======================
သမန္တရာဇာ၏ မိဖုရားမှာ ရေးမြို့တော်မှ မွန်သူဌေးကြီး အရာထော်၏ သမီး မယ်စန္ဒာကို စန္ဒာဒေဝီ အမည်ဖြင့် မိဖုရားမြောက်ထားခြင်း ဖြစ်သည်။ မိဖုရားကြီး၏ ဆွေတော် မျိုးတော် ၁၀၀ ကျော် သာဂရ မြို့တော်သို့ ပါလာရာ ဗြညားလောတို့ မိသားစုလည်း ပါလာသည်။ ထိုသို့ ဆိုပြန် သည်။
ဦးမောင်ကြီး သည် ရာဇဝင်ကျမ်းတို့ကို သေသေချာချာ မဖတ်မှတ်လေသလော သို့တည်းမဟုတ် တဆင့်စကားများကို အစွန်အဖျား ကြားရုံမျှဖြင့် မိမိစိတ်ကူးဖြင့် လျောက်ရေး လေသလော သူသာလျှင် သိပါလိမ့်မည်။
ဦးမောင်ကြီးသည် ထိုကာလတွင် မွန်မရှိသည်ကိုလည်း မသိ။ ယေးမြို့ပျူဘုရင်မသည် ဝေဒီမင်းကြီး၏ သမီးတော် ဖြစ်သည် ကိုလည်း မသိ။ ယေးမြို့သည် ပျူမြို့တော် ထားဝယ်တို့၏ မြို့ ဆိုသည်ကိုလည်း မသိ။ မွန်ဟူ၍ လည်း ထိုကာလတွင် မရှိ သေးသည်ကို မသိပေ။ ထိုသို့ မသိခြင်း များစွာဖြင့် စိတ်ကူး ကောင်းတိုင်း ရေးချင်ရာ ရေးခဲ့လေရာ ကာလကြာသော် ဟုတ်သယောင် ဖြစ်လာခဲ့ရပေတော့ သည်။
ယေးမြို့ ဟူသည် ဝေဒီမင်း၏ သမီးတော် ထားဝယ် မင်းသမီး တည်သောမြို့ ဖြစ်၏။ ၃၅ နှစ် နန်းစံ၏။ ယခင် ကာလများတွင် ဒူရတိုင်း ဟု ခေါ်ထွင်ရာ ဒူရကတိုင်းတွင် ပါသော နယ်မြေ အပိုင်းအခြား ကိုလည်း ဦးမောင်ကြီး မသိခဲ့ပေ။ ဒူရကတိုင်း တွင် ရေး ထားဝယ် ပလော ပလောက် တို့ ပါဝင်သည်။ ရာဇဝင်အရ သော်လည်းကောင်း ခေတ်သမိုင်းပညာ စစ်တမ်း အားဖြင့် သော်လည်း ကောင်း ဒေါက်တာသန်းထွန်း ဒေါက်တာ ရီရီ တို့ စီစစ် ဖော်ပြထားခဲ့ပြီး ဖြစ်သည်။
ထိုကာလတွင် မွန်ဟုခေါ်သော လူမျိုးများ မရှိသေးသော ကြောင့် မွန်သူဌေးသမီးကို မိဖုရားမြှောက်သည် ဟူသည် မှာ လည်း ကြီးစွာ ချွတ်ချော်နေပေသည်။ မိဖုရားလည်း မမြှောက်။ ဆွေမျိုးတွေလည်း မလာ။ ဗြညားလောတို့လည်း မလာခဲ့ပေ။ ရှိမှ မရှိတာ ဘယ်လိုလုပ် လာမှာလဲ။
သမန္တရာဇာတွင် သားသမီးမထွန်းကား။ ထိုမင်း နတ်ရွာစံ သောအခါ မွေးစားသား ရှင်ဇံကို အရိုက်အရာ ဆက်ခံစေ သည်။ သမ္ဗန်မင်း (သို့) နန္ဒိယမင်းဟု ဘွဲ့အမည်ခံသည်။ ကောဇာ ၁၇၅ တွင် နတ်ရွာစံသော အခါ သားထောက် သမီးခံ မရှိသည့်အတွက် အောင်သာဝတီ (ကလိန်အောင်) တွင် ခမည်းတော် ထားခဲ့သော မွန်အမတ် ဗြညားဗလက သာဂရ တွင် မင်းအဖြစ် ဆက်ခံသည်။ သာဂရ မွန်မင်းဆက် သည် ဤသည်မှ စသည်။ မွန်မင်း ကိုးဦး သာဂရကို ထီးနန်း စိုးစံ သည်။
ဗြညားဗလ(197-190) သေသော်
ဗြညားလော(190-191)
ဗြညားရံ (191-200)
ဗြညားတေဇ(200-205)
ဗြညားရံခိုက်(205-221)
ဗြညားရံကင်း(221-241)
ဗြညားရံစော(241-257)
ဗြညားဒိဗ္ဗ(257-270)
ဗြညားတော်(270-276)
အဲသလို ဆိုတယ်။ အဲမှာ တက်တက်စင်အောင် လွဲတော့ တာပါ။ ထားဝယ်မင်း သေတော့ ထားဝယ်အမတ်ကို မင်းမမြှောက်ပဲ မွန်အမတ်ကို မင်းမြှောက်ပါသတဲ့။
ဒီဟာက ရာဇဝင်လာအရ ပြောနေတာ ဖြစ်နိုင် မဖြစ်နိုင် စဉ်းစားပေါ့။ တကယ့် လက်တွေ့မှာ အဲဒီအချိန်မှာ မွန် မရှိသေးဘူး ဆိုတာ ပြောထားပြီးပါပြီ။ ဒီမင်းဆက်တွေ အကုန်လုံးက ဦးမောင်ကြီး စိတ်ကူးတည့်ရာ လျောက်ရေး ထားတဲ့ မင်းဆက်တွေပါ။ ကိုးနဝင်းကိုက်အောင် ကိုးယောက် ထည့်ထားတာလား မသိပါဘူး။ ဘာ အထောက်အထားမှ မရှိပါ။
မင်းဆက် ပျောက်သွားပါပြီ။ ဒီကာလတစ်လျောက်လုံးမှာ ဘာမင်းတွေ အုပ်ချုပ်နေတာလဲ ဆိုတာ မသိနိုင်တော့ပါဘူး။ AD-914 ဖြစ်သွားပါပြီ။
ဗညားတော် လက်ထက်တွင် ဒွါယာဝတီမှ ရှမ်း(ယိုးဒယား)
အမတ် သြရဂဠုန်သည် လက်နက်အလုံးအရင်းနှင့် ချီတက် လာပြီး သာဂရမြို့ရဲ့ ကင်းတပ်မြို့ ဖြစ်သော အောင်သာဝတီ (ကလိန်အောင်) ကို ဦးစွာ တိုက်ခိုက် သိမ်းပိုက် ခဲ့သည်။ တစ်လခန့်အကြာတွင် သြရဂဠုန်သည် တပ်သား တစ်သောင်းကျော်နှင့် မော်လမြိုင်နယ်ခြား တောင်အိုစခန်း မှ ခွဲတက်ပြီး ကုန်းကြောင်း ရေကြောင်း ပိတ်ဆို၍ မွန်နှင့် မြန်မာတို့ကို တိုက်ခိုက်ခဲ့ရာ သာဂရမြို့အထိ အောင်မြင်စွာ ချီတက်လာနိုင်ပြီး သိမ်းပိုက်နိုင်ခဲ့သဖြင့် သက္ကရာဇ် ၂၇၆ တွင် သာဂရမြို့ ပျက်ခဲ့ရလေသည်။
အထက်ပါ အပိုဒ်ကို ၁၉၉၉-၂၀၀၀ သာဂရမြို့ဟောင်း ပထမအကြိမ် တူးဖော်သုတေသနလုပ်ငန်း အစီရင်ခံစာ တွင်လည်း ဖော်ပြထားသည်။ မည်သူရေးမှန်း မသိပါ။ အတော်ပင် လွဲမှားနေပေသည်။
ဒီမှာကြည့်ရင်လည်း ဒွါယဝတီသည် ထိုအချိန်တွင် ခမာမင်း လား လဝမင်းလား အခုချိန်ထိ သေသေချာချာ ဖော်ထုတ် နိုင်ခြင်း မရှိသေးသဖြင့် မသိရသေးပေ။ ထိုင်းအမတ်ဟု ဆိုသဖြင့် ပိုမို လွဲမှားသွားလေသည်။ ထိုအချိန်တွင် ထိုင်း အမတ် ရှိသည်ဟု ထိုင်းသမိုင်းတွင်ပင် မဖော်ပြသေးပေ။ ဒွါယဝတီပျက်ပြီးကာမှ ထိုင်းတို့ ဇာတ်လမ်းစသည် ဖြစ်ရာ ဒီရာဇဝင် မှားကြောင်း ထင်ရှားနေသည်။ ထိုင်းအမတ် စစ်ချီလာသည် ဟူ၍လည်း ထိုင်းသမိုင်းတွင် မပြထားပါ။
သာဂရကို စစ်ချီရန် သာဂရကင်းတပ် အောင်သာဝတီကို တိုက်သည် ဆိုသည်မှာ ရယ်ဖွယ်ရာ ဖြစ်သည်။ သာဂရနှင့် အောင်သာဝတီသည် မိုင် ၆၀ ခန့်ဝေးသည်။ ယခု ထီးခီး လမ်းကျောမှ ကုန်းကြောင်းချီ လာလျှင် တန်းရောက်နိုင် သည်။ မယောင်ရာဆီလူးသော စစ်ချီမှုဖြစ်သည်။ တဖန် မော်လမြိုင်နယ်ခြား ကနေ မွန် မြန်မာ တွေကို တိုက်သည် ဆိုပြန်သည်။ ဘယ်မှတ်တမ်းမှာမှ မပါပါ။ လွဲချက်မှာ ကမ်းကုန် ဖြစ်သည်။
နောက်မံ၍ ဖော်ပြသည်မှာ သြရဂဠုန်သည် ကလိန်အောင် မြို့သူ မြို့သားများကို သိမ်းယူခေါ်ဆောင်ကာ ထားဝယ်မြို့ မှ ၂ မိုင်ကွာ ထားဝယ်မြစ်ကမ်းဘေး ဆင်ဆိပ် ဆိုသည့် အရပ်တွင် ညောင်ခရားမြို့ကို တည်ထောင်ကာ သုံးပန်း များ ထားခဲ့သည်။ ထိုအချိန်မှ စ၍ ပထမ သာဂရ ပျက်ခဲ့ရ သည်မှာ ၈၁ နှစ် ကြာလေသည်။
၈၁ ထပ်ပေါင်းတော့ AD-995 ဖြစ်တယ်။ ညောင်ခရားမြို့ ဟောင်း ရှိတာ မှန်တယ်။ ဒါပေမယ့် ရာဇဝင်ကြောင်းက လုပ်ဇာတ် ဖြစ်ပါတယ်။ တဆက်တည်း ဆက်လက်ဖော်ပြ ပေးသွားပါမည်။
ညောင်ခရားမြို့ရှိ မွန် မြန်မာတို့အား ယိုးဒယား အမတ်တို့ ညှည်းပန်းနှိပ်စက်၍ စိုးစံကြောင်း ဟံသာဝတီ မွန်အမတ်
ဗြညားဦး ကြားသိရသည်။ ထိုအချိန်မှာ ယိုးဒယား အမတ် သြရဂဠုန် (276-291) ကို ဆက်ခံသည့် ဆဌမမြောက် ယိုးဒယား အမတ် သြဗရပ်ပိဆဲ(347-357) လက်ထက် ဖြစ်သည်။ မွန်အမတ် ဗြညားဦးသည် ဆင် မြင်း စစ်သည် တစ်သောင်းကျော်နှင့် ဟံသာဝတီ ပဲခူးမြို့မှ စစ်ချီလာ၍ ယင်းမြို့မှ တဆင့် အုန်းပင်ကွင်း ကံပေါက် စသည့် နယ်များ ကို မီးရှို့ပြီး တိုက်ခိုက်ရာ ၃၅၇ ခုနှစ်တွင် ညောင်ခရားမြို့ ပျက်စီးလေသည်။
အမတ်ဗြညားဦးသည် ထိုနှစ်တွင် မြို့ရိုးမြို့တာများကို အသစ်ပြုပြင်၍ သာဂရ မြို့ဟောင်းကို ဇလွန် ဟု သမုတ် ကာ အသစ်ပြန်တည်ထောင် ပြောင်းရွှေ့ စိုးစံသဖြင့် သာဂရသည် ဒုတိယအကြိမ် အုပ်ချုပ်သူ မင်း၏ လက် အောက်တွင် ပြန်လည်တည်ထောင်မှု ရှိခဲ့သည်။ ဒုတိယ သာဂရ (သို့) သာဂရ (2) လို့ ခေါ်ဆိုရမည် ဖြစ်သည်။
လွဲချက်က ရင်နင့်စရာ။ (AD- 1010 ) ၁၁ ရာစုဦးပိုင်း ထဲရောက် သွားပြီ ဖတ်ဖတ်ပြီး ပြုံးနေရတယ်။ အဲဒီအချိန်က ဟံသာဝတီ တည်ထောင်ပြီးပါပြီလား။ အများကြီး လွဲမှားနေ ပါတယ်။ ဒီမှာ မေးခွန်းတွေ အများကြီး မေးစရာ နေတယ်။ တလွဲဆိုတာ သိသာလွန်းနေတာမို့ ဘာမှ မေးခွန်း မထုတ် တော့တာပါ။
ဆက်ပါဦးမည်။
0 comments:
Post a Comment
သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်