မန်ရှု

မန်ရှုကျမ်းနှင့် ကျမ်းပြုသူတို့၏ အစဆွဲထုတ်မိရာဝယ်။

သမိုင်း ရေးသားပြုစုရာတွင် ကျမ်းကိုး ပြုအပ်ခြင်း၊ မပြုအပ်ခြင်း နှင့်ပတ်သတ်၍ သမိုင်းပညာရှင်များ လိုက်နာကျင့်သုံးကြသော ပညာရပ်ဆိုင်ရာ စံသဘောရှိပါ သည်။ ကျမ်းကိုးပြုစုရာ၌ မိမိပြုစု သော သမိုင်းခေတ်နှင့် ဆိုင်ရာခေတ်ပြိုင်လည်းဖြစ် ၊ ကိုယ်တွေ့ လည်းဖြစ်သော ( ဝါ ) တဆင့်ကြားလည်းမဟုတ်သော မူရင်းမှတ်တမ်းများ ၊ မူရင်း အထောက်အထားများ စသည်တို့ကို သာ အသုံးပြု ကျမ်းကိုးလေ့ ရှိပါသည်။ တဆင့်ကြား မှတ်တမ်းများ နောက် ရေးသမိုင်းများ ၊ဆင့်ထိုး နောက်ထိုး စာများသည် အလိုအပိုမကင်း တတ်၍ ကျမ်းကိုးပြုရန် စိတ်မချရ ယုံကြည် ကိုးစားမရ ဟုဆိုကြပါသည်။ ဥပမာ ဦးကုလား မဟာရာဇဝင် တော်ကြီး၊ မှန်နန်းရာဇဝင် အစရှိသော ရှေးဗမာ မှတ်တမ်းများနှင့် ရှေးဗမာ နောက်ထိုး၊ ဆင့်ထိုး ၊ စပ်ထိုး ကျောက်စာစသည်တို့ကို အချို့သော ပညာရှင်များ မှ မြန်မာ့သမိုင်းကို ပြုစုရာတွင် ပစ်ပယ် ဖယ်ထုတ်လေ့ ရှိပါသည်။
( G.H.Luce,Geography of Burma , JBRS , XL|| ,i, pp.33 ) မြန်မာအစ ကျောက်ဆည် ဟူသော စာတမ်းကို ရေးသားပြုစုခဲ့သူ ပါမောက္ခ လု့စ်သည် တရုတ်မန်ရှု ကျမ်းကို အဓိက ( Main Source ) အဖြစ် သုံးစွဲကျမ်းကိုးပြုခဲ့ ကြောင်း ဝန်ခံထားပါသည် ။ (G.H.Luce,Old Kyaukse , JBRS , XL|| ,i, pp.76 ) အခြားသော အိန္ဒိယ၊ ပါရှန်၊ အာဖဂန်၊ ရခိုင်၊ ဗမာနှင့် တရုတ်ခေတ်ပြိုင်မှတ်စု မှတ်တမ်း၊ အထောက် အထား များ ကိုအဓိကမထား ၊ အလေးမမူခဲ့ပေ။ လု့စ် အနေနဲ့ ထိုသို့ တစ်အုပ်တည်း တစ်ကျမ်းတည်းကို အဓိက ထား၍ သုံးစွဲကျမ်းကိုး ပြုရလောက်အောင် မန်ရှုမှတ်တမ်း အနေနှင့် အခြားသော ခေတ်ပြိုင်မှတ်တမ်းများ ၊ကျောက်စာ အထောက်အထားများ ထက်မည်မျှပိုမို ခိုင်လုံစိတ်ချရပါသနည်း။ ခေတ်ပြိုင် အခြားသော တရုတ် မင်းဆက် မှတ်တမ်းများကို ဘေးဖယ်ထားရ လောက် အောင် ယင်းမန်ရှုမှတ်တမ်းသည် ကျမ်း ကိုးပြုအပ်သော စံသဘောနှင့် မည်မျှညီညွတ် လျှော်ကန် သင့်မြတ်မှုရှိနေပါ သနည်း။ မန်ရှုမှတ်တမ်းသည် မြန်မာ့သမိုင်း ကို ပြုစုရာတွင် အမှန်တကယ် ကျမ်းကိုးပြု ထိုက်သော စာမူမှတ်တမ်း အဆင့် တွင် ရှိပါ၏လောဟု စစ်ဆေးအကဲဖြတ်ရန် လိုအပ်ပေသည်။

၁။ စိတ်မှန်းဖြင့်ပြုပြင်ဖြည့်စွက်ထားသော မန်ရှုမိတ္တူပျက် မူကွဲ။

တရုတ်စစ်သူကြီး ဖန်ချော ပြုစုခဲ့သော မန်ရှုမူလ စာမူသည် အေဒီ ၁၅ ရာစု မင်မင်းဆက် ခေတ်ဦး ၌ လုံးချင်းစာအုပ် အဖြစ်မှ ပျောက်ဆုံးသွားခဲ့ကြောင်း ၊ အေဒီ ၁၈ ရာစု တရုတ်အရာရှိတို့ သည် ခေါင်းစဉ်ကွဲ အမျိုးမျိုးအောက် ဟိုတစ်စ သည်တစ်စ တကွဲ တပြား ရောက်ရှိနေသော မန်ရှုစာသား ကောက်နှုတ်ချက်များ အပိုင်းပိုင်း အစစတို့ကို ပြန်လည်ရှာဖွေ စုဆောင်းခဲ့ကြ ရကြောင်း ၊ ခေါင်းစဉ်အမျိုးမျိုးအောက်ရောက်နေသော မန်ရှုစာသား အစအနများ ( fragment ) ရှာဖွေစုစည်း ပြီး၊ မူလမှတ်တမ်းပုံ တည်းဖြတ်သူ တရုတ်အရာရှိတို့၏ စိတ်မှန်းဖြင့် အခန်း(၁၀) ခန်း ဖြစ်အောင် ပြန်လည်ပိုင်းခြား မှတ်တမ်းတင်ထားကြောင်း သိရပါသည်။( Man Shu , Introduction ) တဖန် အေဒီ ၁၇၇၄ တွင် ယင်းမန်စု ပြန်စုစာမူကို လိုတိုးပိုလျော့ ပြင်ချင်သလို ပြန်ပြင်နိုင်သော ၊ အပြောင်းအလဲ လုပ်ချင်သလို လုပ်နိုင်သော ပုံစံမျိုးဖြင့် ၁၈ ရာစု အယ်ဒီတာ တို့ တည်းဖြတ်ပြုပြင် ပြင်ဆင် ရေးသား ခဲ့ကြကြောင်း ၊ ယင်းတည်း ဖြတ်ပြုပြင်စာမူကို ထပ်မံ၍ တည်းဖြတ်ပြုပြင်မှုများ လုပ်ထားသော မူကွဲစာမူအမျိုးမျိုး ပုံနှိပ်ထုတ်ဝေခြင်းပေါင်းစုံ အများအပြား လုပ်ဆောင်ခဲ့ ကြကြောင်းကို မန်ရှုအင်္ဂလိပ် ဘာသာပြန်စာမူပါ လု့စ်၏ နိဒါန်းစကားတွင် ဖော်ပြထားပါ သည်။( Man Shu , pp.2,Preface by the 18th Editors ) ယုန်လိုခေတ်ဦး မဟာစာစုကြီးစာအုပ်တွင် မန်ရှုမိတ္တူကို ထည့်သွင်းထားသော်လည်း စာကြောင်းများ စာလုံးအက္ခရာများ မှာ အများအားဖြင့် စုတ်ပြတ်ပွန်းပဲ့ နေ၍ ဖတ်ရှုရန်မဖြစ်နိုင်တော့ ကြောင်း၊ နှိင်းယှဉ် တိုက်ဖတ် စရာ အခြားပုံနှိပ် စာအုပ်များလည်း မရှိကြောင်း ၊ နားမ လည်သော စာသား၊ စာပိုဒ်များကို မဖြုတ်ချင်ပဲ ဖြုတ်ပယ် ထားခဲ့ ရကြောင်း၊ ထန်မင်းဆက် မှတိတမ်းသစ်နှင့် အခြား စာအုပ်များပါ ကောက်နှုတ်ချက် တို့ကို ဖတ်ရှုစစ်ဆေး၍ အမှားများနှင့် လွဲချော် မှုများကို မိမိတို့ အမှားပြင် ဆင်ချင် လုပ်ထားကြောင်း ၊အမှား ပြင်ဆင်ချက်အတိုင်း၌ မိမိတို့ ဝေဖန်ရှင်းလင်းချက်များ ထည့်ထား ကြောင်း ယင်းအမှား တို့အစား မိမိတို့ စိတ်ထင် သင့်တင့်ရာ စာလုံးတို့ကို ပြောင်း လဲ ရေးထားကြောင်း ကို အေဒီ ၁၈ ရာစု တရုတ်အယ်ဒီတာအဖွဲ့၏ အမှာစာတွင် ဖော်ပြထား ပါသည်။ ( Man Shu ,pp.26,42,51,77) ယင်းသို့ လျှင် နဂိုမူလ မန်ရှုစာမူနှင့် မတူတော့သော ယိုယွင်း ချွတ်ချော် နေ သော အဖာတစ်ရာ အပေါက်တစ်ရာ ဘဝရောက်နေသော မှန်းပြင် နောက်ရေး၊ မိတ္တူပျက်၊ စာမူအခြေအနေ ညံ့ဖျင်း စိတ်မချရသော အဆင့်မှာသာ ရှိကြောင်း ၊ ယင်းမှန်းပြင် နောက်ရေး မိတ္တူပျက် စာမူအဆင့် တွင်မရပ်သေးပဲ မူကွဲအမျိုးမျိုးကွဲပြားလျက် ရှိကြောင်း ထင်ရှားစွာ တွေ့ရပါသည်။ မည်သည့် မူကွဲ အမှန်ဟု ယူဆရန် မဖြစ်နိုင်သော အခြေအနေတွင် ရောက် ရှိနေပါသည်။ မန်ရှုအင်္ဂလိပ် ဘာသာပြန် နိဒါန်းတွင် အေဒီ ၁၇၄၄ ခုနှစ် မှန်းပြင် နောက်ရေးမိတ္တူပျက် စာမူ၏ မူကွဲများ အနက် မူကွဲတစ်စောင်ကို အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း ပါမောက္ခ လု့စ်ကိုယ်တိုင် ဝန်ခံထား ပါသည်။( Man Shu , introduction ) ၁၉၅၇ ခုနှစ်၊ မြန်မာနိုင်ငံ တွင် မြန်မာအစ ကျောက်ဆည် စာတမ်း ဖတ်သော အချိန်ကမူ သူအသုံးပြုသော မန်ရှုစာမူသည် မူလမန်ရှုစာမူ မိတ္တူအမှန် မဟုတ် ၊ စိတ်မချရသော ၁၈ ရာစု မှန်းပြင် နောက်ရေး မိတ္တူ ပျက် စာမူ မူကွဲတစ်စောင်မျှသာ ဖြစ်ကြောင်း ကို အသိပေး ခြင်းမပြုပဲ ဖုံးကွယ်ထားခဲ့ပေသည်။( G.H.Luce,Old Kyaukse , JBRS , XL|| ,i, pp.57-109 )

၂။ထင်ရှားစွာချွတ်ချော် တိမ်းစောင်းနေသော မန်ရှုမိတ္တူ ပျက်။

ပထမ ကိုးကားသော တည်းဖြတ်မူကွဲ ( Chien-hsi-t'sun-she-ts'ung K'o edition ) ကို သုံးစွဲ ပြန်ဆို ထားသည်မှာဒုတိယ ကမ္ဘာစစ်အတွင်း ပျောက်ဆုံး သွားကြောင်း စစ်ပြီးခေတ်တွင် မြန်မာ့သမိုင်းကော်မရှင်မှ တရုတ်စာတော်ဖတ် ဦးရည်စိန်နှင့် အတူ ( Shu-Chen Studio of Yan Wen(Yun-Shih ) of Hai-ning ) တည်းဖြတ်မူကွဲကို အသုံးပြု၍ပြန်ဆိုကြောင်း ၊ ယင်းမူကွဲ နှစ်စောင်လုံးသည် ရှေ့နောက်မညီပဲ ထင်ရှားစွာ ချွတ်ချော် မှားယွင်းလျက် ရှိကြောင်း ဟု ဒုတိယအကြိမ် အင်္ဂလိပ် ဘာသာပြန် နိဒါန်းအမှာ နှင့် သူ၏ ( Geography of Burma Under the Pagan Dynasty) စာတမ်း တွင် ( G.H.Luce,Geography of Burma , JBRS , XL|| ,i, pp.33 ) ပါမောက္ခ လု့စ်ဝန်ခံထားပါသည်။ ၁၈ ရာစု မန်ရှု ပြန်စာမူနှင့် ပတ်သတ်၍ ပညာရှင်တို့၏ ပထမဦးဆုံး အလုပ်သည် နဂိုစာမူအတိုင်း ပြန်ဖြစ်ရန် ထန်မှတ်တမ်း၊မင်မင်းဆက် မတိုင်မီ အခြားသော တရုတ် မှတ်တမ်းတို့ ပါမန်ရှု ကောက်နှုတ် ချက်များ နှင့် တိုက်ဆိုင် စစ်ဆေးတည်းဖြတ်ရမည် ဖြစ်ကြောင်း ၊ တရုတ်မှတ်တမ်း များ အစုံအလင် မရှိခြင်းကြောင့် သူ့အနေနှင့် မန်ရှုကို ယေဘုယျ ကျကျ တည်းဖြတ်သုတ်သင်မှု မပြုနိုင်ပဲ မန်ရှု ကိုနဂိုအတိုင်း ပြန်ဖြစ်အောင်မစွမ်းဆောင်နိုင်ခဲ့ကြောင်း အင်္ဂလိပ် ဘာသာပြန်နိဒါန်းအမှာတွင် ရေးသားခဲ့ပါသည်။ ( Man Shu , Introduction ) သူကိုးကားခဲ့သော မန်ရှုတွင် လော့ နှင့် စော့ သည် နှစ်မြို့လား လော့ဆော့ နယ်မှ မြို့နှစ်မြို့ လားမကွဲပြား ၍ ချွတ်ချော်မှုများရှိနေရာ အမေရိကန် တက္က သိုလ် ကော်နဲးလ် တွင် ပါမောက္ခ လု့စ် ဝန်မခံပဲ နေလို့မသော အဖြစ်မျိုး ကြုံခဲ့ ပါသည်။ ထို့ပြင် ကောလော်ဖန်ကို သူတစ်ပါး၏ သမီးဖြစ်သူနှင့် ပေးစား သည်ကို အမေ ( သူတစ်ပါး၏ ဇနီး ) နှင့်ပေးစားသည် ဟု လွဲ lမှားခြင်း ( Man Shu pp.23,7th pg ) ၊ လန်ချိအွန်စော နယ်မှ Wang Pien ၏သား Pien-lo-li နှင့် မြေး Lu Chen နှစ်ဦးကို Lo-Li-Chun ဟုတစ်ဦးတည်းအဖြစ် မှားယွင်း ရေးသား ခြင်း ( Man Shu ,pp23,3rd pg )၊ ယူနန်မှ ထင်ရှားလှသော နန်စောမင်း ဆက် ကိုဖော်ပြရာ၌ ဖီလော်ကော်မင်း မပါပဲ ကျန်နေခြင်း ( Man Shu . pp .26,1st and 2 nd pg ) တရုတ်တို့က ဤစာမူသည် ချွတ်ချော်သည် ဟု မှတ်ချက်ပေးခြင်း ၊ အနီရောင်သားရည် စစ်ခမောက်နှင့် တောက်ပသော စစ်ခမောက်ကို မှားယွင်းစွာ ရေးခြင်း ( Man Shu , pp.82 ) ၊ ခန့်အပ်စာလွှာ ဟူသော အဓိပ္ပါယ်ကို ဖွင့်လစ်သည်ဟု နေရာတကာ တွင်လွဲမှားစွာ ရေးခြင်း ( Man Shu pp.96 ) ၊ ( Chiao- Chou ) မြို့ကြီးကို ဝန်း ရံပိတ်ဆို့သည်ကို ယင်းမြို့ကြီးနှင့် နန်စော တို့ အဆက်အသွယ် ရှိသည်ဟု မှားရေးခြင်း ( Man Shu , pp.38 ) ၊ ယူနန်နယ်ခြားမှ နန်စော ယန်ကျူမိအယ် မြို့ကြီးသို့ အကွာအဝေး လီပေါင်း ၁၀၆၉ ဖြစ်လိုက် လီပေါင်း ၁၀၅၉ ဖြစ်လိုက် ကွဲလွဲမှားယွင်းခြင်း ( Man Shu , pp.8) ၊ စသည်ဖြင့် အကျပေါက်ပေါင်း ရာချီ၍ ပါရှိနေပါသည် ။ အဆိုပါ ချွတ်ချော်မှားယွင်းမှုများ နှင့် လု့စ် ကိုယ်တိုင် ဝန်ခံမှုတို့ကြောင့် ဤမန်ရှုမိတ္တူပျက် အပေါ် ပါမောက္ခ လု့စ်ကိုယ်တိုင် စိတ်မချမှု၊ မယုံခံစားမှု၊ ချွတ်ချော် ပျက်ယွင်းနေ ကြောင်းသိရှိမှု ၊ ပြည့်စုံ မှန်ကန်အောင်လည်း ကိုယ်တိုင် မစွမ်းဆောင်နိုင်ခဲ့မှု ၊ နောက်ဆုံး တည်းဖြတ် ၍ပင် မပြီးသေး ကြောင်း တွေ့ရပါသည်။ ဤသို့ဖြင့် မြန်မာ လူမျိုးတို့ အတွက် အရေးကြီးလှသော မြန်မာ့သမိုင်းကို ပြုစုရန်ဤ ကျမ်းမျိုး ကိုကိုးကား ခဲ့ခြင်းမှာ အံ့သြဖွယ် ကောင်းလှပေသည် ။

၃။ မူလအခြေအနေသို့ ပြန်မရောက်သော ၁၈- ရာစု မန်ရှု မိတ္တူ ပျက်။

အေဒီ ၁၈ ရာစု မှန်းပြင် နောက်ရေး မန်ရှုမိတ္တူ ပျက် တွင် အက္ခရာ များ မှားယွင်းရေသား ခြင်းများနှင့် လူအမည်၊ မြို့အမည်၊ တောင်တန်းအမည်၊ ဒေသအမည် ၊မြစ်ဝှမ်း အမည် စသည်တို့၌ အဓိပ္ပါယ်ပျက်လောက်အောင် မှားယွင်းခြင်း ( Man Shu , pp.5,17,24,33,34, 35,36,37,38,42,43,44,45, 46,51,58,69,70, 82,83,87,91,95,98,99.)များ၊ အချက်အလက် မှားယွင်းခြင်းများ ၊အရေအတွက်မှားယွင်းခြင်း များ ( Man Shu , pp.7,8) များ၊ စာသား ကျကျန်မှုများကို စိတ်ထင် ဖြင့်သော်လည်းကောင်း၊ အခြားမှတ်တမ်း များပါ ကောက်နှုတ်ချက်တို့ဖြင့်သော် လည်းကောင်း ပြင်ဆင် ဖြည့်စွက် ခြင်း( Man Shu , pp.23,24,28,35,38,41, 42,43,77, 84,87,93,95,105) များ ၊ မဆိုင်ပဲ အဆက် အစပ်မဲ့ စာသား စာပိုဒ်အပိုများ ပါရှိခြင်း၊ နေရာလွဲမှားပါ ရှိခြင်း ( Man Shu , pp. 5, 9,36,51,58,68,80,94, ) များ၊ အဓိပ္ပါယ် မသဲကွဲဝေဝါးခြင်း ( Man Shu , pp.10,39,83,84,92,99 ) စသည်ဖြင့် အမှားအယွင်း အကျအပေါက်များ အလျှံပယ်ပါရှိနေပါသည်။ မန်ရှု အင်္ဂ လိပ်ဘာသာပြန်စာမူ စာသား စာမျက်နှာ ပေါင်း ၈၀ တွင် အမှားပြင်ဆင်ချက်၊ ဖြည့်စွက်ချက်ပေါင်း တစ်ရာကျော်ပါရှိ သည်။ တဆင့်ကြား မန်ရှုကျမ်းမူရင်းလည်းမရှိတော့၊ အခြားဖတ် ရန် မန်ရှုမိတ္တူ မှန်များလည်းမရှိတော့၊ ရှိသည့် မိတ္တူမှာလည်း စာလုံးစာသားများ ဖတ်မရ လောက်အောင် နွမ်းရိစုတ်ပြဲ နေသောကြောင့် ဖြစ်ပါသည်။ အခြား တရုတ် မှတ်တမ်းနှင့် ထန် မင်းဆက် မှတ်တမ်းသစ်ပါ မန်ရှုဖော်ပြ ချက်တို့ မှာလည်း အမှား မကင်းပါ ။ သို့ဖြစ်၍ အမှားမကင်း သော ကောက်နှုတ်စာ အချင်း ချင်းတိုက်ဆိုင်စစ်ဆေး အမှားပြင်ဆင်ချက် ၊ စာကျကျန် နေရာ ဖြည့်စွက်ချက်၊ မှန်ဆရေးသားချက်အချို့စာကျ ကျန်သည့် နေရာများတွင် ဘာဖြည့်ရမည် မသိ ၍ ကွက်လပ်များအဖြစ်သာ ရှိလျှက် စသည်များဖြင့် ဤစာမူမှာ ယုံကြည်စိတ်ချရသော အဆင့် အတန်းတွင် မရှိပေ ။ မည်သည်က မှန်၍ မည်သည်က မှားသည်ကို မည်သည့် မူရင်းနှင့် တိုက်ဆိုင်စစ်ဆေးရမည် ကို မသိနိုင်ပေ။ ထို့ပြင် ပျူနိုင်ငံအကြောင်း တဆင့်ကြား ဖော်ပြချက်တွင် စာကျကျန်သည် မကျန်သည် ကူးရင်းမှား သည် မမှားသည် စိစစ်နိုင်ချေ မရှိပါ။ ( Man Shu , pp.90,91) မန်ရှုတွင် တရုတ်ပိုင် နက်ဖြစ်သော အမ်းနမ် ( ဟနွိုင်း ) သို့ နန်စောသံအဖွဲ့ရောက် သော ခုနှစ် ကျဲန်ယွဲန် ၉ နှစ်ကို ကျဲန်ယွဲန် ၁၀ နှစ် ဟုရေးသား ထားသည်ကို တည်းဖြတ်သူ ပီကင်း တက္ကသိုလ်ပါမောက္ခ Hsiang Ta မမြင်ခဲ့ကြောင်း ဆရာ ဦးရည်စိန်၏ ပျူခေတ် မြန်မာနိုင်ငံ၏ နိုင်ငံခြားဆက်ဆံရေးစာတမ်းတွင် ဖော်ပြထားပါ သည်။ ( ဦးရည်စိန်၊ ပျူနိုင်ငံခြားဆက်ဆံရေး ) သို့ဖြစ်ပါ၍ မှန်းပြင် နောက်ရေး မိတ္တူပျက် စာတမ်း နှင့် မြန်မာနိုင်ငံ ၏ အရေးကြီး သမိုင်း တရပ်အပေါ် ဆယ်စုနှစ်ပေါင်းများစွာ လွှမ်းမိုးထားသည် မှာဖြင့် သဘာဝ မကျလှပေ။

၎။ မပြည့်စုံ၊ မပြီးစီးသေးသော ဝါ့ခ်ခင်းပေပါ။

၁၈ ရာစု မှန်းပြင် နောက်ရေး မန်ရှုမိတ္တူပျက်၏ အင်္ဂလိပ် ဘာသာပြန် စာမူကို တည်းဖြတ်ပေးသူ ဆရာကြီး Giok-Po Oey အနေနှင့် လည်း အမှာစကားဦး၌ " ဤစာမူ၏ အဓိက တာဝန်ရှိသူ ပါမောက္ခ လု့စ်ကိုယ်တိုင်သည်လည်း ဤမန်ရှုပြန် စာမူကို ပြီးပြည့်စုံသော စာမူဟုမယူဆကြောင်း ၊ ဤစာမူ ပါအ ကြောင်းအရာ ၌ စိတ်ဝင်စားသော ပညာရှင် တို့အတွက် ဤစာမူ ကို လုပ်ကိုင်ဆောင်ရွက်နေဆဲ ( မပြီးပြတ်သေးသော ) စာမူ ( a working paper ) အဖြစ် ရည်ရွယ်ရုံထက် ဘာမှမပိုပါကြောင်း " ဟု ဖော်ပြရေးသားထားခဲ့ပါသည်။ ပါမောက္ခ လု့စ်သည် ၁၉၅၇ ခုနှစ် မြန်မာနိုင် ငံသုတေသနအသင်း စာတမ်းဖတ်ပွဲ၌ မြန်မာအစ ကျောက်ဆည် ဟူသော သမိုင်းအယူအဆ အသစ်ကို တီထွင်ဖတ်ကြားရာ၌ သူ့ စာတမ်း၏ အဓိက ကျမ်းကိုး အဖြစ် ၁၈ ရာစု မှန်းပြင် နောက်ရေး မန်ရှုမိတ္တူ ပျက် ကိုကျမ်းကိုးပြုခဲ့သော်လည်း ၁၉၆၁ ခုနှစ် အမေရိ ကန် ကော်နဲးလ် တက္ကသိုလ်နှင့် ဆက်ဆံပြောဆိုရသော အခါ ယင်း ၁၈ ရာစု မှန်းပြင် နောက်ရေး မန်ရှုမိတ္တူပျက် သည် ဝေခါ့ခ်ခင်းပေပါထက် မပိုကြောင်း လေသံပြောင်း သွား သည်ကို တွေ့ရပါသည်။

၅။ မန်ရှုနဂိုမူရင်းမှတ်တမ်းသည် တစ်ဆင့်ကြား၏ တစ်ဆင့်ကြား စာစု။

အေဒီ ၁၅ ရာစုတွင် ပျောက်ဆုံးသွား သော မန်ရှုနဂိုမူလ စာမူ ( Original book ) ကိုယ်တိုင် ပင် တစ်ဆင့်ကြား၏ တစ်ဆင့်ကြား စကားများကို စုဝေး ဖော်ပြထားသော အမှားပြွမ်းသည့် စာစုပင် ဖြစ်ပေသည်။ ယင်းမန်ရှုမှတ်တမ်းကို တရုတ်အရာရှိတစ်ဦး ( လင့်နန် အနောက်ပိုင်း၊ တုံကင်းနယ် ၊ တရုတ်ဘုရင်ခံ၏ အတွင်း ရေးမှူးတစ်ဦးဖြစ်သော ဖန်ချော ပြုစုရေးသားခဲ့ပါသည်။ ။ ( Man Shu , Introduction, and Preface by the 18th Century Editors ) သူသည် အေဒီ ၈၆၂-၈၆၃ အမ်နန်း ( ဟနွိုင် ) မြို့စစ် ပွဲတွင် လက်၌ မြှားဒဏ်ရာရပြီး၊ အသက်မသေ ထွက်ပြေးလွတ် မြောက်ခဲ့သည် ။ ( Man Shu ,pp.41 ) ယင်းအန်းနန်မြို့စစ်ပွဲတွင် နန်စောတို့ အနိုင်ရရှိခဲ့ပြီး မြို့ကို သိမ်းပိုက်ခဲ့ပါသည်။ ယင်းစစ်ပွဲ များ အပြီး တစ်နှစ်ခွဲခန့် အကြာ အေဒီ ၈၆၄ ခုနှစ် ဇူလိုင်လ (၈) ရက်နှင့် ၊ သြဂုတ်လ (၅) ရက်အတွင်း ဖန်ချော သည် အမ်းနန် နယ်ရှိလူမျိုးစု အကြီးအကဲ ပေါင်းစုံတို့အား မေးခွန်းများ ပေးဝေပြီး ထိုသူတို့ထံမှ ဖြေကြားချက်များဖြင့် အခန်း (၁၀) ခန်းပါ ရှိသော အရိုင်းလူမျိုးစုများ မှတ်တမ်း ( Record of The Man ) ပြု စုခဲ့ပါသည် ။( Man Shu , pp.99) နန်စောတို့ကို လက်တုန့်ပြန် တိုက်ခိုက်ရန် အတွက် ယင်းမှတ်တမ်းကို တရုတ် ဘုရင်ထံပေး ပို့ ခဲ့ပါ သည် ။ ( Man Shu , pp.8.107) ထို့ပြင် ဖန်ချော အနေနှင့် မြန်မာပြည် နယ်စပ်သို့ ရောက်ဖူးကြောင်း မည်သည့်အထောက် အထားမှ မရှိကြောင်း လည်း ပါမောက္ခ လု့စ်မှ ဝန်ခံထားပါသည်။ ( Man Shu , Introduction ) ဖန်ချောသည် Laing K'o ထံမှ ထပ်ဆင့် ကြားသိရခြင်း ဟုမှားယွင်း ဆိုသေးသည်။ ( Man Shu , Introduction ) သို့သော်ဖန်ချော ကမူ ယင်း Laing K'o သည် နန်စော ဘက်သားရန်သူအဖြစ် တရုတ်တို့ကိုဆန့်ကျင်လျက် အမ်းနန် စစ်ပွဲတွင်ပါဝင်နေ ကြောင်း ( Man Shu , pp.39 ) နှင့် ၎င်း မေးမြန်းခဲ့ ပုံကို အတိအလင်း ဖော်ပြထား ပြီးဖြစ်ပါသည်။ ဖန်ချောသို့ ယင်း အန်းနန် လူမျိုးစု အကြီးအကဲတို့ ပြောပြချက် များတွင် ချင်းတွင်းမြစ်( မီနော့ ) သည် မိချဲန် နိုင်ငံ ( မွန်နိုင်ငံ ) ဖြတ်သန်း၍ အရှေ့ဘက်သို့ စီးဆင်းကာ တောင်ဘက်၌ ပင်လယ်အတွင်းသို့ စီးဝင်သွားသည်။ ( Man Shu , pp.20) မိချဲန်နိုင်ငံကို ယုန်ချဲန်နယ်၏ အနောက်တောင် ဘက် ( Man Shu , pp.90)၊ပျူနိုင်ငံကို ယုန်ချဲန်နယ် ၏ တောင်ဘက် ( Man Shu , pp.90) ဟုလည်း ကောင်း၊ မှတ်တမ်းတစ်နေရာတွင် မီနော နိုင်ငံ နှင့် မိချဲန် နိုင်ငံတို့ သည် ပင်လယ်နှင့် နယ်နိမိတ်ဖြစ်သည် ။( Man Shu , pp.90) တဖန် Hsiao Po-lo-men မဏိပူရနိုင်ငံနှင့် မိချဲန်နိုင်ငံတို့ နယ်နိမိတ်ချင်း ထိစပ်နေကြသည်။( Man Shu , pp.92) ဟုလည်းကောင်း ယူနန်နယ်မှ မြစ်တစ်မြစ် ကို နာမည် ကြီး ထီးအန်ရေကန်ကြီး ( Man Shu , pp.19) ဟူ၍ လည်းကောင်း၊ ယူနန်နယ်၏ တောင်ပိုင်းရှိ နဂါးအမြီး Lung Wei မြို့တော်မှ ၁၀ စခန်းအကွာရှိ Put-tan ပုတန်မြို့၏ တောင်ဘက်ရှိ ယင်းရှအန် Ying-Shen မြို့တော်တောင်ဘက်၌ ပင်လယ်နှင့်ထိစပ်နေသော မဏိပူရ - အာသံဗြဟ္မဏ နိုင်ငံများ လည်းရှိသည်ဟု လည်းကောင်း ( Man Shu , pp.60,61) လွယ်ကူ ထင်ရှားသော ပထဝီဝင် အနေအထားတို့ကို အမှားမှား အယွင်းယွင်း ဖော်ပြထားပါသည် ။ တဖန် ယူနန်နယ်မှ ထင်ရှား သော စောနယ်(၈)နယ် ဟုဆိုသော်လည်း မန်ရှုတွင်စောနယ် ခြောက်ခု နာမည်သာပါပြီး ကျန်နယ် နှစ်နယ် ၏အမည် မပါပဲ ကျန်နေပါသည် ။ ( Man Shu , pp.23,26) တိုင်းခြောက်တိုင်း ဆိုပြီ ငါးတိုင်းသာ ဖော်ပြ ထားသည် ။( Man Shu , pp.51) ကော်လောဖန်ကို တပါးသူ၏ သမီးနှင့် ပေးစားသည်ကို တပါးသူ၏ ဇနီးနှင့် ပေးစားသည်ဟု မှားပါသည် ။နန်စောတို့သည် အေဒီ ၈၆၃ ၌ Chiao-Cho မြို့ကြီးကို ဝန်းရံပိတ်ဆို့ မှုပြုသည်ကို ယင်းမြို့ကြီးနှင့် အဆက်အသွယ် ရှိသည်ဟု လွဲမှားပါသည်။ ထို့ကြောင့် ဖန်ချောသည် နန်စောနိုင်ငံနှင့် ပျူနိုင်ငံ ကိုယ်တိုင် ရောက်ခဲ့ဖူးခြင်း မရှိသော တဆင့်ကြား မှတ်စု သမား ဖြစ်သည်။ ဖန်ချော ပေးဝေသော မေးခွန်းများကို ဖြေကြားသော အမ်းနန် ( ဟနွိုင်) နယ်သား လူမျိုးစု အကြီး အကဲတို့သည်လည်း နန်စော နိုင်ငံ ပျူနိုင်ငံ တို့ ကို ကိုယ်တိုင်ကိုယ်ကျ မရောက်ဖူးပဲ တဆင့်ကြားသိထားသော တစ်ဆင့်ကြား စကားတို့ကို ဖန်ချော သို့ တစ်ဆင့်ပြန်လည် ဖောက်သည်ချထားခြင်း ဖြစ်ပြီး အမှားအမှန် စိစစ်ထားခြင်း မရှိသော မန်ရှုကျမ်းဆိုသည်ကား Secondary မကပဲ Tertiary မက အောင်ကိုပင် ညံ့ဖျင်းမှားယွင်း လျက် ရှိပါ သည် ။ ထို့ကြောင့် ဖန်ချော၏ မန်ရှုမှတ်တမ်း ဟူသည် ပါမောက္ခ လု့စ် ရှုတ်ချပစ်ပယ်လေ့ရှိသော ရှေးဗမာ နောက်ထိုး၊ ဆင့်ထိုး၊ စပ်ထိုး ကျောက်စာ၊ နောက်ရေး ရာဇဝင်တို့ထက် တစ်စုံတရာ သာလွန်ကောင်းမွန် ခြင်းမရှိပဲ လွယ်ကူလှသော ပထဝီ၊ မြစ်ချောင်း၊ ပင်လယ်၊ နိုင်ငံ နေရာ တို့ကိုပင် တက်တက်စင် မှားယွင်းနေ၍၊ ကိုယ်တွေ့မသိ၊ မမှီလိုက်သော ပိုမိုရှုပ်ထွေး သမိုင်းဆိုင်ရာ အချက်အလက် တို့ဆိုလျှင် ပို၍ပင်ယုံစား၊ စိတ်ချဖွယ်ရာမရှိ ညံ့ဖျင်းလှသော တစ်ဆင့်ကြား၏ တဆင့်ကြား ဖောက်သည်ချ မှတ်စုစာမူ အဆင့်သာရှိကြောင်း တွေ့မြင်ရပါသည်။

၆။ နန်စော-ပျူ အခင်း ဖြစ်ချိန်ထက် နောက်ကျသော နောက်ရေး မန်ရှုမှတ်တမ်း ။

မန်ရှုမှတ်တမ်း ကိုတဆင့်ကြား ၏ တဆင့်ကြားတို့ဖြင့် ဖန်ချော ရေးသား ချိန် အေဒီ ၈၆၄ ခုနှစ်သည် နန်စောပျူ အခင်းဖြစ်ပွား ချိန် အေဒီ၈၃၂ နှင့် ခေတ်ပြိုင်မဟုတ်ပဲ ၊ နှစ် ၃၀ ကျော် နောက်ကျလျှက် ရှိနေပါ သည် ။ ယင်းသို့ နှစ် ၃၀ ကျော် ကွာဟကျော် လွန်ပြီးမှ နန်စော-ပျူ အခင်း ဖြစ်ပွားမှုကို ကိုယ်တိုင် မသိ၊ မမီ ၊ မကြုံတွေ့ခဲ့သော ဖန်ချောသည် သူကဲ့သို့ပင် ကိုယ်တိုင်သိမီ ကြုံတွေ့ခြင်းမရှိ သော အမ်းနန် ( ဟနွိုင် ) လူမျိုးစု အကြီးအကဲ တို့ထံမှ တဆင့်ကြား ဖောက်သည်ချ စကားများကို သုံးစွဲ၍ နောက်ရေးမှတ်တမ်း ရေးခြင်းမျှ ဖြစ်ရာ ပါရှိသော အချက်အလက်တို့သည် တိကျသေချာ မှန်ကန်သည်ဟု ယုံကြည် ရသောမှတ်တမ်းမျိုးမဟုတ် ပေ။

၇။ တရုတ်တွင် မရှိသော ခုနှစ်ကို မှားရေးသည့် မန်ရှု မှတ်တမ်း။

ဖန်ချောသည် မန်ရှုမှတ်တမ်း အခန်း(၁) စစချင်းတွင် တရုတ်ဟန် မင်းဆက် ခေတ်နှောင်းပိုင်းကာလတွင် မရှိသော တရုတ်နှစ်ကို မှားယွင်းရေးသားဖော်ပြထားပါ သည်။ ( Man Shu,pp.4 ) ယင်းအမှားသည် ဆိုင်ရာ အထောက်အထား ပြန်လည်စစ်ဆေး ကြည့်ရှုခြင်း မရှိသော ဖန်ချော၏ ပေါ့ဆလွန်းသော လုပ်ရပ်ဟု ၁၈ ရာစု အယ်ဒီတာ အဖွဲ့က မှတ်ချက်ပေးထားပါသည်။ ( Man Shu,pp.4 ) ယင်းသို့လျှင် ဆိုင်ရာ တရုတ်သမိုင်း၌ပင် မရှိ သောခုနှစ်ကိုပင်မှားယွင်းသည့် ဖန်ချောသည် မစေ့စပ် မသေချာမှုနှင့်မှတ်တမ်းပြုရဲသူ ဖြစ်၍ အခြားသောနိုင်ငံ များ အခြားသောလူမျိုးများ ၏ အဖြစ်အပျက် ခြင်းရာ အကြောင်း အချက်တို့၌ ပြီးစလွယ် မှတ်တမ်းတင်သူ ၊ တရုတ်ဘုရင်နှင့် အန်းနန် ကိုရန်ပြုခဲ့သော နန်စောတို့ အပေါ် တရုတ်ဘုရင် လက်တုံ့ပြန် အရေးယူလိုစိတ် ဖြစ် ပေါ်စေရန် မှတ်တမ်းတစ် စောင်အမြန်ဆုံး တင်ပြနိုင်ရန် သာ ပဓာန တာဝန်ဟုခံယူသူ၊ ဖြစ် သည်။ မန်ရှုပါ နန်စော ပျူအရေးအခင်းသည် လည်း ဖြစ်ပွား မှုကို လက်တွေ့ ကြုံဆုံလာသူ တို့၏ အတွေ့အကြုံ မဟုတ်ပဲ တဆင့် ကြားဖော်ပြချက် များမှတဆင့် အမှန်ဧကန် ဖြစ်သည်ဟု ယူဆ နိုင်စရာမရှိပေ။

၈။ ဗမာလူမျိုးအကြောင်း မပါသည့် မန်ရှု။

မန်ရှုမှတ်တမ်းတွင် ဗမာ ခေါ်မြန်မာလူမျိုး အကြောင်း တစ်လုံးတစ်ပါဒမှ မပါရှိပါ ။ ဗမာဖြစ်မည်ဟု ပါမောက္ခ လု့စ် စိတ်ထင်နှင့် ရိုးစွဲ သော မာန် ၊ ဝန်ကျူထော် ၊ ဖုထော် အရိုင်းလူမျိုးစုတို့နှင့် ဗမာလူမျိုး အဆက်အစပ် တစ်စုံတရာ တစ်လုံးတစ်ပါဒ မှ မန်ရှုတွင် ရေးသားဖော်ပြခြင်းမရှိ ။ သို့ဖြစ်၍ မန်ရှုတွင် ဗမာခေါ် မြန်မာလူမျိုးတို့အကြောင်း စာတစ်လုံးမှမပါရှိပဲ ဗမာသမိုင်းကို ပြု စုရာတွင် ယင်းမန်ရှု မှတ်တမ်းကို အဓိက ကျမ်းကိုး ( Main Source ) အဖြစ် လု့စ် သုံးစွဲခဲ့ ခြင်းမှာ များစွာ အံ့သြဖွယ်ကောင်းလှပေသည် ။

၉။ ယူနန်မှ ရွှေ့ပြောင်းသွားခြင်း မရှိသော မာန်၊ ဝန်ကျူထော်၊ ဖူထော်။

မာန်လူမျိုးစုနှင့် ဝန်ကျူထော်၊ ဖူထော်လူမျိုးစုတို့သည် အေဒီ ၈၆၂-၈၆၃ -၈၆၄ ခုနှစ်အထိယူနန်မှ အခြားသော အရပ်တပါးသို့ စွန့်ခွာ ပြောင်းရွှေ့သွားခြင်း လုံးဝမရှိပဲ၊ ယူနန်နယ်တွင် နန်စောတို့လက်အောက်ခံ အဖြစ်နေထိုင် ကြကြောင်း မန်ရှု၌ ဖော်ပြထားပါသည် ။ ( Man Shu,pp.39,41,43,44 ) သို့သော် ပါမောက္ခ လု့စ်က မာန်ရှုမှတ်တမ်း ကိုအဓိက ကိုးကား၍ ပြုစု ထား သော ကျောက်ဆည်စာတမ်း တွင် ဖော်ပြခြင်းမျိုးကား မတွေ့ရပါ။ ( Luce, Old Kyaukse ) ယင်းမန်ရှုပါ အချက်ကို ဖော်ထုတ်ပြမည်ဆိုလျှင် အေဒီ ၈၄၉ ခုနှစ် ဗမာလူမျိုးတို့၏ ပုဂံ မင်းနေပြည်တော်ကြီး တည်ဆောက်ပြီး နောင်နှစ် အတော်ကြာ သည်အထိ ကို ယူနန်နယ်မှ မာန်၊ ဝန်ကျူထော်၊ ဖူထော် အရိုင်းလူမျိုးစုများ ကျောက်ဆည် နယ်၊ မင်းဘူးနယ်၊ တောင်ပြုန်း နယ်နှင့် ပုဂံ မြို့တော်သို့ ရောက်မလာကြောင်း ၊ ဗမာသည် မာန်၊ ဝန်ကျူထော် ၊ ဖူထော် လူမျိုးလုံးဝ မဟုတ်ကြောင်း အမှန်တရား သည် ထင်ရှားပေါ်ထွက်နေမည် ဖြစ်ပေသည်။ နိဂုံးချုပ်။ အေဒီ ၈၆၄ ခုနှစ် ဖန်ချောရေး တစ်ဆင့်ကြား နောက်ရေး မန်ရှု မှတ်တမ်း ပျောက်ဆုံးသွားသော မူလစာမူသည် လည်းကောင်း၊ အေဒီ ၁၈ ရာစု၌ ဟိုမှတစ်စ သည်မှတစ်စ ပြန်စုပြီး စိတ်မှန်းဖြင့် သင့်နိုးရာရာ ပြုပြင်ထားသည့် နောက်ပြင် နောက်ရေး မိတ္တူပျက် စာမူသည် လည်းကောင်း၊ ပါမောက္ခ လု့စ်အသုံးပြုခဲ့သော ၁၈ ရာစု မှန်းပြင် နောက်ရေး မိတ္တူပျက် စာမူ၏ ထပ်ဆင့် ပြုပြင် ထားသည့် မူကွဲ မိတ္တူပျက် နှစ်စောင်စလုံးသည် လည်း ကောင်း ပျူနိုင်ငံ၊ ပျူ လူမျိုးသမိုင်း ဗမာနိုင်ငံ ဗမာလူမျိုး သမိုင်း ကိုပြုစုရေးသားရန်အတွက် ကျမ်းကိုးပြုရန် မသင့်ပေ။ ပါမောက္ခ လု့စ် ကိုယ်တိုင်လည်း သူ၏ အဓိက ကျမ်းကိုး ( Main Source ) ဖြစ် သော မန်ရှုနှင့် ဖန်ချော အကြောင်း ကို ဂရုတစိုက် ဖတ်ရှုခြင်း မရှိ မည်မျှပင် မန်ရှုကို အမွှမ်းတင် ပြောစေကာမူ ကျမ်းကိုးပြုရန် အဆင့် အတန်း မမှီသော မှတ်တမ်း ပင်ဖြစ်သည်မှာ ထင်ရှားလှ သည်။ ထိုသို့ အဆင့်အတန်း မမှီသော မန်ရှုကို ကိုးကား ရဲသော ပါမောက္ခ လု့စ်သည် ထိုစာမူတို့လောက် မဆိုးဝါး မညံ့ဖျင်းသော ဗမာလူမျိုး တို့မှတ်သားသိမ်းဆည်းလာ သည့် တကောင်းရာဇဝင်၊ သရေခတ္တရာ ရာဇဝင် ၊ ပုဂံ မြို့လေးမြို့ရာဇဝင် ၊ ဆင့်ထိုး နောက်ထိုး ကျောက်စာ စသည့် မြန်မာတို့၏ ရှေးရာဇဝင် တို့ကို မူမည်သည့် အတွက်ကြောင့် ပစ်ပယ်ရပါသနည်း ။ ပါမောက္ခ လု့စ်သည် ဤ ဗမာ့သမိုင်းဆိုင်ရာ နောက်ရေးရာဇဝင်တို့ ကိုမူ စိတ်မချရ ၊ တန်ဖိုးယုတ်လျော့သည် ကျမ်းကိုးပြုရန် မသုံးစွဲသင့် ဟု ပြောခဲ့ သြဝါဒ ပေးခဲ့ပါသည် ။တစ်ဆင့်ကြား နောက်ရေး ဖြစ်ရုံမက ၊ ပြန်စု ၊ မှန်းပြင် ၊ ပြန်ရေး ဖန်တီးထုတ်လုပ်ထားသည့် ၁၈ ရာစု မန်ရှုစာမူပျက် မိတ္တူပျက် ကို ဗမာလူမျိုး မြန်မာနိုင်ငံ သမိုင်းပြုစု ရာ၌ ကိုယ့်စကားကိုယ် လေးစားသည်ဆိုလျှင် အသုံးမပြုသင့် ပေ။ ဆင့်ထိုး၊ စပ်ထိုး ၊ နောက်ထိုးများ၊ နောက်ရေးများ၊ တစ်ဆင့်ကြားစာမူ မှတ်တမ်းများနှင့် ပတ်သက် ၍ ဆရာကြီး ဒေါက်တာသန်းထွန်းမှ - " ရာဇဝင်ရေးလျှင် ခေတ်ပြိုင်မှတ်တမ်းများကို အဓိကထား ရှာဖွေ ရမည်။ အဘယ့်ကြောင့်ဆိုသော် မျက်မြင်ကိုယ်တွေ့ မှတ်တမ်းသည် အားအရှိဆုံးဖြစ်သည် ။ တစ်ဆင့်စကားကို မှတ်သားခြင်း ၊ နောင်မှပြန်ပြင်ရေးခြင်း စသောမှတ်တမ်းတို့ ကား အားနည်း၏ ကျောက်စာတွင် ဆင့်ထိုးဖြစ်လျှင် တန်ဖိုးများစွာ ယုတ်လျော့သွားသည် ။ ထိုထက် ညံ့သည် ကား စပ်ထိုးဖြစ်ပါ သည်။ ဆရာ့ ဆရာတို့၏ အမှာစကား အရ မူလထိုးကလွဲလျှင် မသုံးသင့်ပေ ။ ( ဒေါက်တာသန်း ထွန်း၊ မနူဟာကျောက်စာ၊ ယဉ်ကျေးမှု၊ အတွဲ(၄)၊ အမှတ် -၁၀၊၁၉၆၁-ခု ၊ စက်တင်ဘာလ၊ နှာ-၅၅။ ) "၊......၊ ...... ၊ " ကျောက်စာထဲမှာ ခေတ်ပြိုင်အကြောင်း ရေးထားလျှင် ယုံသင့်တယ်လို့ ဆိုလို့ရပေမယ့် စောစောက နှစ်နှစ်ရာ သုံးရာက ဟာတွေရေးထားလျှင် သူလည်း တစ်ဆင့်စကား မို့ ယုံရခက်တယ် ။" ( ဒေါက်တာသန်းထွန်း ၊ နယ်လှဲ့ရာဇဝင် (၁) ၊ နှာ-၁၆၂ ၊နံ့သာတိုက် ၊ ၁၃-၁၀၇ လမ်း၊ မင်္ဂလာတောင်ညွန့် ၊ ရန်ကုန် ။ ပထမအကြိမ် ။(၂၀၊၅၊၁၉၆၈)။ ) ဟူ၍ သမိုင်းပြုစုပုံ စံသဘောတရားကို ပြဆိုထားသည် ။ သို့ဖြစ် ၍ ပါမောက္ခ လု့စ်ကိုးကားခဲ့သော ဖန်ချော၏ တစ်ဆင့်ကြား နောက်ရေး ဖြစ်ရုံမက ၊ ပြန်စု ၊ မှန်းပြင် ၊ ပြန်ရေး ဖန်တီးထုတ်လုပ်ထားသည့် ၁၈ ရာစု မန်ရှုစာမူပျက် မိတ္တူပျက် သည် သုတေသနသမိုင်း အတွက် ခိုင်လုံသော ကိုးကားလောက်စရာ အဆင့်မီ မှတ်တမ်း တစ်ခုမဖြစ်သည်မှာကား သေချာလှပေတော့ သည်။ ( ဤဆောင်းပါးအတွက် ဆရာကြီး ဦးကျော်ဇင် ( ကလောင် အမည်- ဘုန်းတင့်ကျော်) အား ဦးခိုက်ဂါရဝ ပြုပါသည် ။ ) စာကိုး ။ ။ ဘုန်းတင့်ကျော် ( နှစ်ပေါင်း နှစ်ထောင်ကျော်ခဲ့ ပြီဖြစ်သော မြန်မာ့သမိုင်း ) ဓါတ်ပုံကို ကိုရန်နောင်စိုးမှ ကျေးဇူးပြုပါသည် ။ ဓါတ်ပုံတွင်းမှ လိုအပ် သောစာသား ။ မြန်မာနိုင်ငံသုတေသန အသင်းနှစ်ခြောက်ဆယ် ပြည့်ပွဲမှာ ကျွန်တော်က " မြန် သု ဂျာ JWLS ၁၉၁၀-၇၀ ထဲက မြန်မာသမိုင်း ဆောင်းပါးတွေရဲ့ တန်ဖိုး "( မြန်သုဂျာ၊ အတွဲ ၅၃၊ အပိုင်း ၊၁၊ ဇွန် ၊၁၉၇၀၊ နှ ၅၃-၆၆ ) ဆိုတဲ့ စာတမ်းကို ဖတ်ပါသည် ။ မြန်မာတွေပေါ်လာပုံနှင့် ပတ်သတ်လို့ ပါမောက္ခ လု့စ်အယူ အဆကို အဲဒီစာတမ်းမှာရေးခဲ့ပုံ ကိုအခု ဒီမှာ ကိုးကား ဖော်ပြခွင့် ပြုပါ။ " ကျောက်ဆည်ဟာ မြန်မာတွေရဲ့ ( မြန်မာမြေမှာ ) အစောဆုံး ဝင် နေတဲ့ ဒေသဖြစ်တယ်ဆိုတဲ့ အယူအဆကို ပါမောက္ခ လု့စ် ဟာ ခရစ်နှစ် ၈၆၃ ခုနှစ် ကဖန်ချို ရေးတဲ့ ( တောင်ဘက်နေ လူကြမ်းတ်ို့အကြောင်း ) ကျမ်းမှ တစိတ်တပိုင်း မှီငြမ်းပြုစုပြီး ၁၂ ရာစုနှစ် ၁၃ ရာစုနှစ် ကျောက်စာတွေကို အကြီးအကျယ် အားကိုး ပြီး ရေးသား တင်ပြခဲ့ပါတယ်။ မန်ရှုရဲ့ အင်္ဂလိပ် ဘာသာပြန်ကိုဖတ်ပြီး ကျွန်တော့်စိတ်မှာ ခုလိုထင်မြင်ချက်တွေ ပေါ်လာပါတယ် ။ ပထမ ဒီကျမ်းဟာ မျက်မြင်ကိုယ်တွေ့ ရေးသားတာမဟုတ် ။ ဒုတိယ ဒီကျမ်းထဲမှာ ပထဝီဝင် ( နေရာ၊ ဒေသ၊ အဆက်အသွယ်၊ လမ်းပမ်းခရီး ) ဖော်ပြပုံ သိပ်စိတ်ပျက် စရာကောင်းတယ် ။ နောက်ဆုံးအချက်ကတော့ ဒီကျမ်းကို ကူး ယူတည်းဖြတ် ဖြန့်ဖြူးလိုက်တာ အကြိမ်ကြိမ်ဖြစ်နေလို့ ( စာကိုယ်မှာ အကျိုး -အပေါက် ) များလွန်းလို့စိတ်ပျက်ရတယ်။ ဒါမျိုးကို ဘာသာပြန်ရဲတာ အံ့သြတယ် ။ ဘာသာပြန်ပြီးတဲ့အခါ ဘာသာပြန်သူရဲ့ ဥာဏ်ပညာ ကြီးမားပုံ ကိုလေးစားပါတယ်။ ဒီကျမ်းထဲမှာပါတဲ့ အချက်တွေကို စိတ်ချလက်ချ မယူသုံးရဲပါ ။ မှီ ငြမ်းပြုစရာ အကောင်းစားကြီး မဟုတ်တာ သေချာပါတယ် ။ အဲဒါအပြင် ကျောက်စာကို အားကိုးတယ် ဆိုရာမှာလည်း ၁၂ ရာစုနှစ်က မှတ်တမ်းက အထက် အနှစ်သုံးရာ ( ၉ ရာစုနှစ် ) ကအဖြစ်အပျက်တွေကို ရှင်းပြနိုင်တယ် ဆိုတာ လက်သင့်ခံဖို့ မလွယ်ကူပါ ။ ခရစ် ၁၂ ရာစုက ကျောက်စာတွေသုံးပြီး ပုဂံခေတ် မြန်မာရဲ့ နေ့စဉ်ဘဝကို ပြောပြနိုင်မယ် ၊ ဒီနည်းလမ်းက လမ်းမှန် ဖြစ်ပါတယ် ။ ဒါပေမယ့် ဒီကျောက်စာတွေကိုသုံးပြီး မြန်မာတွေ ဟာသဲကန္တာရ တပိုင်းဖြစ်နေတဲ့ မြန်မာ ဗဟိုလွင်ပြင်မှာ ဆည်ရေ သောက်လယ်စိုက်တယ် ဆိုတာ အများကြီး ကြိုးစားနိုင်ပါမှ အတန်အသင့် အကျိုးကျေးဇူး ရှိနိုင်တဲ့ ကိစ္စ ဖြစ်မနေပါလားလို့ မေးစရာရှိပါတယ်။ ကျောက်ဆည်နယ်ဟာ မြေသြဇာကောင်း တယ် ။ဒါပေမယ့် ဧရိယာက သိပ်ပြီး ကျယ်ပြန့် တာမဟုတ်ပါ ။ စိုက်ခင်းက ၅၆၃ စတုရန်းမိုင်ပဲ ရှိတယ် ။မြန်မာတွေ က ကျောက် ဆည်မှာ ယာယီနေပြီး ချက်ချင်း ပြန်ထွက်မယ်ဆိုရင် လဲ ဝန်းကျင်က မြေကြမ်း မြေရိုင်းတွေသာ ရှိသေးလို့ ကိုယ့်အသက် ကိုယ်သတ်သေပုံမျိုး ဖြစ်မနေဖူးလားလို့ မေးစရာလည်း ရှိပါတယ် ။ မြန်မာတွေအဖို့ ဖိစီးနှိပ်စက်မယ့် သူကအပူကြောက် လို့ ( မြေခြောက် Dry Zone ) ဒီထိအောင် မလာရုံ၊ အပူဟာပဲ အကာအကွယ် ဖြစ်တယ်ဆိုတဲ့ စကားလည်း စကားအဖြစ်သာ ပြောတာ သိပ်ကောင်းတဲ့ ဆင်ခြေမဟုတ် ပါ။ မန်ရှုပြောသမျှ ယုံ ကြစတမ်းဆိုရင် ၊ နန်ကျောင်ဦးစီးတဲ့ လက်နက်ကိုင်တပ်တွေ ဟာ ဘယ်လိုအဟန့်အတားကိုမှ ဂရုမစိုက် ၊ ခရစ်နှစ် ၉ ရာစုနှစ်က အရှေ့တောင်အာရှတစ်ခုလုံးကို ဖျက်ဆီးပစ်လိုက် ပါတယ် ။ အခုလောက်ပြောတာနဲ့ မြန်မာတွေဝင်လာပုံကို ပါမော က္ခ လု့စ် ပြောသမျှပဲ လုံလောက်ပြီလို့ ကျွန်တော်မယူဆ ကြောင်း ထင်ရှားး လောက်ပါပြီ ။ ပါမောက္ခ လု့စ် အယူအဆ ကတော့ သမိုင်း စာအုပ်တော်တော်များများထဲ စိမ့်ဝင်သွားပြီဖြစ်တယ်။ ဒါပေမယ့် ပြောပါများရင် တွင်တယ်ဆိုတဲ့ တွေးဆချက်ဟာ တကယ်ဖြစ်မလာပါ ။"

0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်