ဆေးတံအိုနဲ့ သာဂရ
===============
ထားဝယ်မှာ မြေဆေးတံတွေ အမြောက်အများ တွေ့ရပါ တယ်။ အများအားဖြင့် ထားဝယ်မြစ်ကမ်း တလျှောက် သဲကျောက် လုပ်ငန်း လုပ်နေတဲ့ လုပ် သားများမှာ ဒီလို မြေဆေးတံမျိုး မကြာခဏ ရရှိ လေ့ရှိပြီး သဲများနဲ့ ပွတ် တိုက် ဒဏ်ခံရဖန် များနေ တော့ တွေ့ရတဲ့မြေဆေးတံမှာ ပြောင် ချောချော ဖြစ်နေတတ်ပါတယ်။
ကျွန်တော့်အဘေးဆီက ရတဲ့ မြေဆေးတံလေး တစ်ချောင်း အကြောင်း ကနေ အစပြုပြီး ဒီစာလေး ရေးဖြစ် ပါတယ်။ အခု ပြောမယ့် မြေဆေးတံမှာလည်း အလှ ဆင် ထားတဲ့ ဒီဇိုင်းတောင် သိပ်ပြီး မထင်ရှားတော့ဘဲ ပြောင် ချောချော ဖြစ် နေပါပြီ။ အဲဒီဆေးတံက ကျွန်တော် ထင်သလို ထားဝယ်မြစ်ထဲက ရခဲ့ ကြောင်း နောက်ပိုင်းမှာ သိရပါတယ်။ တကယ်တော့ ဒီလို မြေဆေး တံမျိုးကို ကျွန်တော် ကလေးလေး ကတည်းက တန်ဖိုးထားပြီး ထိန်း သိမ်း ခဲ့တာဖြစ် ပါတယ်။ အဲဒီတုန်းက ရှေး ဟောင်း မြေဆေးတံလေးကို မြို့ဟောင်း ရွာ (သာဂရ) က မိတ်ဆွေ တစ် ယောက်ကနေ လက်ဆောင် ပေးခဲ့ တာ လို့ ပြောပြပါတယ် ။ ဆေးတံက ကျိုးနေပေမယ့် လည်း ဆေးအိုးမှာ အလှဖော်ထားတဲ့ ပန်းဒီဇိုင်းတွေ ကြောင့် ကြွရွ လှပနေပြီး တော်တော်လေးကို ဆွဲဆောင်မှု ရှိတာ ပါ။ အဲလို ဆေးတံမျိုးတွေ ထားဝယ် ဒေသအတွင်း နေရာ တော်တော် များများ မှာ တွေ့နေရတတ်ပါတယ်။
ဒါကြောင့် မြေ ဆေးတံနဲ့ ပတ်သက်ပြီး ပညာရှင် များ လေ့လာ တင်ပြထားတဲ့ အချက်အလက်တွေကို လက်လှမ်း မီသလောက် လေ့လာ ဖြစ်ခဲ့ပါတယ်။ ကမ္ဘာပေါ်မှာ ဆေးတံ သောက်တဲ့ အလေ့အထကို စတင်တီထွင်ခဲ့တာ အမေရိက တိုက်က ဒေသခံ တိုင်းရင်းသား အင်ဒီယမ်းလူနီ (Red Indian)) များ ဖြစ်တယ်လို့ ဆိုပါတယ်။ သူတို့ရဲ့ ဆေးတံ များ ကို အနီရောင် သဲကျောက်နဲ့ ထွင်းလုပ်ပြီး ကဲလျူ မက် လို့ အမည်ပေး ခေါ်ဝေါ်ကြတယ်လို့ သိရပါတယ်။
၁၅၈၆ ခုနှစ်မှာ အမေရိကန် ကိုလိုနီ ဗာဂျီးနီးယား ပြည်နယ် ကနေ ဆေးတံ တစ်ချောင်း လက်ဆောင် ပေးပို့ခဲ့တာ ကနေ စပြီး ဥရောပမှာဆေးတံသောက် ရှူတဲ့ ဓလေ့ စတင် ခဲ့တာ ဖြစ်ပါသတဲ့။ အစပိုင်း မှာ တော့ ဥရောပတိုက်သား တို့ဟာ ဆေးတံမှာ ဘာ တွေ ထည့်ပြီး သောက်ရှူရမယ် မသိသေးတာ မဟုတ်ဘဲ ဆေးမြစ် ခြောက်တွေကိုပဲ ထည့်ပြီး မီးရှို့ သောက်ရှူ ခဲ့သေးတာပါ။ နောက်ပိုင်း ကျမှ ဆေးရွက်များ စိုက်ပျိုးထုတ် လုပ်လာပြီး ဆေးရွက်ခြောက် များနဲ့ ရှူတတ်လာကြောင်း မှတ်တမ်းများက ဆိုပါတယ်။
ကျွန်တ်ာတို့ မြန်မာနိုင်ငံမှာ ပေါပေါများ များ တွေ့ရလေ့ ရှိတဲ့ ရှေး ဟောင်း ပစ္စည်းတစ်မျိုးက မြေဆေးတံ အကျိုး အပဲ့တွေပဲ ဖြစ်ပါတယ်။ တချို့ က အဲဒီဆေးတံကို တွေ့ လိုက်တာနဲ့ ပျူ ဆေးတံ (ပျူခေတ်က အသုံးပြုခဲ့တဲ့ ဆေးတံ) ဖြစ်တယ်ဆိုပြီး တန်းကောက် ချက်ချတော့တာပါ။
ဘယ်လို အထောက်ထားတွေကြောင့် အဲဒီလို ကောက် ချက်ချတယ် ဆိုတာ ကိုလည်း အတော်လေး စိတ်ဝင်စားမိ ပါတယ်။ ဆရာကြီးဒေါက်တာ သန်းထွန်းက ပေါများစွာ တွေ့ရှိရတဲ့ မြေဆေးတံ တွေ ကို ဘယ်ခေတ်ဘယ် အခါက အသုံးပြုခဲ့တဲ့ ဆေးတံတွေ ဖြစ် တယ်ဆိုပြီး ခန့်မှန်းပြောဆိုဖို့ တော်တော် ခက်တယ် လို့ ဆိုပါတယ်။ မြေဆေးတံ များဟာ ပုံစံခွက်နဲ့ ပုံသွင်းပြုလုပ်တာမို့ ဘယ်ဒီဇိုင်း ကတော့ဖြင့် ဘယ်ခေတ် လက်ရာ ဖြစ်တယ်ဆိုတာ ကိုလည်း ခွဲခြား ရ ခက်ပါသတဲ့။ ထည့်စဉ်း စားသင့် တဲ့ အချက် တစ်ခုက ၁၉၄၀ ခုနှစ် ဝန်းကျင် ဒုတိယ ကမ္ဘာစစ်ဖြစ်ခါနီး အချိန်ထိ အင်းဝမြို့ဟောင်း တံတားဦး ဝန်းကျင်မှာ မြေဆေးတံတွေ ထုတ်လုပ် နေတုန်းဖြစ်ပြီး ပူတာအိုနဲ့ ချင်းတောင်ဘက်တွေ မှာ ကျတော့ ပြီးခဲ့တဲ့ ဆယ်စုနှစ်များ အတွင်း အထိ မြေဆေးတံကို အသုံးပြုနေကြတုန်း ဆိုတာတွေ ပါပဲ။
မြန်မာပြည်အတွင်း အချို့နေရာတွေမှာ အင်းဝ အနားက ထုတ်လုပ်တဲ့ မြေဆေးတံတွေကို တွေ့နေ ရတာဟာ ခေတ်အဆက်ဆက် မြန်မာ စစ်သည် တော်များ ယူဆောင် သွား တာမျိုးကြောင့် အဲဒီဒေသ တွေမှာ ကျန်နေခဲ့တာ ဖြစ်နိုင်တယ်လို့ ဆိုပါ တယ်။ မိုးနဲ၊ မိုးဗြဲ၊ သီပေါ၊ ကျိုင်းတုံ စတဲ့နေရာ တွေ မှာတွေ့နေရတဲ့ မြေဆေး တံတွေနဲ့ ကျွန်တော် တို့ ထားဝယ်ဘက်မှာ တွေ့ရလေ့ရှိတဲ့ မြေဆေး တံ များဟာလည်း အဲဒီပုံစံမျိုးနဲ့ ရောက်လာကြတာနေ မှာပါ။ နောက်ပြီး ထားဝယ်ဘက်မှာ တွေ့ရတဲ့ မြေဆေးတံ ဒီဇိုင်းတွေကလည်း အင်းဝ ဘက်က ပုံစံတွေနဲ့ တူတယ်လို့ သိရပါ တယ်။
ဒေါက်တာသန်းထွန်းရဲ့စာတမ်းမှာ ဆေးတံများကို လေ့လာပြီး အခြေခံ အားဖြင့် ပုံဖော်ထားတဲ့ဒီဇိုင်း ၁၁ မျိုး ရှိတယ်လို့ ဖော်ပြထားပါတယ်။ အဲဒါ တွေ ကတော့
(၁) သိပိတ် ၊ သပိတ် ခြေနဲ့ အတံ၊
(၂) ကြာအိုး၊ ကြာရိုးနဲ့ အတံ
(၃) သပိတ်၊ ကြာမှောက် ကြာ လှန် သပိတ်ခြေနဲ့ အတံ
(၄) သပိတ်ကို ကြာပန်းနဲ့ လုံအောင်ငုံပြီး အတံကို ပိုလှ အောင် လုပ်ထားတာ
(၅) သပိတ် ကို ပြန်ဖော်ပြီး ကြာက မပီမသ ပုံစံ
( ၆) အလှအပတွေကို စတိလောက်ပဲ ထည့်ထားတာ
(၇) သပိတ်ကို ကြာခံမြဲ ခံထားပေ မယ့် အတံကို အရင် မူလထားတဲ့ ပုံစံ
( ၈ ) ဆေးအိုး ကို ခြောက်မြှောင် လုပ်ပြီး ပန်းခြောက်ပွင့် ပုံဖော် ထားတာ
(၉) ခြူးပန်းအခွေ အလိပ်တွေနဲ့ ဆေးအိုး နဲ့ အတံကို အလှ ဆင်ထားတာ
(၁၀) မျောက် ၊ မိကျောင်း ဒီဇိုင်းပုံပါတာ နဲ့
(၁၁) ဘီလူးဆေးတံအိုး ဆိုပြီး တော့ပါ။
အဲဒီလို အခြေခံ ဒီဇိုင်း ၁၁ မျိုးနဲ့ မြေဆေးတံတွေကို တွေ့ရှိလေ့ လာခဲ့ရပေမယ့်လည်း ဘယ်ပုံစံကို ဘယ် ခေတ်မှာ လုပ်တယ်၊ ဘယ်ဒီဇိုင်းကို တော့ဖြင့် ဘယ် ဒေသမှာ သုံးတယ်လို့ ခွဲခြားပြီး မပြောနိုင်သေးပါဘူးလို့ ဆိုပါတယ်။
ဆေးတံ အကြောင်းပြောရင် အရောင်နီတယ်၊ မည်း တယ်၊ ကြေးပြား အုပ်တယ်၊ ငွေပြားအုပ်တယ် ဆိုတာမျိုးနဲ့ ဒီဆေးတံကတော့ ဘယ်အမျိုးစားထဲ ပါဝင်တယ် ဆိုတာ လောက်ပဲ ခွဲခြား ပြောဆိုနိုင်ပါ တယ်။ အဲဒါထက် ပိုပြောရင် တော့ မှန်ဖို့ထက် မှားဖို့ က ပိုများပါတယ် တဲ့။
ဆေးတံတို တညိုလောက် ရော့ သောက်တော့ပေး ၊
မယူလိုက်က မိုက်လို့ထင် ယူလိုက်ပြန်က ကြိုက် လို့ထင်၊ သောက်စေချင် ကုတင်တွင် ထောင်ခဲ့ကွဲ့ ညိုနွဲ့ရဲ့လေး… ဆိုတဲ့ ကဗျာဟာ
ဘိုးတော်ဘုရား ( ၁၇၈၂ – ၁၈၁၉ ) လက်ထက်မှာ ပေါ်ထွန်းတဲ့ စာဆိုတော် မယ်ခွေရဲ့ ကဗျာဖြစ်ပါ တယ်။ ဒီကဗျာမှာ မြန်မာတွေရဲ့ ဆေးတံသောက် တဲ့ အလေ့အထလေးတစ်ခု ပေါ်လွင်နေ တာကို သတိထား မိမှာပါ။ ဒါဟာ ဆေး တံသောက်တဲ့ အလေ့အထကို အစောဆုံး တွေ့ရတဲ့ အထောက် အထား တစ်ရပ်ဖြစ် ကြောင်းလည်း သိရပါတယ်။
ဒါကြောင့် မြန်မာနိုင်ငံ အတွင်းက ဆေးတံသောက်တဲ့ အလေ့အထဟာ ၁၈ ရာစု နှောင်းပိုင်း လောက် မှာမှ ပေါ်ထွန်းလာတာဖြစ် တယ်လို့ ယူဆရလိမ့် မယ် ထင်ပါ တယ်။ နိုင်ငံခြားက ကုန်သည်များနဲ့ ကြေးစား စစ်မှုထမ်း သူ အများအပြား မြန်မာနိုင်ငံ အတွင်းကို ဝင်ရောက်လာတဲ့ အချိန်တွေ မှာ အဲဒီ ဆေးတံသောက်တဲ့ဓလေ့လည်း ပူးတွဲ ပါလာခဲ့ ဟန်ရှိတယ်လို့ သုတေသီ များက ကောက်ချက်ချ ထားပါတယ် ။
ကုန်းဘောင်ခေတ်လောက်က ပြု လုပ်ခဲ့တယ် လို့ ယူဆရ တဲ့ မြေဆေးတံ အကျိုးအပဲ့ များနဲ့ မြေဆေးတံအိုးများကို မြန်မာနိုင်ငံ အနှံ အပြား တွေ့ရတယ်လို့ ဆိုရမှာပါ။ မြေပြန့်ဒေသ အပြင် ကချင် ပြည်နယ်ထဲက ကျေးရွာများ၊ နာဂ တောင်တန်းနဲ့ ရှမ်းနီတို့ရဲ့ ကျေးရွာာများရှိ တချို့ သချိုင်းဟောင်းမြေနေရာတွေမှာ မြေဆေးတံများ မကြာ ခဏ တူးဖော်တွေ့ ရှိရတယ်လို့ သိရပါ တယ်။
ပြည်ခရိုင် ရွာတောင်မြို့က ဦးအောင်မြင့်ဆိုသူ အမျိုးသား ပြတိုက်ကို လာရောက် လှူဒါန်းသွားတဲ့ မြေဆေး တံက တော်တော် ထူးခြားတယ်လို့ ဆိုရ ပါမယ်။ ဆေးတံရဲ့ ဖင် (ဆေးအိုးရဲ့ အောက်ခြေ) မှာ မှတ်ကျောက်ငယ်လေး တစ်ခုကို တပ်ဆင်ထား တယ် လို့ ဆိုပါတယ်။ ဘယ်လို ရည်ရွယ်ချက် တွေ ကြောင့် အဲဒီလို တပ်ဆင်ထားခဲ့လဲ ဆိုတာလဲ အတော် လေးစိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဒီဆေးတံဟာ နယ် လှည့်ပြီး ရွှေအရောင်းဝယ်ပြုသူ တစ် ယောက်ရဲ့ ပစ္စည်းဖြစ်နိုင်ပြီး မှတ် ကျောက်ကို ကိုယ်နဲ့မကွာ သွားလေရာ ပါနေစေဖို့ တီထွင် ထုတ် လုပ် ထားတာ ဖြစ်နိုင်ကြောင်း သုတေသီများက ယူဆ ထားပါတယ်။
ထားဝယ်ဒေသမှာ တွေ့ ရလေ့ရှိတဲ့ မြေဆေးတံ အပါအဝင် နိုင်ငံအနှံ့အပြား တွေ့ရလေ့ရှိတဲ့ မြေဆေးတံ တချို့ကို ပျူဆေးတံအဖြစ် ယူဆပြော ဆိုတာတွေကို ကြားဖူး ဖတ်ဖူး ပါတယ် ။ အဲဒီ အယူအဆ ချက်တွေကို သုတေသီပညာရှင် များရဲ့ လေ့လာမှု မှတ်တမ်းများနဲ့ တိုက်စစ် ကြည့်လိုက် တော့ ပျူခေတ်သုံးမြေဆေး တံဆိုပြီး ပြောဆိုနေ ကြတာ တွေဟာ သိပ်ပြီး ဖြစ်နိုင်စရာ မရှိဘူးလို့ ဆို ရမှာ ပါ။ လုံးဝ မဖြစ်နိုင်ဘူး လို့တော့ ယတိပြတ် မပြောရဲပါဘူး။ ရှိခဲ့ဖူး လိမ့်မယ်လို့သာ ယူဆမိပါတယ်။ ပိုမိုကျွမ်းကျင်တဲ့ ဆရာ များ ပိုသိနေသူများက လိုနေတာကို ဖြည့်စွက်ပေးပါရန် မေတ္တာရပ်ခံပါတယ်။
ဒါပေမယ့်လည်း နောက်ပိုင်းသုတေ သီများအနေနဲ့ ဆက်လက် ရှာဖွေဖော် ထုတ်ပြီး သုတေသန ပြု လုပ်သွား မယ် ဆိုရင်တော့ မြန်မာ့မြေဆေးတံ အကြောင်း ပိုမို ဖြည့်စွက်ပြီး ပြောဆိုနိုင်လာလိမ့် မယ်လို့ မျှော်လင့်ရပါ တယ်။ ဒါကြောင့် ကောက်ရ တာပဲ ဖြစ်ဖြစ် ၊ တူးဖော်လို့ ရတာပဲ ဖြစ်ဖြစ် တွေ့ရှိရ တဲ့ရှေးဟောင်း မြေဆေးတံ အကျိုးအပဲ့တွေကို နားလည် တတ်ကျွမ်းသူများ လေ့လာ ဖော်ထုတ်နိုင် အောင် စနစ်တကျ စုဆောင်းထားရှိသင့် တဲ့ အကြောင်း အကြံပြုလိုက်ရပါတယ်။
အကိုးအကား။ ။
မြန်မာ့အိုး သမိုင်း ဖြည့်စွက်စာတမ်း (ဒေါက်တာ သန်းထွန်း)
– အခြေခံ ရှေးဟောင်းသုတေသန ပညာ (မနုဿကျော်ဝင်း)
0 comments:
Post a Comment
သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်