဲ၌ ''ပန်ထွာပြည်ဆိုသည်မှာ ကျည်းပြည်ကိုပင်ဆိုလိုသည်။ ပန်ထွာပြည်သီးခြားရှိသည်မှာ ရာဇဝင်တိုင်းမှာ ပါရုံမကများစွာသော စာပေအမှတ်အသားများတွင် ပါရှိလေသည်''ဟု ဆိုထားပါသည်။
ဗိဿနိုးပြည်ဟူသည်ကား ဗိဿတိုးဆိုသောစကားနှင့် အလားတူပင် တည်း၊ တောင်တွင်းကြီးမြို့အနီးတွင်ရှိသော ဗိဿနိုးမြို့ဟောင်းကိုပင် ထင်ယူရန်ရှိသည်။ ထိုဗိဿနိုးမင်းသမီးကို ဒွတ္တဘောင်မင်းက အလယ်နန်း မိဖုရားထားသည်ဟု သရေခေတ္တရာ ရာဇဝင်မှလာသည် သရေခေတ္တရာပြည်မှ တစ်ပါး သီးခြားမင်းလုပ်အုပ်စိုးသော နေရာရှိသည်မှာ သိသာသည်''ဟု ဖော်ပြထားသောကြောင့် ဗိဿနိုးနှင့် သရေခေတ္တရာသည် ခေတ်ပြိုင်ဖြစ် ကြောင်း ဆက်စပ်တွေးတောနိုင်ပါသည်။ ''ဗိဿနိုးမြို့'' ''ပန်ထွာပြည်'' ဟုခေါ်သော အခေါ်အဝေါ်များ၊ အမည်များနှင့်စပ်လျဉ်း၍ တိကျသော အထောက်အထားများ မတွေ့ရှိရသော်လည်း ဒဏ္ဍာရီစကားများကိုကား ရာဇဝင်အစဉ်အဆက်က လက်ခံလာခဲ့သည်မှာ ယနေ့တိုင်ပင်ဖြစ်သည်။
သရေခေတ္တရာမြို့တော်
''သရေခေတ္တရာ''မြို့ကို မြန်မာရာဇဝင်များတွင် ဖော်ပြပါရှိသည်မှာ ဤသို့ဖြစ်၏ ''တကောင်းမင်း သတိုးမဟာရာဇာ၏ ယောက်ဖတော် အိမ်ရှေ့မင်း ခေပဒုတသည် တိုင်းစွန်ပြည်နားတို့ကို နှောင့်ယှက်ဖျက်ဆီးနေသော ဝက်ကြီးအား လိုက်လံဖမ်းဆီးရာ ဝက်ကြီးကို အောင်မြင်ပြီးနောက် တရားသံဝေဂရသဖြင့် တကောင်းသို့ မပြန်ဘဲ သကျအင်းအရပ်တွင် ရသေ့ပြု၍နေလေသည်။ ထိုသကျအင်းအရပ်၌နေသော ပျူမိဖုရား နန်းခမ်း နှင့်ပျူလူမျိုးတို့က ကြည်ညိုကိုးကွယ် ကြလေသည်။ ရသေ့ကြီးသည် သမင်မက မွေးသော ဗေဒါရီမိန်းကလေး အား မွေးစား၍ ဗေဒါရီအရွယ်ရောက်သောအချိန်၌ တကောင်းမှတူတော်မင်းသား စူဠသမ္ဘဝနှင့်မဟာသမ္ဘဝတို့မှ မဟာသမ္ဘဝကို ဗေဒါရီနှင့်စုံဖက်တော်မူ၏။ ထို့နောက် ပျူမိဖုရား နန်းခမ်းနှင့်တကွ ခြွေရံသင်း ပင်းတို့၌ မင်းမရှိသည်ဖြစ်၍ မဟာသမ္ဘဝအားမင်းအဖြစ် သဘောတူကြပြီး မြို့ကိုလည်း ရသေ့မြို့ဟုသမုတ်၍ မင်းပြုစေသည်။ ဤတွင်မဟာသမ္ဘဝလွန်လျှင် ညီတော်စူဠသမ္ဘဝမင်းဖြစ်ရာ ဗေဒါရီကိုပင် မိဖုရားမြှောက်၍ ရသေ့မြို့ကိုချဲ့၍ သရေခေတ္တရာပြည် တည်လေသည်။ ထိုမင်းလွန်လျှင် သရေခေတ္တရာမြို့တော်ကို ဒွတ္တဘောင်မင်းသည် ဖိုးဦးတောင်၌ မြတ်စွာဘုရားဗျာဒိတ်ထားတော်မူခဲ့ သည့်အတိုင်း ဂဝံပတေ့ရသေ့၊ သိကြားမင်း၊ နဂါးမင်း၊ ဂဠုန်၊ စန္ဒီပရမေသူရာတို့ မှ ပူးပေါင်း၍ အချင်းအားဖြင့် တစ်ယူဇနာ၊ အဝန်းအားဖြင့် သုံးယူဇနာရှိသော တံခါးကြီးသုံးဆယ့်နှစ်တံခါး၊ တံခါးငယ်သုံးဆယ့်နှစ်တံခါး၊ ကျုံး၊ မြောင်း၊ ပစ္စင်၊ တန်ဆောင်း၊ ပြအိုး စသော မြို့၏အင်္ဂါများနှင့်အညီ ထူးဆန်းတင့်တယ်လှ စွာသော ''သီရိခေတ္တရာ''မြို့ကို သာသနာနှစ် ၁ဝ၁ နှစ်တွင် တည်ထောင်တော်မူသည်။ ဒွတ္တဘောင်မင်းသည် ပျူမိဖုရား၏ သမီးတော် စန္ဒာဒေဝီနှင့် နဂါးမင်း၏သမီးတော် ဘေစန္ဒီတို့ကို မိဖုရားမြှောက်သည်။ နောင်အခါ ပန်ထွာမင်းသမီး ကိုလည်း စစ်မက်ပြုကာ သိမ်းပိုက်တော်မူသည်။ ဘုန်းတန်ခိုးကြီးမား၍ လိမ္မာရဲရင့်သော အမတ်သူရဲကောင်းတို့နှင့်ပြည့်စုံ၏။ နဂါးပြည်မှ နဂါးကြေး လှေတော်နှင့်တကွ သမီးတော်ကိုပါ ဆက်သလာသည်ဟု ရာဇဝင်များတွင် ဖော်ပြပါရှိလေသည်။
သရေခေတ္တရာပြည်၏ မင်းဆက်ကိုကား ဒွတ္တဘောင်မင်းဆက်ကိုးဆက် ဟူ၍လည်းကောင်း၊ စူဠသမ္ဘဝ၊ မဟာသမ္ဘဝမှ အပါအဝင် ၁၁ ဆက်ဟူ၍လည်း ဆိုကြသည်။ ထိုမင်းတို့၏အဆုံး သီရိရာဇ်မင်းလက်ထက်တွင် သားတော် အဆက်အခံမရှိသဖြင့် တစ်ပါးသော အမျိုးကောင်းသားနှင့်သမီးတော်ကို ထိမ်းမြား၍ အိမ်ရှေ့မင်းအဖြစ်ထားရာ ငါတပါးမင်းဟုတွင်သည်။ ငါတပါး မင်းဆက် ၁၆ ဆက်တိုင် သရေခေတ္တရာပြည်တွင် စိုးစံတော်မူကြရာနောက်ဆုံး မင်းဆက်ကား သက္ကရာဇ်ဖြိုသော သုမုန္ဒရီမင်း၏သားတော် သုပညာနာဂရ ဆိန္နမင်းတည်း။ ထိုမင်းလက်ထက်တွင် အုပ်စိုးစဉ်တွင် တိုင်းရေးပြည်ရာမငြိမ် မသက်ဖြစ်နေရာ တစ်နေ့၌ လေပွေမုန်တိုင်းကျ၍ မိန်းမတစ်ဦး၏ ''စကော'' လွင့်သွားသည် ကို ''င့ါစကော၊ င့ါစကော'' ဟူ၍အော်ပြေးလေသည်။ ဤတွင် မငြိမ်မသက် ထိတ်လန့်နေစဉ်ဖြစ်ရကာ စစ်မက်ချီတက်လာသည်ဟုထင်မြင်ပြီး ပြည်သူတို့သုံးစုကွဲကာ သုမုန္နရီမင်းဖြိုခွင်း ကြွင်းသက္ကရာဇ်ကို ၁၆(အေဒီ ၉၅) နှစ်တွင် သရေခေတ္တရာမြို့ကြီး ပျက်စီးလေသည်။ ရာဇဝင်များ၌ သရေ ခေတ္တရာပြည်ကြီး ထူထောင်သည့်နေ့မှစ၍ ပျက်သုဉ်းသည်အထိ မင်းစဉ်မင်း ဆက်အကြောင်းကို ရာဇဝင်အစောင်စောင်တို့၌ ပြည့်ပြည့်စုံစုံအကျယ်တဝင့် ဖော်ပြလေ့ရှိသည်။
ဤသည်မှာ ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာဟူသော ပျူမြို့ သုံးမြို့ တို့၏ ရာဇဝင်ကြောင်းကို ရှေးဟောင်းသမိုင်းရာဇဝင်တို့မှ ထုတ်နုတ်တင်ပြရ ခြင်း ဖြစ်ပါသည်။ ယုတ္တိရှိခြင်း၊ မရှိခြင်းတို့ကား စဉ်းစားချင့်ချိန်တွေးတောရမည် သာဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ယနေ့မျက်မှောက်ခေတ် သုတေသန ပြုလုပ်ချက်များနှင့် ယှဉ်ကြည်လျှင် ရာဇဝင်များ၏ အဆိုသည် ပုံပြင်သဘော၊ ဇာတ်နိပါတ်သဘောဆန်ဆန်ဖြစ်လေသည်ကို တွေ့ရှိရမည်ဖြစ်သည်။ သို့သော်လည်း ရှေးအဆက်ဆက်လူကြီးသူမတို့က နှုတ်ဖြင့်လည်းကောင်း၊ စာပေဖြင့်လည်းကောင်း၊ လူကြီးမှလူငယ်များသို့ လက်ဆင့်ကမ်းသယ်ဆောင် လာသောရာဇဝင်အကြောင်းများကိုကား ပစ်ပယ်၍လည်း မရကောင်းပေ၊ ဆက်လက် မှန်ကန်သော အထောက်အထားများရရှိပြီး ရာဇဝင်များနှင့်ယှဉ်၍ သုတေသနပြုလုပ်သွားကြရမည်ဖြစ်ပေသည်။ ယခုအခါတွင် ရှေးဟောင်း သုတေသီတို့၏ ကြိုးပမ်းမှုဖြင့် ပျူမြို့တော်များသည် တိုင်းနိုင်ငံတစ်ခု၏ ပြယုဂ်အဖြစ် လူနေမှုအဆင့်အတန်း၊ ယဉ်ကျေးမှုဓလေ့ထုံးစံ ကိုးကွယ်ယုံကြည် မှုစသည်ဖြင့် အဆင့်အတန်းမြင့်မားသော မြို့တော်များဖြစ်ကြောင်းကို ဖော်ထုတ်တင်ပြနိုင်ခဲ့ပြီလည်း ဖြစ်ပါသည်။ သို့အတွက် ယခုအခါ ကမ္ဘာ့အမွေ အနှစ် မှတ်တမ်းစာရင်းဝင် ဖြစ်ခဲ့သော ပျူသုံးမြို့သည် ရာဇဝင်သမိုင်းကြောင်း အရ စိတ်ဝင်စားဖွယ်ကောင်းပုံကို ရှေးဟောင်းခေတ်အဆက်ဆက်လက်ခံလာ သော မဟာဝင်၊ ရာဇဝင် ရာဇဝင်ချုပ်များနှင့် ရှေးဟောင်းစာပေလင်္ကာ သမိုင်းတို့မှနေ၍ ထုတ်နုတ်တင်ပြလိုက်ပါသည်။ ။
ကြေးမုံ

0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်