ပျူတွေ တကယ်မျိုးတုန်းသွားသလား
မည်သည့် ရာဇ၀င်ဖြစ်စေ၊ မည်သည့် သိပ္ပံ၊ ၀ိဇ္ဇာ သုတေသနစာတမ်းဖြစ်စေ၊ မည်သည့်ပညာရှင် ရေးသား ပြောဆို ချက်ဖြစ်စေ ၀ိုင်းဝန်းစစ်ဆေး လေ့လာ သုံးသပ်ကြရမည် ဖြစ်ပါသည်။ ထိုသို့ မစစ်ဆေးပါက ရာဇ၀င်အမှား များကို သိမြင်ဖယ်ရှားနိုင်မည် မဟုတ်။ သုတေသနစာတမ်းအချို့ပါ အမှားများကို သိမြင်ဖယ်ရှား နိုင်မည် မဟုတ်။ လိမ်လည် နှပ်ချသော ပညာရှင်၊ ပေါ့ဆလျှမ်း၍ မှားတတ်သောပညာရှင် အချို့၏ နှပ်ချ ကွက်များ၊ လျှမ်းကွက်များနှင့် အမှားများ လွှမ်းမိုးမှုမှ ဖောက်ထွက်နိုင်လိမ့်မည် မဟုတ်။
ပြည်ထောင်စု မြန်မာနိုင်ငံကို ချစ်မြတ်နိုးသော၊ တန်ဖိုးထား သော၊ ထိန်းသိမ်းစောင့်ရှောက်လိုသော ပြည်ထောင်စု မြန်မာနိုင်ငံသားများ အနေဖြင့် နိုင်ငံ့သမိုင်း၊ နိုင်ငံ့အရေးများ နှင့် ပက်သက်၍ သူများပြောတိုင်း မစစ်ဆေးပဲ ယုံမှား မိခြင်း မျိုး၊ ယုံမှားခြင်း၏ နောက်ဆက်တွဲ ဆိုးကျိုးများကို မကြုံတွေ့ မခံစားရစေရန် မည်သူပြောပြော မည်သူရေးရေး သတိပညာဖြင့် ကိုယ်ပိုင်ညာဏ်ကို အသုံးပြုစစ်ဆေးသင့် ပါသည်။
ကိုလိုနီခေတ်နှင့် မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးခေတ် သမိုင်းပညာရှင်(ရန်ကုန်တက္ကသိုလ် သမိုင်းပါမောက္ခ) ဂျီအိပ်ခ်ျ လုစ် (G.H.Luce) သည် ဒုတိယကမ္ဘာစစ် မဖြစ်ခင် ရေးသားဖတ်ကြားခဲ့သော စာတမ်းအချို့နှင့် လွတ်လပ်ရေး ရပြီး ခေတ်တွင် ရေးသားဖတ်ကြားခဲ့သော “ဗမာအစ ကျောက်ဆည်စာတမ်း”တွင် ပျူလူမျိုးများကို မျိုးတုန်းသွားသော လူမျိုးစုတစ်ခုအဖြစ် ရေးသားခဲ့ပါသည်။
လုစ် ရေးသားပြောဆိုခဲ့သကဲ့သို့ ပျူသည် အမှန်တကယ် ပျက်သုန်းတိမ်ကောသွားသော လူမျိုးစုလော (သို့မဟုတ်) ပျူ အမည်အပြင် အခြားအမည်ဖြင့် ရှင်သန်နေဆဲ လူမျိုးတစ်မျိုးလော ဟု ၀ိုင်းဝန်းစစ်ဆေးကြည့်ကြရန် လိုအပ်ပါ သည်။ ပျူသည် တိမ်ကောပျောက်ကွယ်သွားသော လူမျိုးတစ်မျိုးလော (သို့မဟုတ်) အခြားအမည်ဖြင့် ရှင်သန် တည်ရှိ နေသော လူမျိုးလော ဟူသော အချက်သည် အတိတ်မှ ပစ္စုပ္ပန်အထိ မြန်မာနိုင်ငံသမိုင်း၊ မြန်မာနိုင်ငံ နိုင်ငံရေးတို့နှင့် ပက်သက်၍ အလွန်အရေးကြီးသော အချက်ဖြစ်ပါသည်။
ပျူသည် အမှန်တကယ် ပျက်သုန်းတိမ်ကောခဲ့သလော ? အခြားအမည်ဖြင့် ယနေ့တိုင် ရှင်သန်ထွန်းကားနေသလော ?
ဟူသော မေးခွန်းကို ရှင်းလင်းဖြေကြားရန် မေးခွန်းအချို့ကို ထပ်မံမေးခွန်းထုတ် မေးမြန်းရပါလိမ့်မည်။
(၁) အိန္ဒိယခေတ်ပြိုင် မှတ်တမ်းများအရ ပျူသည်မည်သူနည်း။
(၂) တရုတ်ခေတ်ပြိုင် မှတ်တမ်းများအရ ပျူသည်မည်သူနည်း။
(၃) သရေခေတ္တရာခေတ်ပြိုင် မှတ်တမ်းများအရ ပျူသည် မည်သူနည်း။
(၄) ပုဂံခေတ်မှ ကုန်းဘောင်ခေတ်အထိ ခေတ်ပြိုင်အထောက်အထားများအရ ပျူသည် မည်သူနည်း။
(၅) ဂျီအိပ်လုစ် ကျမ်းကိုးပြု ဖော်ပြသုံးစွဲခဲ့သော မန်ရှုကျမ်းတွင် ပျူများ မျိုးသုန်းပျောက်ကွယ်သွားကြောင်း အမှန် တကယ် ပါရှိပါသလား။
(၆) ဂျီအိပ်ခ်ျလုစ်သည် သူသိထားသော ခေတ်ပြိုင်အထောက်အထားများကို ချန်လှပ်ခြင်းကင်းစွာ အပြည့်အစုံ ဖော်ပြ
ခဲ့ပါသလော။
အထက်ပါ မေးခွန်း ၆ ခု၏ အဖြေများကို အိန္ဒိယအထောက်အထား၊ တရုတ်အထောက်အထား၊ ပုဂံခေတ် ကျောက်စာ အထောက်အထားများ၊ ရခိုင်မှတ်တမ်းအထောက်အထားများဖြင့် ဦးဘုန်းတင့်ကျော်၏ နှစ်ပေါင်း ၂၂၀၀ ကျော်ခဲ့ပြီ ဖြစ်သော မြန်မာ့သမိုင်း” အတွဲ (၁) နှင့် အတွဲ (၂) သမိုင်း သုတေသနစာတမ်း ၂စောင် တွင် ပြုစုဖော်ပြပြီး ဖြစ်သကဲ့သို့ ယင်းစာတမ်း ၂စောင်ကို သမိုင်းသုတေသနဦးစီးဌာန၊ မြန်မာ့သမိုင်း ပြုစုရေးအဖွဲ့(မြန်မာ့သမိုင်းကော်မရှင် အဖွဲ့) စာတမ်းဖတ်ပွဲ ၂ပွဲတွင် တင်သွင်းဖတ်ကြားခဲ့ပြီးဖြစ်သည်။ ယင်းစာတမ်း ၂စောင်ကို ပုံနှိပ်ထုတ်ဝေခဲ့ပြီးလည်း ဖြစ်
ပါသည်။
အိန္ဒိယခေတ်ပြိုင်အထောက်အထား၊ တရုတ်ခေတ်ပြိုင်အထောက်အထား၊ ပုဂံခေတ်အထောက်အထားများအရ ပျူသည် ဗရမ္မာ-မြန်မာ ဟူသော အထောက်အထားများကို ယင်းစာတမ်း ၂စောင်တွင် လေ့လာစစ်ဆေးနိုင်ပါသည်။
ယခုစာတမ်းတွင် ယင်းစာတမ်း ၂စောင်တွင် မပါရှိခဲ့သေးသော အထောက်အထားအချို့ကို ထပ်မံဖော်ပြပြီး ယင်းစာတမ်း ၂စောင်ပါ အထောက်အထားများကို အနှစ်ချုပ်သာ ဖော်ပြပါမည်။
ပျူ-မြန်မာ သုတေသနစာတမ်း ၂စောင်ဖြစ်သော အဆိုပါစာတမ်း ၂စောင်တွင် မဖော်ပြရသေးသော သရေခေတ္တရာခေတ် အထောက်အထား ၂ ခုနှင့် ပုဂံခေတ်အထောက်အထား ၁ခု ထပ်မံတွေ့ရှိပါသည်။
ပထမတစ်ခုမှာ ၁၉၂၆-၂၇ ခုနှစ် သရေခေတ္တရာမြို့ဟောင်းအတွင်း ခင်ဘကုန်းစေတီ ဌာပနာတိုက် တူးဖော် လေ့လာရာတွင် ကျောက်စာဝန်ဌာနက တူးဖော်တွေ့ရှိခဲ့သော ငွေဗောဓိကြုတ် အခြေ၀ိုင်းပတ်လည် ရေးထိုး ထားသော ရှေးဟောင်းစာတန်းအတွင်း “ပုဗရမိပြည်တော်” ဟူသော စာအထောက်အထားဖြစ်သည်။ ယင်းစာ၏ အဓိပ္ပါယ်မှာ “ပျူဗရမ္မာပြည်တော်” ဟူ၍ ဖြစ်ပါသည်။ သရေခေတ္တရာမြို့ကြီးသည် “ပျူ” (ခေါ်) “ဗရမ္မာမင်းနေပြည်တော်” ဖြစ်ကြောင်း မော်ကွန်းတင် ရေးထိုးထားသော အထောက်အထားစာ ဖြစ်ပါသည်။
ဒုတိယ အထောက်အထားမှာ ၁၉၉၂ ခုနှစ် သရေခေတ္တရာမြို့ဟောင်းအတွင်း၊ ပျူခေတ် ဘုရားထောင် လှိုဏ် ဘုရားဝန်းအတွင်း တူးဖော်တွေ့ရှိပြီး “ဘုရားထောင် ပျူအရိုးအိုးစာ” ဟု လည်းကောင်း၊ “အတိတျာမင်း”(အဒိတျာမင်း) ကျောက်အရိုးအိုးစာ ဟုလည်းကောင်း ပညာရှင်တို့ အမည်ပေးခေါ်ဆိုကြသော ဘုရင့်ကျောက်အရိုးအိုး စာလုံး ၁ထောင်ကျော်အတွင်း “ဗြဟ္မဎေါဗံး” ဟု ရေးထိုးပါရှိသော ရှေးစာ အထောက်အထား ဖြစ်ပါသည်။ ယင်းစာ၏ အဓိပ္ပါယ်မှာ “ဗရမ္မာတော်မင်း၊ ဗရမ္မာတော်ဘုရား၊ ဗမာမင်းကြီး” ဟူ၍ ဖြစ်ပါသည်။
သရေခေတ္တရာမြို့ဟောင်းကြီးတွေ့ ယင်းအထောက်အထား ၂ ခုက ရှေးအိန္ဒိယသားတို့သည် သရေခေတ္တရာ နိုင်ငံနှင့် လူမျိုးကို အဘယ့်ကြောင့် “ဗရမ္မာ-ဗမာ” ဟု ခေါ်ဆိုမှတ်တမ်း တင်ခဲ့ကြကြောင်း၊ ဘီစီ ၂ ရာစုမှ အေဒီ ၁၃ ရာစုအတွင်း ရှေးတရုတ်တို့ကလည်း ယူနန် နှင့် ပင်လယ် ကြားရှိ နိုင်ငံကို အဘယ့်ကြောင့် “ဗရမ္မာ” ဟုလည်းကောင်း၊ ဗရမ္မာကို အဘယ့်ကြောင့် “ပျူ” ဟုလည်းကောင်း မှတ်တမ်းတင် ခဲ့ကြကြောင်း၊ ရခိုင်ရှေးဟောင်းမှတ်တမ်းတို့ကလည်း ပြည်မမှ“ဗရမ္မာ-မရမ္မာ-မြန်မာ” တို့ကို အဘယ့်ကြောင့် “ပျူ” ဟု ခေါ်ဆိုမှတ်တမ်း တင်ကြောင်းတို့ကို ရှင်းပြနေပါသည်။
နှစ်ပေါင်း ၂၂၀၀ ကျော်ခဲ့ပြီဖြစ်သော မြန်မာ့သမိုင်း အပိုင်း(၂)၌ ပုဂံခေတ် ရှေးဟောင်းဗမာကျောက်စာများတွင် “ဗြဟ္မာ” ဟူသော ဝေါဟာရကို “ဗြုဟ္မာ - ဗြုမ်မာ(အသံထွက် ဗရုမ်မာ) - ပြုမ်မှာ(အသံထွက် ပရုမ်မှာ) - ပြုမှာ(အသံထွက် ပရုမာ)” ဟူ၍ သရသံ ပြောင်းလဲခေါ်ဆို ရေးထိုးခဲ့ကြသော အထောက်အထားများ၊ ပုဂံမြို့ကြီးကို “ပုရာဂါမ (ပြူဂါမ)” ဟူ၍ ရေးထိုးခဲ့သော အထောက်အထား၊ ပုဂံမင်းကြီးတစ်ပါးကို “ပုတသိန်းမင်း(ပြူတသိန်းမင်း)” ဟု ရေးထိုး
ခဲ့သော အထောက်အထားများ၊ ၁၈ ရာစု ကုန်းဘောင်ခေတ် (သတ္တမမြောက် မြန်မာနိုင်ငံတော်ကြီး)ကို ပြန်လည် စုစည်း တည်ထောင်ပေးခဲ့သော မြန်မာနိုင်ငံ၏ ကျေးဇူးရှင်ကြီး တစ်ဦးဖြစ်သည့် “အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ”သည် တရုတ်မင်းထံ ပေးပို့သော သ၀ဏ်လွှာတွင် သူ့ကိုယ်သူ “ပျူမင်းကြီး” ဟု ရေးသားဖော်ပြသော အထောက်အထားများကို သုတေသနပြု ဖော်ပြထားသည်။
ဗရမ္မာ-ဗရုမ်မှာ ၏ အနက်တူ အသံကွဲအမည် “ပရုမ်မှာ”၏ အတိုကောက်အဖြစ် သရေခေတ္တရာ မင်းနေပြည် မြို့တော်ကြီးကို“ပရုမ်းမြို့ (ဗရမ္မာ-ဗမာမြို့)” ဟု ခေါ်ဆိုခဲ့ကြခြင်း ဖြစ်သည်။
“ဗရမ္မာ-ဗရုမ်မှာ-ပရုမ်မှာ” ၏ အနက်တူအသံကွဲအမည် “ပြုမှာ (ပရုမှာ)” ကို “ပုရာဂမ္မ” ဟုလည်းကောင်း၊ ထို ပုရာဂမ္မကို
“ပုဂံ” ဟုလည်းကောင်း ပုဂံခေတ်ကျောက်စာများတွင် ရေးထိုးခေါ်ဝေါ်ကြ၍ “ပြုမှာ” ၏ အတိုကောက် “ပြု” ၊ ထို “ပြု” ၏
အတိုကောက် “ပု” ဟု ရှေးခေတ်တွင် အမျိုးမျိုး ခေါ်ဆိုရေးထိုးခဲ့ကြပါသည်။
ပုဂံခေတ်တွင် လူမျိုးအမည်ကို “မြန်မာ” ဟု ရေးထိုးဖော်ပြသကဲ့သို့ “ဗရမ္မာ”၏ အနက်တူအသံကွဲ “ဗြုဟ္မာ” နှင့် “ဗြုမ်မှာ”
ဟုလည်း ရေးထိုးဖော်ပြခဲ့သည်။ “ပုဂံနိုင်ငံ”၏ အမည်ကို “မြန်မာ” ဟု ရေးထိုးဖော်ပြသကဲ့သို့ “မရမ္မ” ဟုလည်း ရေးထိုး
ဖော်ပြခဲ့သည်။ အထောက်အထားအဖြစ် ပုဂံခေတ် “နရပတိစည်သူမင်းကြီး”လက်ထက်တွင် “ရှင်အဂ္ဂဘိဝံ မာထေရ်”
ဆရာတော်ဘုရားကြီး ရေးသားစီရင်ပြီး သီဟိုအထိ ကျော်ကြားထင်ရှားသကဲ့သို့ ယနေ့ခေတ်တိုင်အောင်လည်း မြန်မာ
နိုင်ငံ ဗုဒ္ဓဘာသာဘုန်းတော်ကြီး ကျောင်းများတွင် ကျော်ကြားထင်ရှား သုံးစွဲနေဆဲဖြစ်သော “သဒ္ဒနီတိ” ပါဠိသဒ္ဒါကျမ်း
ကြီး၏ ကျမ်းဦးတွင် “မရမ္မ ရဌေ၊ အရိမဒ္ဒနပုရေ” (မြန်မာနိုင်ငံ ၊ အရိမဒ္ဒနမင်းနေပြည်) ဟု ရေးသားဖော်ပြချက် ရှိပါ သည်။
“ဗရမ္မာ” မှ အနက်တူအသံကွဲ “မရမ္မာ ၊ မြန်မာ” ဟု ထပ်ဆင့်ပြောင်းလဲ ပေါ်ပေါက်သော အမည်ဖြစ်ပါသည်။
ပုဂံခေတ် ကျန်စစ်သားမင်းကြီး၏ မွန်ဘာသာဖြင့် ရေးထိုးထားသော ကျန်စစ်သားမင်းနန်းတည်ကျောက်စာတွင် ဗရမ္မာ-ဗမာလူမျိုးကို “မီရန်မာ” ဟု ရေးထိုးခြင်း၊ အေဒီ ၁၂၇၄ ခုနှစ်တွင် ဗရမ္မာ ခေါ် ပျူနိုင်ငံ ပျူလူမျိုးကို ဆုန့်မင်းဆက် ခေတ်နှောင်းတရုတ်တို့က မီရန်မာ ၏ အတိုကောက် “မီရန်” ဟု ခေါ်ဆိုမှတ်တမ်းတင် ရေးထိုးခြင်းတို့မှာ ဗရမ္မာ-မရမ္မာ-မြန်မာ လူမျိုးကိုဖော်ပြနေခြင်း ဖြစ်ပါသည်။ ယင်း မရမ္မာသည် မြန်မာ့သမိုင်းကော်မရှင်၌ ဖတ်ကြားခဲ့သော စာတမ်း ၂စောင်တွင် မဖော်ပြရသေးသော တတိယမြောက် အထောက်အထား တစ်ခုဖြစ်ပါသည်။
ကျန်စစ်သားမင်းကြီး၏ အထက်ပါ မွန်ဘာသာကျောက်စာတွင် ရေးထိုးပါရှိသော “တိရ်စူ” မှာ မွန်ဘာသာစကားတွင်
“တိရ်ကျူ” ဟု အသံထွက်ရပါသည်။ တိရ်ကျူအက နှင့် တိရ်ကျူသီချင်း ဟူသော ရေးထိုးစာသည် တေလဂူကုလား အကနှင့် သီချင်းကို ရည်စူးဖော်ပြဟန်ရှိပါသည်။ ပုဂံခေတ် ဗမာကျောက်စာများတွင် မြန်မာသီချင်း၊ မြန်မာပန်တျာ (ကချေသည်)များကိုလည်းကောင်း၊ ကုလားသီချင်း၊ ကုလားပန်တျာ(ကချေသည်)များကို လည်းကောင်း ရေးထိုး ဖော်ပြခြင်းများ ရှိပါသည်။
အာဖဂန်နှင့် ပါရှန်မှတ်တမ်း ၂ခုပါ “တိသူလ် နှင့် တသုလ်” နိုင်ငံသည် အေဒီ ၈၈၀ နှင့် အေဒီ ၉၈၂ ခုနှစ်တို့တွင် ယူနန်နှင့် ကပ်လျက်ရှိသော ပုဂံနိုင်ငံ (ဗရမ္မာ-ပျူနိုင်ငံ)ကို ဖော်ပြခြင်းဖြစ်ပါသည်။ ပါရှန်၊ အာဖဂန်မှတ်တမ်း ၂ခုပါ တိသူလ်-တသူလ်နှင့် ကျန်စစ်သားမင်းနန်းတည်ကျောက်စာပါ တိရ်စူတို့ကို အတူတူဟု လုစ် ပြောခဲ့ခြင်းမှာ အေဒီ ၈၈၀-၉၈၂ ဟူသော နေ့စွဲများကို ချန်လှပ်ပြီး ပြောဆိုခဲ့သော အမှားကြီးတစ်ခု ဖြစ်ပါသည်။
အထက်ပါအတိုင်း ပျူသည် ဗရမ္မာ-မြန်မာလူမျိုး ဖြစ်ကြောင်း ဖော်ပြလျှက်ရှိသော အိန္ဒိယ၊ တရုတ်၊ ပုဂံကျောက်စာ
အထောက်အထားများကို စာတမ်းရှင် သုတေသနပြုပြီး ဖော်ပြသည်ကို ဆရာကြီးဒေါက်တာသန်းထွန်း အသေးစိတ်
စစ်ဆေးသုံးသပ်ပြီး စာတမ်းရှင်၏ ဒုတိယမြောက် သမိုင်းသုတေသနစာတမ်းဖတ်ပွဲ (၂၀၀၄)၌ သဘာပတိ နိဂုံးစကား တွင် သဘာပတိ ဆရာကြီး ဒေါက်တာသန်းထွန်းက “ဦးကျော်ဇင်(ဘုန်းတင့်ကျော်)၏ သုတေသနစာတမ်းအရ ပျောက်ဆုံးနေ သော ပျူလူမျိုးများကို ပြန်ရှာတွေ့ပါပြီ” ဟု ပြုံးရွှင်စွာ ပြောကြားခဲ့ပါသည်။ မြန်မာသည် ပျူလူမျိုးဖြစ် ကြောင်း ဆရာကြီးဒေါက်တာသန်းထွန်း စစ်ဆေးလက်ခံ အတည်ပြုခဲ့ပါသည်။
ယင်းအပြင် ၂၀၀၅ ခုနှစ်ထုတ် “ပျူတွေဘယ်ပျောက်သွားလဲ” ဟူသော ဆရာကြီး၏ စာအုပ်အမှာစာတွင် “မြန်မာသည်
ပျူဖြစ်ကြောင်း၊ အထောက်အထားများရှိကြောင်း” ဆရာကြီး ဒေါက်တာသန်းထွန်း ရေးသားဖော်ပြခဲ့ပါသည်။ ဆိုလို သည်မှာ ဆရာကြီး၏ ယင်းစာအုပ်ပါ ယခင်ပျူအကြောင်း သမိုင်းဆောင်းပါးများတွင် ပျူသည် မြန်မာ မဟုတ်ဟု ယခင် ရေးသားချက်များကို တွေ့တိုင်း ပျူသည် မြန်မာ ဟု ပြင်ဆင် ဖတ်ရှုရန် ဖြစ်သည်။
နိုင်ငံတကာတွင် ထင်ရှားကျော်ကြားသော အင်္ဂလိပ်လူမျိုး သမိုင်းပညာရှင် ဂျီအိပ်ခ်ျလုစ် (သမိုင်းပါမောက္ခ၊ ရန်ကုန်တက္ကသိုလ်)သည် အထက်ပါအတိုင်း မြန်မာ-ဗရမ္မာ သည် ပျူဖြစ်ကြောင်း ထင်ရှားလျက်ရှိသော ခေတ်ပြိုင် အထောက်အထားပေါင်းများစွာကို ချန်လှပ်ခဲ့ပြီး ပျူသည် မြန်မာမဟုတ်၊ ပျူသည် ပျောက်သုန်းတိမ်ကောသွားသော ရှေးလူမျိုးဟု မမှန်မကန် လုပ်ကြံရေးသားခဲ့သည်။
မြန်မာ-ဗရမ္မာသည် ပျူလူမျိုးဟု ထင်ရှားစွာထောက်ခံလျှက်ရှိသော အီန္ဒိယ၊ တရုတ်၊ ပုဂံဗမာခေတ်ပြိုင် အထောက် အထား အားလုံးနီးပါးကို ချန်လှပ်ပြီး၊ တရုတ်စစ်သူကြီး ဖန်ချော(အေဒီ ၈၆၄ ခုနှစ်) အမ်းနန်(ဟနွိုင်)မြို့တွင် ပြုစုရေး သားခဲ့သော မန်ရှုကျမ်းတစ်ကျမ်းတည်းကို မြန်မာ့သမိုင်းပြုစုရန် ကျမ်းကိုးစံပြပြုခဲ့သည်။ ယင်း မန်ရှုကျမ်း သည် သမိုင်းပြုစုရာတွင် သမိုင်းပညာက စံပြုသုံးစွဲသော ကိုယ်တွေ့မှတ်တမ်းမျိုး မဟုတ်ပဲ၊ သမိုင်းပြုစုရာတွင် သမိုင်းပညာ က ရှောင်လေ့ရှိသော တစ်ဆင့်ကြားစကား၊ နှစ်ဆင့်ကြားစကား များဖြင့် ပြုစုရေးသားထားသော မှတ်တမ်းမျိုးဖြစ် သည်။ ဗရမ္မာ (ခေါ်) ပျူလူမျိုးနှင့် နိုင်ငံ အကြောင်းကို ကိုယ်တွေ့မှတ်တမ်းတင်ထားသည့် အခြား သော တရုတ် နန်းတော်မှတ်တမ်းကြီးများပါ ခေတ်ပြိုင်အထောက် အထားများကို လုံးဝဖော်ပြခြင်း မပြုပဲ လုစ် ထိမ်ချန် ထားခဲ့သည်။
ဂျီအိပ်ခ်ျလုစ်သည် မန်ရှုမှတ်တမ်းအရ ပျူမင်းနေပြည်ကိုနန်းစောတပ်တိုက်ခိုက်လုယက် သုံ့ပန်းဖမ်း၍ အေဒီ ၈၃၂ ခုနှစ် တွင် ပျူနိုင်ငံ ပျူလူမျိုး မျိုးသုန်းပျောက် ကွယ်ခဲ့သည်ဟု မန်ရှုကျမ်းကို ဗန်းပြပြီး ဆိုခဲ့ပါသည်။
သို့သော် မန်ရှုမှတ်တမ်းကြီးတွင် အေဒီ ၈၃၂ တွင် ပျူနိုင်ငံ အမည်မသိ မြို့တစ်မြို့ကို နန်စောတို့ တိုက်ခိုက်လုယက်၍ သုံ့ပန်းလူ (၃၀၀၀)ခန့် ဖမ်းဆီးခံရကြောင်း၊ သို့သော် အေဒီ ၈၆၄ ခုနှစ် (စတုတ္ထ ပုဂံမင်းနေပြည်ခေတ်)တွင် ပျူမင်း နေပြည်ကြီး တည်ရှိနေကြောင်း၊ ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ဆုံ ၀န်းကျင်တွင် ပျူ သစ်လုံးခံတပ် ၂ တပ်ရှိနေ ကြောင်း၊ ပျူကုန်သည်များသည် ယူနန်နှင့် ကုန်သွယ်လျှက်ရှိကြောင်း မန်ရှုမှတ်တမ်းပါ စစ်သူကြီးဖန်ချော၏ ဖော်ပြ ချက်ကို ဖော်ပြခြင်း မပြုပဲ ချန်လှပ်ထားခဲ့သည်။
ယင်းအပြင် ဒုတိယကမ္ဘာစစ်မတိုင်ခင် သူ၏စာတမ်းတစ်စောင်တွင် မန်ရှုကျမ်းကို ကျမ်းကိုးပြုလျှက် အေဒီ ၈၆၃ ခုနှစ် အမ်းနန် (ဟနွိုင်း)မြို့ရှိ တရုတ်စစ်တပ်ကို နန်စောတို့ ၀န်းရံတိုက်ခိုက် သိမ်းပိုက်ရာတွင် နန်စောတို့ဘက်မှ ပျူစစ်တပ် လည်း ပါရှိကြောင်း သူ၏ ဖော်ပြချက်ကိုလည်း ဗမာအစကျောက်ဆည်စာတမ်းတွင် ဖော်ပြခြင်းမပြုတော့ပဲ ချန်လှပ် ခဲ့သည်။
လုစ်သည် စာတမ်းတစ်ခုနှင့် တစ်ခု ရှေ့နောက်မညီပဲ ရေးခဲ့သည်။ ဗမာအစကျောက်ဆည်စာတမ်းတွင် ဗမာကို ပျူမဟုတ်ဟု ဆိုရန်၊ ဗမာသမိုင်းသည် အေဒီ ၈၃၂ ပျူနိုင်ငံ ပျူလူမျိုး ပျက်သုန်းပျောက်ကွယ်ပြီးမှ စတင်သည်ဟု ပြောခွင့်သာရန်အတွက် အေဒီ ၈၆၃ အထိ ရှိနေသော အမ်နမ်စစ်ပွဲပါ ပျူစစ်တပ်၊ အေဒီ ၈၆၄ အထိ ထွန်းကားနေ သော ပျူမင်းနေပြည်၊ ပျူခံတပ်များ၊ ပျူကုန်သည်များနှင့် ပျူနိုင်ငံတို့ကို သူသုံးစွဲနေသော သူကိုယ်တိုင် ရှေးဟောင်း တရုတ်ဘာသာမှ အင်္ဂလိပ်ဘာသာသို့ ပြန်ဆို ထားသော မန်ရှုမှတ်တမ်းတွင် ဖော်ပြပါရှိပါလျှက် ထိမ်ချန်ထားခဲ့ ကြောင်း တွေ့မြင်ရပါသည်။ မန်လူမျိုးစုသည် အေဒီ ၈၆၄အထိ ယူနန်မှ ကျောက်ဆည်သို့ ရွှေ့ပြောင်းလာခြင်း မရှိပဲ ယူနန်တွင်သာ နေထိုင်လျှက်ရှိကြောင်း ဖော်ပြချက်ကိုလည်း ချန်လှပ်ထားခဲ့သည်။
အေဒီ ၈၄၉ ခုနှစ် ဗရမ္မာ-ဗမာတို့ စတုတ္ထပုဂံတည်ပြီးသည်အထိ မန်တို့ရွှေ့ပြောင်းလာခြင်း မရှိသည့်အတွက် မန်လူမျိုး သည် ဗမာမဟုတ်ပါ။
အေဒီ ၇ ရာစု ၁၀ ရာစု တရုတ် ထန်မင်းဆက်၏ ထန်မှတ်တမ်းသစ်ကြီးတွင် အေဒီ ၉ ရာစုခုနှစ်အထိ ပျူမင်းနေပြည် တော်၊ အင်အားတောင့်တင်းပြီး ကျော်ကြားထင်ရှားသော တကောင်းသင်္ဃဿ၊ ဇေယျဝတီ၊ မုတ္တမ၊ တမ်ဗမြို့များ အပါအ၀င် ပျူမြို့ကြီး (၃၂) မြို့၊ ပျူတပ်မြို့ကြီး (၉)မြို့နှင့် ပျူမြို့ (၂၉၈)မြို့တို့ တည်ရှိထွန်းကားနေကြောင်း မှတ်တမ်း တင်ထားခြင်းကိုလည်း ဒုတိယ ကမ္ဘာစစ်မတိုင်ခင် သူ၏ အခြားစာတမ်း ၂စောင် (The Ancient Pyu) နှင့် အခြား စာတမ်းတစ်စောင်တွင် ဖော်ပြဘူးသော်လည်း ဗမာအစကျောက်ဆည်စာတမ်း (၁၉၅၇ ခုနှစ်)၌ ဖော်ပြခြင်း မပြုပဲ ချန်လှပ်ခဲ့ပါသည်။
လုစ်သည် အေဒီ ၁၁ရာစု- ၁၃ရာစု တရုတ် စုန့်မင်းဆက်ခေတ်၌ ပုဂံဗမာနိုင်ငံကို ပျူနိုင်ငံဟုသာ ဖော်ပြကြောင်း၊ အေဒီ ၁၂၇၄ ခုနှစ်သို့ ရောက်သောအခါမှ ပုဂံနိုင်ငံကို မြန်မာနိုင်ငံဟု ခေါ်ဆိုဖော်ပြသော မြန်မာဟူသည့် အမည်ဝေါဟာရကို စတင်တွေ့ရှိရကြောင်း သူ၏စာတမ်း တစ်စောင်တွင် ဖော်ပြခဲ့သည်။
အေဒီ ၁၁ ရာစု- ၁၃ ရာစု တရုတ် စုန့်မင်းဆက်ခေတ် တရုတ်တို့သည် ပုဂံ မြန်မာ-ဗရမ္မာကို အေဒီ ၃ ရာစု - ၆ ရာစု တရုတ်တို့က သိရှိခဲ့သည့်အတိုင်း ပျူဖြစ်ကြောင်း သိရှိ ဖော်ပြချက်ကို လုစ် ထည့်သွင်း သုံးသပ်ပြခြင်း မရှိခဲ့။ အေဒီ ၁၃ ရာစု- ၁၄ ရာစု (မွန်ဂို-ကူဗလိုင်ခန်မင်းဆက်) ခေတ် ယွန်ရှိမှတ်တမ်းတွင် ပုဂံမြန်မာနိုင်ငံကို ပျူနိုင်ငံဟုလည်းကောင်း၊ မြန်မာနိုင်ငံဟုလည်းကောင်း သိရှိ မှတ်တမ်းတင်ထားခြင်းကိုလည်း လုစ် ဖော်ပြခြင်းမရှိပဲ ထိမ်ချန်ထားခဲ့ပါသည်။
အထက်ပါ တရုတ်မှတ်တမ်းများကို လုစ်သည် သူ၏ အခြားသောစာတမ်းများတွင် အသုံးပြု ကျမ်းကိုး ဖော်ပြထား ပါသည်။သို့သော် အေဒီ ၃ ရာစုမှ အေဒီ ၁၄ ရာစုအတွင်း တရုတ်နန်းတော် မှတ်တမ်းများသည် ပုဂံဗမာနိုင်ငံကို ပျူနိုင်ငံ-ပုဂံနိုင်ငံ-ဗရမ္မာနိုင်ငံ-မြန်မာနိုင်ငံ ဟူသော အမည် ၄ မျိုးဖြင့် သိရှိမှတ်တမ်းတင်ထားခြင်းကို ဗမာအစ ကျောက်ဆည်စာတမ်း၊ (The Ancient Pyu) စာတမ်းနှင့် ဗမာသမိုင်းအကြောင်း စာတမ်းအချို့တွင် ဖော်ပြခြင်းမရှိပဲ ထိမ်ချန်ထားခဲ့ပါသည်။
ဗမာအစကျောက်ဆည်စာတမ်းတွင် အေဒီ ၈၃၂ ပျူနိုင်ငံ ပျူလူမျိုး လုံးဝပျက်သုန်းတိမ်ကောသွားပြီးမှ ဗမာဖြစ်လာ မည့် မန် အရိုင်းလူမျိုးတို့ ကျောက်ဆည်နယ်သို့ အေဒီ ၈၃၅ ၀န်းကျင်တွင် ရွှေ့ပြောင်းအခြေချနေထိုင်ကြောင်း၊ ကျောက်ဆည် ၁၁ ခရိုင်၊ တောင်ပြုန်း ၁၁ ခရိုင်၊ မင်းဘူး ၆ ခရိုင်တို့ကို သူ့အရင်ရောက်နေသော အခြားသောလူမျိုးတို့ လက်မှ တိုက်ခိုက်သိမ်းယူသည်။ အေဒီ ၈၄၉ ခုတွင် ကျောက်ဆည်မှ ပုဂံဒေသသို့ ရွှေ့ပြောင်းကာ ပုဂံမင်းနေပြည် တည်ထောင်ခဲ့သည်။ ဟူသော လုစ်၏ ရေးသားပြောဆိုချက်တို့ဖြင့် ပျူသည် သပ်သပ်၊ ဗမာသည် သပ်သပ်၊ လူမျိုးမတူ ဟု ထင်အောင် လုပ်ဆောင်ခဲ့ပါသည်။
သို့သော် ထိုရေးသားပြောဆိုချက်တို့မှာ သူ၏ကျမ်းကိုး မန်ရှုမှတ်တမ်းနှင့်ပင် မကိုက်ညီပဲ လွဲမှားနေကြောင်း၊ အခြား သော ရှေးတရုတ်၊ အိန္ဒိယမှတ်တမ်းများ၊ ပုဂံခေတ် ဗမာကျောက်စာများနှင့်လည်း မကိုက်ညီပဲကွဲလွဲမှားယွင်းနေကြာင်း လေ့လာတွေ့မြင်ရပါသည်။
အထက်ပါခေတ်ပြိုင်အထောက်အထား အသီးသီးက ပျူလူမျိုးသည် လုစ်ပြောသကဲ့သို့ မျိုးတုန်းပျောက်ကွယ်သွားခြင်း
မရှိကြောင်း၊ သရေခေတ္တရာနိုင်ငံခေတ်၊ ပုဂံနိုင်ငံခေတ်၊ ပင်းယနိုင်ငံခေတ်၊ အင်းဝနိုင်ငံခေတ်တို့တွင် ဗရမ္မာ (ခေါ်) ပျူ (ခေါ်) မြန်မာ (ခေါ်) ၃ မည်ရ သရေခေတ္တရာမျိုးဆက် ဗရမ္မာပျူ-မြန်မာပျူတို့ ထွန်းကားနေကြောင်း၊ ယနေ့ခေတ် တိုင်အောင်လည်း “ဗရမ္မာပျူ-မြန်မာပျူ” (ခေါ်) “ဗမာ-မြန်မာ”တို့ ထွန်းကားနေကြောင်း ပေါ်ပေါက်ထင်ရှားလျှက် ရှိပါ သည်။
ဆရာကြီးဒေါက်တာသန်းထွန်းက -
“သမိုင်းသမားဟာ အထောက်အထားကို လေးစားရမယ်။ အထောက်အထားပေါ် သစ္စာရှိရမယ်။ အထောက်အထား တွေ့တဲ့ အတိုင်း ပြောရမယ်။ ကျမ်းကိုးနဲ့ အညီ ပြောရမယ်။ ပြောထားတာတွေဟာ ကျမ်းကိုးနဲ့ မညီဲပဲ လွဲနေရင် အဲ့ဒါဟာ လိမ်တယ်လို့ ပြောစရာဖြစ်တယ်” ဟု သွန်သင်ထောက်ပြခဲ့ပါသည်။
ဗရမ္မာ (ခေါ်) ပျူတို့ မျိုးမတုန်းပဲ မျိုးတုန်းသည် ဟူသော ဂျီအိပ်ခ်ျလုစ်၏ ရေးသားပြောဆိုစကားသည် သူ၏ကျမ်းကိုး မန်ရှုနှင့် မကိုက်ညီပဲ လွဲမှားနေရာ ဗရမ္မာ (ခေါ်) ပျူသမိုင်းကို လုစ် အမှန်အတိုင်း မပြောပဲ လီဆယ်ခဲ့သည်ဟု ထင်ရှားတွေ့မြင်နေရ ပါသည်။

0 comments:
Post a Comment
သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်