သုတေသနစည်းမစောင့် ပျူကို ဖျောက်သော ဦးစံဝင်း(သမိုင်းသုတေသန)


ဦးစံဝင်းဟာ သူရဲ့ သုဝဏ္ဏဘူမိသုတေသန စာအုပ်မှာ သုတေသနသမားတို့ မလုပ်သင့် မလုပ်အပ်တဲ့ အမှားကို ကျူးလွန်ထားပါတယ်။
ဘာလဲဆိုတော့ မူရင်းကျမ်းကိုးမှာပါတဲ့ အထောက်အထားအချက်အလက်တွေကို ထိန်ချန် ဖျောက်ကွယ်ထားတာပါ။
မူလကျမ်းကိုး အထောက်အထားမှာ မပါတာကို ပြောတာ၊ မူလကျမ်းကိုး အထောက်အထားမှာ ပါလျက်သားနဲ့ ဖြုတ်ခဲ့ချန်ခဲ့တာဟာ သုတေသနမှာ အလွန်အပြစ်ကြီးကြောင်း ဒေါက်တာသန်းထွန်းမှစလို့ ရှေ့ဆရာ အစဉ်ဆက် ပြောဆိုဆုံးမခဲ့တာ ရှိပါတယ်။

အခုဦးစံဝင်းဟာ သူ့ရဲ့စာအုပ်မှာ စာမျက်နှာ ၄၊ စာမျက်နှာ ၁၆မှ ၂၀ အထိ ဦးပညာရဲ့သထုံရာဇဝင်ပေါင်းချုပ်ကို ကျမ်းကိုးရာမှာ မူလကျမ်းမှာပါတဲ့ အရေးကြီးတဲ့ အချက်အလက် အချို့ကို ဖြုတ်ခဲ့ချန်ခဲ့ပါတယ်။
ဦးစံဝင်းရဲ့စာအုပ် စာမျက်နှာ ၁၉ မှာ သုဓမ္မဝတီခေါ် စတုတ္ထသထုံမြို့တည်တဲ့ အကြောင်းနှင့် မြို့တည် မင်းကြီးအကြောင်းကို ဦးပညာရဲ့ သထုံရာဇဝင် စာမျက်နှာ ၄၂မှ ၅၃ အထိ ကျမ်းကိုးတယ်လို့ ဖေါ်ပြထားပါတယ်။
ဦးပညာရဲ့ မူလ သထုံရာဇဝင်ပေါင်းချုပ် စာမျက်နှာ ၅၃ မှာ ဗုဒ္ဓနှင့်ခေတ်ပြိုင် သုဓမ္မဝတီခေါ် သထုံမြို့တည်မင်းရဲ့ ငယ်အမည်ကို ဒွတ္တဘာ၊ ထိုမှရွေ့လျောလျက် ဒွိတပေါင် လို့ ခေါ်ကြောင်း အသေအခြာ ရေးသားထားသော်လည်း ဦးစံဝင်းက ဒွိတပေါင်ကို ဖြုတ်ထားချန်ထားခဲ့ပါတယ်။
ဒွိတပေါင် (ဒွတ္တဘောင် (ဝါ) တ္ဒဗံး) ဆိုတာ ပျူအမည်မှန်း၊ ပျူမင်းကြီးမှန်း သမိုင်းနယ်က လူတိုင်း သိကြပါတယ်။
ဦးစံဝင်းကို ဒွိတပေါင်ကို ဖြုတ်ခဲ့ချန်ခဲ့တဲ့အတွက် မူလ သထုံရာဇဝင်ကို မဖတ်ဖူးသူတွေဟာ သထုံမြို့တည်မင်းကြီးဟာ ပျူမင်းကြီးဖြစ်မှန်း မသိကြရတော့ဘူး။
ဦးပညာရဲ့ သထုံရာဇဝင်ဟာ ရှားပါးစာအုပ်ဖြစ်တာကြောင့် လူတိုင်းဖတ်မိနိုင်ဖို့ မလွယ်ပါဘူး။
ဦးစံဝင်းသည် ဒွိတပေါင်ကို ဖြုတ်ထား ချန်ထားခြင်းအားဖြင့် ဗုဒ္ဓနှင့်ခေတ်ပြိုင် သထုံမြို့ကို တည်တဲ့ မင်းကြီးဟာ ပျူမင်းကြီးဖြစ်ကြောင်း၊ သုဝဏ္ဏဘူမိပြည်နှင့် သုဓမ္မဝတီမြို့ (သထုံ)ဟာ ပျူတိုင်းပြည်၊ ပျူမြို့ ဖြစ်ကြောင်းကို ဦးစံဝင်းဖျောက်တာပါ။
Research ethic လို့ခေါ်တဲ့ သုတေသနကျင့်ဝတ်ကို ဦးစံဝင်း ချိုးဖောက်တာပဲဖြစ်ပါတယ်။
မူလကျမ်းမှာတဲ့ အရေးကြီးတဲ့ အချက်အလက်ကို ဖြုတ်ခဲ့ချန်ခဲ့တာ သမိုင်းအမှန်မရောက်အောင် ဝေဝါးသွားအောင် ပြုလုပ်တာပါ။
ဦးစံဝင်းဟာ မွန်အမျိုးသား ဆရာတစ်ယောက်ဖြစ်ပြီး လူမျိုးစွဲနဲ့ ပျူမှန်း သိသာထင်ရှားစေတဲ့ ဒွိတပေါင်ကို ဖြုတ်တာ ချန်တာ ပျူကို ဖျောက်တာပါ။
ဦးစံဝင်းဆိုတာ သမိုင်းသုတေသနဦးစီးဌာနက လက်ထောက်ညွှန်ကြားရေးမှူးနဲ့ ပင်စင်ယူထားပြီး မြန်မာသမိုင်း ပြုစုရေးအဖွဲ့မှာ အချိန်ပိုင်း အဖွဲ့ဝင် အဖြစ် ပါဝင်နေသူလည်း ဖြစ်ပါတယ်။
မြန်မာသမိုင်း ပြုစုရေးအဖွဲ့မှာ ဒီလို မူလအထောက်အထား၊ မူလကျမ်းမှ အရေးကြီးအချက်အလက်ကို ဖျောက်ခဲ့ ချန်ခဲ့သူရှိနေတာ မြန်မာ့သမိုင်းအမှန် ပြုစုရေးအတွက် ဘယ်လို ယုံကြည်ရမှာလဲ။
သမိုင်းဆိုတာ လူမျိုးစွဲကင်းကင်းနဲ့ ရရှိတဲ့ ကျမ်းကိုး အထောက်အထားတွေ အပေါ်မှာ အမှန်ကို အမှန်အတိုင်း၊ တွေ့တာကို တွေ့တဲ့အတိုင်း အရှိကိုအရှိအတိုင်း ရေးရမှာပါ။
အခု ဦးစံဝင်း ဒွိတပေါင်ကို ဖြုတ်ခဲ့တာ၊ ချန်ခဲ့တာ၊ ဖျောက်တာ ပျူကို ဖျောက်တာ ချန်တာ မြန်မာနိုင်ငံ တောင်ပိုင်းကမ်းရိုးတန်း တစ်လျောက်က ပျူကို ဖျောက်ပစ်နေတာ ဖြစ်ပြီး သမိုင်းရာဇဝတ်မှုကျူးလွန်တာပဲ ဖြစ်ပါတယ်။
မှတ်ချက်။ ။ ဦးစံဝင်းရဲ့ သုဝဏ္ဏဘူမိ သုတေသန စာအုပ်မှ ဒွိတပေါင်ကို ဖြုတ်ထား ချန်ထားသော စာမျက်နှာ ၁၉ နှင့် မူလ သူကျမ်းကိုးသော ဦးပညာရဲ့သံထုံရာဇဝင်မှ စာမျက်နှာ ၅၃ တို့ကို ဓာတ်ပုံအထောက်အထားနှင့်တကွ ဖေါ်ပြပေးလိုက်ပါတယ်။
အကိုးအကား။ ။ သုဝဏ္ဏဘူမိသုတေသန-ဦးစံဝင်း(သမိုင်းသုတေသန) (၂၀၁၃)။
သထုံရာဇဝင်ပေါင်းချုပ်ကျမ်း-ဦးပညာ (၁၉၂၆)


0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်