သာဂရ



သာဂရ ဆိုတာ AD-8 မှ နန်းတည်တာ တကယ်လား
==================================

(၁) ထားဝယ်နန်းမြို့ တွေဟာ မြို့ရိုး အဝိုင်းပုံ ဖြစ်နေတာနဲ့ တင် ပျူ ပါလို့ အတိအကျ ပြောလို့ ရတယ်

ဘာကြောင့်လဲ BC ခေတ် နောက်ပိုင်း AD ကာလတွေမှာ အရှေ့တောင် အာရှ တစ်ခုလုံးလို့ ပြောလို့ ပြောရအောင်ကိုပဲ
လေးထောင့်ပုံစံ တွေပြောင်းသွားတယ်

သာဂရ မှာ နန်းမြို့ တည်တာ မြို့ရိုး သုံးထပ် ဆိုတာဟာ နန်းမြို့ ကို တစ်ခါတည်း တည်ပြီး မြို့ရိုးကို  သုံးထပ် ဆောက်ထားတာ မဟုတ်ပါဘူး နန်းမြို့ သုံးခါတည်လို့ သုံးထပ် ဆောက်ထားတာ လို့ ကျွန်တော် ဆိုပါတယ် ဘယ်သူ လက်ခံခံ မခံခံ ကျွန်တော့် ရပ်တည်ချက်က ပြတ်သားပါတယ် ဒီအချက်ကို အခုလည်း ဒီအတိုင်း နောက်လည်း ပြောင်းလည်း တော့မှာ မဟုတ်ပါဘူး တစ်နေရာတည်းကို နန်းမြို့သုံးကြိမ် တည်တယ် ဆိုတာ ယခု ကောင်းကင်ဓါတ်ပုံ မြင်ကွင်းအရ မြင်သာတာကိုပဲ ပြောတာ ဖြစ်ပါတယ် ကျွန်တော့် အယူအဆ ကို ပြောရရင် ဒီထက် ပိုနိုင်တယ်လို့ ထင်ပါတယ် ထင်မြင်ချက် ကို ရမ်းသမ်းပေးတာ မဟုတ်ပါဘူး ဒါကြောင့်သာ AD-8 ရာစုနဲ့ နောက်ပိုင်း လက်ရာတွေ များများ မထွက်ဘဲ ပျူ အထောက်အထားချည်း တပုံတပင် ထွက်လာနေတာပါ

နန်းမြို့ သုံးကြိမ် တည်တယ် ဆိုရာမှာ သာဂရဟာ နောက်ဆုံး နန်းမြို့လည်း ဖြစ်ပါတယ် သူ့ အရင် နန်းမြို့တွေမှာ ဘယ်သူက မင်းလုပ်ပြီးအုပ်ချုပ်တယ် ဆိုတာတွေတော့ သမိုင်းမှတ်တမ်း လည်း မတွေ့ဖူးပါဘူး ရာဇဝင်စာလဲ မဖတ်ရဖူးသေးဘူး ကျွန် တော် မဖတ်ရသေးလို့ မတွေ့သေးတာလည်း ဖြစ်နိုင်ပါတယ်

သာဂရမှာ နောက်ဆုံးနန်းတည်တာ AD-8 ရာစု ဖြစ်တယ် လို့ သက္ကရာဇ်တွေအရ အခု သမိုင်းဆရာတွေက အတည်ပြုထားပါ တယ်  ဆရာမကြီး အဲလိဘက်မိုးလ်ကတော့ ရှေ့ကို တိုးပြော ချင်တဲ့ ဆန္ဒရှိတာကို သိရပါတယ် ဒါပေမယ့်လည်း အမှုမဲ့ အမှတ်မဲ့နဲ့ ပညာရှိသတိဖြစ်ခဲ ဆိုတာလိုဖြစ်နေတာလား အလုပ်များလို့ ဂူမမြင်မိတာလား မပြောတတ်ပါဘူး ခုချိန်ထိ အထောက်အထားနဲ့တကွ ပြောဆိုလာတာ မတွေ့ရသေးပါဘူး

AD 8 ရာစု ခေတ်ပြိုင်အားဖြင့် ယခု ပုဂံထက် နည်းနည်းလေး စောပါတယ် များများ မဟုတ်ပါဘူး မဆိုစလောက်ပါ နှစ် ၈၀ လောက်လေး ဒီကာလက မျိုးဆက်တစ်ဆက်စာလေး ရှိတာ ဘာမှ မပြောပလောက်ပါဘူး

ကျွန်တော် ပြောချင်တာက အဲဒီ နှစ် ၈၀ လောက်လေး စောပြီး နန်းတည်တဲ့ မြို့မှာ ဘာကြောင့် ပျူ အထောက်အထားတွေ ပျူ ဓလေ့တွေ ပျူစာ ဗြဟ္မီစာတွေ ထွက်နေရတာလဲ ဆိုတာကိုပါ
ဒါ ရိုးရှုင်းလွန်းပါတယ် ပုဂံကလည်း အရင်ခေတ်ဟောင်း သမိုင်းဆရာတွေ ဆိုသလို ချက်ချင်း ပြူကနေ ပုဂံကို ပြောင်း သွားတာ မဟုတ်ဘူးဆိုတာ မြန်မာသမိုင်းဆရာတွေ သမိုင်းစံ မှီမှီနဲ့ နိုင်ငံတော်အဆင့် စာတမ်းဖတ်ကြားထားပြီး ဖြစ်ပါတယ်
ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ အဲဒီစာတမ်းတွေကို မချေဖျက်နိုင်သေးတဲ့ ကာလပတ်လုံး ဒီစာတမ်းက အဆိုတွေ ဟာ အတည်ပြုထားရတာပါပဲ မကြိုက်ရင် တရားဝင် ပြိုအောင် ဖြိုချကြပေါ့ ဒါ လုပ်ထုံးလုပ်နည်း အရ ပြောတာပါပဲ

ဒီလိုပဲ သာဂရဟာလည်း ပျူကနေ သာဂရကို ချက်ချင်း ပြောင်း သွားလို့ မရဘူး ဆိုတာ ပေါ်လွင်ပါတယ် စိတ်ပေါသွပ် နေသူ မဟုတ်ရင် ဒီဟာကို ချက်ချင်းနားလည်မှာပါပဲ ပျူလူမျိုးကနေ ထားဝယ်လူမျိုး ဆိုတာကို ဘယ်လို ပြောင်းသွားလည်း ကျွန်တော် မသိသေးဘူး ကွင်းဆက် ပြတ်နေပါတယ် ဆက်လက် လေ့လာရဦးမှာပါ

သာဂရမြို့ဟောင်းမှာ တူးဖော်မှုတွေအရ မြေ ပေအနက် ပိုရောက်လေလေ အထောက်အထား ပိုထွက်လေလေ ဆိုတာ ကို လေ့လာ တွေ့ရှိရပါတယ် ဒါဆို အဝီဇိအထိ တူးပါလား လို့ လမ်းဘေးက စကားတော့ လာမပြောနဲ့ပေါ့ဗျာ သူ့အတိုင်း အတာနဲ့ သူပေါ့

ဒီဟာက ဘာကို ပြောနိုင်တာလဲ ဆိုရင် နန်းမြို့ ပေါ် နန်းမြို့ ထပ်တည် ဆောက်ထားတာကို အထောက်အပံ့ ဖြစ်စေပါတယ်
ဘာကြောင့်လဲ မေးရင် သဘာဝတရားအရ မြေထု ဆိုတာ ဒီအတိုင်း နေနေတာ မဟုတ်ပါဘူး ကာလကြာလေလေ မြေထု တက်လေလေ တိုက်ရိုက်အချိုးပါပဲ ဒီလို မြေထုတက်လာလို့ မူလဟာတွေ ဖုံးသွားတယ် မဖုံးလွှမ်း မပျက်မယွင်း ကျန်နေ သေးတာ ကျန်နေသေးတာတွေကို နန်းတည်စဉ်မှာ ယခင်မူလ အတိုင်း ထားထားတာလည်း ဖြစ်နိုင်သလို မူလကဟာတွေ ဖြိုဖျက်ပြီး အုတ်ဟောင်းတွေ ယူသုံး ပြန်ဆောက် ထားတာ လည်း ဖြစ်နိုင်ပါတယ် ဒါကြောင့်သာပဲ BC ခေတ်သုံး အက္ခရာတွေ အမှတ်အသားတွေ ထွက်လာနေတာ ဖြစ်ပါတယ်
ဒီလိုမှ မဟုတ်ရင် ရူးကြောင်ကြောင်နဲ့ AD-8 မှာ ဗြဟ္မီစာ သုံး နေသေးတယ် ပြောနေရပါလိမ့်မယ် ဟဲဟဲ

ဆက်ပါဦးမည်

သာဂရ မှာ AD-8 မှ နန်းတည်တယ် ဆိုတာ တကယ်လား (၂)


သာဂရ နဲ့ ပက်သက်လို့ သာဂရတည် ဥဩစည်လို့ အမှတ် ရှိပါတယ်။ သက္ကရာဇ် ၁၁၃ခု ( ခရစ် နှစ် ၇၅၁) ဖြစ်တယ်။ ဒီမြို့ ပုဂံထက် စောတယ်။ သမန္တမင်းက တည်တယ်။ အခု နန်းမြို့ရာ ရှိတဲ့နေရာကို မြို့ဟောင်း ရွာ ဆိုပြီး ခေါ် ပါ တယ်။ ထားဝယ်မြို့ကနေ ကားလမ်းအတိုင်း ၈မိုင် လောက် ဝေးတယ်။ လောင်းလုံးမြို့နယ်ထဲမှာ ရှိပြီး ထားဝယ် မြစ် အနောက်ဘက် တစ်မိုင် အကွာ မှာ ရှိတယ်။ ပညာရှင်တွေ၊ ဒေသခံ လေ့လာ သူတွေ အတော်များများ ရေးသား ဖော်ပြ ခဲ့ပြီး ပါပြီ။

၁၉၉၉ခုနဲ့ ၂၀၀၀ခုနှစ် တွေမှာ ရက်အနည်းငယ်ကြာ တူးဖော် လေ့လာခဲ့ဖူးတယ်။ နန်းတော် ကုန်းလို့ ခေါ်တဲ့ နေရာမှာ အခန်း(၅) ခန်း ပါတဲ့ အုတ်တိုက် ဟောင်း ပေါ် လာပါ တယ်။ ဒီအဆောက်အအုံ အနေ အထား အရ မြို့ပြ တစ်ခု တည်ထောင်ပြီး အုပ်ချုပ် တဲ့ ဘုရင် ဆိုသူ နေနိုင် လောက်အောင် မကြီးပါဘူး။ တူးဖော်စဉ် ကာလ တွေ့ရတဲ့ အထောက်အထား တွေကလည်း အများကြီး အရေးမပါလှ ပါဘူး။ တွေ့ရ တဲ့ အုတ်တွေက ဆိုဒ်ကြီးတွေဖြစ်တဲ့ ၁၈-၉-၃ လက်မတွေလည်း တွေ့ပါ တယ်။ ဗိသုကာ အုတ် တွေလည်း တွေ့ တယ်။ တူးဖော်ရေး ပြတိုက်လေး လုပ် ထား ပေမယ့် ၁၆ နှစ် လောက်ရှိလာတော့ အရာတောင် မကျန်တော့ ပါဘူး။

ကွင်းဆင်း လေ့လာရေးအဖွဲ့တွေ ၂၀၀၅ ခုနှစ်မှာ ဆင်းခဲ့ ပါတယ်။ ကျန်နေတဲ့ မြို့ရိုး ၃ ခုကို ပေကြိုးဆွဲပြီး ပြန်တိုင်း တယ်။ ပြီးတော့ မြေပုံ ပြန်ဆွဲ ပါတယ်။ ဒီမြေပုံ က အခု ထားဝယ်တက္ကသိုလ် စာကြည့် တိုက်မှာ ရှိ ပါတယ်။ ကောင်းကင် ဓါတ်ပုံ လေ့လာချက်အရ ဆရာကြီး ဦးအောင် မြင့် ဖော်ပြခဲ့တဲ့ အတိုင်း ရှိနေပါ တယ်။ ဒါပေမယ့် အရှေ့ ဘက် မြို့ရိုးနဲ့ တောင်ဘက် မြို့ရိုး  နေရာတော်တော် များများ ကတော့ ပျောက် သလောက်ဖြစ်နေ ပါတယ်။ သာဂရမြို့ဟောင်းနဲ့ ပတ်သက်ပြီး အားလုံးလိုလို ရေးသား ဖော်ပြချက် တွေ အရ မြို့ရိုး ၃ ခု လို့ ဆိုတယ်။

အပြင် မြို့ရိုး အဝိုင်းနဲ့ အတွင်းလေးထောင့် ဆန် ဆန် မြို့ရိုး ၂ ခု လို့ ဆိုတယ်။ အပြင် မြို့ရိုးက အကျယ် ဧက ၂၆၀ ရှိပြီး အတွင်းမြို့ရိုး က ဧက ၁၃၀ ခန့် ရှိတယ်။ သွားရောက် လေ့လာကြည့်တဲ့အခါ တောင်ဘက်မြို့ရိုးရဲ့ အရှေ့ဘက် ခြမ်းနဲ့ မြောက်ဘက် မြို့ရိုးရဲ့ဝင်ပေါက် အနီး ရယ်၊ ရှင်ဇလွန် အနီး မြောက်ဘက်မြို့ရိုးနဲ့ အရှေ့ဘက်မြို့ရိုး ဆုံရာတွေမှာ ဆိုရင် မြို့ရိုးက ၄ထပ် ဒါမှမဟုတ် ၅ထပ် လောက် ရှိ နေပါတယ်။

ဂြိုလ်တု ဓာတ်ပုံထဲမှာလည်း အ တော် ထင်ထင်ရှား ရှား တွေ့နိုင် ပါသေးတယ်။ မြောက်ဘက်မြို့ရိုးဝင် ပေါက်ဆိုရင် မြို့ရိုး လက်တံ ရှိနိုင် တယ်လို့ ဆိုပါတယ်။ ဒီမြို့ဝင်ပေါက် လက်တံ ဒီဇိုင်းတွေအရ အခြား ပျူမြို့ ဟောင်းကြီးတွေမှာ လည်း ဒီလို ပုံစံ ရှိ တယ် လို့ ဆိုတယ်။ အတွင်းမြို့ရိုး နှစ်ထပ် ဆိုရင် အတော်မြင့်မြင့် ကျန်နေပြီး အချို့နေရာ တွေမှာ ဆိုရင် အုတ်ခင်း ထားတာ တွေ့ရတယ်။ မြို့ရိုး နှစ်ခုကြား မှာ လမ်းအဖြစ် အသုံးပြုနိုင် လောက် အောင် ကောင်းပါတယ်။

အနောက် ဘက်မြို့ရိုး အပေါက်တစ်ခုဆိုရင် ဝင် ပေါက် လုပ်ထားတာ အဆင့်မြင့် ပါတယ်။ အဝေးက ကြည့်ရင် ဝင်ပေါက် ရှိမှန်းတောင် မသိနိုင်ပါဘူး။

ဆရာကြီး ဒေါက်တာသန်းထွန်းက ထားဝယ် (သာဂရ) မြို့ရိုးတွေကို လေ့လာကြည့်ရင် အခြား မြို့ တွေနဲ့ ပြောင်း ပြန်ဖြစ်နေတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သာဂရမြို့ ဟောင်းရဲ့ အပြင်မြို့ ရိုးတွေက အတွင်း မြို့ရိုးထက် ပို ရှေး ကျတယ်။ မြို့ပျက်ပြီး တဲ့အခါ နောက် တစ်ကြိမ်ပြန်တည်တဲ့ အခါ လူနေ နည်း သွားတဲ့အတွက် မြို့ကို ခပ်ကျဉ်းကျဉ်း လုပ်လိုက်ရတယ်နဲ့ တူတယ် လို့ ဆို ပါတယ်။

သာဂရမြို့နဲ့ ပတ်သက်ပြီး မြို့ရိုးတွေကို  ၃ ထပ်လို့ ပြော နေတာ ကို ပြန်လည် စဉ်းစားစေချင်ပါတယ်။ နောက်တစ်ခုက ရေ အသုံးချမှုပါပဲ။ လူတွေ အတော်များများ ထင်ကြတာက ရှေးတုန်းကရေကို ကာကွယ်ရေး အတွက်ဘဲ အသုံးပြုတယ်လို့ ဆို တယ်။ ဥပမာ ကျုံး တူးထားတာမျိုးပါ။ နောက် ပိုင်း လေ့လာချက်တွေအရ ရှေးဘိုးဘွား တွေဟာ ရေကို အသက်ရှင်ရပ်တည်ရေး၊ မြို့ပြထွန်းကားရေး၊ ကုန် သွယ်ရေးတွေ အတွက်လည်း စနစ်တကျ အသုံးချ ခဲ့တာ တွေ့ရပါတယ်။

ပျူခေတ်မြို့ဟောင်းတွေ အများစုဟာ မြစ်နဲ့ အတော်ဝေးတဲ့နေရာ တွေရှိပြီး ပုဂံခေတ်ကစပြီး နောက်ပိုင်း မြန်မာနိုင်ငံအတွင်းရှိ မြို့ဟောင်းတွေ ဟာ မြစ်အနီးမှာရှိခဲ့ပါတယ်။

သာဂရမြို့ဟောင်းကလည်း ထား ဝယ်မြစ်ကနေ တစ်မိုင် ဝေးပါတယ်။ အရင်က မြစ်ကမ်းမှာလားလို့ တွေးကြည့် ပေမယ့် ထားဝယ် မြစ်ကနေ သာဂရမြို့ ရိုးအရောက် အုတ်လမ်းမကြီး ရှိနေပါ တယ်။ လယ် တွေလုပ်ရင်း၊ လူတွေတူးရင်း အုတ်လမ်းမကြီး ပျောက် သွားပါပြီ။
အခု မရှိတော့တာတွေကို လာပြောနေတော့ ဘယ်လို သက်သေပြမလဲ လို့ ပြောချင်သူများ ရှိနိုင်ပါတယ်။ ဒါကို ထောက်ခံတဲ့ အုတ်လမ်းမကြီး တစ်ခုကို ထားဝယ်မြစ် အရှေ့ဘက် ကမ်းမှာရှိတဲ့ မောင်မယ် ရှောင် ကျေး ရွာက ရှင်ဓာတ်ဝဲစေတီ အနောက် ဘက် လယ်ကွင်းထဲမှာ ပေ ၂၇၀၀ ကျော်ရှိပြီး ကူးတို့ဆိပ်သိမ်ကို ရောက်တဲ့ အုတ် လမ်းမကြီး ရှိပါတယ်။ မြေပေါ်မှာ အခုချိန်တိုင် အုတ်လွှား ၁၀ လွှာ လောက် တွေ့နိုင်ပါသေးတယ်။

သာဂရမြို့ဟောင်းရဲ့ အရှေ့ဘက် မြို့ရိုးနဲ့ကပ်ပြီး ဖောင်ဆိပ် ဆိုတာ ရှိ တယ်။ ဒီရေအိုင်ထဲက ရွှေ တွေ ရဖူးလို့ ရွှေရအင်း လို့လည်း ခေါ်တယ်။ အခု ချိန် သွားကြည့်ရင် ရေအိုင်ကြီးအဖြစ် ရှိနေ တုန်းပါ။ ဒီရေအိုင်က ပဒတ်ချောင်းနဲ့ ဆက်နေတယ်။ ပဒတ် ချောင်းက မိုးအခါ ဆိုရင် အနောက်ဘက် တောင် တန်းတွေက ရေတွေဆင်းပြီး ကဘူရွာအနီးမှာ ချောင်း ဖြစ်တယ်။ ပြီးတော့ အပြင်မြို့ရိုးကို ဖြတ်ပြီး အတွင်းမြို့ရိုး ၂ ထပ် အပြင် ဘက်ကနေ စီးတယ်။ တောင်ဘက်နဲ့ အရှေ့ဘက် မြို့ရိုးဆုံရာကနေ ဖြတ် ထွက်ပြီး အရှေ့ဘက် ထားဝယ် မြစ်ထဲကို ဝင် တယ်။ ဒီချောင်းအတိုင်း ထားဝယ် မြစ်ထဲကနေ လှေတွေဝင် နိုင်တယ်။ ဒီရေ အတက်အကျလည်း ရှိတယ်။ မိုးအခါ ရေချို လှောင်ထား နိုင်တယ်။ အခု ကားလမ်းအတိုင်းသွားရင် တံတား ပေါ်ကနေ တွေ့နိုင်ပါတယ်။သာဂရ မြို့ဟောင်းရဲ့ မြောက် ဘက်မှာ ဒေါင်းငူချောင်းရှိပါတယ်။ ဒီ ချောင်းကနေ မြောက်ဘက်မြို့ရိုးကို ဆက်ထားပါတယ်။ အခုချိန်သွားရင် ဒေါင်းငူချောင်းနဲ့ မြောက်ဘက် မြို့ ရိုးကြားမှာ ရေအိုင်ကြီး ရှိနေတာကို တွေ့ရပါတယ်။

ဒါတွေအပြင် သာဂရမှာ ရေတွင်းကြီး ၃ တွင်းရှိတယ်လို့ ဆို တယ်။ ပထမတစ်တွင်းက ရှင်ဇလွန် ဘုရားအရှေ့ဘက် ကွင်းထဲမှာရှိတယ်။ အတော်ကြီးတဲ့ ရေတွင်းပါ။ အခုတော့ မြေဖို့လိုက်လို့ မရှိတော့ပါဘူး။ နောက် တစ်တွင်းက မြို့ရိုး အပြင်ဘက် လယ် ကွက်တွေထဲက ထန်းတောထဲမှာပါ။ အခုချိန်ထိ တွေ့နိုင်သေးတယ်။ ရေတွင်း ဘောင်ကို အုတ် စီထားပါတယ်။ အုတ် တွေက ထင်သလောက်မကြီးဘူး။ နောက်ဆုံးတွင်းကို လိုက်ရှာကြပေမယ့် ပျောက်ကွယ်သွား ပါပြီ။ အဘိုးကြီးတစ်ယောက်ကတော့ သူ့အဖေပြော တာက တော့ အရှေ့ဘက်နဲ့ အမြောက်ဘက် မြို့ရိုးဆုံရာ မြို့ရိုးအပြင်ဘက်အနီးမှာလို့ ဆိုတယ်။ ဇာတ်လမ်း တစ်ပုဒ် ကတော့ ရေတွင်း ၃ တွင်းအနက် တစ်တွင်းထဲမှာ ရတနာ တွေမြှုပ်နှံထားတယ် လို့ ဆိုတယ်။ ကျွန်တော် တွေးမိ သလောက် ဒီရေတွင်း ၃ တွင်းက သာဂရအတွက် အရေး ပါတဲ့ ရေအရင်းအမြစ်တွေ ဖြစ်ပါတယ်။ရှင်ကိုးရှင်ထဲမှာပါတဲ့ ရှင်ဇလွန် စေတီတော်ကြီးကတော့ သာဂရရဲ့ အထင်ရှား ဆုံး ဘာသာရေးအထိမ်း အမှတ်ဖြစ် ပါတယ်။ သာဂရမြို့ ဟောင်း ပတ်ဝန်းကျင်မှာ စေတီကုန်းဟောင်း ၃၀ ကျော် ရှိတယ်။ မြို့ဟောင်းရဲ့ တောင် ဘက်နဲ့ အရှေ့ဘက်ဆုံရာ အနီးက မြေတိုက်ကျောင်းနေရာ၊ မြို့ကိုးကုန်းရှိ စေတီပျက် တွေဟာ တူးဖော်ဖို့ အလွန် ကောင်းပါတယ်။ ဘာသာရေးနဲ့ ပတ်သက်ပြီး စိတ်ဝင် စားစရာအကောင်းဆုံးနေရာက မြင်ထင် တောင်ဖြစ်ပါတယ်။ တောင်ပေါ်ရှိစေတီက ဂဝံနဲ့ တည် ထားတယ်။ အရိုးအိုး တွေလည်း ရဖူးတယ်။ ရှင်ဇလွန် စေတီ မှာရှိတဲ့ စာပါတဲ့ခေါင်းလောင်းက မြင်ထင် တောင်ပေါ်ကနေ ရွှေ့ထား တယ်လို့ သိရတယ်။ ခေါင်းလောင်းစာမှာလည်း မြင်ထင်ကျောင်းဆရာတော် လို့ပါတယ်။ မြင်ထင်စေတီရဲ့ အရှေ့ မြောက်ဘက်မှာ ခုချိန်သွားကြည့်ရင် ဘုန်းကြီး ကျောင်းအဆောက်အအုံ အရာကို တွေ့နိုင်ပါတယ်။ ဒီမြင် ထင်တောင်စေတီရယ်၊ ရှင်ဇလွန်စေတီ၊ မှီအုံးတောင်စေတီရယ်က တစ်တန်း တည်းလို့ဆိုတယ်။ အဲကနေ ရပ်ကြည့်တဲ့အခါမှာ လည်း ဟုတ်နေပါတယ်။ဒီမြင်ထင် တောင်ပေါ်မှာ စေတီဟောင်း ၃၀ကျော်ရှိ ပါတယ်။ ဆက်စပ်ပြီးကြည့်ရင် ကြည့်မျှော် တောင် ခြေတော်ရာသာသနာမြေ ကလည်း သာဂရနဲ့ ပတ်သက်နိုင်ပါတယ်။သာဂရမြို့ ဟောင်းပတ်ဝန်းကျင်မှာ ရှိတဲ့ ဆင်ပုနစ်မှာဆိုရင်လည်း ဆင်ကျုံး နေရာကို တွေ့နိုင် တယ်။ ဒေါင်းငူသိမ် စတဲ့ သိမ်တွေက လည်း လေ့လာစရာ ပါ။ မြတ်စွာဘုရားရှင်ကြွခဲ့တဲ့ ကဏန်း တောင်ကလည်း သာဂရမြို့ဟောင်း အရှေ့မြောက်ထောင့်မှာ တည်ရှိ နေပါ တယ်။

မှတ်တမ်းတွေအရ သာဂရမြို့ကို သမန္တမင်းက သက္ကရာဇ် ၁၁၃ခု (ခရစ်နှစ်၇၅၁ခု)၊ ဗညားဦးက သက္ကရာဇ် ၃၅၇ ခု(ခရစ်နှစ် ၉၉၅ခု)၊ ဗြသ ပိုက်မင်းက သက္ကရာဇ် ၉၂၄ခု ( ခရစ် နှစ် ၁၅၆၂ခု)ဆိုပြီး တွေ့ရပါတယ်။ အခု လောလော ဆယ်တော့ ဒီနှစ်တွေ ကိုပဲ ယာယီ လက်ခံထား ရပါတယ်။ ဒီ ခုနှစ် သတ်မှတ်တာတွေနဲ့ ပက်သက်ပြီး ကျွန်တော် ပထမ အပိုင်းမှာ လုံးဝ လွဲမှားနေတဲ့ အကြောင်း ပြောလာ ခဲ့ပြီး ပါပြီ။ ဖြစ်နိုင်ရင် ကိုယ်တိုင်ပဲ အထောက်အထားတွေ ကို ကြည့်ပြီး ခေတ်တွေကို ပိုင်းခြား လိုက်ချင်တဲ့ ဆန္ဒရှိပါ တယ်။ ဒါမျိုးက သက်ဆိုင်ရာ နယ်ပယ် က သြဇာရှိသူတွေ လုပ်တာကမှ သက်ရောက်မှု ပိုပြင်းထန် တာမို့ ငြိမ်နေတာ ပါ။ တူးဖော်ရေး လုပ်ငန်းတွေနဲ့ ပညာရှင် တွေ လေ့လာပြီး ဝိုင်းဝန်း ဖော်ထုတ်ခဲ့ရင် အမျာကြီး ပြောင်း လဲ နိုင်ပါတယ်။


သာဂရ ဆိုတာ AD-8 မှ နန်းတည်တာ တကယ်လား (၃)


မှတ်တမ်းတွေအရ သာဂရမြို့ကို သမန္တ မင်းက သက္ကရာဇ် ၁၁၃ခု (ခရစ်နှစ် ၇၅၁ခု)၊ ဗညားဦးက သက္ကရာဇ် ၃၅၇ ခု (ခရစ်နှစ် ၉၉၅ခု)၊ ဗြသပိုက်မင်းက သက္ကရာဇ် ၉၂၄ခု ( ခရစ်နှစ် ၁၅၆၂ခု)ဆိုပြီး တွေ့ရပါတယ်။ ဒီမင်းတွေရဲ့ နောက်က ဆက်ခံတဲ့ မင်းဆက်တွေ အကြောင်းကို အသေးစိတ် သိချင်ရင် ဆရာကြီးမောင်သန်းဆွေ (ထားဝယ်)၊ ဆရာကြီးမောင်လေးတင့်စတဲ့ ထားဝယ် သား စာရေးဆရာကြီး တွေရဲ့ ဆောင်းပါး တွေမှာ ဖတ်ရှုလေ့လာ မှတ်သား နိုင်ပါ တယ်။ ဒီမှတ်တမ်းတွေအရ သာဂရကို ၃ ကြိမ် တည်ထောင်တယ်လို့ သတ်မှတ် နိုင်တယ်။ ပထမအကြိမ်တည်တာက သာဂရတည် ဥဩစည်ဆိုတဲ့ အတွက် သက္ကရာဇ် ၁၁၃ ခု ဖြစ်တယ်။ ခရစ်နှစ်အရ ၇၅၁ ခု ဖြစ်တယ်။ ပညာရှင်အများစု ဆိုသလို ပုဂံကို အနော်ရထာ (ခရစ်နှစ် ၁၀၄၄-၁၀၇၇ ခု) လက်ထက်လို့ သတ်မှတ်တဲ့ အတွက် နှစ်ပေါင်း ၃၀၀ လောက် စောပါတယ်။ အချို့ ပုဂ္ဂိုလ်က မကြိုက်ပေမယ့် ငြင်းဖို့ခက်တဲ့အနေ အထားပါ။

ပညာရှင်တွေ ရေးသားချက်တွေအရ ပျူတွေဟာ ၉ ရာစု ( ခရစ်နှစ် ၉၀၀-၁၀၀၀ ခု)အထိ ရှင်သန်တုန်းလို့ဆို တယ်။ အဓိကကျတဲ့ နိုင်ငံရေး၊ အုပ်ချုပ် ရေးဗဟိုက ဒီ ၉ ရာစု ကာလ အထိကို သရေခေတ္တရာမြို့ ဖြစ်တယ်။ ဒီမြို့က အခု လက်ရှိ ပြည်မြို့အနီးမှာရှိပြီး အရှေ့ တောင်အာရှရှိ ရှေးမြို့ဟောင်းတွေထဲမှာ ဧရိယာအကြီးဆုံးနဲ့ ခမ်းနားကြီး ကျယ် တဲ့မြို့ ဖြစ်တယ်။ ဗမာတွေက အခုချိန်ထိ ]]ပြည်}} လို့ ခေါ်နေတုန်းပါ။ ဒေါက်တာ အဲလီဇဘက်မိုးရဲ့ စာအုပ် (Early Landscape of Myanmar – 2007 ) မှာ ဖော်ပြထားတဲ့ မြန်မာနိုင်ငံအတွင်းရှိ ပထမထောင်စုနှစ် အတွင်း (ခရစ်နှစ် ၀-၁၀၀၀ ခု)တည် ထောင်ခဲ့တဲ့ မြို့ဟောင်းတွေ စာရင်းမှာ ထားဝယ်ကို ဖော်ပြထားတယ်။ ရှေး ဟောင်းသုတေသနဌာနရဲ့ တူးဖော်မှု အစီရင်ခံစာ မှာလည်း သာဂရမြို့ ဟောင်း ဟာ ၈ ရာစုလောက်က တည်တယ် လို့ ဖော်ပြထားတယ်။

ဒီတော့ စဉ်းစားမိတာက ထားဝယ် မှာ သာဂရနဲ့ စလား ဆိုပြီးတော့ပါ။ ထားဝယ်မှတ်တမ်းတွေအရ သာဂရမြို့ ဟောင်းထက်စောတဲ့ မြို့ဟောင်းတွေကို ဖော်ပြထားတယ်။ ဆရာကြီး ထားဝယ် ကျော်မင်းရဲ့ ထားဝယ်ယဉ်ကျေးမှု အမြု တေစာအုပ်ကို ကိုးကားပါတယ်။

(၁) နရုတိမင်းက ဒူရကတိုင်း အောင်သာဝတီမြို့ကို သာသနာသက္ကရာဇ် ၁၇ခုမှာ တည်တယ်။ အခု ကလိန် အောင်မြို့လို့ ဆိုတယ်။ လွန်ခဲ့တဲ့နှစ် ပေါင်း ၂၅၀၀ လောက် ဖြစ်တယ်။(၂) တနင်္သာရီမြို့က ကောရမ္ဘ မင်းက သာသနာ သက္ကရာဇ် ၂၃၈ခုနှစ်မှာ ကနက်သီရီမြို့ကို တည်တယ်။ ဒီမြို့က အခု ထားဝယ်တွေ နတ်ဆိပ်လို့ခေါ်တဲ့ ထားဝယ် မြစ်ဝ အရှေ့ဘက်ကမ်းမှာ ရှိ တယ်။ အောင်သာဝတီက ဓမ္မသေနမင်း ရယ်၊ နဂါးမင်း ရယ်လည်း ပါသေးတယ်။
(၃) ရန္တပိုမင်း (ခေါ်) နရိန္ဒမင်းက အောင်သာဝရမြို့ကို ကောဇာသက္ကရာဇ် အစလောက်မှာ တည်တယ်လို့ ဆို တယ်။ ကောဇာသက္ကရာဇ်အစလို့ ဆိုတဲ့အတွက် ခရစ်နှစ် ၆၃၈ ခု ပတ်ဝန်းကျင် ဖြစ်တယ်။ ဒီမြို့က တနင်္သာရီမြစ် အလယ်ပိုင်းရဲ့ မြောက်ဘက်မှာရှိပြီး အခုချိန် သွားလာဖို့ အရမ်း ခက်ခဲတယ်။

(၄) အထက်ဖော်ပြပါ ရန္တပိုမင်းက ဘဲ ကောဇာသက္ကရာဇ် ၉၇ ခု ( ခရစ်နှစ် ၇၃၂ ခု)မှာ ဘုမ္မိဒေ၀နာဂရမြို့ (ယခု မောင်မယ်ရှောင်ရွာ) မှာ တည်တယ်။ ဒီမြို့တွေက သာဂရ ထက် စောတယ်လို့ ဖော်ပြထားတဲ့မြို့တွေ ဖြစ်တယ်။ ဒီမြို့ တွေရဲ့ ခုနှစ်တွေအရ ထားဝယ်ဒေသမှာ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၅၀၀ လောက် ကတည်းက မြို့ပြအုပ်ချုပ်ရေး ထွန်းကား နေတယ် လို့ ဆိုနိုင်တယ်။ စဉ်းစားဖို့ ကောင်းတာက အောင်သာဝတီမြို့ (ကလိန်အောင်)က ထားဝယ် ကနေ မြောက်ဘက် ၄၇ မိုင် ဝေးတယ်။ ကနက်သီရိမြို့ (နတ်ဆိပ်) က ကားလမ်း အတိုင်း ထားဝယ်ကနေ တောင် ဘက်ကို ၄၈ မိုင် ဝေးတယ်။ ထားဝယ်မြစ်ကနေ ရေလမ်း အတိုင်းဆင်းရင် မိုင် ၃၀ ကျော် ဝေးတယ်။ အောင်သာဝရ မြို့က တနင်္သာရီ မြစ်ဘေးမှာရှိပြီး ထားဝယ်ကနေ မိုင်ရာ ချီ ဝေးတယ်။ ထားဝယ်မြစ်ဝှမ်းဒေသမှာ ဘာတွေ ဖြစ်နေခဲ့လဲ ဆိုတာ စဉ်းစား စရာပါ။ကလိန်အောင်မြို့ကို ကွင်းဆင်းတဲ့ အခါ ကျူံးလို့ ယူဆရတဲ့ ရေမြောင်း တစ်ခုရှိတယ်။ ဆေးတံ၊ ခဲဒင်္ဂါးနဲ့ မြေအိုး ငယ်လိုမျိုး ရှေးပစ္စည်းအချို့ တွေ့ရ တယ်။ ခေတ်အဆက်ဆက် စစ်လမ်း ကျလို့ အဖျက်ခံရကြောင်း လည်းဖတ် ဖူးတယ်။ အသေးစိတ်ပြန် လေ့လာဖို့ လိုပေမယ့် အခု လေ့လာရ သလောက် ထင်ရှားတဲ့အထောက်အထား မတွေ့ ရဘူး။ နတ်ဆိပ်မှာလည်း ထင်ရှားတဲ့ အမှတ် အသားတွေ မတွေ့ရဘူး။ အောင်သာဝရကို မရောက်ဖူးပါ။ မောင်မယ်ရှောင်မှာ လည်း မတွေ့ရဘူး။ ဒီနေ့ထားဝယ်မြို့ ကို ဗဟိုပြုပြီး ၆ မိုင်ပတ်လည် စက်ဝိုင်းဆွဲကြည့်ရင် မြို့ရိုး၊ ကျူံးနဲ့ တည်ရှိနေခဲ့တဲ့ မြို့ဟောင်း ကြီး ၄ ခု ရှိတယ်။ သာဂရက အထင် ရှားဆုံး ဖြစ်တယ်။ ထားဝယ်မြစ်ဝှမ်း လွင်ပြင်မှာ တည်ရှိတယ်။ အများဆုံး တွေ့ရတဲ့ ကျောက် ချောလက်နက် တွေကို အခြေခံပြီး ပြောရရင် ထားဝယ် မြစ်ဝှမ်း ဒေသမှာ လွန်ခဲ့တဲ့နှစ် ၄၀၀၀ လောက် ကတည်းက လူ နေတယ်။

ဒီလူတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၃၀၀ ကျော် လောက် (ခရစ်နှစ် ၇၅၁ခု)ကျမှ မြို့ပြ တည်ထောင် နိုင်တာလားလို့ မေးစရာ ဖြစ်တယ်။ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး စတာတွေ ကြောင့် မြို့ပြ မတည်ထောင် နိုင်ခဲ့ဘူး လို့ ဆိုရင် အံ့ဩ စရာ ဖြစ်နိုင် တယ်။ သာဂရမြို့ကို ခရစ်နှစ် ရ၅၁ ခုမှာ တည်ခဲ့တဲ့ ဘုရင်ဟာ အတော်ကို တော်တဲ့ ဘုရင်လို့ ဆိုရမှာ ပဲ။ (သိကြားမင်းလေ မသိပါဘူး ဟိ ဟိ) ရှေးရှေး မင်းတွေ မလုပ်နိုင်ခဲ့တဲ့၊ မတည်ထောင်နိုင်တဲ့ အရာကို ဒီမင်းက တည် ဆောက်ခဲ့တာပါ။ ထားဝယ်တွေ ပထမဆုံး စုစည်းနိုင်ခဲ့ သလား။ ဒီမြို့ဟောင်းမှာ တွေ့ရတဲ့ အထောက်အထားတွေအရ ရှေးအကျဆုံးက ကျောက်ချော လက်နက်တွေ ဖြစ်တယ်။ အများစုက မြေပေါ်တွေ့တွေ ဖြစ်ပါ တယ်။ အခုလက်ရှိလည်း မြို့ဟောင်း ကျေးရွာသား ရိုးရာ ဆေးဆရာတစ်ဦးက ကျောက်လက်နက်တွေ သုံးပြီး ဆေးကု နေတုန်းပါ။

ဆရာကြီး ဒေါက်တာ သန်းထွန်း ပြောသလို ပြောရရင် ကျောက် ခေတ်က ကုန်ပဲ မကုန်နိုင်ဘူး။ ကျောက် ပစ္စည်း တွေဖြစ်တဲ့ ကျောက်ပြင်၊ ကျောက် မုန့်ကြိတ်ဆုံ၊ ကျောက် ငရုတ်ဆုံတွေ အသုံးပြုနေကြတုန်းလို့ ဆိုရမလိုပါ။

ဒုတိယပြောချင်တာက ပုတီးစေ့ တွေပါ။ မြို့ဟောင်းရွာရှိ ကရပ်ပြင် ရပ်ကွက်မှာ မိုးရွာပြီး လိုက်ကောက်လို့ရ တယ်။ ဘယ်လောက်ပေါခဲ့လဲဆိုရင် ပုတီးတစ်ကုံးကို ကျပ် ၁၀၀၀၊ ၁၅၀၀ လောက်နဲ့ ရောင်းခဲ့တာတွေ ရှိခဲ့ ဖူးတယ်။ အခု အတော် ရှားပါပြီ။ ဒီပုတီးစေ့ လေးတွေက နှစ်ပေါင်း ၂၀၀၀ လောက် ကို ညွှန်းတယ်။ အဖြူနဲ့ အမည်း ပုတီးစေ့ လေး ၂ စေ့ ဆိုရင် ဒီထက်တောင် စောပါသေးတယ်။

တတိယပြောချင်တာက အရိုးအိုး ဓလေ့ပါ။ ပျူသချိုင်း လည်း ခေါ်တယ်။ ဒေသခံတွေက မြို့ကိုးကုန်းလို့ခေါ်တဲ့ သာဂရမြို့ဟောင်း တောင် ဘက် အဝင် မရောက်ခင် ကုန်း တစ်ကုန်း ရှိပါတယ်။ ဒီကုန်းတစ်ဝိုက်ကနေ အရိုးအိုးတွေ ရလေ့ ရှိတယ်။ VIP ခေါ်တဲ့ အရေးကြီး ပုဂ္ဂိုလ်ကြီးတွေ လာရင် ကြည့်ချင်တယ် ဆိုရင် တူးပြရပါတယ်။ သာဂရမှာ အရိုး အိုးရှာတဲ့နေရာမှာ အလွန်ကျွမ်းကျင်တဲ့ ဒေသ ခံ ရှိပါတယ်။ တူးခိုင်းရင် သိပ် မကြာပါဘူး။ အရိုးအိုး တွေ့တာ ပါဘဲ။ အရိုးအိုးတွေက တူးလို့ တွေ့ရတဲ့ အတွက် သမိုင်း အတွက် အရေးကြီးတယ်။ မြေ အနက် ၃ ပေလောက်မှာ မီးသွေးမြေပြာ တွေကြား ထဲမှာ တွေ့ရလေ့ ရှိတယ်။ အိုးထဲမှာ အများစုက မီးသွေးတွေသာ ပါတတ်တယ်။ ဘာရ တယ်၊ ညာရ တယ် လို့ ပြောသံကြားပေမယ့် တွေ့ဖူးသမျှ အရိုး အိုး ၂၀ လောက်မှာ ပြာပဲ ပါတယ်။ ဒီအရိုးအိုး ဓလေ့ ကလည်း သာဂရ တည် တဲ့ နှစ်ကို ရှေ့တိုး နိုင်ပါ တယ်။

ပြီးတော့ ရှင်ကိုးရှင်မှာ ထင်ရှားတဲ့ ရှင်ဇလွန် စေတီတော် ကြီးပါ။ လွန်ဲခဲ့တဲ့ နှစ် ၂၀၀ လောက်က ပြန်တည်ထား ပါ တယ်။ ဒီစေတီကြီးရဲ့ အောက်ခံ မြေကြီးဟာ အခုချိန်မှာ မြေကုန်းလို ဖြစ်နေပါတယ်။ ရှင်ဇလွန်စေတီတော် ကြီးရဲ့ နောက်ဘက် လှေကား ပြင်ဆင်တုန်းရယ်၊ အခုနောက် ဆုံး ရင် ပြင်ခင်း၊ အင်ကြင်းပင်နဲ့ ညောင် ပင် ရှင်းတဲ့အခါ အရှေ့ဘက် ကုန်းရိုးကို ထော်လာဂျီ တက်ဖို့ လမ်းလုပ်တဲ့ အခါရယ်၊ လေ့လာကြည့်တဲ့အခါ ဂဝံတုံး တွေနဲ့ အုတ်ချပ် ကြီးတွေ စီထားပါတယ်။ ဒီအောက်ခံမြေကုန်းဟာ ရှေးယခင်စေတီ ကြီးရဲ့ အောက်ဆုံး ပစ္စယံ ဖြစ်နိုင်ပါ တယ်။
လွန်ခဲ့တဲ့ ၄ နှစ်လောက်အထိ ရှင်ဇလွန်စေတီကြီးရဲ့ အရှေ့ ဘက် အခြမ်းမှာ ဂဝံတုံးကြီးတွေနဲ့ အတက် အဆင်းလုပ်ဖို့ လှေကားရှိခဲ့တယ်။မြို့ဟောင်းရဲ့ အနောက်ဘက်မှာ တည်ထားတဲ့ မြင်ထင်စေတီ ဆိုရင်လည်း ဂဝံစေတီဖြစ်ဖို့ များတယ်။ ဒေသခံတွေ က သိုက် အစောင့် အရှောက်ရှိ တယ် လို့ ဆိုတာလည်း စိတ်ဝင်စားဖို့ ကောင်းတယ်။ ၂၀၀၈ ခုနှစ် လောက် မြင်ထင်တောင်ပေါ်မှာ အရိုးအိုး တွေ ရတယ်။ ၇ လုံးလို့ ဆိုပေမယ့် အများ စုက မြေတူး ရင်းကွဲ တယ်။ ခိုက်တတ်တယ် ဆိုပြီး ရိုက်ခွဲလိုက် တယ်။ ဒေသခံ အစ်ကို တစ်ယောက်က သိမ်းထားပေးလို့ အရိုးအိုး တစ်လုံး ကို ထားဝယ်တက္ကသိုလ် စာကြည့်တိုက်မှာ သိမ်း လိုက်နိုင် တယ်။

ဆက်လက် မဆွေးနွေးခင် ဒီမှာ ချုပ်ပြီး ပြောရရင် ထားဝယ်မြစ်ဝှမ်း ဒေသရဲ့ အလယ် လောက်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၃၀၀ ကျော်မှ မြို့ပြ ထွန်းကား ခဲ့တယ်ဆိုတာ ပြန်စဉ်းစားဖို့ လို တယ်။

အထူးသဖြင့် သာဂရကို ပေါ့။ အခုတွေ့ရသလောက် ကျောက်လက်နက်တွေ၊ ပုတီးစေ့တွေ၊ အရိုး အိုး တွေ၊ ဂဝံလက်ရာတွေက အများကြီး ရှေ့တိုး နိုင် တယ်။

ဆရာကြီး ဒေါက်တာသန်းထွန်း ပြောသလိုမျိုး။ “ဒီကလေး သိပ်တော် တယ်၊ ငါ့တပည့်ပေါ့”ဆိုတဲ့ လေသံမျိုးနဲ့ ထား ဝယ် အပါအဝင် တနင်္သာရီသမိုင်း ကို မလေ့လာစေချင်ပါ။

ရှေးဟောင်းသုတေသနပညာမှာ Dating ဆိုတဲ့ ကာလ သတ်မှတ်ခြင်းဟာ အခြေခံကျတဲ့ လုပ်ငန်း ဖြစ်တယ်။ ဒီလို ကာလ သတ်မှတ်နိုင်မှလည်း အခြား ဒေသဆိုင်ရာ၊ နိုင်ငံ ဆိုင်ရာ ရှေးယဉ်ကျေး မှုတွေနဲ့ နှိုင်းယှဉ်နိုင်မယ်။ ယဉ်ကျေးမှုဖွံ့ဖြိုး တိုး တက်မှု အဆင့် တွေကို သတ်မှတ်နိုင် မယ်။ ပြီး တော့ သမိုင်းဆိုင်ရာသီအိုရီတွေ ဖော်ထုတ်နိုင် မယ်။ ဒါပေမယ့် ကာလသတ်မှတ်နိုင်ဖို့ ကလည်း အလွန် ရှုပ်ထွေးပြီး အချိန်ရယ်၊ ငွေရယ်၊ ပညာရပ် ရယ် အများကြီး ရင်းနှီး ရတဲ့ အခြေအနေ ဖြစ်တယ်။ ထားဝယ် အပါအဝင် တနင်္သာရီတိုင်း ဒေသကြီး တစ်လုံးမှာ ရှေးဟောင်း သုတေသနဌာန ဆိုတာ ၂၀၁၂ ခုနှစ်မှ သာဂရမြို့ ဟောင်း ထိန်းသိမ်းရေးရုံး ဖွင့်ခဲ့တယ်။ လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က သာဂရနဲ့ တနင်္သာရီမြို့ဟောင်းတွေကို ရက်အနည်း ငယ်စီ အစမ်းသဘော တူးဖော်လေ့လာခဲ့ တယ်။ တူးဖော် ရေး လုပ်ငန်း ဆိုတာ ယဉ်ကျေးမှုဝန်ကြီး ဌာန  အောက်က ရှေးဟောင်းသုတေသနဌာနကပဲ တူး ဖော် ခွင့်ရှိတယ်။
အစိုးရရဲ့ မူဝါဒကို အကောင် အထည်ဖော် ရုံက လွဲပြီး ပညာရှင်လည်း နည်းတယ်။ ဘတ်ဂျက် ကလည်း မရှိဘူး။

ထိုင်းမှာ ဆိုရင် သက်ဆိုင်ရာ တက္ကသိုလ် ကြီးတွေနဲ့ ဒေသဆိုင်ရာ တက္ကသိုလ် တွေက တာဝန်ယူပြီး တူးကြ၊ ဖော်ထုတ် ကြနဲ့ အင်မတန်ကောင်းတယ်။ နိုင်ငံခြား သား ပညာရှင် ဆိုရင်လည်း ဖိတ်တာက တစ်မျိုး၊ လေ့လာချင်ရင် ပူးပေါင်းဆောင် ရွက်တာက တစ်မျိုးနဲ့ အတော်ကို ရှေ့ ရောက်နေပါပြီ။ တနင်္သာရီတိုင်းဒေသကြီးရှိ မြို့ဟောင်း တွေကို အခြေခံ ကာလ သတ်မှတ်တဲ့ အခါ အင်မတန် ခက်ခဲ့တယ်။

စနစ်ကျတဲ့ တူး ဖော်မှု တွေကလည်း မလုပ်နိုင်၊ ငွေကြေး ကလည်း မရှိ၊ ပညာရှင်ကလည်း မရှိ၊ အဆင့်မြင့် နည်းပညာ ကလည်း မသုံးနိုင်၊ ဒါပေမယ့် ရသမျှ ဒေသ မှတ်တမ်းတွေ သုံးတယ်။ ကွင်းဆင်း တယ်။ တိုင်းတယ်၊ မြေပုံပြန်ဆွဲတယ်။ တွေ့သမျှ အထောက် အထားတွေကို အခြေခံတယ်။ ပြီးတော့ သုံးသပ်တယ်၊ ခန့်မှန်းတယ်။ သာဂရမြို့ဟောင်းကို ခရစ် ရ၅၁ ခု ဆိုလို့ ၈ရာစု ဗီဆိုတာ ယာယီသတ် မှတ်တယ်။ ကျွန်တော်အနေနဲ့ ရှေ့တိုး ချင် တယ်။ ဒီတော့သက်သေ အထောက် အထား လိုက်ရှာရ တယ်။ ပျူနဲ့နွယ်တဲ့ သက်သေတွေ တွေ့တယ်။ ဒွါရ၀တီနဲ့ နွယ်တဲ့ သက်သေတွေ အနည်းအကျဉ်း ရှိတယ်။ တရုတ် မှတ်တမ်းတွေ ရှိတယ်။ မြောက်ဘက်က သံလွင်မြစ် ၀နဲ့ စစ်တောင်း မြစ်ဒေသ ယဉ်ကျေးမှုတွေရယ်၊ အရှေ့ဘက် ထိုင်း အလယ်ပိုင်း ယဉ်ကျေးမှုတွေရယ်၊ တောင် ဘက် ထိုင်းနဲ့ မလေးရှိ ယဉ်ကျေးမှု တွေရယ် အားလုံးပေါင်းပြီး သုံးသပ်ရင် သာဂရမြို့ဟောင်းက အနည်းဆုံး ခရစ် ၅ ရာစု ဗီလောက်ထိ တိုးနိုင်တယ်။ ဒီထက်ပို နိုင်သေးပေမယ့် ထပ်လုပ်ရမယ့် အလုပ် တွေအများကြီး ရှိပါသေး တယ်။ ဆရာကြီးတစ်ဦးက ဆုံးမတယ်။ ရှေ့ကို တိုးချင်ရင် နောက် လုံအောင် လုပ်ရတယ်။ ဒါကြောင့် သာဂရပြီးတော့ ဘယ် မြို့ တွေလည်း ပြန်စဉ်းစားတယ်။

ဆရာကြီးမောင်လေးတင့်ရဲ့ တနင်္သာရီ တိုင်း အတွင်းရှိ ရှေးမြို့ဟောင်းများ (တနင်္သာရီအပတ် စဉ်၊ အတွဲ၁၊ အမှတ် ၃၇) အရ သာဂရမြို့ကို သက္ကရာဇ် ၁၂၃ ခု (အေဒီ၇၆၁ခု) လို့  ဆိုတယ်။ အခြား မှတ် တမ်းတွေမှာ သက္ကရာဇ် ၁၁၃ခု ( အေဒီ ၇၅၁ခု) လို့ ဖော်ပြတယ်။

ဒီမြို့ကို တည်ထောင်သူက သမန္တရာဇာမင်း ဖြစ် တယ်။ ဒီမင်းနောက်မှာ ထားဝယ်သားတွေသိတဲ့ မောင်ဇံ ( သဗ္ဗာန်မင်း) နန်းတက်တယ်။ ဒီမင်း နောက်မှာ ဗညားပါတဲ့ (မြို့ဝန် မြို့စား) မင်း ၈ ယောက် နှစ်ပေါင်း ၁၀၀ လောက် အုပ်ချုပ် စိုးခဲ့ တယ်။

သက္ကရာဇ် ၂၇၆ခု ( အေဒီ ၉၄၁ခု)မှာ အယုဒ္ဓယ တိုင်း ဒွါရ၀တီပြည်မှ ရှမ်း (ယိုးဒယား)အမတ်ကြီး ဩရာဂဠုံသည် ကလိန်အောင်နှင့် သာဂရတိုက် ဖျက် ပြီး ညောင်ခရားမြို့ ကို တည်သည်လို့ တွေ့ရ သည်။ ဆရာကြီးထားဝယ် ကျော်မင်း (ထားဝယ် ယဉ်ကျေးမှုအမြုတေ)ကလည်း ကောဇာသက္ကရာဇ် ၂၇၆ခု (အေဒီ ၉၄၁)တွင်ဒွါရ၀တီမှ ရှမ်းအမတ်ကြီး ဩရာ ဂဠုန်သည် သာဂရမြို့ကို လာ ရောက် တိုက် ဖျက်ပြီး ယခုထားဝယ်မြို့မှ မြောက် ဘက် ၃မိုင် ခန့် အကွာ ထားဝယ်မြစ်အရှေ့ ဘက်နေရာတွင် ညောင်ခရားမြို့ကို တည်ထောင်သည်။

ဤညောင်ခရားမြို့ကို ယခုအခါ ဆင်ဆိပ်ရွာဟု ခေါ်လေ သည် ဟု ဆိုတယ်။ ကောင်းကင်ဓာတ်ပုံ လေ့လာ ချက်အရ ညောင်ခရားမြို့ဟောင်းနဲ့ဆက် စပ်ပြီး မဟာသုခနာဂရံ ဆိုတဲ့ မြို့ ဆိုပြီး လည်း တွေ့ ရတယ်။ ဆင်ဆိပ် (၁)နဲ့ (၂) ဆိုပြီး ဖော်ပြတယ်။ ဒီအချက်ဟာ အရမ်း စိတ်ဝင်စားဖွယ် ကောင်းတဲ့ အချက် ဖြစ် တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆင်ဆိပ် မြို့ဟောင်းရဲ့ တောင်ဘက်(၉)မိုင် အကွာ မှာ ကောင်းကင်ဓာတ်ပုံလေ့လာ ချက်အရ မုတ္တီး(၁) နဲ့ (၂) ဆိုတဲ့ မြို့ဟောင်းကို ဖော်ပြထားတယ်။

အထက်ဖော်ပြပါ မဟာသုခံနာဂရံ မြို့ကို ကောဇာ သက္ကရာဇ် ၅၁၇ ခု (အေဒီ ၁၁၅၅ခု) ပုဂံပြည်ရှင် အလောင်း စည်သူဘုရင် ဤထားဝယ်ဒေသ ရောက် သောအခါ ယခု လေယာဉ်ကွင်း ပြုလုပ် ထားသောနေရာတွင် သုခနာဂရံ ဟူသော မြို့ကို တည်ထားခဲ့ဖူးလေသည်လို့ ဆရာ ကြီး ထားဝယ်ကျော်မင်းက ဆိုတယ်။

ဝမ်းနည်းစရာ အကောင်းဆုံးကတော့ ကောင်း ကင်ဓာတ်ပုံ လေ့လာချက်အရ ဖော်ပြခဲ့တဲ့ ဆင်ဆိပ် (၁)နဲ့(၂)၊ ထားဝယ် မှတ်တမ်းတွေအရ ညောင်ခရား မြို့ဟောင်း နဲ့ သုခနာဂရံ( မဟာ သုခနာဂရံ) ဆိုတဲ့ မြို့ဟောင်းကြီးဟာ အကြောင်း အမျိုးမျိုး ကြောင့် ပျောက်ဆုံးခဲ့ပြီ ဖြစ်တယ်။ လေ့လာနိုင် စရာ၊ ပြစရာ မရှိတော့ပါဘူး။ ပထမအကြိမ် သာဂရမြို့ကို ကော ဇာက္ကရာဇ် ၁၁၃ခု ( ခရစ်၇၅၁ခု)တည်ပြီး ကောဇာ သက္ကရာဇ် ၂၇၆ခု ( အေဒီ ၉၄၁ခု)မှာ ပျက်တယ်။ ဒီလို ပျက်ရတာကလည်း ထိုင်းအလယ်ပိုင်းက ဒွါရ၀တီက ဖျက် လို့ ဖြစ်တယ်။ တရုတ်မှတ်တမ်း တွေ ကလည်း ဒီလို အဖြစ် အပျက်တွေရှိကြောင်း ဖော်ပြ တယ်။ ခုနှစ်တွေ၊ လူနာမည် တွေ ခဏ ဘေး ဖယ် ထားပြီး စဉ်းစားရင် ဒီဖြစ်ရပ်က စဉ်းစားစရာ အများကြီး ရှိတယ်။

နိုင်ငံခြားသား ပညာရှင်တစ်ဦးက ဆိုတယ်။ ဒီနေ့ ထားဝယ်အပါအဝင် ထင် ရှားတဲ့မြို့ဟောင်း(၅)ခု ရှိတယ်။ ဆင်ဆိပ် မြို့ဟောင်း၊ မုတ္တီးမြို့ဟောင်း၊ ထားဝယ် မြို့ဟောင်း (၃)ခုက ထားဝယ်မြစ်အရှေ့ ဘက်ကမ်းမှာ ရှိတယ်။ သာဂရ မြို့ဟောင်း နဲ့ ဝေဒီမြို့ဟောင်းတွေက ထားဝယ်မြစ် အနောက် ဘက် ကမ်းမှာ ရှိတယ်။ ထားဝယ် မြစ်ကြီးကို အရံ အတား သဘောထားပြီး ရန်သူလာနိုင်တဲ့ ဘက်ကို မြစ်ထားပြီး မြို့တည်ခဲ့ရင် ဒီမြို့တွေကို ဘယ်သူ တည်လဲ တွေးနိုင်တယ်။ မြစ်အနောက်ဘက်ကမ်း မှာရှိတဲ့ သာဂရမြို့ကို တိုက်ဖျက်ပြီး ဒွါရ၀တီ အမတ်ကြီးက ညောင်ခရားမြို့ကို မြစ် အရှေ့ဘက် ကမ်းမှာ တည်ခဲ့တယ်။ အခိုင်မာဆုံး ပြောနိုင်တဲ့ သက်သေက မင်းနှဲ လှတည်တဲ့ ထားဝယ် (သာယာ ၀တီမြို့)ပါ။ ထားဝယ်မြစ် အနောက် ဘက်ကမ်းမှာ ရှိတဲ့ သာဂရမြို့ကနေ ဟံသာဝတီ က လာတိုက်လို့ မြစ်အရှေ့ဘက် ကမ်းမှာ သာယာဝတီမြို့ ကို ကောဇာ သက္ကရာဇ် ၁၁၁၆ (ခရစ် ၁၇၅၄ ခု) မှာ တည်ခဲ့ တယ်။ ဒီလိုဘဲ ညောင်ခရားမြို့ကို ကောဇာ သက္ကရာဇ် ၃၅၇ ခု ( ခရစ် ၉၉၅ ခု)မှာ ဟံသာဝတီ က ဗညားဦးက တိုက်ဖျက်ပြီး သာဂရမှာ ဒုတိယ အကြိမ် မြို့တည် တယ်။ ဝေဒီမြို့ဟောင်းမှာလည်း ရှမ်း (ယိုးဒယား)နဲ့ ဇာတ်လမ်း တွေ ရှိတယ်။

ဒီအဆိုအရဆိုရင် သာဂရမြို့ ကိုတည်တဲ့ လူတွေမှာ အရှေ့ ဘက်က ရန်သူ ရှိတယ်လို့ တွေးနိုင်တယ်။ ဒီမြို့ သား တွေရဲ့ မိတ်ဆွေတွေ၊ ဆွေမျိုးတွေက မြောက်ဘက်က ဖြစ်ဖို့ များတယ်။ သာဂရ မြို့ တည် ရှိတဲ့ ထားဝယ်ကျွန်း ဆွယ်တော့ အနောက်ဘက် ပင်လယ်ပြင်နဲ့ အရှေ့ ဘက် မှာ ထားဝယ်မြစ် ကာ ထားတယ်။ တောင်ဘက်မှာ ပင်လယ်ရှိပြီး၊ မြောက် ဘက်ဆက်စပ် ကုန်းမြေ ရှိပေမယ့် ပေ ၃၀၀၀ ကျော် တောင်တန်း ရှိတယ်။

အစောဆုံး စာပေမှတ်တမ်းဖြစ်တဲ့ ဓမ္မရာဇိကကျောက်စာ (ခရစ် ၁၁၉၆ ခု ထိုး)အရ ပုဂံရဲ့ပိုင်နက်က တောင်ဘက် မှာ ထားဝယ်၊ တနင်္သာရီ သာမက ထိုင်း တောင်ပိုင်း တကွာပါ အထိ ဖြစ်တယ်။

ဒီနေရာမှာ ကျွန်တော်အတွက် အခက် အခဲ ဖြစ်လေ့ရှိ တာက ကျောက်စာတွေ၊ မှတ်တမ်းတွေ မှာ အများအားဖြင့် ထားဝယ် (အခြား ရေးထုံးများ လည်း ရှိပါသေး တယ်) လို့ ဘဲ ဖော်ပြလေ့ရှိပြီး ထားဝယ် မှတ်တမ်းများကြတော့ သာဂရ၊ မုတ္တီး၊ ညောင်ခရား၊ဝေဒီ ဆိုတာမျိုးတွေ ဖြစ်နေ တယ်။ ဒါကြောင့် ထားဝယ်လို့ အခြား မှတ်တမ်းတွေက ဖော်ပြထားရင် ထားဝယ် မှတ်တမ်းအရ ဘယ်မြို့လဲ ဆိုတာ အရင် စဉ်းစားရတယ်။

ပုဂံကျောက်စာအရ ထားဝယ်ဆိုရင် ဘယ်မြို့ဖြစ် မလဲ။ ဓမ္မရာဇိက ကျောက်စာ က ခရစ် ၁၁၉၆ ခု ဖြစ်လို့ ကောဇာ သက္ကရာဇ် ၅၅၈ ခု ဖြစ်တယ်။

ထားဝယ် မှတ်တမ်းတွေအရ ကောဇာသက္ကရာဇ် ၅၁၇ မှာ ပုဂံက အလောင်းစည်သူမင်းက သုခနာဂရံ မြို့ကို တည် တယ်။ ဒီမြို့ရဲ့ မင်းဆက် တွေ မတွေ့ရသလို ပျက်စီးတာ လည်း မတွေ့ရ ဘူး။ ခေတ်ကာလနီး လို့ သုခနာဂရံလို့ ဆိုတဲ့ ပုဂံ ဘုရင်တစ်ပါး တည်တဲ့မြို့ကို နောက်ပုဂံဘုရင် တစ်ပါးက မြို့နာမည်မရေးဘဲ ထားဝယ်လို့ ကျောက်စာထိုး တာ စဉ်းစားစရာပါ။

၁၂ ရာစုထိုး ပုဂံ ကျောက်စာ အရ ထားဝယ်ကို ဖော်ပြ ထားလို့ အနည်း ဆုံးနှစ် ၂၀၀ ရှေ့တိုးနိုင် တယ်။ အနော်ရထာမင်း နာမည်ပါတဲ့ အုတ်ခွက် ဘုရားကို ၂၀၁၂ ခုနှစ်က ရှင်မော်မှာရတယ်။

ကျန်စစ်သားလက်ထက် ထားဝယ်မြို့စား တွေရဲ့ အုတ်ခွက်ဘုရားတွေ မုတ္တီးမှာရ တယ်။

နောက်နှစ် (၂၀၀)တိုးကြည့်ရင် ပျူခေတ်ထဲရောက် တယ်။

ရှေး မှတ်တမ်း တွေအရ တနင်္သာရီပျူ၊ မြို့တော် ထားဝယ် ဆိုတာ ပျူ ၁၂ ပြည်ထောင်မှာ တစ်ခုဖြစ် တယ်။

ရခိုင်မှာရှိတဲ့ ဓည၀တီနဲ့လည်း အပြိုင်လို့ဆိုတယ်။ ဒီမြန်မာ မှတ်တမ်းတွေ အရအနည်းဆုံးခရစ်မပေါ်မှီ (လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ကျော်)ကတည်းက ထားဝယ်ရှိခဲ့တယ်လို့ ဆိုတယ်။ သာဂရ ထက် စော တဲ့ အောင်သာဝတီ၊ ကနက် သီရိ၊ အောင်သာဝရနဲ့ ဘုမ္မိဒေ၀နာဂရ ဆိုတဲ့ မြို့တွေ ရှိပေမယ့် ထားဝယ် မြစ်ဝှမ်း တစ်လျောက် ခရစ်(၅) ရာစု လောက်မှာ အင်အားကြီးမားတဲ့ အုပ်ချုပ်ရေး အင်အားစု တစ်ရပ် ရှိနေပြီ ဆိုတာ ယုံကြည်မိတယ်။

ဆရာမစ်ကီ ဟတ်ရဲ့အဆိုအရ မလေး ကျွန်းဆွယ် အရှေ့ဘက်ကမ်းမှာ ဗုဒ္ဓဘာ သာကို ဦးဆုံး ရောက် ရှိပြီး မလေးကျွန်းဆွယ်အနောက်ခြမ်း(ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်နဲ့ အရှေ့ဖျား နိုင်ငံ တွေ) ရောက်ရှိခဲ့ တယ်။ ဒီမလေးကျွန်း ဆွယ် အနောက်ဘက်ကမ်းရှိ တိုင်းပြည်ကို Sri Sagara Nagara City လို့ ဆရာရဲ့ စာတမ်းမှာ ဖော်ပြ ထား တယ်။ ဗမာလိုရေး ရရင် သီရိသာဂရနာဂရမြို့ တော် ဖြစ်တယ်။ထားဝယ် တွေ ပေါ့ဗျာ ပြောပါတယ်။

အာစီယံယဉ်ကျေးမှုစာတမ်းဖတ်ပွဲမှာ မြန်မာ ပြည် က ဆရာမစ်ကီဟတ်နဲ့ဆရာကြီး ဦးစံဝင်းကို ဖိတ်ပါတယ်။ ဒီစာတမ်း ဖတ်ပွဲ မှာ ဆရာ မစ်ကီဟတ် ကGateway of Gautama Buddhism to Southeast Asia Peninsula ခေါင်းစဉ်နဲ့ဖတ်တယ်။ ဒီစာတမ်းမှာ အထက် ပါ အတိုင်း ဖော်ပြ ထားတယ်။

သာဂရမြို့ဟောင်းကို သက်တမ်း သတ်မှတ်တဲ့အခါ အများထင်တဲ့ ၈ ရာစု အေဒီ ဆိုတာထက် အများကြီး ရှေးကျတယ် ဆိုတာ ထင်ရှားပါတယ်။


0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်