ထားဝယ်ရာဇဝင် လုပ်ဇာတ် (၃)


=====================
သက္ကရာဇ် ၃၅၈ တွင် ဗြညားဦးသည် ဟံသာဝတီ ပဲခူးသို့
ပြန်သွားသဖြင့် သာဂရတွင် မြို့ဝန်ခန့်ခဲ့သည်။
ဗြညားရံဆက် (358-373) ဟုခေါ်သည်။
ဗြညားတော်ခံ (373-399)
ဗြညားရံဝေါ (399-415)
ဗြညားရံတိုက်(415-428)
ဗြညားကင်းတော(428-438)
စသည်တို့ အဆက်ဆက် အုပ်စိုးခဲ့ကြသည်။ မွန်အမတ် တို့က ဒုတိယသာဂရကို မြို့ဝန်များအနေနဲ့ ဆက်လက် အုပ်စိုးခဲ့ကြသည်။ ဟံသာဝတီနေပြည်တော်၏ လက်အောက်ခံ ဖြစ်သည်။
ဗြညားကင်းတော် အုပ်ချုပ်နေစဉ် တနင်္သာရီမှ ရိုးဒယား အမတ် သြရတေဇ လာရောက်တိုက်ခိုက်သဖြင့် ကောဇာ ၄၃၈ တွင် သာဂရမြို့ ဒုတိယ အကြိမ် ပျက်စီး ခဲ့ရပြန်သည်။ ဟံသာဝတီမှာလည်း ခရီးကွာဝေး၍ စစ်ကူရဟန် မတူပေ။ သြရတေဇသည် သာဂရမြို့ကို တိုက်ခိုက် သိမ်းပိုက်ပြီး နောက် မူလသြရဂဠုန် တည်ထောင်ခဲ့သည့် ညောင်ခရား မြို့ကို ပင် အနည်းငယ်ရွှေ့၍ ညောင်ရမ်းမြို့ ဟု တည် ထောင်ပြန်သည်။ သာဂရ (၂) ဟု ခေါ်တွင်ရမည့် ဒုတိယ သာဂရသည် 438 ခုနှစ်တွင် ပျက်စီးခဲ့ရပြန်သည်။
တနင်္သာရီသည် ထိုင်းတို့ တည်သော မြို့ မဟုတ်ပါ။ ထိုင်း အမတ် သြရတေဇ ဟူ၍လည်း မရှိခဲ့ပါ။ AD ခေတ်ဦးပိုင်း ကာလများ စ၍ ပင်လျှင် တနင်္သာရီ ဆိပ်ကပ်မြို့ ဟူသည် ပြည်ပ မှတ်တမ်းများတွင် အကြိမ်ကြိမ် ပါခဲ့သည် ဖြစ်ရာ ထိုင်းအမတ် လာအုပ်ချုပ်ရန် မဖြစ်နိုင်ပါ။ AD-1076 ထိ ထိုင်းဘုရင် ဟူ၍ မရှိသေးပေ။ ထိုင်းတို့၏ မူလနေရာတွင် ပင်လျှင် ထိုင်းလူမျိုးတို့အကြောင်း ရာဇဝင်သမိုင်း မပေါ် သေးသောကာလ ဖြစ်ရာ ထိုင်းအမတ် စစ်လာတိုက်စရာ မရှိပေ။
ဒီအချိန်ထိ သာဂရ ပျက်နေတာတွက်ရင် နှစ်ပေါင်း 486 နှစ် သာဂရ ပျက်နေတယ် ဆိုပြီး ဖြစ်နေတော့တယ်။ မဟုတ်မဟတ်တွေ စိတ်ကူးယဉ်ပြီး လျောက်ရေးခဲ့လေ တော့ ဘာဆိုတာကို အစရှာဖို့ကို အတော် ခက်ခက်ခဲခဲ ရှာ နေရပါတယ်။ ရာဇဝင်ရေးသူကို အပြစ်တော့ မဆိုချင်ပါ။ သူ့ခေတ် သူ့အခါက လွှမ်းမိုးသော အယူအဆများ ကြောင့် သာ ဖြစ်မည်ဟု ယူဆပါသည်။
ယိုးဒယားအမတ် သြရတေဇသည် ညောင်းရမ်းမြို့ကို ၁၀ နှစ်ကြာ စိုးစံပြီးနောက် ယိုးဒယားသို့ ပြန်သွားခဲ့သည်။ သြရဟုံကို မြို့စောင့်ထားခဲ့သည်။ သာဂရမြို့ကို အနီးကပ် ထိန်းချုပ်ထားနိုင်ရန် ညောင်းရမ်းမြို့တွင် ယိုးဒယား အမတ်
အဆက်ဆက်ကို မြို့ဝန်ခန့်ကာ အုပ်ချုပ်စေခဲ့သည်။ သြရဥပ္ပရပ်(476-493) အုပ်စိုးနေစဉ် နာမကျန်း ဖြစ်၍ ယိုးဒယားသို့ ပြန်သွားခဲ့သည်။ ထိုမှစ၍ ထားဝယ်နယ်တွင် နှစ်ပေါင်း ငါးရာ နီးပါး မင်းဆက်ပြတ်လျက် သာဂရမြို့သည် လည်း ကြာရှည်စွာ တိမ်မြှပ်မှေးမှိန် နေလေသည်။
ခုနှစ်တွေ ပေါင်းတော့ AD-16 ရာစုလယ် (1569) ကို ရောက်သွားတယ်။ ဒီစာလောက် လွဲတာတောင် ဒီစာလောက် လွဲမှာ မဟုတ်ဘူး ဆိုရမလိုပင်။
နောက်တော့ သက္ကရာဇ် ၉၂၄ တွင် မွန်အမတ် ဗြသပိုက် ဆိုသူသည် သာဂရမြို့ကို တတိယအကြိမ် တည်ထောင် အုပ်ချုပ်ပြန်သည်။ ၂ နှစ်သာ စိုးစံသည်။ ၄င်းကို ငထွေးညို ဆိုသူက ဆက်ခံသည်။
ဗြသပိုက်ကမွန်တဲ့။ သူကို ဆက်ခံတဲ့ ငထွေးညိုက မြန်မာ ဟုတ်တော့ ဟုတ်နေတာပါပဲ။ ဘာအကြောင်းဖြစ်တယ် ဘယ်လို ဆိုတာတွေ ရာဇဝင် မရှိဘဲ နာမည်လေးတွေ ကောက်ထည့် ထားတယ်။
ငထွေးညိုက စပြီး မြန်မာမင်းနာမည်တွေ ပြန်ပေါ်လာ တယ်။ မြန်မာမင်းလက်အောက်ခံ အဖြစ်နဲ့ မင်းဆက်ပေါင်း ၁၇ ဆက်ရှိတယ်။ ငထွေးညိုကို ဆက်ခံတာက စလင်းမင်း။
ငထွေးညို (946-930)
စလင်းမင်း (930-934)
သီပေါမင်း (934-937)
ရန်ကုန်မင်း(937-940)
နန္ဒကောဒေဘရ (940-955)
ဥဒိန်ဘရ (955-985)
တောင်ကြားမင်း(985-997)
စက္ကရာတာ(997-999)
သမန္တရာဇ်(999-1005)
ရာဇသူရ(1005-1019)
ဒုရင်နန္ဒသူ(1019-1053)
ဇေရဘ(1053-1056)
ရာဇသင်္ကြန်(1056-1057)
ပုံကြိုင်စား(1057-1099)
ပဘူ(1099-1102)
ဒုရင်စန္ဒ(1102-1102)
မင်းနဲလှ(1102-1113)
ဒီအတိုင်းလာတယ်။ ဟုတ် မဟုတ် မသိရသေး။ မင်းနဲလှ သာ အမှန်ယူလို့ရတယ်။ ကျန်တာတွေက မယုံရ လို့သာ ဆိုပါမယ်။
ရာဇဝင်ပြန်ဆက်ရအောင်။ AD- 1740 ရောက်သွားပြန် ပြီ။ ၁၈ ရာစုလယ်။ ထားဝယ်ရာဇဝင်က မျောက် တစ်ကောင် ချထားလို ခုန်ချင်ရာ ခုန်ပြီးသွားတာ။ ခုခေတ် သိပ္ပံဇာတ်ကားတွေလို အချိန်ကို လိုသလို လုပ်တာလား မသိ။
ကောဇာ ၁၁၀၂ တွင် ဟံသာဝတီပါ အင်းဝ ဘုရင် လက်အောက်ခံ သာဂရ မြို့စား မင်းနဲလှသည် မွန်- မြန်မာ အရေးတော် ဖြစ်နေခိုက် အင်းဝဘုရင်လည်း ဟံသာဝတီသို့ ပါသွားချိန်တွင် သာဂရမြို့ကို သီးခြားမင်းအဖြစ် အုပ်ချုပ်ခဲ့ သည်။
မင်းနဲလှက ၁၁၃၃ တွင်(AD- 1771) တွင် ထားဝယ် မြစ်ကြောင်းအတိုင်း စုန်ဆင်း၍ ယခုထားဝယ်မြို့၏ အနောက်တောင်ထောင့် အရပ်တွင်ရှိသော ကြက်စာပြင် ရပ်ကွက် နေရာတွင် ကြက်စားမြို့ကို တည်ထောင်သည်။ ကြက်စားမြို့ စာပါ အုတ်ချပ်အထောက်အထား ရှိသည်။
ဒီမြို့ကို တလိုင်းရှောင်မြို့ဟုလည်း ခေါ်သည်။ အဘယ် ကြောင့် ကြက်စားမြို့ကို တလိုင်းရှောင်မြို့ ဟု ခေါ်ကြသည် ကိုကား အတိအကျ မသိရ။ ခေတ်ပြိုင်များနှင့် ညှိနှိုင်းရဦးပါ မည်။ ထိုမြို့သည် ကုန်းဘောင်ခေတ်ကနေ ယနေအထိ ပြန်လည်ပြင်ဆင်ခြင်း မရှိတော့သော မြို့ပျက်မြို့ဟောင်း တစ်ခုအဖြစ် ကျန်နေပေသည်။ သို့သော်လည်း အခုအချိန် တွင် ရှာမရပြီ။ မြို့ဟောင်းရာ ရှိသည်ဆိုတာလောက်သာ သိနိုင် တော့သည်။ မြို့ဖြစ်နေပြီး အိမ်တွေဆောက် လမ်း တွေဖောက်နဲ့ ရှာမရတော့ပြီ။

0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်