ဒွါယဝတီနှင့် ကျွန်တော့်အမြင်


===================
ထိုင်းနိုင်ငံ မီကလောင်မြစ်ဝှမ်းဒေသ အောက်ပိုင်းနှင့် မဲနန်မြစ်ဝှမ်း ဒေသနေ လူတို့ (ဘာလူမျိုးမှန်း မသိပါ) နေထိုင်ရာ ဒေသကို တရုတ်တို့က တိုလိုပိုလီ လို့ခေါ်ပါ တယ်။
ထန်မင်းဆက် သမိုင်းသစ်တွင် ပျူနိုင်ငံ၏ နယ်မြေအပိုင်း အခြားကို ပြဆိုရာတွင် အနောက်တောင်ဘက်တွင် တော်လော်ဟော် ရှိသည် ဆိုပြီး ပြထားပါတယ်။ ဒီလို ပြထားချက်ကို ဦးရည်စိန်က အရှေ့တောင်သာ ဖြစ်ရမည် ဆိုပြီး ပြင်ဆင်ပါတယ်။ တိုင်းတပါး မှတ်တမ်းကို ဒီလို လိုတိုင်း စိတ်ထင်ရာ ပြင်ဆင်ခွင့် ရှိပါသလား မေးရန် ရှိပါသည်။ မူလကျမ်းပါ အတို်င်းသာ ကိုးကားရမည် ဖြစ်ရာ သုတေသန စည်းဖောက်ပြီး အရှေ့တောင်ဘက် ဖြစ်ရမည် ဆိုသည်။ ထိုသို့ ပြင်ဆင်၍ လိုရာဆွဲပြောသော အနေ အထားကို လက်ခံနိုင်ဖွယ်ရာ မရှိပါ။ အနောက် တောင် ဘက်တွင် ပင်လယ်သာ ရှိသည် ဖြစ်သည်ဆိုသော အကြောင်းပြချက်ဖြင့် ပြင်ဆင်ခြင်း ဖြစ်သည်။ ပင်လယ်သာ ရှိသည် ဆိုသော်လည်း အနောက်တောင်ဘက်တွင် ရှိသည် ဖြစ်စေ မရှိသည် ဖြစ်စေ မူရင်းမှတ်တမ်းအတိုင်းသာ ယူရ မည်သာ ဖြစ်သည်။ ထန်မင်းဆက် သမိုင်းဟောင်းတွင်
တိုလိုပိုတီ ဟုခေါ်သည်။ တိုလိုဟို တိုလိုပိုတီသည် အနောက်တောင်ဘက်တွင်သာ ရှိပါသည်။ တနေရာတည်း ကို ခေါ်တာ ဖြစ်ပါတယ်။
ဆရာ နိုင်ခင်မောင်လေးက တိုလိုဟို တိုလိုပိုတီ ဆိုတာကို
ဒွါယဝတီကို အသံလှယ်ထားတာ ဖြစ်ပါတယ် လို့ ဆိုထား ပါတယ်။ အဆက်အစပ် မရှိပါ။ ဆရာနိုင်ခင်မောင်လေး လည်း သူ့စကားကို သူတာဝန်ယူပြီး ရှင်းပြမထားပါ။
AD-9 တွင် ပျူနိုင်ငံ အရှေ့ဘက် အိမ်နီးချင်းမှာ ကမ္ဘောဒီးယား ဖြစ်သည်။ အနောက်တောင်ဘက် ဟူသော အချက်နဲ့ ပက်သက်၍ ပြောစရာ ရှိသည်။ စိန့်ဂျွန် (St. John) ဆိုတဲ့ ပညာရှင်တစ်ဦးက 1872 တွင် ပြောခဲ့သည် မှာ ဒွါယဝတီ ဆိုတာ ရခိုပြည်နယ် သံတွဲမြို့၏ ရှေးအမည် တစ်ခုသာ ဖြစ်ကြောင်း ပြောခဲ့ပါသည်။ ထိုအချက်မှာ ဖြစ် နိုင်ဖွယ်ရာ ရှိသည်။ အကြောင်းမှာ ရခိုင်သည် အနောက် ဘက်တွင် ရှိနေခြင်းက အထောက်အထား ပိုခိုင်မာပါ သည်။ ပျူနိုင်ငံ၏ အနောက်တောင်ဘက် ဆိုသည်မှာ ပျူ ၁၂ ပြည်ထောင်မှ မည်သည့် ပျူနိုင်ငံမှန်း ဖော်ပြမထား သဖြင့် သရေခေတ္တရာ ဗိဿနိုး ဟန်လင်း ဟူ၍သာ အတည် မမှတ်ယူနိုင်ပါ။ ချင်းပျူကနေ မြေပုံချလျင် အနောက်တောင်ဘက် ဖြစ်နေပါသည်။ ဒါကြောင့် ရခိုင် ပြည်နယ် သံတွဲမြို့၏ ရှေးဟောင်းနာမည်ဟု ဆိုသော အဆိုက ပိုမိုယုတ္တိတန်ပါသည်။
မူရင်း ကိုးကားကျမ်းတွင် အနောက်တောင်ဘက်ဟု ရေး ထားသည်ကို မိမိသဘောဖြင့် အရှေ့တောင်ဘက် ဖြစ်ရ မည် ဆိုပြီး ပြင်ဆင်ခြင်းကို လက်သင့်မခံနိုင်ပါ။ ထိုသို့ သူ့စကားနွားရ လိုရာဆွဲပြောတာမျိုး မဖြစ်သင့်ပါ။ စည်းမျဉ်း နှင့်လည်း မညီညွတ်ပါ။
၁၀၉၀ ခုနှစ်တွင် Commander Cunet cent Lojonquieren သည် Bulletin of the Archeal Commission Of Siam စာစောင်ထုတ်ဝေခဲ့ပါတယ်။ ထိုစာစောင်တွင် ဒွါယဝတီနှင့်ပက်သက်သည့် ၄င်း၏ သုတေသနမစ်ရှင်အဖွဲ့ တွေ့ရှိချက်များကို တင်ပြထား သည်။ လော့ဘူရီ ပရပထုံ နခုံပထုံ ဆုပန် အုတ်ဘူရီ ဒေသများတွင် ကြွင်းကျန်တည်ရှိနေသော ယဉ်းကျေးမှုများ ကို အုပ်စုခွဲ၍ မှတ်တမ်းတင်ထားသည်။
ထိုသို့ အုပ်စုခွဲ လိုက်တဲ့ အခါ ယခုဒွါယဝတီဟု ယာယီ ခေါ် နေရာမှ ယဉ်ကျေးမှုလက်ရာများကို Non- Combodian Hindy Group လို့ သတ်မှတ်ခဲ့တယ်လို့ ဆရာ နိုင်ခင်မောင်လေးက တိမ်မြှပ်ပျောက်ကွယ်နေသော မွန်တို့၏ မြို့ပြနိုင်ငံများ စာအုပ် စာမျက်နှာ ၄၂ မှာ ပြော ထားပါတယ်။ ထိုမှတဆက်တည်းမှာပဲ ဆရာက Non Combodian Hindy Group ဆိုတာ တနည်းအားဖြင့် Khmer Group (ခမာအုပ်စု) လို့ ခေါ်တယ် ဆိုပြီး ပြော ပါတယ်။
ကမ္ဘောဒီးယား ဟိန္ဒူ အုပ်စုဟာ ခမာအုပ်စု မဟုတ်ပါဟု ဘာသာပြန် ရမှာပါ။ ဆရာက ကမ္ဘောဒီးယားဟိန္ဒူအုပ်စု မဟုတ်ဘူး ခမာ အုပ်စု ဖြစ်တယ်လို့ ပြောထားတာပါ။ ခမာအုပ်စုဟာ ဟိန္ဒူ အုပ်စု မဟုတ်ဘူး ဆိုရင် ဘာအုပ်စုလဲလို့ မေးရန်ရှိပါတယ်။
ခမာတွေက ဟိန္ဒူဘာသာ မကိုးကွယ်ဘူးလို့ ဆိုရာ ရောက် နေပါတယ်။ ခမာတွေက ဟိန္ဒူဘာသာ မကိုးကွယ်ဘူး ဆို ရင် ဟိန္ဒူဘာသာကိုးကွယ်သူတွေအုပ်စုက unknow လူမျိုးအုပ်စု ဖြစ်နေတယ်။ ဒွါယဝတီမှာ ဟိန္ဒူအထောက် အထား အမြောက်အမြား ရှိပါတယ်။ ဒီ အမျိုးအမည်မသိ လူမျိုး အုပ်စုရဲ့ ယဉ်ကျေးမှု ကိုးကွယ်မှုတွေဟာ ဟိန္ဒူ ဘာသာကို ကိုးကွယ်တယ်လို့ ဆိုစရာ ဖြစ်နေတယ်။ တနည်းအားဖြင့် ဒွါယဝတီနေ အမျိုးအမည်မသိ လူမျိုးဟာ ဟိန္ဒူဘာသာကိုးကွယ်ခြင်း မဟာယာနအယူ ကိုးကွယ်ခြင်း ဖြစ်ပါတယ်လို့ ဆိုလိုထားတာပါ။
ကမ္ဘောဒီးယား ဟိန္ဒူအုပ်စု ယဉ်ကျေးမှုလက်ရာ မဟုတ်ပါ။ ခမာယဉ်ကျေးမှုလက်ရာ မဟုတ်ပါ ဆိုပါသည်။ ခမာ မဟုတ်ရင် Unknow လူမျိုး အုပ်စုကိုးကွယ်တဲ့ဘာသာ ယဉ်ကျေးမှု လက်ရာများလို့ ဆရာက ပြောတဲ့ သဘောပါ။
ဒီ Unkown လူမျိုးအုပ်စုဟာ ထေရဝါဒ ကိုးကွယ်သူများ မဟုတ်ပါ။ ဟိန္ဒူဘာသာနဲ့ မဟာယာန ကိုးကွယ်သူတွေ ဖြစ်တယ် လို့ ဆိုလိုက်တာပါပဲ။
သို့သော် အခြား နိုင်ငံတကာ မှတ်တမ်းများအရ ကမ္ဘောဒီးယား သမိုင်းမှတ်တမ်းအရပင်လျှင် ဒွါယဝတီ သည် ခမာပိုင်နက် ဖြစ်သည်မှာ အထင်အရှား ဖြစ်သည်။
ခမာယဉ်ကျေးမှု မဟုတ်ပါ ဆိုထားချက်သည် အံ့သြဖွယ် ရာ ဖြစ်ပါသည်။ ထိုနေရာသည် ခမာပိုင်နက် နှစ်ကြိမ် ဖြစ်ခဲ့ သည်။ ခမာပိုင်နက် ဖြစ်ခဲ့သည့် နှစ်ကြိမ်ပေါင်း ကာလသည် နှစ်ပေါင်း ၈၀၀ ဝန်းကျင် ရှိပါတယ်။ ဒီလောက် ကာလရှည် နေထိုင်ခဲ့သော လူမျိုးတို့၏ ယဉ်ကျေးမှုလက်ရာ မဟုတ်ပါ ဟု ဆိုထားချက်သည် အလွန့်အလွန်ကို ယုတ္တိမဲ့လွန်းလှပါ တယ်။
ခမာအင်ပါယာ နှစ်ခါဖြစ်တော့ ဒွါယဝတီနေ အမျိုးအမည် မသိသော လူမျိုးတို့ ထွက်ပြေးကြသည်။ ထိုနေရာတွင် ခမာများဝင်နေလို့သာ ထွက်ပြေးရခြင်း ဖြစ်ပါတယ်။
ခမာတို့ ဝင်မနေလျှင် ဘာအကြောင်းကြောင့် ထွက်ပြေး စရာလိုပါမည်နည်း။ လက်အောက်ခံ နိုင်ငံ အဖြစ် နေမည် ဆိုလျှင်လည်း အခွန်ပဏ္ဍာ ဆက်ရုံသာ ရှိသည်။ ပြေးစရာ မလိုပါ။ ထိုသို့ ကာလများစွာ နေခဲ့သော ခမာအုပ်စု (စဒုန်းလူမျိုး) တို့၏ လက်ရာများ မဟုတ်ပါဟု ငြင်းပယ် ထားချက်မှာများစွာ အံ့မခန်း မျက်နှာပြောင် တိုက်၍ သိက္ခာမဲ့စွာ ပြောခြင်းသာ ဖြစ်သည်။ ယုတ္တိမတန် ပါ။ ဒွါယဝတီတွင်နေသော အမည်မသိ လူအုပ်စုများထက် ခမာအုပ်စုတို့က ကာလပိုကြာရှည်စွာ နေခဲ့သည်ကို သတိချပ် သင့်သည်။ ဒွါယဝတီတွင် ကမ္ဘေ္ဘာဒီးယား ဟိန္ဒူအုပ်စု ခမာယဉ်ကျေးမှု လက်ရာမဟုတ် ဟူသည် မဖြစ်နိုင်သော အဆိုဖြစ်သည်။ ကြီးစွာ လွဲမှားနေသော အဆိုဖြစ်ပါသည်။
တိုလိုပိုတီ မှာနေတဲ့ သူတွေဟာ မွန်ခမာဘာသာစကားကို ပြောဆိုတဲ့ လူမျိုးစုများ ဖြစ်ပါတယ်လို့ မှတ်တမ်းတင်ထား တယ်လို့ ဆိုထားပါတယ်။ ဒီအချက်မှာလည်း ပြောစရာက တိုလိုပိုတီ၏ တည်နေရာအရ ထိုင်းဒွါယာဝတီ ဘယ်နည်းနဲ့ မှ ဖြစ်နိုင်စရာ မရှိပါ။ အစကတည်းက လွဲမှားနေသော အချက် ဖြစ်ပါသည်။ ထိုဒေသက လူမျိုးစုတွေဟာ မွန်ခမာ ဘာသာစကား ပြောသည်ဆိုသော အချက်ကိုကား သဘောတူပါသည်။ စောဒဂ တက်စရာ မရှိပါ။
နောက်ဆက်ပြီး ခမာများ မလွှမ်းမိုးမီ ဟိန္ဒူဘာသာ လွှမ်းမိုး ခဲ့တယ် လို့ဆိုပါတယ်။ တကယ့်လက်တွေ့မှာ တွေ့ရှိထား ချက်များအရ ခမာအုပ်စိုးပြီးသည့်တိုင်အောင်လည်း တလျောက်လုံး ဟိန္ဒူဘာသာ အားကောင်းတာကို အထင် အရှား တွေ့ရပါတယ်။ ဟိန္ဒူဘာသာယဉ်ကျေးမှုလက်ရာ များ ဟိန္ဒူအငွေ့အသက်မကင်းသော မဟာယာနဘာသာ ယဉ်ကျေးမှုလက်ရာများ အထင်အရှားတွေ့ရပါတယ်။
ဒီစာစောင် ထုတ်ဝေပြီး ၁၀ ခန့်ကြာသော် ထိုဒေသမှ ယခု လော့ပူရီနဲ့ ၃၈ မိုင်အကွာမှ ပရပထုံ ဘုရားအနီးမှာ ကျောက်စာ အပိုင်းကျိုး နှစ်ခု တွေ့ရပါတယ်။ ထို ကျောက်စာသည် ခမာကျောက်စာလား လဝကျောက်စာ လား Unknow လူမျိုး ကျောက်စာလား မသိရပါ။ ဆရာ နိုင်ခင်မောင်လေးက မွန်ကျောက်စာလို့ ဆိုပါတယ်။ ထို အချိန်တွင် မွန်လူမျိုး မရှိသေးသဖြင့် မွန်ကျောက်စာဟု ခေါ်၍ မရနိုင်ပါ။ Unkown အဖြစ်သာ ထားရပါမည်။ စည်းမဖောက်ဖို့ လိုပါသည်။ ဆရာ့ အနေနဲ့ စည်းဖောက်ပြီး အတင်း လိုရာဆွဲပြောတာက မျိုးချစ်စိတ်ကြောင့် ဖြစ်ပါလိမ့် မည်။ စာနာပါသည်။ နားလည်ပါသည်။ ဆရာ နိုင်ခင်မောင်လေးကို တစိုးတစိမျှပင် အပြစ်မဆိုရက်ပါ။ မျိုးချစ်စိတ် ပြင်းထန်တဲ့အခါမှာ ထိုအမှားမျိုး မှားမိတတ် တာကို အခြားအခြားသော သာဓကများအရ သိနိုင်ပါ သည်။ သိကြပြီးလည်း ဖြစ်ပါသည်။
ထို ပရပထုံကျောက်စာ အပိုင်းကျိုးနှစ်ခုကို လော့ပူရီ ကျောက်စာထက် နှစ်တစ်ရာလောက် စောပြီး အေဒီ ၇ ရာစု လို့ ခန့်မှန်းကြ သည်။ ခန့်မှန်းချက်သာ ဖြစ်သည်။ အထင်မျှသာ ဖြစ်နေ၍ မှန်သည် မှားသည်ကို အခုထိ ကွဲကွဲပြားပြား မသိကြရသေးပါ။ ဂျော့စေးဒီးက ၁၉၅၂ တွင် ပရပထုံကျောက်စာကို မွန် ကျောက်စာလို့ ဖော်ထုတ်ခဲ့ တယ် ဆိုပါတယ်။ ဂျော့စေးဒီး အနေဖြင့် သုတေသနကျင့် ဝတ် ဖောက်ဖျက်ခြင်းသာ ဖြစ် သည်။ ဘာသာစကား တူရုံနှင့် ထိုသို့ ယတိပြတ် ပြောလို့ ရနိုင်သော အရာမဟုတ် ပါ။ ထိုဒေသတကျောလုံးသည် ဘာသာစကား ဆင်တူရိုး မှား သုံးစွဲကြသူများသာ ဖြစ်သည်။ ထိုခေတ်အခါကလည်း မွန်လူမျိုးဟု မရှိသေးပါဘဲနှင့် ဂျော့စေးဒီးက မွန်ကျောက်စာပါဟု ဆိုခြင်းသည် အတော်ကို ချော်တော့ ငေါ့သော အဆို ဖြစ်သည်။ မြစေတီကျောက်စာမှ ပျူမြန်မာ စာကို ဘုမသိ ဘမသိနှင့် ဘလက်ဒင် စည်းဖောက်ပြီး ပျူဟု နာမည်တပ်လိုက် သည်ထက် ဆိုးပါသည်။ သမိုင်း နောက်ခံ ရှိသည်။ လူမျိုး အခေါ်အဝေါ် ရှိခဲ့သည်။ မွန်ကျောက်စာဟု ပြောလိုက် သည်မှာတော့ဖြင့် သမိုင်း နောက်ခံလည်းမရှိ လူမျိုးအမည်လည်း မရှိသောကြောင့် စည်းမဲ့ကမ်းမဲ့ ပြောတဲ့ စကားသာ ဖြစ်ပါသည်။
အဲချိန်မှာ လော့ပူရီကျောက်စာကို ထပ်တွေ့ပါတယ်။ ရှစ်မြှောင့်ပုံသဏ္ဍာန် ရှိပါတယ်။ ၁၉၁၉ တွင် ဂျော့စေးဒီးက မြန်မာနိုင်ငံ က ကျောက်စာဝန် ဒူရွိုင်ဆယ်နှင့် တွေ့ဆုံ ပြီးနောက် မွန်ကျောက်စာ ပါဟု ဆိုလေတော့သည်။ အရင်မူလက ထိုကျောက်စာတွေ့ခဲ့သည်မှာ ကြာပြီဖြစ် သည်။ ဘယ်စာ ဟူ၍ မဖတ်တတ်သဖြင့် ပစ်ထားခြင်းဖြစ် သည်။ မြန်မာပြည် က ကျောက်စာဝန်နဲ့ တွေ့ကြပြီး သကာလ တရုတ်သိုင်းစာအုပ် ဖတ်ရသလိုပင် မည်သို့ မည်ပုံ လုပ်လိုက်သည် မသိ။ မှောက်နေချေပြီ ဆိုနည်းကား မွန်ကျောက်စာ ဖြစ်သွားလေတော့သည်။ မွန်ဝေါဟာရ ပေါ်ချိန် တလိုင်းအခေါ် ပြဿနာတက်ချိန်နှင့် ကွက်တိပင် ဖြစ်သည်။ စကားလမ်းကြောင်းတည့်၍ ဆိုခြင်းသာ ဖြစ်ပါသည်။
ဂျော့စေးဒီးဟာ ၁၉၈၂ ခုနှစ်တွင် ဘန်ကောက်အမျိုးသား ပြတိုက်ရှိ ရှေးဟောင်းပစ္စည်းများကို သုတေသနပြု လေ့လာခဲ့သည်။ ယင်းတို့အနက် ရှေးဦးခမာလက်ရာ ဗုဒ္ဓ ရုပ်ပွားတော် တဆူပါတယ် ဆိုပါတယ်။ ဒီဆင်းတုကို ထိုင်းနိုင်ငံ အနောက်မြောက်ပိုင်း မြစ်ဝှမ်းဒေသမှ ရရှိပြီး AD-7 ထက် နောက်မကျတဲ့ လက်ရာလို့ ဆိုပါတယ်။ ဟုတ် မဟုတ် ကျွန်တော်မသိပါ။ မည်သည့် ရုပ်ပွားတော်ကို ဆိုလိုသည်ဟု ပုံထည့်သွင်းဖော်ပြထားခြင်း မရှိသော ကြောင့် ဖြစ်သည်။ လွဲလောက်စရာတော့ မရှိလောက်ဘူး ထင်ပါသည်။ ထိုယူဆချက်အတိုင်းပဲ ယာယီ ထားကြပါဦး စို့။
၁၉၆၀ တွင် ထိုင်း ရှေးဟောင်းသုတေသနဦးစီးဌာနက မလေး ပင်နီဆူလာ၏ မြောက်ဘက်အစွန်ရှိ ရတ်ဘူရ၏ တောင်ဘက် ၁၈ ခန့်ဝေးတဲ့ ကူဘွာဒေသကို တူးဖော်တဲ့ အခါ ၈၀၀ × ၂၀၀ မီတာ ရှိတဲ့ အုတ်နံရံကို တွေ့ရသည်။
၎င်းကို ဆက်တူးတဲ့အခါမှာ စေတီနှစ်ဆူရဲ့ အုတ်မြစ် ပလာစတာနှင့် ရွှံ့ဖြင့် ပြုလုပ်ထားသော ဗုဒ္ဓဆင်းတုတော် အမြောက်အမြားတွေ့ရသည်။ ထိုဆင်းတုတော်များသည် မစ္စတာဒူပွန်ပန်တုတ် တူးဖော်ခဲ့စဉ်က တွေ့ရသော ဗုဒ္ဓ ရုပ်ပွားတော်များနှင့် လက်ရာချင်း သိပ်မကွာလှ။ ယဉ်ကျေးမှုလက်ရာခြင်း ဆက်နွယ်နေဟန် ရှိသည်။ မွန်တို့၏ လက်ရာ ဖြစ်သည်ကိုကား ပညာရှင်များ ယုံမှား သံသယ မရှိကြပေလို့ ဆရာနိုင်ခင်မောင်လေးက ပြော ထားပါတယ်။
ကနဦးက ပြောခဲသော့ ရုပ်ပွားတော်တစ်ဆူကို ခမာ လက်ရာဟန်လို့ ပြောပါတယ်။ ယခုထပ်တွေ့သော ရုပ်ပွား တော်များသည် လက်ရာမကွာလှ လို့ ဆိုပါတယ်။ ဒီတော့
ခမာလက်ရာဟန်သာ ဖြစ်သည်ဟု ဆိုမှသာ ပိုသင့်တော် ပါလိမ့်မယ်။ အဘယ်ကြောင့် မကွာလှပါဘူး ပြောပြီးကာမှ ခမာလက်ရာမဟုတ်ဘူး မွန်လက်ရာ ဖြစ်ပါတယ် ဆိုပြီး ပြောတာကိုဖြင့် သဘောမကျပါ။ မွန်လက်ရာလည်း မဟုတ်ပါ။ ဖြစ်ကောင်းဖြစ်လျှင် Unknow လူမျိုး လက်ရာ သာ ဖြစ်ရပါမည်။
ပန်တုတ်သည် ကန်ဘူရီသို့သွားရာလမ်းပေါ်ရှိ ဘန်ပေါင် မီးရထားဘူတာနှင့် ၁၀ မိုင်ခန့်အကွာမှာ ရှိပါသည်။ ပန်တုတ်ကို တူးဖော်ရာ အလျား ၈၀ ပေ အနံ ၄၇ ပေ ရှိသော စေတီပျက်တစ်ခု၏ အုတ်မြစ်ကို တွေ့ရသည်။
ယင်းအုတ်မြစ်တွင် ရိုးရိုးအုတ်ကို အသုံးပြုထားသော်လည်း အများဆုံးမှာ ဂဝံကျောက်ကို အသုံးပြုထားသည်။ တွေ့ရ တဲ့ အုတ်နဲ့ အင်္ဂတေများဟာ ပရပထုံတွင် တွေ့ရသော လက်ရာများနှင့် အတူတူပင်ဖြစ်သည်။
ပန်တုတ်ကို ပထမဆုံးတူးဖော်သူမှာ အီတလီ ဗိသုကာ ပညာရှင် Ercole Manfredi ဖြစ်သည်။ ရှေးဟောင်း ပစ္စည်းအနေဖြင့် ရောမဆီမီးခွက်ကို တွေ့ရသည်။ ထို ဆီမီးခွက်သည် ငှက်ရုပ်ပုံစံရှိပြီး အမြီးမှာ ထန်းလက်ကဲ့သို့ ပြန့်ကားနေသည်။ ထို့ပြင် ပန်တုတ်တွင် အမရဝတီ ခေတ် ကြေးဆင်းတု တစ်ဆူကိုလည်း တွေ့ရသည်။
ပန်တုတ်တွင် ရောမဆီမီးခွက် တွေ့သလို ဥထောင် တွင် ရောမ ဒင်္ဂါးပြားများ တွေ့ရသည်။ ပညာရှင်တွေက ဥထောင်ဒေသကို ဖူနန်အင်ပါယာ မထူထောင်မီကတည်း က ဗုဒ္ဓဝါဒဖြန့်ဖြူးရာ ဗဟိုအချက်အချာ အဖြစ် မှတ်ယူလို ကြသည်လို့ ဆရာနိုင်ခင်မောင်လေးက ဆိုပါတယိ။ မှတ်ယူလိုကြတယ်။ မမှတ်ယူနိုင်တာဟာ အထောက် အထား ခိုင်ခိုင်လုံလုံ မာမာချာချာ မရှိသောကြောင့် ဖြစ် သည်။
ဥထောင်မြို့ဟောင်းဟာ ဘဲဥပုံစံ ဖြစ်ပြီး တောင်မြောက် ၁၈၅၀ ကိုက်ရှိပြီး အနံမှာ ၉၂၀ ကိုက် ကျယ်ဝန်းပါတယ်။
သင်္သကရိုက်ဘာသာနဲ့ ရေးထိုးထားတဲ့ ကြေးနီပြားကို ဥထောင်မှာတွေ့ပါတယ်။ ကြေးနီပြား တစ်ချပ်မှာ စာ ၆ ကြောင်းပါတယ်။ ကြေးနီပြား အရွယ်အစားမှာ ၁၈ လက်မ × ၁၂ လက်မ ရှိတယ်။
၁၉၆၃ မှာ ထိုင်းရှေးသု ညွန်ကြားရေးမှုး Mr. J .Noeles က ဘန်ကောက်ပြတိုက်က ဒင်္ဂါးနှစ်ပြားကို ဂျော့စေးဒီးထံ ဓါတ်ပုံရိုက်ပြီး ပို့လိုက်ပါတယ်။ ဒီဒင်္ဂါးကို ၁၉၄၃ ခုနှစ် ကတည်း တွေ့ရတာဖြစ်ပြီး ပြတိုက်မှာ သိမ်းထားပါတယ်။
ဒီဒင်္ဂါးပြား ၂ ပြားကို ဝပ်ပရပထုံ (Wat Pra Pathom)
အနောက်ဘက် ၁ ကီလိုမီတာ အကွာမှာရှိတဲ့ Non Hin
ကျေးရွာရှိ စေတီပျက်ကနေ ရရှိခဲ့သည့် ခရားငယ်တစ်ခု တွင် တွေ့သည်လို့ ဆိုပါတယ်။ ဒင်္ဂါး အရွယ်အစားမှာ အချင်း ၀.၂ မီလီမီတာ ရှိတယ်။ ဒီဒင်္ဂါး နှစ်ပြားကို အခြားမျိုး တူ မတူ ဒင်္ဂါးများနဲ့ ရောပြီးတွေ့ရတယ်လို့ ဆိုပါတယ်။
အချို့ဒင်္ဂါးတွေက ခရုသင်းပုံ ဖြစ်ပါတယ်။ ပင်နီဆူလာနဲ့ မြန်မာပြည်အပါ ကိုချင်ချိုင်းနားအထိ တွေ့ရတဲ့ ဒင်္ဂါးမျိုး ဖြစ် ပါတယ်။
တွေ့ရှိရသော ဒင်္ဂါးနှစ်ပြား အနက် တပြားသည် မျက်နှာ ဘက်တွင် နွားမက နွားကလေးကို နို့ချိုတိုက်ကျွေးနေပုံ နဲ့ ပန်းအိုးမှ နွယ်ပန်းများ ထိုးထွက်နေသောပုံ ပါပါတယ်။
အခြားတဖက်တွင် AD-7 နှောင်းပိုင်း သို့မဟုတ် AD- 8
ရာစု တွင် ရေးသားသော အက္ခရာ အရေးအသားဖြင့်
"ရှရီဒွါယဝတီက ဝါသပုည" ဆိုတဲ့ စာပါတယ်လို့ ဆိုပါ တယ်။ အနက်က "ကျက်သရေမင်္ဂလာအပေါင်းနဲ့ ပြည့်စုံသည့် တံခါးပေါက်ရှင်၏ အလှူဒါန" လို့ ရပါတယ်။
ဒါကိုတွေ့တော့ ဆရာနိုင်ခင်မောင်လေးက ဒွါရဝတီကို မွန်နိုင်ငံအဖြစ် သက်သေထူပေးတဲ့ နွားလားဥဿဘ ဒင်္ဂါး လို့ ထပြီး လက်ခမောင်းခတ်ပါတော့တယ်။
ဒီဒင်္ဂါးပါ စာကိုဖတ်ကြည့်တော့ ပါဠိစာတွေ ဖြစ်နေပါတယ်။
ဘာအကြောင်းကြောင့် ဆရာက သက်သေထူပေးတဲ့ မွန်ဒင်္ဂါး မွန်စာ မွန်နိုင်ငံပါလို့ ပြောရတာလဲ။ မြန်မာစာသုံး ပါဠိစာပါလို့ ကျွန်တော်က ပြောရင်ရော မရဘူးလား။ ပြောလို့ ရပါတယ်။ မွန်စာဆိုပြီး ပြောနိုင်ရအောင် ထိုအချိန် က မွန်လူမျိုးမှ မရှိသေးတာကို သတိထားသင့်ပါတယ်။ Unknow လူမျိုးလို့သာ ထားရပါသေးတယ်။ အခု အချိန်ထိလည်း Unknow လူမျိုးအဖြစ်ပဲ ရှိနေပါသေး တယ်။ ဆရာက ထစ်ခနဲဆိုရင် မွန်လို့ လုပ်ထည့်လိုက် တော့တာမျိုးကဖြင့် မလျော်ကန်လှပါဘူး။
နောက် ဒီဒင်္ဂါးက တစ်ပြားတည်း တွေ့ရတာ ဖြစ်တာမို့ ကျွန်တော်ကတော့ ဒီဒင်္ဂါးပြားကို ပျူနိုင်ငံ နယ်ခြား စောင့်မြို့ အကြီးအကဲတစ်ဦးက သီးခြားသွန်းလုပ်စေပြီး လှူ ထူးခြားတဲ့ အလှူဖြစ်အောင် ဖန်တီး လှူဒါန်းထားတာ ဖြစ်တယ်လို့ ကောက်ချက်ချပါတယ်။
နောက်တချက်က ဒီအကြီးအကဲဟာ မဟာယာနဗုဒ္ဓ ဘာသာ ကိုးကွယ်သူလား သို့မဟုတ် ထိုအခါက ရောပြွမ်းနေတဲ့ ဘာသာရေး ဓလေ့တွေကြောင့်လား သို့မဟုတ် ထေရဝါဒထဲ စိမ့်ဝင်လာတဲ့ ဟိန္ဒူအယူအဆ တွေကြောင့်လား သို့မဟုတ် တန္တရ မန္တရကို လိုက်စားတဲ့ သူလား ဆိုပြီး ဖြန့်တွေးကြည့်ပါတယ်။
ပါဠိသုံးလို့ ထေရဝါဒလို့ ယူဆတာ ဖြစ်ပါတယ်။ ရှရီ ပါလို့ ဟိန္ဒအငွေ့အသက်မကင်းတာလိုလို တန္တရ မန္တရ သက်ဝင် သူလိုလို ဖြစ်နေတ်ာမို့ ဒီလူဟာ ရောကောသောကော အကုန် ပါလေရာသဘောလို ဖြစ်နေတာပါ။ အခုခေတ် လူတွေလိုပဲ သူလည်း ထေရဝါဒ ကိုးကွယ်တယ် ဆိုပြီး နတ်ကိုလည်း ပူဇော်ပသတယ် အင်းအိုင် မန္တာန် စတာတွေ လည်း လိုက်စားတယ်။ ကာလီမာမယ်တော် လှည့်ပွဲဆို လည်းဝင်ပါတယ်။ တရုတ်နတ်လှည့်တော့ လိုက်ပါချင် တယ်။ အဲလိုလူတွေ အများကြီး ရှိတာမို့လို့ ဒီအလှူရှင်ဟာ လည်း ထူးခြားထင်ပေါ်လိုစိတ်ရှိတဲ့ ဘာသာသာသနာနဲ့ ယုံကြည်သက်ဝင်မှုအပိုင်းမှာ စွယ်စုံလုပ်တဲ့သူ ဖြစ်မယ် လို့ ယူဆတယ်။
နောက်တချက်က "ရှရီဒွါယဝတီက ဝါသပုည" ဆိုတဲ့ စာအရ ကြည့်တဲ့အခါ ဒွါယဝတီပြည်ရယ်လို့လည်း မပါပါ။
ပြည့်ရှင်မင်း ဖြစ်တယ် ဆိုတာလည်း အရိပ်အမြွက်လောက် မျှ မပါပါ။ ထိုကြောင့် ဒီအလှူရှင်ဟာ ဘုရင်မဟုတ်ဘူးလို့
ယတိပြတ် ဆိုပါတယ်။ ဒီလူဟာ ပျူမြန်မာနယ်ခြားစောင့် တပ်ရဲ့ တံခါးမှူးတစ်ဦး ဖြစ်နိုင်သလို မြန်မာပြည် ပြည်တွင်း တစ်နေရာရာက လူဖြစ်နိုင်သလို အိန္ဒိယကလူလည်း ဖြစ်နိုင်ပါတယ်။ မွန်လူမျိုး မဟုတ်တာတော့ သေချာပါ သည်။ မွန်လူမျိုး လို့ အဲဒီအချိန်က မရှိသေးတာမို့ပါ။
ဖူနန်ဟာ AD-2 ကနေ စပြီး အင်အားကြီးလာတယ်။ AD-550 နှောင်းပိုင်းမှာ အင်အားလျော့နည်းလာပါတယ်။
ဒီအချိန်မှာ ဒွါယဝတီလို့ ယာယီ ခေါ်နေတဲ့ နေရာက Unknow လူမျိုးတွေက ထပုန်ကန်ပါတယ်။ ခမာ အချင်း ချင်းလည်း ဖြစ်နိုင်ပါတယ်။ အခြား မျိုးနွယ်စုတွေလည်း ဖြစ်နိုင်ပါတယ်။ AD-6 မှာ Unkown လူမျိုးတို့ အလေး သာ အနိုင်ရပြီး မင်းလုပ် အုပ်ချုပ်ပါတယ်။
ဆရာနိုင်ခင်မောင်လေးကတော့ အဲဒီအချိန်မှာ မူလကပင် မီကလောင်မြစ်ကြောင်းတစ်လျောက် နယ်မြေများကို သိမ်းပိုက်ထားနိုင်ခဲ့သော မွန်တို့သည် အခွင့်သာသည်နှင့် ဒွါယဝတီနိုင်ငံကို တည်ထောင်ခဲ့သည် လို့ ပြောထားပါ တယ်။
မွန်လူမျိုးများမှ မီကလောင်မြစ်ကြောင်းတစ်လျောက် နယ်မြေများကို သိမ်းပိုက်ထားနိုင်ခဲ့ပါတယ် ဆိုတာ ဘယ် မှတ်တမ်းမှာများ ပါရှိပါသလဲ မေးစရာ ရှိလာတယ်။ ဒီလို ပြောနိုင်ဖို့ အထောက်အထား လိုအပ်ပါတယ်။ စိတ်ထင်ရာ လျောက်ပြောနေလို့တော့ မရပါ။ ဘောင်မဝင်တဲ့ စကား ဖြစ်နေပါတယ်။
ဆရာ ထပ်ပြောထားတာက တဖက်ရှိ ခမာနိုင်ငံကလည်း ဖူနန်အင်ပါယာနဲ့ အချင်းများနေသဖြင့် မွန်တို့ ဒွါယဝတီ နိုင်ငံ ထူထောင်သည့် အရေးကိစ္စတွင် ဝင်ရောက် မစွက် ဖက်နိုင်ခဲ့ချေလို့ ဆိုထားပါတယ်။
ခမာနိုင်ငံနှင့် ဖူနန်အင်ပါယာ အချင်းများနေကြတယ်လို့ ဆိုတော့ ဆရာပြောတဲ့ ခမာနိုင်ငံဟူသည် ဘယ်ခမာနိုင်ငံ ကို ဆိုလိုတာလဲ မသိတော့ပါ။
ဒီနောက်မှာတော့ ခမာဘုရင် ဖန်ရှိမင် (Fan Shih Man) က မီကလောင်မြစ်ဝှမ်း အောက်ပိုင်းရှိ ပန်တုတ်နဲ့ ပရပထုံကို တိုက်လာပါတော့တယ်။
၈ ရာစုမှာ ဖူနန်က စစ်အကြိမ်များစွာ လာတိုက်ခဲ့တယ်လို့ ဆိုပါတယ်။ မြောက်ပိုင်း ထိုင်းလူမျိုးတွေကလည်း တိုက်တယ်။ ဖူနန်နဲ့ ထိုင်း တလှည့်စီ ညှပ်ပြီး အတိုက်ခံ နေရတာပါ။ ဒီမှာ ခဏ စဉ်းစားကြည့် ပါ။ AD-6 မှာ ဒွါယဝတီနိုင်ငံကို တည်တယ်။ AD-8 မှာ စစ်ခဏ ခဏ ဖြစ်တယ်ဆိုတော့ Unkown လူမျိုးတွေက AD-6 မှာ နိုင်ငံ ထူထောင်တာ တနှစ် နှစ်နှစ်နဲ့ ပြီးနိုင်ပါမလား ဒွါယဝတီနိုင်ငံဆိုတာ ထိုင်းနိုင်ငံအတိုင်းအတာနဲ့ ကြည့်ရင် မြေဧရိယာဟာ လက်တစ်ဆုပ်စာသာသာ လောက်လေးပဲ ရှိတာ ဖြစ်ပါတယ်။ မြို့တည်တာ မဟုတ်ပါဘူး နိုင်ငံတည် တယ် ဆိုထားတော့ ကာလတို ၅ နှစ်နဲ့ မပြီးနိုင်ပါဘူး အခုခေတ် စက်ယန္တရား နည်းပညာ ဒီလောက်ထွန်းကား နေတဲ့ အချိန်မှာတောင် နေပြည်တော်မြို့ တည်တာ ဘယ်နှနှစ် ကြာခဲ့ပါသလဲ။ ချိန်ဆကြည့်နိုင်ပါတယ်။ ဟိုမှာ တည်တာက နိုင်ငံဆိုတော့ အချိန် ဘယ်လောက်ကြာမလဲ တွက်ဆလို့ ရပါတယ်။ သစ်လိုရင် လူနဲ့ခုတ် ဆင်နဲ့ဆွဲ လွှနဲ့ တိုက် နေရတဲ့ ခေတ်ကာလမှာ ဆိုရင် နှစ် ၃၀ နဲ့ ပြီးနိုင်ပါ့ မလား။ နိုင်ငံတည်နေတယ် ဆိုလို့ပါ။ လူအင်အား စုစုပေါင်း ဘယ်လောက်များများ ရှိနိုင်မလဲ။ ၅ သိန်း ပြည့်ပါ့မလား။ ဒွါယဝတီနယ်နမိတ် အတိုင်းအတာနဲ့ တွက်ဆကြည့်တာ ပါ။ အဲဒီမှာတော့ သစ်ကို မသုံးဘူး ပြောရမလောက် အောင် အသုံးနည်းတာပါ အဆောက်အဦတွေက ဂဝံတွေ အုတ်တွေလောက်သာ မြင်ရပါတယ်။ ကျောက်လိုရင် လူနဲ့ ထုတ်တယ်။ ဆောက်တယ်။ ဒါက လိုအပ်တဲ့ နေရာလေး လောက် အသစ်လုပ်တာ ဖြစ်ဖို့များပါတယ်။ မူလက ဖူနန် အင်ပါယာပိုင်နက် ဖြစ်နေတာမို့ မြို့က ရှိပြီးသားပါပဲ။ ဒွါယဝတီမြို့တည်တယ် ဆိုရင်တော့ လက်သင့်ခံနိုင်တဲ့ စကား ဖြစ်ပါတယ်။ နိုင်ငံတည်တယ် ဆိုတာကိုတော့ဖြင့် ဟာသ ပြောတယ်ပဲ မှတ်ယူပါတယ်။ တည်တယ်ပဲထားကြ ပါဦးစို့။ နှစ်ဘယ်လောက်ကြာသလဲ ၆ ရာစုကနေ ၈ ရာစု ဆိုတော့ နှစ် ၁၀၀ ကျော်လေးလောက်သာ ကြာပါတယ်။ မျိုးဆက် နှစ်ဆက်စာပါ။ မေးစရာက အဲဒီနိုင်ငံတော်ကြီးက နှစ် တစ်ရာကျော်လေးအတွင်း အဲသလောက်တောင် ကြီး ကျယ် ခမ်းနားသွားပါသလား ။ ကြီးကျယ်ခမ်းနားလှတဲ့ မွန်ယဉ်ကျေးမှု မွန်နိုင်ငံတော်ကြီးကို နှစ်တစ်ရာကျော်လေး အတွင်းမှာ တည်ဆောက်နိုင်သတဲ့လား ။ စစ်ကလည်း ခဏ ခဏ ဖြစ်နေတော့ ဒီလူတွေ အလုပ်မှ လုပ်နိုင်ကြပါ့ မလား ။ စီးပွားရေး မရှိဘဲ ဒီနိုင်ငံတော်ကြီးကို ခဏလေး အတွင်းမှာ တည်ဆောက်လိုက်နိုင်တယ် ဆိုတာတွေက
အထူးအဆန်းပါ။
ထိုင်းနိုင်ငံရဲ့ သမိုင်းကို ဒီလို ပိုင်းပါတယ်။
အကြိုသမိုင်းကာလ ( သမိုင်းဦး မှ ခရစ် ၁ ရာစုထိ)၊ ဟိန္ဒူလွမ်းမိုးတဲ့ခေတ် (ခရစ် ၁ရာစုမှ ၆ရာစုထိ)၊
ဒွါရ၀တီ (ခရစ် ၆ရာစုမှ ၁၁ ရာစုထိ)၊
သီရိဝိဇယ (ခရစ် ၈ ရာစုမှ ၁၃ ရာစုထိ)၊
လော့ဘူရီ (ခရစ် ၁၀ ရာစုမှ ၁၄ ရာစုထိ)၊
ဆူကိုထိုင်း (ခရစ် ၁၃ ရာစုမှ ၁၅ ရာစုထိ)၊
လန်န-ချိုင် ဆီရမ် (ခရစ် ၁၃ ရာစုမှ- ၁၆ ရာစုထိ)၊ အယုဒ္ဓယ (ခရစ် ၁၃၅၀ မှ ၁၇၆၇ ထိ)၊
သွန်းဘူရီ (ခရစ် ၁၇၆၇ မှ ၁၇၈၂ ထိ)၊
ဘန်ကောက် (ခရစ် ၁၇၈၂ မှ ယနေ့ထိ)
ဒီမှာကြည့်ရင် ဒွါယဝတီ နိုင်ငံတော်ဆိုပြီး သူချည်း အကုန် ပိုင်တာ မဟုတ်ပါဘူး မင်းပြိုင် မြို့ပြိုင်တွေ ခေတ်ပြိုင် င်္ှိနေ တာပါ ဒွါယဝတီကို အေဒီ 6-11 လို့ ပိုင်းတယ်
သီရိဝိဇယ အေဒီ 8 -13 လော့ပူရီ ၁၀-14 ဆိုတော့ ခေတ်ပြိုင်မင်းတွေ ခေတ်ပြိုင်မြို့တွေ ဖြစ်နေပါတယ်။ ဒီတော့ ဒီဒွါယဝတီခေါ် နိုင်ငံတော်ဟာ ဘယ်လောက်ကြီး မလဲ မြင်နိုင်ပါတယ်။
ဘာဖြစ်ဖြစ်ပါ ဒီနိုင်ငံတည်တယ် ဆိုတဲ့ အကြောင်းက ဆက်စပ် စဉ်းစားမိတာလေးတွေ ထည့်ပြောတာပါ ထူးထူး ထွေထွေတော့ မဟုတ်ပါဘူး။
ဒွါယဝတီဟာ ဖူနန် ထိုင်းတို့နဲ့ စစ်ခဏ ခဏ ဖြစ်နေတာ ကနေ အင်အား နည်းလာခဲ့ပါတယ်။
AD-10 ရာစုအထိ သူ့ဟာသူ ရပ်တည်နေနိုင်သေးတယ် လို့ ဆိုရမှာပါမှာ AD-11မှာတော့ ဒွါယဝတီ စခန်းသိမ်း ပါတော့တယ်။ ဒီအချိန်မှာ သီရိဝီဇယ လော့ပူရီ မြို့တွေက သူ့ဟာသူ ရှိနေ ပါတယ်။
၁၁ ရာစုနောက်ပိုင်းမှာ မွန်နိုင်ငံဟာ မြောက်ပိုင်း မြို့တော် ဖြစ်တဲ့ လင်ဖွန်းမှာ ထွန်းကားပြန်တယ်တဲ့ ဒီနိုင်ငံကြီး ကြီးကျယ်ခမ်းနားပုံကိုတော့ နိုင်ငံဧရိယာအကျယ်အဝန်းကို ကြည့်ပြီး ရင်သပ်ရှုမောဖွယ် တွေ့ရမှာ ဖြစ်ပါတယ်။ နိုင်ငံ ဘယ်လောက်တောင် ကျယ်ဝန်းသလဲ ဆိုရင် အထက်တန်း ကျောင်းက ဘောလုံးကွင်းထက် ငယ်ပါတယ်။ အဲသလောက်ထိ ကြီးကျယ်ခမ်းနားတာပါ။ ဟရီဗုဉ္စမြို့ လို့ ခေါ်တယ်။ စမ္မဒေဝီ တည်ပါတယ်။ သူက လံဗင်လဝပူရီ မြို့ကိုလည်း တည်ထောင်ခဲ့သေးတယ် ဆိုတယ်။
AD-1145 မှာ ခမာ ဒုတိယဘုရင် သူရိယဝါမင် က ချန်ပါ ကို သိမ်းတယ်။ ချန်ပါဟာ AD-1149 အထိ ခမာ လက်အောက်မှာ ရှိခဲ့တယ်။ ဟရီဗုဉ္စမြို့ကို သိမ်းတယ်။
လော့ပူရီကိုသိမ်းတယ်။
ဒီဘက်ကသိမ်းတယ် ထိုင်းတွေဘက်ကလည်း ဇင်းရဲနိုင်ငံ ကို အုပ်ချုပ်တဲ့မင်း(1290-92) ခုနှစ်တွေမှာ ဟရီဗုဉ္စမြို့ကို ပြန်တိုက်ပြီး ဇင်းမယ်နိုင်ငံတည်ထောင်ပါတယ်။ ဆူခိုထိုင်း နိုင်ငံကို အုပ်စိုးတဲ့ ရာမခမ်ဟင်းကလည်း မဲနမ်မြစ်ဝှမ်း ဒေသရှိ နယ်ပယ်တွေကို သိမ်းတယ်။ ဒီမှာ ကုန်တော့ တာပါပဲ။
ဆူခိုထိုင်းတွေ အင်အားလျော့လာတဲ့အခါမှာ ထိုင်းမင်းသား တစ်ပါးကထပြီး နိုင်ငံသစ်တည်ထောင်တယ်။ နိုင်ငံအမည် မသိပါ။ ဖော်ပြမထားပါ။ ဒီမင်းသားက ဥထောင် ဘုရင်ရဲ့ သမီးတော်နဲ့ ညားတယ်။ နယ်ပယ်တွေချဲ့ထွင်တယ်။ ဒီလို နယ်ပယ်ချဲ့နေစဉ်မှာ နိုင်ငံတွင်း ဝမ်းရောဂါ ကျလို့ မြို့တော် အသစ် ပြောင်းတည်တယ်။ ဒီနိုင်ငံကို အရုဒ္ဓယ လို့ခေါ်ပါ တယ်။

0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်