================================
သာဂရမြို့ဟောင်းသည် မြို့ဟောင်းကျေးရွာအုပ်စုတွင် ပါဝင်ပြီး ဆင်ပုနစ်ရွာ ဒေါင်းရှောင်ရွာ ဘူချိုင်းရွာ မြို့ဟောင်းရွာ ဟူ၍ ရွာကြီးလေးရွာ ခွဲခြားထားသည်။
သာဂရမြို့ဟောင်း အတွင်း၌ မြို့တွင်းရပ်ကွက် မြို့ဟောင်းတောင်ပိုင်းရပ်ကွက် မြို့ဟောင်းအရှေ့ပိုင်း ရပ်ကွက် မြို့ဟောင်း အနောက်ပိုင်းရပ်ကွက် ကရပ်ပြင်ရပ်ကွက် အနောက်လည်ဆွဲရပ်ကွက် ဟူ၍ ရပ်ကွက် ၇ ခုနှင့် အခြေချနေထိုင်သည်။
မင်းနဲလှသည် သာယာဝတီဟု ဆိုပြီး ယခု ထားဝယ်မြို့ နေရာတွင် သက္ကရာဇ် ၁၁၁၆ ခုနှစ်၌ တည်သောအခါ မြို့ဟောင်း သာဂရမှ ရပ်ကွက်အမည်များအတိုင်း သာယာဝတီ(ထားဝယ်)၌ သတ်မှတ်ခဲ့သည်။
ဆင်ပုနစ်ရပ် ဆိုသည်မှာ သာဂရခေတ်က ဘုရင့် ဆင်ကျုံးများ ထားရာ အရပ်ဖြစ်သည်။ သာဂရမြို့ဟောင်း ၏ မြောက်ဘက် မြို့ရိုးအပြင်ဘက် တွင် ရှိသကဲ့သို့ သာယာဝတီ(ထားဝယ်) ၏ မြောက်ဘက် မြို့ရိုး အပြင် ဘက်တွင်ရှိသည်။ မြို့ဟောင်း သာဂရမှ မြင်ထင်အရပ်ကို ထားဝယ်လို ဗြင်ထန် ဟု ခေါ်၍ သာယာဝတီ(ထားဝယ်) တွင် မြို့တွင်း ဗြင်ထန်မှ ယခု မြို့တွင်းရပ် ဖြစ်၍ မြို့ပြင် ဗြင်ထန်မှာ ယခု ပုံကျွန်းရပ် ဖြစ်သည်။ ကရပ်ပြင်ရပ် ဆိုသည်မှာ ထားဝယ်မြို့၏ အရှေ့ တောင်ထောင့်တွင် ရှိသကဲ့သို့ သာဂရ၏ အရှေ့တောင်ထောင့်တွင်လည်း ကရပ်ပြင်ဟု ရှိခဲ့သည်။
သာဂရခေတ်က ကညုံဟု ခေါ်ဆိုသော အရပ်သည် အခု ကညုံရပ် ဖြစ်သည်။ ထားဝယ်မြို့ အရှေ့ဘက်တွင် ရှိသော ရှမ္မလည်ဆွဲ အရပ်မှာမူ သာဂရမြို့ အနောက်ဘက်တွင် ရောက်နေသည်။ တလိုင်းထိန် တလိုင်းမရပ်များလည်း ရှိသည်။
သာဂရမြို့ဟောင်းသည် အရပ်လေးမျက်နှာတွင် မြေမြို့ဟောင်းရာများ ကျုံးဟောင်းရာများ မြို့အတွင်းပိုင်း၌ ဘုရားကောင်းဟောင်းများ အုတ်အဆောက်အဦတို့၏ အုတ်စီအုတ်ရိုးတန်း အကြွင်းအကျန်များ နန်းတော်ရာ ပင်ပအုတ်စီအုတ်တန်းဟောင်းများနှင့် သာဂရမြို့ဟောင်း
အပြင်ဘက်၌လည်း မြေကုန်းဟောင်းတစ်ခု ကြွင်းကျန် လျက်ရှိသည်ကို တွေ့ရသည်။ မြေမြို့ရိုးဟောင်းများသည် ပျမ်းမျှအချင်း (၃) မီတာကျော် ခန့် ရှိပြီး အမြင့်ဆုံးနေရာ တွင် (၅) မီတာ နီးပါးခန့် ရှိသည်။ ပြိုလျောပျက်စီးနေသည့် မြေမြို့ရိုးများ၏ ပျမ်းမျှအကျယ် သည် ၂ မီတာကျော် (၈ ပေခန့်) ရှိသည်။
ထားဝယ်မှ မြို့ဟောင်းရွာသို့ သွားရောက်သော် မြို့ဟောင်း ရွာကို တောင်ဘက်မှ ဝင်ခြင်း ဖြစ်သည်။ ထိုတောင်ဘက်
ပိုင်းတွင် မြို့ဟောင်း၏ မြို့ရိုးရာ သုံးထပ် အထင်အရှား ကျန်နေသည်။ ယခု ရွာအဝင် ဗဟိုကားလမ်းမသည် ယခင်မြို့ဟောင်း၏ တောက်ဘက် မြို့ဝင်ပေါက် နေရာ ဖြစ်ပြီး ကတ္တရာလမ်း ခင်းလိုက်သဖြင့် အနည်းငယ် ဖြိုဖျက် ချဲ့ထွင်ထားကြောင်း သိရသည်။ ဖြိုဖျက်ထားသည့် နေရာမှ မြေမြို့ရိုး၏ မြေသားများမှာ မာကျစ်သော အနီရောင် သက်ရင့် ဂဝံမြေများနှင့် အာလူးကျောက်များကို အဆင့်ဆင့် ထုထောင်းဖိသိပ်၍ မြေဖို့ထားကြောင်း သိရ သည်။ တောင်ဘက်မြို့ရိုးများသည် ပျက်စီးမှုနည်းပြီး မြောက်ဘက်ပိုင်းတွင်လည်း ထင်ထင်ရှားရှားတွေ့မြင်နိုင် သည်။ မြောက်ဘက် မြေမြို့ရိုးများသည် ကြွင်းကျန်မှု အနေအထား အကောင်းဆုံး ဖြစ်သည်။ တောင်ဘက်ခြမ်း ကဲ့သို့ပင် ယခင်မြို့ဝင်ပေါက်နေရာကို ချဲ့ထွင်၍ ကားလမ်း ဖောက်ထားသည်။ မြောက်ဘက်၏ အပြင်ဘက်ဆုံး မြေမြို့ ရိုးသည် ပြတ်တောက်ပျက်စီးမှု လုံးဝ မရှိပေ။ အရှေ့ဘက် ခြမ်း မြေမြို့ရိုးများသည် ပြတ်တောင်း ပြတ်တောင်းနှင့် အတော်ပင် ပျက်စီးနေပြီ ဖြစ်သည်။ အချို့က လယ်ယာ ထွန်ယက်မှုကြောင့် ပျောက်ကွယ်သွားရ ခြင်း ဖြစ်သည်။ အရှေ့ဘက် မြို့ရိုးသည် ပျမ်းမျှအားဖြင့် အမြင့် ၂ မီတာခွဲ ခန့် သာ ကျန်ရှိပေသည်။
အရှေ့တောင်ဘက်တွင်မူ အပြင်မြို့ရိုးနှင့် ဒုတိယမြို့ရိုးတို့ ၏ အကွာအဝေးသည် မီတာ ၂၆၀ ကျော် (ပေ ၇၅၀ ကျော်ခန့်) ကွာခြားသွားပေသည်။ ဧရိယာအကျယ်အရ ကျုံး ဟု မယူဆနိုင်ပေ။ သာဂရခေတ်၏ မြို့နေ လူတန်းစား တစ်စု နေထိုင်ခဲ့သည့်နေရာ ဖြစ်မည်ဟု ယူဆရသည်။ ယခုတွင်မူ စပါးစိုက်ခင်း ပြောင်းစိုက်ခင်းနှင့် အခြားသီးနှံပင် များ စိုက်ပျိုးထားပေသည်။
မြို့ဟောင်းသည် ဝိုင်းဝန်းသော ပုံသဏ္ဍာန် ရှိသည့်အတိုင်း မြို့ရိုး၏ ထောင့်ချိုးကွေ့များသည် ကွေ့ကောက်၍ ချိုးကွေ့ သွားသည်ကို အရှေ့မြောက်ထောင့်နှင့် အရှေ့တောင် ထောင့် တို့တွင် ထင်ထင်ရှား မြင်တွေ့ရပေသည်။
မြို့ဟောင်း၏ အနောက်ဘက်ခြမ်းသည် တောင်ကုန်း တောင်တန်းများနှင့် မနီးမဝေးတွင်ပင် ရှိပြီး တဖက်တွင် တနင်္သရီ ကမ်းရိုးတန်းရှိသည်။ အနောက်ဘက်ခြမ်းသည် အရှေ့ဘက်ခြမ်းထက် ပိုမို ဝိုင်းဝန်းသည်။ မြို့ရိုးဟောင်း သုံးထပ်နှင့်အတူ ကျုံးသုံးထပ်ရာကိုလည်း ထင်ရှားစွာ မြင်ရ သည်။ အနောက်မြောက်ပိုင်းတွင် မြို့ရိုး တစ်ခုနှင့်တစ်ခု ပိုမိုနီးကပ်လာပြီး အပြင်မြို့ရိုးသည် အတွင်းမြို့ရိုးနှစ်ထပ်နှင့် တထပ်တည်းနီးပါးခန့် ဖြစ်ပေသည်။ သို့သော် လုံးဝ ထိကပ်သွားခြင်းတော့ မဟုတ်ပါ။ မြို့ရိုးနှစ်ခုကြား ကျုံးရာ သည် လွန်စွာကျဉ်းမြောင်းသွား၍ လျှိုမြောင်ကဲ့သို့ ဖြစ်နေပါ သည်။ မြို့ရိုးအမြင့်မှာ ၃ မီတာမှ ၅ မီတာခန့် အထိ ကျန်ရှိနေပေသည်။ အပြင်ဘက်မြို့ရိုးနှင့် အလယ်မြို့ရိုး အကြား ကျုံးအတွင်း မြို့ရိုးနှစ်ထပ်ကြားရှိ ကျုံးအကျယ်မှာ ၁၉ မီတာ (၃၈ ပေခန့်) ရှိပေသည်။ အနောက်တောင်ဘက် ခြမ်းတွင် အတွင်း မြို့ရိုးသည် အလွန်ဝေးကွာနေသော ကြောင့် ယခု အခါ ၄င်းနေရာကို လယ်ကွင်းများအဖြစ် တွေ့မြင်နိုင်သည်။ အနောက်ဘက်ခြမ်းရှိ မြို့ဝင်ပေါက်ဟု ဆိုသော နေရာ သည် နွားလှည်းတစ်စီး သွားရုံ အကျယ်ခန့် သာရှိပြီး ထို ဝင်ပေါက်မှ ရွာအတွင်းသို့ ဝင်ရောက်ရာတွင်
တိုက်ရိုက်မရောက်ဘဲ အထက်မှဖော်ပြခဲ့သော လျှိုမြောင် ထဲမှနေ၍ ကွေ့ကောက်ပြီး မြို့ဟောင်းအတွင်းသို့ ဝင်ရရာ ရှေးကတည်းက ဒီအတိုင်းပဲလား နောက်ပိုင်း သဘာဝ အနေအထားပြောင်း၍ ဤသို့ ဖြစ်သွားလေတာလား ဆိုသည်မှာ စဉ်းစားစရာ အချက်ဖြစ်သည်။
အပြင်ဘက်မြို့ရိုးနှင့် အတွင်းဘက်မြိ့ရိုးကြား နေရာများရှိ လယ်ကွင်းများတွင် အိုးခြမ်းကွဲ အများအပြားတွေ့ရသည်။ ၄င်း အို့းခြမ်းကွဲများတွင် စဥ့်ဒေါက်တိုင် အကျိုးများလည်း တွေ့ရသဖြင့် သာဂရမြို့အနီးအနား တွင် ရှေးဟောင်း စဥ့်ဖို ပျက်များ ရှိနေမည်လောဟု တွေးမိပါသည်။ မြိ့ဟောင်း ပတ်ပတ်လည်ရှိ ကျုံးများ၏ ပျမ်းမျှအကျယ်သည် ၁၇ မီတာ နီးပါး (ပေ ၅၀ ခန့်) ရှိပြီး မြို့၏ အရှေ့တောင်ဘက် ရှိကရပ်ပြင်ရပ်ကွက် တည်ရှိရာအပိုင်းနှင့် မြို့တောင်ဘက် ပိုင်း၏ ကျုံးအကျယ်သည် ပိုမိုကျဉ်းမြောင်းပါသည်။
မြို့ဟောင်း၏ မြောက်ဘက် မြို့ရိုးအပြင်ဘက် အရှေ့ မြို့ရိုး အတွင်းဘက် တောင်ဘက်မြို့ရိုး အနီးတစ်ဝိုက်နှင့် ကရပ်ပြင်ရပ်ကွက်တို့တွင် မြေကုန်းဟောင်းများ ကျန်ရစ်နေ ပြီး အချို့သည် ဘုရားကုန်းပျက်များ ဖြစ်သည်။ ကရပ်ပြင် ကျေးရွာရှိ ဦးလူရင် အိမ်ခြံဝင်း၏ တောင်ဘက်တွင် 5 အမြောက် 5 မီတာ အမြင့် ၂ မီတာ ရှိသော မြေကုန်း ဟောင်း တစ်ခုရှိ၍ မြေပေါ်တွင် အုတ်ကျိုးများ ပြန့်ကျဲနေ သည်။ မြေအနအထား ကြွင်းကျန်မှုအရ အုတ်အဆောက် အအုံ သို့မဟုတ် ပင်မ အဆောက်အအုံ တစ်ခုခု ဖြစ်နိုင် သည် ဟု ခန့်မှန်းရသည်။ ၁၉၈၇ ခုနှစ်တွင် ထိုကရပ်ပြင် ရပ်ကွက်လယ်ထဲမှ ရွှေခြောက်ဆယ်သားခန့် ရရှိဖူးသည်။
လက်စည်း လက်ကောက် ဆွဲသီး စလွယ်နှင့် စာများပါ သည့် ရွှေပြားလိပ်များ ဖြစ်သည်ဟု ဆိုသည်။
၅-၂- ၈ရ နေ့တွင် စာရေးသူ ရောက်သွားသောအခါ ယင်း ပစ္စည်းများမှာ အစပျောက်သွားပြီ ဖြစ်သည်။ ရွှေစလွယ်ကို ဝိုင်းလုကြ၍ တစ်စစီ ပြတ်ထွက်ကုန်သည်ဟု ဆိုသည်။ စလွယ်မှ ရွှေပြားတစ်စကို စာတမ်းရှင် တွေ့မြင်ခဲ့ရရာ စာရွက်သာသာခန့်သာ အထူရှိသဖြင့် ပြတ်ထွက်ကုန်ခြင်း ဖြစ်သည်ဟု ယူဆရပါသည်။ မည်သည့်ခေတ် မည်သည့် ခုနှစ်တွင် ပြုလုပ်ထားသည့် ပစ္စည်းဟု မသိရသော်လည်း အုပ်စိုးသူမင်း၏ အသုံးအဆောင်သာ ဖြစ်ဖွယ်ရှိရာ ပဒေသရာဇ်ငယ်တစ်ဦး၏ ရွှေပြားစလွယ်သည် ဤမျှခန့် သာ ရှိပေမည်ဟု ခန့်မှန်းမိပါသည်။ မြန်မာဘုရင်များ၏ ရွှေစလွယ်များနှင့် နှိုင်းစာ၍ မရနိုင်ပါ။ ထိုရပ်ကွက်မှပင် ရောင်စုံ မြေကျောက်ပုတီးများ သလင်း ကျောက်ပုတီးစေ့ များ တွေ့ရတတ်ပါသည်။ ပျူခေတ်လက်ရာအတိုင်း ဖြစ် သည်။ စာရေးသူထံတွင် ပုတီးတစ်ကုံးစာ စုစည်းထားပါ သည်။
သာဂရ မြို့ဟောင်းနှင့် မြောက်ဘက်မြို့ရိုးမှ (၂၀၂) မီတာ အကွာတွင် နန်းတော်ရာဟု ယူဆထားကြသော နေရာမှ တောင်မြောက်တန်းနေသော အုတ်ရိုးတန်းများ မြေပြင်ပေါ် တွင် ပေါ်နေသည်။ ထိုအုတ်တန်းများသည် နန်းတော်၏ အရှေ့ဘက် မျက်နှာစာ ဖြစ်ပြီး အုတ်အရွယ်အစားသည်
၁၂-၆-၁ လက်မ အရွယ် ရှိပေသည်။ အုတ်တန်းများသည် ၁၅၈ မီတာခန့်အထိ ကြွင်းကျန်တည်ရှိနေပေသည်။ နန်းတော်နေရာမှ အရှေ့ဘက် ၁၅၄ မီတာ အကွာ၌ ယခင် မြို့ဟောင်း ရှိစဉ်ကပင် တည်ထားခဲ့သည့် နန်းဦးစေတီ ရှိသည်။ နန်းတော်ရာ တစ်ဝိုက်တွင် လူနေ အိမ်ခြေများ ရှိရာ ခြံဝင်းများ အတွင်း၌လည်း အုတ်စီအုတ်တန်းများ ကျန်ရှိနေပေသည်။ မြို့ဟောင်းကျေးရွာ တောင်ပိုင်း ရပ်ကွက်ရှိ ဦးပိုနှမ်းပိုင် ခြံဝင်းရှေ့တွင် အနောက်ဘက်သို့ အနည်းငယ် တိမ်းစောင်းနေသည့် အုတ်စီအုတ်တန်း အစကို တွေ့မြင်ရပေသည်။ အုတ်အရွယ်မှာ 14-7-2 လက်မခန့် ရှိသည်။
စိတ်ဝင်စားဖွယ်ရာ အုတ်စီအုတ်တန်း အစတစ်ခုမှာ မြို့တွင်းရပ်ကွက် ဒေါ်ရှင်မယ် အိမ်ခြံဝင်းတွင် ဒေါင့်မှန် ချိုးကွေ့သွားသည့် အုတ်ရိုးတန်း အစိတ်အပိုင်းဖြစ်၍ ၄င်းသည် မြေပေါ်ပေါ်နေခြင်းဖြစ်သည်။
နန်းတော်အတွင်းပိုင်းရှိ ဦးရွှေသားပိုင် ခြံဝင်း အတွင်း၌မူ သိုက်တူးသမားတို့ တူးဖော်ဖျက်ဆီးထားသည့် မြေကျင်းကြီးနှစ်ခု ရှိသည်။ မြေကျင်းကြီးတစ်ခုတွင် မြေပြင် အောက် ၁ မီတာ အနက်ရှိ အုတ်ရိုးတန်းအစများ ပေါ် ထွက် နေသည်။ သိုက်တူးသမားတို့ လက်ချက်ဖြင့် နဂိုမူလ အုတ်ရိုးတန်း ပျက်စီးခဲ့ပြီ ဖြစ်သည်။ ထိုနေရာရှိ အုတ် အရွယ်အစားမှာမူ 13-7-3 လက်မ ရှိသည်။
နန်းတော်အုတ်ရိုးများ ပေါ်လွင်နေသည့် နန်းတော်နေရာ တစ်ဝိုက်တွင် အိမ်ခြေထူထပ်စွာ အခြေချထားပြီး ဖြစ်သည်။
နန်းတော် နေရာ ဟုတ် မဟုတ် နန်းတော်အား မြို့နှင့် အပြိုင် ခေတ်အဆက်ဆက် ထပ်မံပြုပြင် တည်ဆောက် ခဲ့ခြင်း ရှိမရှိနှင့် နန်းတွင်းဆိုင်ရာ ကြွင်းကျန် ယဉ်ကျေးမှု ပစ္စည်း တို့ကိုမူ တူးဖော်သုတေသန ပြုနိုင်မည် ဖြစ်သည်။
မြို့ဟောင်း၏ မြောက်ဘက်မြို့ရိုး အပြင်ဘက်တွင် သာဂရ မြို့နှင့် အပြိုင်တည်ရှိခဲ့သော မင်္ဂလာကန်တော် ဟု ဒေသခံ တို့ မှတ်ယူထားသည့် ရေကန်ငယ် ရှိသည်။ မြို့ဟောင်း ကျေးရွာ မြောက်ဘက် ဆင်ပုနစ်ရွာ သို့ အသွား ကားလမ်း ဘယ်ဘက်ဘေးတွင် ရှိသည်။ ရေကန်ငယ်သည် စတုဂံ ပုံသဏ္ဍာန်ရှိ၍ အကျယ်မှာ ၃၄ မီတာ ပတ်လည်ခန့် ရှိသည်။ မိုးတွင်းတွင်သာ ရေရှိဟန် တူသည်။ တိမ်ကော နေပြီ ဖြစ်သည်။
သာဂရ မြို့ဟောင်း၏ တောင်ဘက်ကုန်းရိုး အပြင်ဘက် ထားဝယ်-မြို့ဟောင်း ကားလမ်း၏ ဝဲဘက်တွင် မြို့ဦး စေတီ တစ်ဆူ ရှိ၍ လမ်းတစ်ဖက်တွင် မြို့ရိုးကုန်းဟု ခေါ်သော စေတီပျက် ကုန်းဟောင်း ၈ ကုန်း ကို တွေ့ရသည်။ ထိုနေရာ တစ်ဝိုက်သည် သာဂရမြို့ တည်နေ ထွန်းကားစဉ် အခါက ဘုရားစေတီ ကိုးဆူ တည်ထားခဲ့ဖူးသည်ကို အစွဲပြု ၍ မြို့ရိုးကုန်းဟု ခေါ်ထွင်ကြောင်း သိရသည်။ စေတီကုန်း ဟောင်းများသည် ပျမ်းမျှအားဖြင့် အမြင့် (၂) မီတာခွဲခန့် ကျန်ရှိ၍ ဧရိယာမှာ မီတာ ၂၀ ပတ်လည်ခန့် ရှိပေသည်။ သာဂရ၏ အကြွင်းအကျန်များ ဖြစ်သည့် ထိုစေတီကုန်းတို့ သည် ပြုပြင်ထိန်းသိမ်းမှု မရှိပါက နောင်အခါတွင် တိမ်ကော ပျောက်ကွယ်သွားနိုင်ပေသည်။
မြို့ရိုးကုန်း အနောက်ဘက်ရှိ ခန့်မှန်း မီတာ ၉၀ ခန့် အကွာ တွင် မြေနိမ့်လွင်ပြင် တစ်ခုရှိသည်။ ၄င်းနေရာတွင် ပျူသင်္ချိုင်း ရှိသည်။ ပျူအရိုးအိုးများ တွေ့ရသည်။ ထိုနေရာ တွင် လယ်ယာစိုက်ပျိုး၍ မဖြစ်ထွန်းကြောင်း သိရသည်။ သရေခေတ္တရာ မြို့ဟောင်း၌လည်း ပျူကျောက်အရိုးအိုး ကြီး ခြောက်လုံးပါသော ဗိဿနိုးမိဖုရား၏ သချိုင်းနေရာ သည်လည်း တောင်ဘက်မြို့ပြင်တွင် ရှိနေခဲ့သည်။ ထိုကြောင့် သာဂရ ပျူသချိုင်းသည်လည်း မင်းစိုးရာဇာ မူးမတ် စသော အထက်တန်းလွှာများ မြှပ်နှံရာ နေရာဟု ယူဆရပေသည်။
မြို့ဟောင်း၏ အရှေ့တောင်ဘက် ကရပ်ပြင်ရပ်ကွက် အနီးတွင် ရှိသော ရေဆိပ်သည် သာဂရခေတ်က အသုံးပြုခဲ့သော ဘုရင့်ဖောင်တော် ဝင်ထွက်ဆိုက်ကပ်ရာ ဖောင်ဆိပ်ဖြစ်သည်။ တံတားဦးအိုင် ဟုလည်း ခေါ်ကြ သည်။ ထိုနေရာသည် ထားဝယ်မြစ်ထဲသို့ စီးဝင်သော ပဒပ်ချောင်းနှင့် တဆက်တည်းဖြစ်သည်။ ယခုအခါ အတော်ပင် တိမ်ကောနေ၍ ခန့်မှန်း မီတာ ၂၀ ပတ်လည်ရှိ သော အိုင်ငယ်တစ်ခုအဖြစ် ကျန်ရှိနေသည်။ ဖောင်ဆိပ် အနီး အုတ်စီအုတ်ရိုး အပိုင်းအစတချို့ မြေပြင်တွင် ထင်ကျန်လျက် ရှိသေးသည်။ တည်နေရာ အနေအထား ကြွင်းကျန်အထောက်အထားတို့အရ ဖောင်ဆိပ်နေရာဖြစ် သည်ကို ကောင်းစွာ သိနိုင်သည်။
သုတေသနပြု တူးဖော်ခြင်း
၂၂-၂-၂၀၀၀ ရက်နေ့တွင် ရှေးဟောင်းသုတေသနဌာနမှ အရာရှိ ဒေါ်ငွေငွေစိုး ဦးဆောင်သောအဖွဲ့ ထားဝယ်သို့ ရောက်လာသည်။ ငါးယောက်ဖြစ်သည်။ ၄င်းအဖွဲ့သည် သာဂရမြို့ဟောင်း၌ ၂၂-၂-၂၀၀၀ မှ ၁၆-၃-၂၀၀၀ နေ့အထိ ရက်ပေါင်း ၂၄ ရက်ကြာ တူးဖော်သုတေသနလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။ သာဂရကုန်း SG.R (1) (2) ဟု နှစ်နေရာ တူးဖော်ခဲ့သည်။
SG.R (1) သာဂရကုန်းအမှတ်(၁) သတ်မှတ်နေရာသည်
သာဂရမြို့ဟောင်း မြောက်ဘက် အထွက်လမ်း၏ ဝဲဘက် ကပ်လျက်ရှိသည်။ တူးဖော်သည့်နေရာသည် မြောက်ဘက် မြို့ရိုး အပြင်ဘက် ဦးထွန်းကျင်ပိုင် ခြံမြေအတွင်း တည်ရှိနေ သော ကုန်းမြေဖြစ်သည်။ မြောက်ဘက်မြို့ရိုးနှင့် တူးဖော်မည့် ကုန်းမြေအကြား မင်္ဂလာကန်တော်ဟု ခေါ်သော ကန်ငယ်ရှိသည်။ ကုန်မြေပေါ်တွင် အုတ် အကျိုးအပဲ့များနှင့် အုတ်စီအုတ်တန်း အရာအချို့ ပေါ်လွင် နေသဖြင့် အောက်၌ အုတ်အဆောက်အဦတစ်ခုရှိမည်ဟု တွေးရသည်။ သာဂရမြို့ဟောင်း၏ ကင်းမျှော်စင် ဖြစ်မည်လော ဟူသော ယူဆချက်ဖြင့် ထိုကုန်းကို ရွေးချယ် တူးဖော်လေ့လာခြင်း ဖြစ်သည်ဟု ဆိုသည်။ မြေတိုင်း ကရိယာဖြင့် တူးဖော်မည့် ဧရိယာသတ်မှတ်ခြင်း လေးထောင့်ကျဉ်းကွက်များ ပန္နရိုက်သတ်မှတ်ခြင်းတို့ ပြုလုပ်ပြီးနောက် တူးဖော်မှု အနုစိတ်လက်နက်များနှင့် စနစ်တကျ တူးဖော်နေသည်ကို တွေ့ရသည်။ ၂၉-၂-၂၀၀၀ ရက်နေ့တွင် တူးဖော်ရာ ကုန်းမြေ၏ အပေါ်ပိုင်း ပေါ်လာ သည်ကို တွေ့ရသည်။ သံခေါင်းလောင်း အကွဲတစ်လုံး ရသည်။ ၁-၃-၂၀၀၀ ရက်နေ့တွင် တူးဖော်သည့် ကုန်းမြေ အပေါ်ပိုင်း တစ်ခုလုံးပေါ်လာသည်။ ခေါင်းလောင်းအဆံ နှစ်ချောင်း(ထိပ်တွင် ညောင်ရွက်မပါ) ထွက်ပေါ်လာသည်။ ထိပ်ခေါင်းငယ် နှစ်ဖက်ဟနေသော ငွေလက်ကောက် တစ်ကွင်းလည်း ရရှိသည်။ တူးဖော်မှု တစ်ခုလုံးပြီးဆုံးသော အခါ လေးထောင်ပစ္စယံ သုံးဆင့်ပုံစံရှိ စေတီဟောင်း တစ်ဆူ၏ ကြွင်းကျန် အခြေပင်မ အုတ်ရိုးပန္နက် တစ်ခုပေါ် လာသည်။ တူးဖော်ရာမှ တွေ့ရသော ပစ္စည်းများမှာ ဆည်းလည်းအကျိုးတစ်ခု ငွေလက်ကောက်တစ်ကွင်း ဆည်းလည်းညောင်ရွက်တစ်ခု ဆည်းလည်းဆံ ၃ ခု ဆီမီးခွက် အကောင်း ၃ခုနှင့် အကျိုး ၈ ခု မြေထည်အုတ် ကြွပ်မိုး အကျိုးများ ၁၆ ခု စဥ့်ထည် အကျိုးအပဲ့များ ၅၃ ခု
အနားသတ် ဇောင်းဖဲ့ ဆင့်ထားသည့် အုတ်ချပ်များ ရရှိထားသည်ကိုတွေ့ရသည်။ တွေ့ရှိသည့် ပစ္စည်းများနှင့် အုတ်အရွယ်အစားအရ စေတီဟောင်းကို ၁၅-၁၆ ရာစု ခန့်တွင် တည်ထားခဲ့သည်ဟု ယူဆရသည် ဆိုပါသည်။
SG.R (2) သာဂရကုန်း အမှတ်(၂)
SG. R 2 သာဂေရ အမှတ်( ၂) ကုန်း မြောက်ဘက် မြေမြို့ရိုးသည် အမှတ်(1) ကုန်းမှ ၃၆၀ မီတာအကွာ ဦးရွှေသားပိုင် ခြံဝင်းအတွင်း ရှိသည်။ ထိုနေရာကို နန်းတော်ကုန်းဟု ခေါ်သည်။ သုတေသနအဖွဲ့သည် အကျယ် (1) မီတာ အရှည် (10) မီတာ ရှိသော စမ်းသပ် ကျင်းရှည်တစ်ခုကို တူး၍ လေ့လာခဲ့သည်။ မြေပြင်အောက် ၁ မီတာခွဲကျော် (5) ပေခန့်အနက်တွင် တောင် မြောက် တန်းနေသည့် အုတ်ရိုးတန်း (၃) တန်းကို တွေ့မြင်ရသည်။ အလယ်ဗဟိုရှိ အုတ်ရိုးတန်းသည် အကျယ် နှစ်ပေ ရှိ၍ အုတ်နှစ်လွှာသာ ရှိပေသည်။ ဘေးတစ်ဖက်တစ်ချက်စီရှိ အခြားအုတ်ရိုးတန်းများသည် အကျယ် ၄ ပေစီ ရှိကြသည်။ ကျင်းရှည်တစ်လျောက် အနောက်ဘက်ကျသည့် အုတ်ရိုး တန်းသည် စုစုပေါင်း အုတ်လွှာ ၁၅ လွှာအထိ ကျွင်းကျန် တည်ရှိနေသည်။ အရှေ့ဘက်အုတ်ရိုးတန်းမှာ ၂ လွှာသာ ကျန်သည်။ ထိုအုတ်ရိုးတန်းတို့သည် တစ်တန်းနှင့် တစ်တန်း (270) စင်တီမီတာ ကွာဝေးကြပြီး မျဉ်းပြိုင် သဖွယ်ဖြစ်သည်။ အသုံးပြုသည့် အုတ်အရွယ်အစားမှာ
၁၃"-၇"-၃" နှင့် ၁၂"-၇"-၃" အသီးသီး ရှိကြသည်။ ၁၉၉၉-၂၀၀၀ နှစ်အတွင်း ဤနန်းတော်ကုန်းကို စမ်းသပ် အဆင့်သာ တူးဖော်လေ့လာနိုင်ခဲ့သည်။ တွေ့ရှိရသည့် ပစ္စည်းများမှာ ဆေးတံကျိုး တစ်ခုနှင့် ဆင်းတုတော်၏ လက်အစိတ်အပိုင်းတစ်ခုသာ ဖြစ်၍ ထူးခြားတွေ့ရှိပစ္စည်း မရှိပါ။ တွေ့ရှိချက်များအပေါ် အခြေတည်၍ သုတေသန အဖွဲ့မှ ပျူခောတ်နှောင်းဟု ယေဘူယျ မှတ်ချက်ပြုခဲ့သည်။
0 comments:
Post a Comment
သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်