အနော်ရထာမင်း၊ စောလူးမင်း၊ ကျန်စစ်သားမင်းနှင့် အလောင်းစည်သူမင်း တို့၏ မူလထိုးမြန်မာဘာသာ
ကျောက်စာများ ရှိခဲ့ကြောင်း အထောက်အထားများ

.......... ............... ................. .............
(၁)
ဂျီအိပ်ခ်ျလုစ်သည် ပုဂံမြန်မာမင်းတို့ ကျောက်စာရေးထိုးသော ဘာသာစကားကိစ္စနှင့် ပက်သက်၍ သူ၏ မှားယွင်းမှုများ ပြွမ်းတီးနေသော ဗမာအစ ကျောက်ဆည် စာတမ်းတွင်လည်းကောင်း၊ အချို့သော စာတမ်းများ တွင်လည်းကောင်း ဤသို့ ဆိုခဲ့ပါသည်။
“ပုဂံမြန်မာမင်းများအနက် နရပတေ့စည်သူမင်းသည် ကျောက်စာရေးထိုးမှတ်တမ်းတင်ရာတွင် မြန်မာဘာသာ
စကားကို ပထမဦးဆုံး သုံးစွဲရေးထိုးသူဖြစ်ကြောင်း၊ ထိုမင်း များရှေ့မှ (အနော်ရထာ၊ စောလူး၊ ကျန်စစ်သား၊
အလောင်းစည်သူ) မင်းတို့သည် ကျောက်စာရေးထိုးရာ တွင် မြန်မာဘာသာစကားကို မသုံးစွဲပဲ ပါဠိဘာသာ၊
မွန်ဘာသာတို့ဖြင့်သာ ရေးထိုးခဲ့ကြောင်း၊ အထူးသဖြင့် ကျန်စစ်သားမင်းကြီးသည် သူ၏ကျောက်စာတိုင်ကြီး
များကို မွန်ဘာသာဖြင့် ရေးထိုးခဲ့ကြောင်း၊ (စတုတ္ထပုဂံမြို့ ခေတ်နှင့်သာ ဆိုင်သော) ပုဂံခေတ်ဦးပိုင်းမှာ မွန်စာပေ ခေတ်ကြီး ဖြစ်ကြောင်း” သုတေသနအမည်ခံ အံ့သြဖွယ် ကောင်းလေသော စကားမျိုး ရေးသားပြောဆို ခဲ့ပါသည်။
လုစ် ထိုသို့ပြောဆိုရန် အနော်ရထာမင်းမှ အလောင်းစည်သူမင်းအထိ ပုဂံမင်း (၄)ပါးတို့၏ မြန်မာ ဘာသာစကားဖြင့် ကျောက်စာရေးထိုးခဲ့ကြကြောင်း အထောက်အထားများ သဲလွန်စများကို သမိုင်းသုတေသန ပြုရာတွင် တစ်စုံတစ်ရာကလေးမျှ မတွေ့ရှိရပါ ဟူသည်မှာ အမှန်တကယ် လက်တွေ့ဖြစ်ရပ်လော (သို့မဟုတ်) ပုဂံခေတ် ထိုမင်းလေးပါး ကာလကို မွန်စာပေခေတ်ကြီး၊ မွန်ယဉ်ကျေးမှု ဦးဆောင်သော ခေတ်ကြီးဟူ၍ သူ ပြောချင်သောစကား မှားယွင်းကြောင်း မသိသာအောင် ချန်လှပ်မှုမကင်းစွာ ပြောဆိုခဲ့ခြင်းလော။ လုစ်စကားကို အယုံအကြည်ထားမိသော မွန်ဘာသာ မွန်ယဉ်ကျေးမှု ဆရာတစ်ဦးကလည်း ကျန်စစ်သားမင်းကြီးသည် ကျောက်စာရေးထိုးရာတွင် မြန်မာလိုတစ်ကြောင်းမျှ မရေးထိုးပဲ မွန်ဘာသာချည်းဖြင့်သာ ရေးထိုးခဲ့ကြောင်း၊ အနော်ရထာမင်းမှ အလောင်းစည်သူမင်းအထိ (နရပတိစည်သူ မတိုင်ခင်)မှာ ကမ္ဗည်းကျောက်စာ ရေးထိုး ရာ၌ မြန်မာဘာသာစကားကို မသုံးပဲ မွန်ဘာသာနှင့် ပါဠိဘာသာကိုသာ သုံးစွဲကြောင်း၊ (မင်းမဟုတ်သူ) ရာဇကုမာရမင်းသားသာလျှင် ကျောက်စာရေးထိုးရာတွင် မြန်မာဘာသာစကားကို ပထမဦးဆုံး သုံးစွဲရေးထိုးသူ ဖြစ်ကြောင်း လုစ်မှား၍ မှားမှန်းမသိပဲ ထောက်ခံရေးသား ခြင်း ပြုခဲ့ပါသည်။
ဆရာဦးမြ၊ ဆရာနိုင်ချစ်သိန်းတို့လည်း လုစ်၏ အရှိန်အ၀ါ ကို မလွန်ဆန်နိုင်ပဲ ထိုနည်းနှင်နှင်သာ ဆိုခဲ့ကြပါသည်။
အနော်ရထာမင်းမှ အလောင်းစည်သူမင်းအထိ ပုဂံမြန်မာ မင်းတို့သည် မွန်နှင့် ပါဠိဘာသာမှ လွဲ၍ မြန်မာလို တစ်
ကြောင်းမှ ရေးထိုးခြင်း အလျဉ်းမရှိ ကင်းမဲ့သည် ဟူသော စကားမှာ တကယ်တမ်း အစစ်အမှန် မှန်ကန်သော သ
မိုင်းဖြစ်ရပ်ပေလော ? ဖော်ပြစရာ ရှိသည်တို့ကို အပြည့်အစုံ မဖော်ပြပဲ ရေးသားခဲ့ခြင်း ပေလော ?
ကျန်စစ်သားမင်းကြီး၏ မြကန်သာကျောက်စာတွင် မွန်ဘာသာ စာကြောင်းတို့ကြား၌ “မဟာနိဗ္ဗာန် လက်ဆွဲချီရေ” ဟူ၍ ရေးထိုးပါရှိ နေပါလျှက် ကျန်စစ်သား ခေတ် မြန်မာစာအရေးအသား ထင်ရှားရှိနေခြင်းကို ဂျီအိပ်ခ်ျလုစ်နှင့် အချို့သောသူတို့ အဘယ့်ကြောင့် မထည့်သွင်း မဖော်ပြ မပြောဆိုပဲ ချန်လှပ်ထားခဲ့ကြပါ သနည်း။ “မဟာနိဗ္ဗာန် လက်ဆွဲချီရေ” ဟူသော အဆိုပါ ကျန်စစ်သားမင်း မြကန်သာကျောက်စာပါ မြန်မာစကားမှာ ကျစ်လစ်သိပ်သည်းလှသော အဆင့်မြင့်ဘာသာစကား အသုံးအနှုန်း (high usage) ဖြစ်ပါသည်။ ယင်း မြန်မာစကားကို မြန်မာချင်း ရှင်းပြလျှင်ပင် ၀ါကျ တစ်ကြောင်း၊ စာတစ်ကြောင်းနှင့် ပြီးရန်မလွယ်ပါ။ နိုင်ငံခြားသားတစ်ဦး၊ ဘာသာခြားတစ်ဦးကို နားလည် အောင် ရှင်းပြရမည် ဆိုလျှင် စာတစ်ကြောင်းနှင့် နှစ်ကြောင်းမက စာကြောင်းပေါင်း များစွာဖြင့် ရှင်းပြရ
မည်ဖြစ်သော အဆင့်မြင့် ကဗျာဆန် သိပ်သည်း ကျစ်လစ် လှသော မြန်မာစာ မြန်မာစကား အသုံးအနှုန်းတစ်ခု
ဖြစ်ပါသည်။ ပုဂံ ကျန်စစ်သားခေတ် မြန်မာစာသည် ထိုသို့သော အဆင်မြင့် (poetic usage) မျိုးကို သုံးနှုန်းရေးသားနိုင်သော အဆင့်အတန်းတွင် ရှိနေပါသည်။
အဆိုပါ ကျန်စစ်သားမင်းကြီး၏ “မဟာနိဗ္ဗာန် လက်ဆွဲချီရေ” ဟူသော ပုဂံခေတ်ဦး မြန်မာဘာသာစကား ကျောက်စာ ရေးထိုးချက်သာလျှင်မက အခြားသော ပုဂံခေတ်ဦး အနော်ရထာမင်းမှ အလောင်းစည်သူမင်းအထိ ပုဂံ မြန်မာမင်းတို့ မြန်မာဘာသာစကားဖြင့် ကျောက်စာ ရေးထိုးခဲ့ကြသော အထောက်အထား များစွာရှိသည် တို့ကိုပါ စုံလင်အောင် ထည့်သွင်းဖော်ပြ ဆွေးနွေး ပြောဆိုခြင်း မပြုပဲ ဂျီအိပ်ခ်ျလုစ် ချန်လှပ်ထားခဲ့ပါသည်။ ဂျီအိပ်ခ်ျလုစ်သည် အဆိုပါ ပုဂံမင်း ၄ ပါး၏ မြန်မာဘာသာ စကားဖြင့် ကျောက်စာရေးထိုးခဲ့သော အထောက်အထား များ ရှိကြောင်းကို တစ်စုံတစ်ရာ ဖော်ပြပြောဆိုခြင်း မပြုပဲ အဘယ့်ကြောင့် ချန်လှပ်ထားခဲ့ကြပါသနည်း။
အေဒီ ၃ ရာစု ပုဂံနိုင်ငံကို ဝေ့နိုင်ငံ မှတ်တမ်းကြီးတွင် သိရှိ မှတ်တမ်းတင်ထားသည်ကို မျက်ကွယ်ပြုခဲ့ပြီး ပုဂံခေတ်
ဦးဟု လုစ်တို့ အမည်ပေးခေါ်ဝေါ်ကြသော စတုတ္ထပုဂံ မြို့ခေတ် အေဒီ ၁၁ ရာစုနှင့် ၁၂ ရာစုကာလအတွင်း အနော်ရထာမင်း၊ စောလူးမင်း၊ ကျန်စစ်သားမင်း၊ အလောင်းစည်သူမင်း၊ အနော်ရထာမင်း၏ မယ်တော် ဧကရာဇာမိဖုရား၊ အလောင်းစည်သူမင်းကြီး၏ လက်သည်း ရှည်မိဖုရား၊ ယင်းမင်းကြီး၏ ရတနာပုံမိဖုရား၊ ယင်းမင်း ကြီး၏ ကွမ်းတော်သည် အိမ်ပုံသင်၊ ကောဇာ ၄၇၈ (အလောင်းစည်သူမင်းလက်ထက်) ဟန်လင်း အမတ် သမန်ဘတ္တရာ၊ စစ်သူကြီးမင်းလက်ယာ၊ သူကြွယ်ငဖုန်သင်၊ မနူဟာမင်း၊ အသ၀တ်ဓမ္မာ၊ မိတျ စသော ပုဂ္ဂိုလ်တို့၏ မြန်မာဘာသာဖြင့် ကျောက်စာ ရေးထိုးခဲ့ကြကြောင်း အဆက်အစပ် အထောက်အထားများ ထင်ရှားစွာ ကျန်ရှိနေပါသည်။
ယင်းကျောက်စာအထောက်အထားတို့ကို မန္တလေး မဟာမြတ်မုနိတံတိုင်း အတွင်းရှိ အရှေ့ဘက် ကျောက်စာရုံ နှင့် အနောက်ဘက် ကျောက်စာရုံတို့တွင် ဆင့်ထိုး ကျောက်စာတိုင်၊ စပ်ထိုးကျောက်စာတိုင်များအဖြစ် ယနေ့ တိုင် ထင်ရှားစွာ တွေ့မြင်နိုင်ပါသည်။
ဆင့်ထိုးစပ်တိုးကျောက်စာတို့မှာ မူလထိုးကျောက်စာ တိုင်များမှ စာတို့ကို ကူးယူ၍ ပြန်လည်ရေးထိုးသော ကျောက်စာများ ဖြစ်ကြပါသည်။ ဆင့်ထိုးကျောက်စာ ဆိုလျှင် သမိုင်းတန်ဖိုး လျှော့နည်း၏။ စပ်ထိုးကျောက်စာ ဆိုလျှင် သမိုင်းတန်ဖိုး ပိုမို၍ များစွာလျှော့နည်း၏ ဟူသော စကားတို့မှာ ဤနေရာတွင် သက်ဆိုင်ခြင်း မရှိပါ။ အဓိက တင်ပြလိုရင်းအချက်မှာ - ဆင့်ထိုးစပ်ထိုးကျောက်စာတို့ပါ သမိုင်းအချက်အလက်တန်ဖိုး မည်မျှရှိ မရှိကို ပြောလိုရင်း မဟုတ်ပါ။
“ဆင့်ထိုးစပ်ထိုး ကျောက်စာများ ရှိနေခြင်းမှာ ယင်းတို့ ဆိုင်ရာ ရှေးမူလထိုး ကျောက်စာများ ရှိခဲ့၍ဖြစ်ကြောင်း၊
ဆင့်ထိုးစပ်ထိုးကျောက်စာများသည် ဆိုင်ရာမူလထိုး ကျောက်စာများ ရှိခဲ့ခြင်း၏ အထောက်အထားများ” ဖြစ်ကြောင်း ဖော်ပြလိုရင်း ဖြစ်ပါသည်။
ဆင့်ထိုးစပ်ထိုးရှိသည်မှာ မူလထိုးကျောက်စာများ ရှိခဲ့၍ ဖြစ်ကြောင်း၊ မူလထိုးကျောက်စာများ မရှိပဲ ဆင့်ထိုးစပ်ထိုး
ထိုးစရာမရှိကြောင်း၊ ထို့ကြောင့် ဆင့်ထိုးစပ်ထိုး ကျောက်စာများရှိခြင်းမှာ ယင်းတို့ဆိုင်ရာ မူလထိုး ကျောက်စာများ ရှိခဲ့ကြောင်း အထောက်အထားများ ဖြစ်ကြောင်း ဆရာကြီး ဦးအောင်သော်နှင့် ဆရာမကြီး ဒေါက်တာဒေါ်ရီရီ တို့ ဖွင့်ဆို ရှင်းပြခဲ့ကြပြီး ဖြစ်ပါသည်။
......
(၂)
ရန်ကုန်တက္ကသိုလ် သမိုင်းဌာန(သုတေသန)မှ ၁၉၈၉ ခုနှစ်တွင် ပုံနှိပ်ထုတ်ဝေခဲ့သော “မန္တလေးမဟာမုနိ တံတိုင်း
အတွင်းရှိ ကျောက်စာများ၊ ပထမတွဲ၊ သက္ကရာဇ် ၃၄၆ မှ ၈၄၇ (အေဒီ ၉၈၄ မှ ၁၄၈၅)” စာအုပ်၌ ဆင့်ထိုးစပ်ထိုး ကျောက်စာပေါင်း ၄၂ ချပ်ကို ဖော်ပြထား ပါသည်။ ယင်း ၄၂ ချပ်အနက် ပုဂံခေတ်ဦးကာလနှင့် မဆိုင်သော စစ်ကိုင်း
မြို့ စည်းခုံကြီးဘုရားကျောက်စာ (၇၁၄ ခုနှစ်) နှင့် စစ်ကိုင်း မြို့ မင်းကြီး စွာစော်ကဲ တောင်နန်းမိဖုရားကျောက်စာတို့ကို နှုတ်လျှင် ကျောက်စာတိုင် (၄၀) ကျန်ပါသည်။
ယင်း ဆင့်ထိုးစပ်ထိုးကျောက်စာတိုင် ၄၀ ကူးယူရေးထိုးရန် မူလထိုးကျောက်စာတိုင်ချပ် ၄၀ ရှိရမည်ဟု မှတ်ယူ
စရာ ရှိပါသည်။ သို့သော် မလွန်မြို့ မဟာပိန္နဲ ကျောက်စာ (ဆင့်ထိုး)နှင့် ရွာလင်မဟာပိန္နဲဘုရားကျောက်စာ(စပ်ထိုး)
၂ ချပ်သည်လည်းကောင်း၊ ဗန်ကျိကျောင် တိုက်ပြောင်းပြာမြို့ ရွှေစေတီဂူဘုရားကျောက်စာ (ဆင့်ထိုးနှင့် စပ်ထိုး) ၂ ချပ်သည်လည်းကောင်း၊ ဟန်လင်းပန်နောဘုရားရှင် ကျောက်စာ နှင့် ရတနာသိင်္ခမြို့ ဟန်လင်းရှင်ပန်နော ကျောက်စာ ၂ ချပ်သည်လည်း ကောင်း၊ ရွှေယင်းမာဘုရားကျောက်စာ (၄၇၈-ခု)နှင့်(၄၉၄ ခု) ၂ချပ်သည်လည်းကောင်း မူလထိုးကျောက်စာတိုင် တစ်တိုင်စီမှ အသစ်တစ်တိုင်စီ ကူးယူရေးထိုးထားသလော (သို့မဟုတ်) မူလထိုးကျောက်စာတိုင် တစ်တိုင်ကို အသစ် ၂ တိုင်အဖြစ် ကူးယူရေးထိုးသလော ခွဲခြားရန် မထင်ရှား မသေချာသဖြင့် ထို ၂ တိုင်တွဲစီအတွက် မူလထိုးမြန်မာ ကျောက်စာတိုင် တစ်တိုင်စီဟုသာ လောလောဆယ် ယာယီအားဖြင့် ရေတွက်မှု ပြုထားပါသည်။ အထက်ပါ ဆင့်ထိုးစပ်ထိုး ၈ တိုင်အတွက် မူလထိုး ၈ တိုင်ဟု မရေ တွက်ပဲ ၄ တိုင် ဟုသာ ရေတွက်ထားပါသည်။ ထို့ကြောင့် ယင်း ဆင့်ထိုးစပ်ထိုး ၈ တိုင်အပါအ၀င် အထက်ဖော်ပြပါ ဆင့်ထိုးစပ်ထိုး ကျောက်စာတိုင် ၄၀ အတွက် မူလထိုး ကျောက်စာတိုင် ၃၆ တိုင်ဟု ယာယီအားဖြင့် ရေတွက်ရရှိ ပါသည်။
အထက်ဖော်ပြပါ ဆင့်ထိုးစပ်ထိုးကျောက်စာတိုင် ၄၀ တွင် အနော်ရထာမင်းထိုး မြန်မာကျောက်စာ (၁၃) ချပ်၊
စောလူးမင်းထိုး မြန်မာကျောက်စာ (၁) ချပ်၊ ကျန်စစ်သား မင်းထိုး မြန်မာကျောက်စာ (၉) ချပ်၊ အလောင်းစည်သူ
မင်းထိုး မြန်မာကျောက်စာ (၈)ချပ်၊ အနော်ရထာမင်း မယ်တော် ဧကရာဇာ (၁)ချပ်၊ ဟန်လင်းအမတ် သမန်ဘတ္တရာထိုး မြန်မာကျောက်စာ (၂)ချပ်၊ အလောင်း စည်သူမင်းကြီး၏ စစ်သူကြီး မင်းလက်ယာသားအဖထိုး မြန်မာကျောက်စာ (၂)ချပ်၊ အလောင်းစည်သူမင်းထံ ခွင့်ပန်သော အလှူရှင် သကြွယ်ငဖုန်သင်နှင့် အလှူရှင်များ ထိုး မြန်မာကျောက်စာ (၁)ချပ်၊ ပုဂံမြို့ မနူဟာဘုရားမိတျ ဂူကျောင်း မြန်မာကျောက်စာ (၁)ချပ် စုစုပေါင်း အထက်ပါ မင်း ၄ပါး လက်ထက် ရေးထိုးသော မြန်မာဘာသာ ကျောက်စာတိုင် ၄၀ ပါရှိပါသည်။
ဆင့်ထိုးကျောက်စာဆိုသည်မှာ မူလထိုးကျောက်စာတို့ကို ဘာမျှမဖြည့်စွတ်ပဲ မူရင်းအတိုင်း အသစ်ထပ်မံရေးထိုး
ထားသော ကျောက်စာမျိုးများဖြစ်ပြီး စပ်ထိုးကျောက်စာ ဆိုသည်မှာ အကြောင်းအရာအသစ်အချို့နှင့် မူလထိုးပါ
မူရင်းကျောက်စာ စာပိုဒ်အချို့ကို ရောစပ်ရေးထိုးထားသော ကျောက်စာမျိုးဖြစ်ပါသည်။ သို့မဟုတ် စပ်ထိုးကျောက်
စာဆိုသည်မှာ မူလထိုးတွင်မပါသော အကြောင်းအရာ အသစ်အချို့နှင့် မူလထိုးပါအကြောင်းအရာ အနှစ်ချုပ်တို့ကို
ရောစပ်ရေးထိုးထားသော ကျောက်စာမျိုးဖြစ်ကြပါသည်။ ထို့ကြောင့် ဆင့်ထိုးစပ်ထိုးကျောက်စာမျိုးများတွင် မူလ
ထိုးကျောက်စာချပ်မှ ကောက်နှုတ်ချက် (extraction) များမပြုမပြင် နဂိုမူရင်းအတိုင်း ၀ါကျလိုက်၊ စာပိုဒ်လိုက်
ပါလေ့ရှိကြပါသည်။ ထို့ကြောင့် ဆင့်ထိုးကျောက်စာနှင့် စပ်ထိုးကျောက်စာ ၂ မျိုးလုံးတို့မှာ ဆိုင်ရာဆိုင်ရာ မူလထိုး
ကျောက်စာများ ရှိခဲ့ကြောင်း သက်သေခံနေသော အထောက်အထားကောင်းများ ဖြစ်ကြပါသည်။
အထက်ပါ “မန္တလေးမဟာမုနိတံတိုင်းအတွင်းရှိ ကျောက်စာများ” စာအုပ်ပါ ပုဂံခေတ်ဆိုင်ရာ ဆင့်ထိုးနှင့် စပ်ထိုးကျောက်စာ အထောက်အထားတို့အရ ပုဂံခေတ် ဦးဟု လုစ်တို့သတ်မှတ်ခဲ့သော အနော်ရထာမင်း၊ စောလူးမင်း၊ ကျန်စစ်သားမင်း၊ အလောင်းစည်သူမင်း၊ မိဖုရား၊ စစ်သူကြီး၊ အမတ်၊ သူကြွယ်၊ ဘုရင့်မယ်တော် တို့၏ မူလထိုး မြန်မာကျောက်စာချပ် အမျိုးအမည် ၃၆-တိုင် အနည်းဆုံး ရှိခဲ့ကြောင်း အလွန်ထင်ရှားနေပါသည်။
ထို့အပြင်လည်း ပုဂံမင်းတပါး (သို့မဟုတ်) ပုဂ္ဂိုလ်တစ်ဦး ဘုရား၊ သိမ်၊ ကျောင်း တစ်ခုခုအတွက် လှူခဲ့သော အလှူ ကို နောက်ထပ် ပုဂံမင်း၊ မိဖုရား (သို့မဟုတ်) အခြားပုဂ္ဂိုလ် တို့က အဆိုပါ ဘုရား၊ သိမ်၊ ကျောင်းအတွက် ထပ်မံ လှူဒါန်းခြင်းနှင့် ထိုသို့လှူဒါန်းကြောင်း ကျောက်စာအသစ် ထပ်မံရေးထိုးခြင်းများ ပြုလုပ်လေ့ရှိပါသည်။ ဥပမာအား ဖြင့် ဆိုရလျှင် မလွန်မြို့ မဟာပိန္နဲဘုရားကို အနော်ရထာ မင်းကြီး စတင်တည်ဆောက်၍ ယင်းဘုရား
အား စစ်သားလေးရွာ၊ ထိန်ခေါင်ရွာနှင့် လယ်မြေများလှူဒါန်းကြောင်း ကျောက်စာရေးထိုးခဲ့သည်။ ထို့နောက် အလောင်းစည်သူမင်းက ထိုဘုရားအား ရွာနှင့် လယ်မြေများထပ်မံလှူဒါန်း၍ အလှူမှတ်တမ်းကျောက်စာ ထပ်မံ ရေးထိုးခဲ့သည်။ ထို့အပြင်လည်း ယင်းဘုရားကို နရပတေ့စည်သူမင်းလက်ထက်တွင် ရွှေချ၍ လှူကြောင်း
ကျောက်စာထပ်မံရေးထိုးခဲ့ပြန်သည်။
“သက္ကရာဇ် ၃၄၆ ခု၊ အနုရာဓမင်းစော၊ သထုံပြည်မှ ဆံတော်ရှင်ကို ပင့်၍ ဌာပနာတော်မူ၏။ စစ်သား ၄ ရွာနှင့်တကွ ဆပ်သွားကြီး လယ်အပယ် ၄၀။ အရှေ့ဘက် ထိန်ခေါင်ရွာနှင့် လှူတော်မူ၏။ အထက်ကို ဘ၀ဂ်၊ အောက်ကို အ၀ီစိ တိုင်အောင်၊ သတ္တ၀ါခပ်သိမ်းစုံကို ရပါစေသော။ ဤကောင်းမှုကို ဖျက်စီးသသူကား။ အပယ်လေးပါး လားစေသော။ ချီးမြှင့်သူကား ငါနှင့်အတူ ရစပါစေသော။
အလောင်းစည်သူ တောင်းဆုယူ၍။ ဌာပနာ၏။ တောင်ကားရွာ လင်းရွာယင်တိုက်။ မြောက်ကား။ စည်းတိုင်အခြား။
အတော ရေလယ်ကုန်ပါ။ အောင်ပုရွာငယ်နှင့်အကွ လှူတော်မူ၏။ ငါလှူသည် ကောင်းမှုကို ဖျက်စီးသသူကား။
အပယ်လေးပါး လားစေသော။ ချီးမြှင့်သူကား ငါနှင့်အတူ ရပါစေသော။
ဘ၀ရှင်နရပတိ။ ဘုရားရှင်တွင် ဆုတောင်း၍ အလိုတော်ပြည့်သော။ ဇင်ကရွာတွင် ဇာတိပြင်ကို ရွှေအလုံးထည့် တော်မူ၏။ သည်ရွာ ငယ်သားတို့ကိုလည်း။ ကျောက်အုပ်အင်္ဂတေ လုပ်ကြစိမ့်သောငှာ။ တိုင်းကားစသည် ငါလွတ်
သတည်း။ မထိမပါးလျင်နှင့်။ ထိပါးသည်ရှိက။ မင်းနံသူ ကြိမ်စာအတိုင်း သက်ရောက်စေသော။ မင်းတရားပြည်ဆု
နှင်းတော်မူ၏။ ဥသျှောင်ကျောင်းတော်နှင့်တကွ ရွှေထည့်၏။ တိုင်းစသည်းလွှတ်တော်မူ၏။”
(သက္ကရာဖ် ၃၄၆ ကို ၄၁၆ ဟူ၍ ဖြစ်သင့်ကြောင်း သမိုင်းဌာန (သုတေသနဌာန)က စာတည်းပါသည်။)
အထက်ပါ မဟာပိန္နဲဘုရား ဆင့်ထိုးကျောက်စာကို ကြည့် လျှင် အနော်ရထာရေးထိုးသော မြန်မာကျောက်စာအပြင်
နောက်ထပ်လှူဒါန်းသော အလှူရှင် ၂ ဦးဖြစ်သော အလောင်းစည်သူမင်းနှင့် နရပတေ့စည်သူမင်းတို့ ရေးထိုးခဲ့သော မြန်မာကျောက်စာ ၂ ခုပါ ရှိသေးကြောင်း ထင်ရှားစွာ တွေ့ရှိရ၍ ဆင့်ထိုးတွင် မဟာပိန္နဲကျောက်စာ ဟူ၍ တစ်မျိုးသာ ဖြစ်သော်လည်း ရှေးမူလထိုးတွင် အနော်ရထာမြန်မာကျောက်စာ၊ အလောင်းစည်သူ မြန်မာကျောက်စာနှင့် နရပတေ့စည်သူ မြန်မာကျောက်စာ ဟူ၍ အမျိုးအမည် ၃ မျိုးရှိနေကြောင်း၊ မဟာပိန္နဲဘုရားနှင့် ပက်သက်၍ ပုဂံမင်း ၃ ပါး၏ မူလထိုးကျောက်စာ ၃ ခုဟု ရေတွက်ရမည် ဖြစ်ကြောင်း၊ ထိုသို့ရေတွက်မှသာလျှင် ရှေးမူလထိုးကျောက်စာအမျိုး အမည် အရေအတွက် ပြည့်စုံမှန်ကန်စွာ ရရှိမည်ဖြစ်ကြောင်း ကောင်းစွာ သိသာ ထင်ရှားလျှက် ရှိပါသည်။
မန္တလေးမဟာမြတ်မုနိတံတိုင်းအတွင်းရှိ ကျောက်စာများ စာအုပ်ပါ အမှတ်စဉ် ၁၆ - ရတနာသိင်္ခမြို့ ဟန်လင်းရှင်ပန်း
နောဘုရားကျောက်စာ ဆင့်ထိုးတွင်လည်း စည်သူမင်း၏ အမတ်ဖြစ်သော ဟန်လင်းမင်း သမန်ဘတ္တရာ ကူးကြီးလေး
မျက်နှာတစ်လုံး၊ စေတီလှတစ်လုံး၊ ပြဿဒ်လေးမျက်နှာ တစ်လုံး၊ ကုလားကျောင်းကြီးတစ်လုံး ဆောက်လုပ်၍ စေတီ၊ ပြဿဒ်ကျောင်းတို့အား သမန်ဘတ္တရာ မြေလှူ သော မှတ်တမ်းကျောက်စာကိုလည်းကောင်း၊ ယင်း ဂူ၊ စေတီ၊ ပြဿဒ်ကျောင်းတို့အတွက် အလောင်းစည်သူမင်း မြေလှူဒါန်းသော မှတ်တမ်းကျောက်စာကိုလည်းကောင်း ကူးယူဖော်ပြထားသောကြောင့် ယင်း ဆင့်ထိုးတစ်ချပ် အတွက် မူလထိုးတစ်ချပ်ဟု ရေတွက်လျှင် အရေအတွက် အမှန်မပေါ်ကြောင်း၊ ယင်း ဆင့်ထိုးကျောက်စာ တစ်ချပ် အတွက် မူလထိုးကျောက်စာ အမျိုးအမည်မတူ ၂ ခုဟု ရေတွက်မှသာလျှင် ဆိုင်ရာ မူလထိုးကျောက်စာ အမျိုး အမည်၏ အရေအတွက်အမှန် ရရှိမည်ဖြစ်ကြောင်း တွေ့ မြင်ရပါသည်။
ထို့ကြောင့် မန္တလေးမဟာမုနိတံတိုင်းအတွင်းရှိ ကျောက်စာ များစာအုပ်ပါ အနော်ရထာမင်းမှ အလောင်းစည်သူမင်း
လက်ထက်အတွင်း ဆိုင်ရာ ဆင့်ထိုးစပ်ထိုးကျောက်စာ အမျိုးအမည် ၃၆ ချပ်ရေးထိုးရန်အတွက် ဆိုင်ရာမူလထိုး
မြန်မာကျောက်စာအရေအတွက် အမှန်ပေါ်ပေါက်ရရှိရန် အမှတ်စဉ် ၁ မလွန်မြို့ မဟာပိန္နဲဘုရားကျောက်စာအတွက်
အနော်ရထာကျောက်စာအပြင် ပါရှိသော ထပ်မံလှူသူ အလောင်းစည်သူ အလှူကျောက်စာ ၁ ချပ်၊ အမှတ်စဉ် ၅
ပုဂံမြို့တောင်မြင်းကပါကျောင်း ကျောက်စာအတွက် အနော်ရထာကျောက်စာအပြင် ထပ်မံလှူသူ ကျန်စစ်သားမင်း အလှူကျောက်စာ ၁ ချပ်၊ အမှတ်စဉ် ၁၆ ရတနာသိင်္ခမြို့ ဟန်လင်းသမန်ဘတ္တရာအပြင် ထပ်မံလှူသူ အလောင်း စည်သူမင်း၏ အလှူမှတ်တမ်းကျောက်စာ ၁ ချပ်၊ အမှတ်စဉ် ၁၇ တောင်ဘက် စဥ့်ကိုင်မင်းကျောင်း ဘုရားကျောက်စာအတွက် ကျန်စစ်သားမင်း ကျောက်စာ အပြင် ထပ်မံလှူသူ စစ်ဘုရင်သိင်္ဂဗိုလ်၏ အလှူ မှတ်တမ်းကျောက်စာ ၁ ချပ်၊ အမှတ်စဉ် ၂၀ ထီးလင်း ရွှေကွန်အုတ်ဘုရား ကျောက်စာအတွက် အလောင်းစည် သူမင်း ကျောက်စာအပြင် ထပ်မံလှူသူ စော်ဘွားခန်းပ ၏ အလှူမှတ်တမ်း ကျောက်စာ ၁ ချပ်၊ အမှတ်စဉ် ၂၅ ရွှေစာရံဘုရားကျောက်စာအတွက် အနော်ရထာ ကျောက်စာ အပြင် ထပ်မံလှူသူ အလောင်းစည်သူ၏ အလှူမှတ်တမ်းကျောက်စာ ၁ ချပ်၊ အမှတ်စဉ် ၃၁ ရွှေယင်း
မာဘုရားကျောက်စာအတွက် အလောင်းစည်သူမင်း၏ စစ်သူကြီးမင်းလက်ယာကျောက်စာအပြင် ထပ်မံ ပြုပြင်လှူဒါန်းသော သားစစ်သူကြီး၏ အလှူမှတ်တမ်း ကျောက်စာ ၁ ချပ်၊ အမှတ်စဉ် ၂၈ ပုဂံ ရန်အောင်မြင်ဘုရား ဂ၀ံဘုရားကျောက်စာအတွက် ရန်အောင်မြင်ဘုရား အလှူရှင် လက်သည်းရှည်မိဖုရားကျောက်စာအပြင် ဂ၀ံဘုရားအလှူရှင် အနော်ရထာမင်း၏ အလှူမှတ်တမ်းျေကာက်စာ (၁)ချပ်၊ အမှတ်စဉ် ၃၃ ပုဂံတိုင်းချွတ် ဘုရားကျောက်စာအတွက် အလောင်းစည်သူမင်းကြီး ကျောက်စာအပြင် ထပ်မံလှူသူ မိဖုရားရတနာပုံ အလှူမှတ်တမ်းကျောက်စာ (၁)ချပ်၊ ယင်းမင်းကြီး၏ ကွမ်းတော်သည်အိမ်ပုံသင် အလှူမှတ်တမ်းကျောက်စာ (၁)ချပ်၊ စောမင်းလှကျွန်ကြီး သမန္တာသူ အလှူကျောက်စာ (၁)ချပ်၊ အမှတ်စဉ် ၃၄ ပုဂံမြို့ မနူဟာဘုရား မိတျဂူကျောင်းကျောက်စာအတွက် မနူဟာကျောက်
စာအပြင် မြေးတော် အသ၀တ်ဓမ္မာနှင့် မိတျဂူကျောင်း ကျောက်စာ (၁)ချပ်၊ အမှတ်စဉ် ၃၉ ရွှေပြည့်ရန်အောင် ကန်တော်မင်းကျောင်း စူဠာမဏိဘုရားကျောက်စာအတွက် ကျန်စစ်သားမင်းကျောက်စာအပြင် ငဖြစ်သင်ကြီးနှင့် ၆ ဦး
အလှူမှတ်တမ်းကျောက်စာ (၁)ချပ်၊ အမှတ်စဉ် ၄၁ ရွှေစက်တော်ရာ ၂ ဆူအတွက် ကျန်စစ်သာေးကျာက်စာ အပြင် ထပ်မံလှူသူ အလောင်းစည်သူမင်း၏ ကျောက်စာ (၁)ချပ်၊ စုစုပေါင်းထပ်မံလှူသူ အလှူရှင် ၁၅ ဦး၏ ကျောက်စာ(၁၅)ချပ်ကို မူလထိုးမြန်မာကျောက်စာ အရေအတွက် မှန်အောင် ထည့်သွင်းရေတွက် ရဦးမည် ဖြစ်ကြောင်း တွေ့ရပါသည်။ အလောင်းစည်သူမင်း နောက်ကျပိုင်း ထပ်မံဖြည့်စွက်လှူဒါန်းသူတို့၏ ကျောက်စာ များကို မထည့်သွင်း ထားပါ။
......................
(၃)
ရှေ့တွင်တင်ပြခဲ့ပြီးသော “မန္တလေးမဟာမြတ်မုနိတံတိုင်းအတွင်းရှိ ကျောက်စာများ” စာအုပ်ပါ အနော်ရထာမင်းလက်ထက်မှ အလောင်းစည်သူ မင်း လက်ထက်အထိ ဆင့်ထိုးစပ်ထိုးကျောက်စာ ၃၆ မျိုး၏ အရင်းခံဖြစ်သော မူလထိုးမြန်မာကျောက်စာ အမျိုးအမည် ၃၆ + ၁၅ = ၅၁ မျိုးရှိခဲ့ကြောင်း တွေ့ရှိရပါသည်။ ယင်း မူလထိုး မြန်မာကျောက်စာတို့သည် ဗဒုံမင်း ဆင့်ထိုးစပ်ထိုး ကျောက်စာများ ပြန်ထိုးချိန် အေဒီ ၁၇၈၅ ခုနှစ်အထိ ရှိနေကြောင်း ထင်ရှား ပေါ်ပေါက်နေပါသည်။
ကုန်းဘောင်ခေတ် ဗဒုံမင်း (ခေါ်) ဘိုးတော်ဦးဝိုင်း လက်ထက်တွင် ဘုရား၊ စေတီ၊ သိမ်၊ ကျောင်း များနှင့်ဆိုင်သော သာသနာ့မြေတို့ကို ရှေးကလှူဒါန်းခဲ့ ကြောင်း မှတ်တမ်းကျောက်စာ အထောက်အထားများ ရှိ မရှိကို ပြန်လည်စီစစ်လေ့လာစေခဲ့ပါသည်။ ရှေးခေတ် မင်း၊ မိဖုရားများ အပါအ၀င် ရှေးခေတ်အလှူရှင်ပုဂ္ဂိုလ်တို့ လှူဒါန်းခဲ့ကြောင်း မှတ်တမ်းတင် ရေးထိုးထားသည့် ကျောက်စာအထောက်အထားရှိသော သာသနာ့နယ်မြေ များကို ဗဒုံမင်းသည်လည်းသာသနာ့နယ်မြေများအဖြစ် အသိအမှတ်ပြု ဆက်လက်လှူဒါန်းခဲ့ပြီး ဟောင်းနွမ်းပျက်စီး ယိုယွင်းနေသော ရှေးဟောင်းမှတ်တမ်း မူလထိုး ကျောက်စာတိုင်တို့အတွက် ဆင့်ထိုး၊ စပ်ထိုး ကျောက်စာ တိုင်များ အသစ်ပြန်လည်ရေးထိုး မှတ်တမ်းတင် စေခဲ့ပါသည်။ ထို့ကြောင့် ဆင့်ထိုးစပ်ထိုး ကျောက်စာတိုင် များ ပြန်လည်ရေးထိုးခံရသော မူလထိုးမြန်မာ ဘာသာ ကျောက်စာများမှာ ဗဒုံမင်းလက်ထက် သက္ကရာဇ် ၁၁၄၇ ခုနှစ် (အေဒီ ၁၇၈၅) ခုနှစ်အထိ ထင်ရှားရှိနေဆဲ
ဖြစ်ကြောင်း ပေါ်ပေါက်လျှက် ရှိပါသည်။
ယင်းကဲ့သို့ ဗဒုံမင်း ကျောက်စာတိုင်အသစ်များ ပြန်လည် ရေးထိုးချိန် အေဒီ ၁၇၈၅ ခုနှစ်အထိ အနော်ရထာမင်း၊ စော
လူးမင်း၊ ကျန်စစ်သားမင်း၊ အလောင်းစည်သူမင်း မင်း ၄ ပါးစလုံး၏ မူလထိုးမြန်မာကျောက်စာများနှင့် ယင်းမင်း ၎
ပါးနှင့် ခေတ်ပြိုင် အလှူရှင်ပုဂ္ဂိုလ်များ၏ မူလထိုးမြန်မာ ကျောက်စာများ အထင်အရှားရှိနေဆဲ ဖြစ်ကြောင်း ထင်ရှား
ပေါ်ပေါက်လျှက်ရှိပါသည်။
ဗဒုံမင်းလက်ထက် အေဒီ ၁၇၈၅ ခုနှစ်အထိ အနော်ရထာ မင်း ရေးထိုးသော မူလထိုးမြန်မာကျောက်စာ (၁၄) တိုင်၊
စောလူးမင်း ရေးထိုးသော မူလထိုးမြန်မာကျောက်စာတိုင် (၁) တိုင်၊ ကျန်စစ်သားမင်း ရေးထိုးသော မူလထိုးမြန်မာ
ကျောက်စာတိုင် (၉) တိုင်၊ အလောင်းစည်သူမင်း ရေးထိုးသော မူလထိုးမြန်မာကျောက်စာတိုင် (၈) တိုင် နှင့် အနော်ရထာမင်း၏ မယ်တော် ဧကရာဇာ ရေးထိုးသော မူလထိုးမြန်မာကျောက်စာတိုင် (၁) တိုင်တို့ မပျောက်ဆုံး သေးဘဲ ထင်ရှားရှိနေကြောင်း။ ယင်းမင်း ၄ ပါးခေတ်ပြိုင် အမတ်၊ စစ်သူကြီးသားအဖနှင့် အခြားအလှူရှင်ပုဂ္ဂိုလ်တို့၏ မူလထိုးမြန်မာကျောက်စာတိုင်များလည်း ထိုအချိန် (အေဒီ ၁၇၈၅) ခုနှစ်အထိ မပျောက်ဆုံးသေးပဲ ရှိနေကြောင်း (ယင်းကျောက်စာတိုင်များကို ဗဒုံမင်းအမိန့်အာဏာဖြင့် အမရပူရနေပြည်တော်သို့ သက်ဆိုင်ရာဒေသ မြို့စား၊ ရွာသူကြီးတို့ တူးနှုတ်ပို့ဆောင်ပေးစေပြီး အမရပူရနေပြည်တော်မှ တာဝန်ကျအမတ်တို့ ရေးကူးယူရခြင်းကြောင့်) အလွန်ထင်ရှား
ပေါ်ပေါက်နေပါသည်။
ယဉ်ကျေးမှုဝန်ကြီးဌာန (ရှေးဟောင်းသုတေသန ဦးစီးဌာန)မှ ပုံနှိပ်ထုတ်ဝေသော ရှေးဟောင်းမြန်မာကျောက်စာများ
ပထမတွဲ စာအုပ်ကြီးတွင်ပုဂံ အနော်ရထာခေတ်မှ အလောင်းစည်သူခေတ်အထိ ကာလ ဆင့်ထိုးကျောက်စာ ၁၄ မျိုး
ပါရှိပါသည်။ ယင်း ကျောက်စာ စာအုပ်ပါ ဆင့်ထိုးကျောက်စာ ၁၄ မျိုးအတွက် အရင်းခံ မူလထိုးကျောက်စာ ၁၄ မျိုးနှင့်
မန္တလေးမဟာမုနိတံတိုင်းအတွင်း ကျောက်စာများစာအုပ်ပါ ဆင့်ထိုးစပ်ထိုးကျောက်စာတို့ ဆိုင်ရာ မူလထိုး ၅၁ မျိုးတို့
ပေါင်းလိုက်လျှင် ပုဂံခေတ်ဦး အနော်ရထာမင်းမှ အလောင်းစည်သူမင်းအထိ (နရပတေ့စည်သူမင်းမတိုင်ခင်) ကာလ
တွင် အနော်ရထာ၊ စောလူး၊ ကျန်စစ်သားမင်း၊ အလောင်းစည်သူမင်း၊ ဘုရင့်မယ်တော်၊ ဘုရင့်မိဖုရား၊ ကွမ်းတော်သည်၊
အမတ်၊ စစ်သူကြီး၊ သူကြွယ် တို့ မြန်မာဘာသာစကားဖြင့် မှတ်တမ်းတင်ရေးထိုးခဲ့သော ပုဂံခေတ်ဦး မြန်မာမူလထိုး
ကျောက်စာအမျိုးအမည် (၆၅) ခု ရှိခဲ့ကြောင်း အထောက်အထားအဖြစ် တွေ့မြင်ရပါသည်။
ထို့အပြင် အထက်ပါ ရှေးဟောင်းမြန်မာကျောက်စာများ ပထမတွဲ၌ ကောဇာသက္ကရာဇ် ၄၇၄ မှ ၅၂၉ (အလောင်း
စည်သူ နတ်ရွာစံနှစ်)အထိ ကြားကာလတွင် ရေးထိုးခဲ့ကြသော မြန်မာဘာသာ မူလထိုးကျောက်စာ ၁၂ ခု ဖော်ပြ
ပါရှိရာ အထက်ပါ မြန်မာဘာသာထိုးကျောက်စာ ၆၅ ခုနှင့် ပေါင်းလျှင် အနော်ရထာမင်းလက်ထက်မှ အလောင်း
စည်သူမင်းလက်ထက် ကာလအတွင်း ပုဂံခေတ်ဦး မြန်မာဘာသာ မြန်မာစကားဖြင့် ရေးထိုးသော မူလထိုးမြန်မာ
ကျောက်စာ အမျိုးအမည် (၇၇) ခု ရှိကြောင်း ထင်ရှားတွေ့မြင်ရပါသည်။ အနော်ရထာ သစ္စာပြုကျောက်စာ (၁)ခု နှင့်
မြစည်းခုံဘုရား စောရဟန်းကျောက်စာ (၁) ခုတို့ ထပ်မံထည့်သွင်း ရေတွက်လျှင် ပုဂံခေတ်ဦးကာလဟု ဆိုသော
ကာလ မြန်မာမူလထိုး ကျောက်စာအမျိုးအမည် (၇၉ -ခု) အထိ ရှိပါသည်။
အဆိုပါ ပုဂံခေတ်ဦးကာလ အနော်ရထာမင်းမှ အလောင်းစည်သူမင်းလက်ထက်အထိကာလအတွင်း တွေ့ရှိရသော
မွန်ဘာသာကျောက်စာချပ် အမျိုးအမည် စုစုပေါင်းမှာ (သက္ကရာဇ်မပါပဲနှင့် အေဒီ ၁၁ ရာစု အနော်ရထာခေတ်ကျောက်
စာများဟု ယူဆပြောဆိုနေကြသော တြာပ်နှင့် ပဏ္ဍိတ် ကျောက်စာများအပါအ၀င်) အမျိုးအမည် (၂၁) မျိုးသာ ရှိကြောင်း
“ဦးချစ်သိန်း” တည်းဖြတ်သည့် “ရှေးဟောင်း မွန်ကျောက်စာပေါင်းချုပ်” စာအုပ်တွင် တွေ့မြင်ရပါသည်။
ယင်းခေတ်ပြိုင်ကာလ မြန်မာဘာသာကျောက်စာ အမျိုးအမည် (၇၉ -ခု) ရှိရာ မွန်ဘာသာကျောက်စာ အမျိုးအမည်
(၂၁-ခု) ထက် မြန်မာဘာသာကျောက်စာချပ်ရေ အမျိုးအမည်အရေအတွက်မှာ ၄ ဆနီးပါး ပိုမိုများပြားစွာ ရေးထိုးသုံး
စွဲကြောင်း ထင်ရှားစွာ တွေ့မြင်ရပါသည်။
ထို့ကြောင့် အဆိုပါ အနော်ရထာမင်းမှ အလောင်းစည်သူမင်းအထိ မင်း ၄ ပါးလက်ထက် ပုဂံခေတ်ဦး မြန်မာကာလကို
မြန်မာစာပေ မထွန်းကားပဲ မွန်စာပေခေတ်ကြီး ဟူ၍ ဆိုခဲ့သော ဂျီအိပ်ခ်ျလုစ် ၏ ပြောဆိုချက်မှာ လွန်စွာမှားယွင်းနေ
ကြောင်း။
ပုဂံခေတ်ဦးကာလတွင် အဆိုပါ အနော်ရထာမင်း၊ စောလူးမင်း၊ ကျန်စစ်သားမင်း၊ အလောင်းစည်သူမင်း တို့သည်
ကျောက်စာ (အုတ်ခွက်စာ) ကမ္ပည်းရေးထိုးရာ၌ မြန်မာဘာသာကို အသုံးပြုခြင်းမရှိ၊ မြန်မာဘာသာဖြင့် ကျောက်
စာရေးထိုးခြင်း မရှိ၊ ထိုအခါက မြန်မာအက္ခရာ မြန်မာဘာသာဖြင့်ရေးထိုးသော ကျောက်စာပေစာမရှိ ဟူ၍
“ဂျီအိပ်ခ်ျလုစ် ၊ ဦးမြ ၊ ဦးနိုင်ပန်းလှ ၊ ဦးနိုင်ချစ်သိန်း” နှင့် အချို့ပုဂ္ဂိုလ်တို့ ပြောသောစကားတို့မှာ ထိုကာလ မြန်မာ
ဘာသာမူလထိုး ကျောက်စာများရှိကြောင်း အထောက်အထား ကျန်စစ်သားမင်း၏ မြကန်သာကျောက်စာပါ
“မဟာနိဗ္ဗာန်လက်ဆွဲချီရေ” ဟူသော မြန်မာစာအထောက်အထားတို့ကို ပြည့်စုံစွာ ထည့်သွင်းဖော်ပြခြင်း မပြုလုပ်
သော လုပ်ရပ်မှ လာသည့် အမှားအယွင်းမှ ဖြစ်ကြောင်း။
ယင်းမင်းလေးပါးလက်ထက်တွင် မြန်မာဘာသာအရေးအသားမရှိ၊ မဖွံ့ဖြိုး၊ မသုံးစွဲ ဟူသောစကား၊ ယင်းမင်းလေးပါး
လက်ထက်တွင် မွန်စာပေအရေးအသားသည် မြန်မာစာပေအရေးအသားထက် အဆပေါင်းများစွာ ပိုမိုဖွံ့ဖြိုးနေသည်
ဟူသောစကား၊ ယင်းကာလ မင်းလေးပါးလက်ထက်တွင် ပုဂံမင်းများနှင့် ပုဂံနန်းတော်၏ နန်းတော်သုံး၊ ရုံးသုံး ဘာသာ
စကားမှာ မြန်မာဘာသာမဟုတ် မွန်ဘာသာဖြစ်သည် ဟူသော စကား၊ ထိုမင်းလေးပါးလက်ထက်မှာ မွန်စာပေခေတ်
ဟူသော စကားတို့မှာ လွန်စွာမှားယွင်းနေသော ကောက်ချက်ချစကားများဖြစ်ကြောင်း ထင်ရှားစွာ တွေ့မြင်နေရပါသည်။
ပုဂံခေတ်ဦးမြန်မာဘာသာဖြင့် ရေးထိုးထားသော မူလထိုးကျောက်စာများ ရှိခဲ့ကြောင်း ဆင့်ထိုးစပ်ထိုး ကျောက်စာ
များအရ -
*အနော်ရထာမင်း၊ စောလူးမင်း၊ ကျန်စစ်သားမင်း၊ အလောင်းစည်သူမင်း၊ ဘုရင့်မယ်တော်၊ မိဖုရား၊ ကွမ်းတော်သည်၊
အမတ်၊ စစ်သူကြီး၊ သူကြွယ်တို့သည် မှတ်တမ်းကမ္ပည်းကျောက်စာများ ရေးထိုးရာတွင် မွန်ဘာသာထက် မြန်မာဘာ
သာ စာပေအရေးအသားကို များစွာပိုမို ဦးစားပေး အသုံးပြုခဲ့ကြောင်း၊
*ယင်းမင်းလေးပါးလက်ထက် ပုဂံခေတ်ဦးကာလတွင် မွန်ဘာသာကျောက်စာ အရေအတွက် (၂၁) မျိုးသာ ရှိပြီး
မြန်မာဘာသာကျောက်စာ အမျိုးအမည် (၇၉) မျိုး ရှိ၍ မွန်စာပေအရေးအသားထက် မြန်မာစာပေအရေးအသားကို
အဆပေါင်းများစွာ ပိုမိုတွင်ကျယ် သုံးစွဲလျှက်ရှိကြောင်း၊
*ယင်း ပုဂံခေတ်ဦး မင်းလေးပါးလက်ထက် နန်းတော်သုံး ရုံးသုံး ဘာသာစကားတို့မှာ မွန်ဘာသာနှင့် ပါဠိဘာသာ တင်မက မြန်မာဘာသာစကားကိုပါ မြောက်မြားစွာ သုံးစွဲလျှက်ရှိကြောင်း၊
*ထို မြန်မာကျောက်စာတို့ကို ဒေသများစွာတွင် တွေ့မြင်နေရသောကြောင့် ပုဂံမြို့ ပုဂံနန်းတော်အ၀န်း အ၀ိုင်းတင်မကအမြို့မြို့ အရွာရွာသို့ မြန်ာစာပေအရေး အသားပညာ ပျံ့နှံ့ထွန်းကား သုံးစွဲခေတ်စားလျှက် ရှိကြောင်း၊
*မွန်မင်း ဟု ဆိုသော သထုံမနူဟာနှင့် မြေး အသ၀တ် ဓမ္မာတို့သည်ပင် သူတို့၏ အလှူကမ္ပည်း ကျောက်စာများ ရေးထိုးရာ၌ မွန်ဘာသာကို မသုံးစွဲပဲ မြန်မာဘာသာကို ဦးစားပေးသုံးစွဲရေးထိုးမှု ပြုခဲ့ကြောင်း ထင်ရှားစွာ တွေ့မြင် ရလျှက် ရှိပါသည်။
(အစဉ်လေးစားလျှက်) *ဘုန်းတင့်ကျော်*

0 comments:
Post a Comment
သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်