သရေခေတ္တရာ
ပျူဗမာအက္ခရာ ၊ ပုဂံဗမာ အက္ခရာ နှင့် ဒွါရာဝတီ မွန်အက္ခရာ စစ်တမ်း
ယနေ့မြန်မာနိုင်ငံ၏ သမိုင်းဦးခေတ်ပိုင်းတွင် သရေခေတ္တရာခေတ် မြန်မာနိုင်ငံနှင့် ပုဂံခေတ် မြန်မာနိုင်ငံတို့ ထွန်းကား
ခဲ့ပါသည်။ သရေခေတ္တရာခေတ်ကြီးသည် “ဘီစီ ၅ ရာစု မှ အေဒီ ၁ ရာစု” အထိလည်းကောင်း၊ ပုဂံခေတ်ကြီးသည်
“အေဒီ ၂ ရာစု မှ ၁၃ ရာစု” အထိလည်းကောင်း ထွန်းကားခဲ့သည်ဟု သရေခေတ္တရာ ရာဇ၀င်၊ ပုဂံ ရာဇ၀င် အပါအ၀င် ရှေး မြန်မာရာဇ၀င်တို့၌ မှတ်တမ်းတင် ဖော်ပြ ထားကြပါသည်။
မဇ္ဈိမ ဒေသသားတို့က သရေခေတ္တရာခေတ်၊ ပုဂံခေတ်မှ ယနေ့ခေတ် အထိတိုင်အောင် မြန်မာနိုင်ငံနှင့် မြန်မာလူမျိုး
တို့ကို “ဗြဟ္မာဝသ္တု ၊ ဗြဟ္မာဒေသ(မြန်မာနိုင်ငံ)” ဟု သိရှိ ခေါ်ဆိုခဲ့ကြပါသည်။ တရုတ်တို့က “ဘီစီ ၂ ရာစု” ကတည်း ကစ၍ ဗြဟ္မာနိုင်ငံ ၊ ဗြဟ္မာလူမျိုးကို သိရှိ မှတ်တမ်းတင် ဖော်ပြလာကြပါသည်။ သရေခေတ္တရာနိုင်ငံ နှင့် လူမျိုးကို လည်းကောင်း၊ ပုဂံနိုင်ငံနှင့် လူမျိုးကိုလည်း ကောင်း “ဗြဟ္မာနိုင်ငံ၊ ဗြဟ္မာလူမျိုး” ဟု တရုတ်တို့ သိရှိ မှတ်တမ်းတင်ခဲ့ကြ ပြီး “ဗြဟ္မာ(ဗမာ)” ကို “ပျူ” ဟူသော အမည်ပွားဖြင့်လည်း တရုတ်တို့ သိရှိ မှတ်တမ်းတင် ခဲ့ကြပါသည်။
ဘီစီ ၂ ရာစုမှ အေဒီ ၁၀ ရာစုအထိ ဗြဟ္မာ (ဗမာ)နိုင်ငံ ခေါ် ပျူနိုင်ငံကြီးသည် မြောက်ဘက်တွင် ယူနန်နယ်စပ် အထိ၊ တောင်ဘက်တွင် ပင်လယ်အထိ ကျယ်ဝန်းကြောင်း လည်း တရုတ်နန်းတော် မှတ်တမ်းကြီးများက သိရှိဖော်ပြခဲ့ ကြပါ သည်။
သရေခေတ္တရာ ရာဇ၀င်တွင်လည်း ဒွတ္တဘောင်မင်းကြီး သည် ဧကရာဇ်နိုင်ငံကို ထူထောင်နိုင်သည့် အလွန် ဘုန်းကြီး သော မင်းကြီးဖြစ်ကြောင်း၊ ဒွတ္တဘောင်မင်းကြီး သည် အတွင်းပင်လယ် အပြင်ပင်လယ်တို့ကို ပိုင်စိုးကြောင်း မှတ်တမ်း တင် ဖော်ပြလျက် ရှိပါသည်။
အဆိုပါ ပျူမြန်မာနိုင်ငံတော်ကြီးကို ဦးဆောင်တည်ဆောက် ခဲ့ကြသော သရေခေတ္တရာမင်းများ၊ ပုဂံမင်းများသည် ဗုဒ္ဓ
သာသနာပြု မင်းများဖြစ်ကြကြောင်း၊ မင်းနှင့်ပြည်သူတို့ သည် ဗုဒ္ဓသာသနိကဆိုင်ရာ စေတီပုထိုး၊ လှိုဏ်ဘုရား၊ သိမ်ကျောင်းများကို တည်ဆောက်လှူဒါန်းခဲ့ကြကြောင်း၊ ဓမ္မသတ်ကျမ်းများ ရေးသားစီစဉ်ခဲ့ကြကြောင်း၊ ရဟန္တာ အများပေါ်ထွန်းခဲ့ကြကြောင်း၊ သရေခေတ္တရာခေတ် ကတည်းက ဗုဒ္ဓဘာသာကျမ်းဂန်များ သင်အံကြကြောင်း၊ ပြုစုရေးသားကြောင်း သရေခေတ္တရာရာဇ၀င်၊ ပုဂံရာဇ၀င် နှင့် အခြားသော ရှေးမြန်မာရာဇ၀င်များတွင် မှတ်တမ်းတင် ရစ်ခဲ့ကြပါသည်။
ဆိုလိုသည်မှာ သရေခေတ္တရာနှင့် ပုဂံမှ မြန်မာဟူသော ပျူမင်းများနှင့် ပြည်သူများသည် စာရေး စာဖတ်တတ် ကြကြောင်း၊ အက္ခရာများ ရှိကြောင်း ဖြစ်ပါသည်။ သရေခေတ္တရာခေတ်ဦးကတည်းမှ မဇ္ဈိမဒေသမှ ဗြဟ္မီ အက္ခရာများ ရရှိသုံးစွဲ ရေးသားကြကြောင်း တွေ့ရပါသည်။ သရေခေတ္တရာ ဘောဘောကြီးဘုရား၊ ပန်းတောင်းမြို့နယ် ၅ မျက်နှာဘုရားအနီး ပျူကြောင်လိမ်တိုက်ကြီးနှင့် နန်းဦးစေတီ၊ ရွှေနတ်တောင်ဘုရား၊ ရွှေတောင် ရဟန္တာ ရှစ်ဆယ် ပျူသိမ်နှင့် လေးမျက်နှာဘုရား၊ ကျီးသဲ တို့တွင် ဗုဒ္ဓခေတ်နှင့် အသောကခေတ်သုံး ဗြဟ္မီအက္ခရာများကို ရှေးအုတ်ကြီးများပေါ်တွင် ရေးတိုးတံဆိပ်နှိပ်ထားသော အထောက်အထားများကို တွေ့ရှိရပါသည်။
သရေခေတ္တရာ ဘုရားကြီးစေတီနှင့် မလှမ်းမကမ်းတွင် တွေ့ရှိခဲ့သော ကျောက်အရိုးအိုးကြီး လေးလုံးပေါ်၌ မင်းအမည် များ၊ နေ့စွဲများကို ရှေးဦးပိုင်း ဗြဟ္မီအက္ခရာများ၊ နှောင်း ဗြဟ္မီအက္ခရာများ၊ ပျူမြန်မာအက္ခရာများ အသုံးပြု၍ ဗမာ ဝေါဟာရများ၊ ဗမာသဒ္ဒါ၊ ဗမာဘာသာဖြင့် ရေးထိုးထား ကြောင်း တွေ့ရပါသည်။ ပါဠိသက်ဝေါဟာရ အနည်းငယ် ပါရှိ ပါသည်။ ယင်း သရေခေတ္တရာ ပျူ ခေါ် ဗမာမင်း ကျောက်အရိုးအိုးစာကို ရေးထိုးထားသော ရှေးဟောင်း အက္ခရာတို့ အရ အေဒီ ၂ ရာစု ၃ ရာစုကာလ စာအက္ခရာ များဖြစ်ကြောင်း သိရပါသည်။
ယင်း သရေခေတ္တရာ ဗမာမင်း၊ မိဖုရား ၄ ပါး၏ ကျောက်အိုးစာတို့မှာ အေဒီ ၂-၃ ရာစု ဗမာစာ အရေးအသားဖြစ်ပါ သည်။ ယင်း ကျောက်အိုးစာများအပြင် နာမည်ကြီး ခင်ဘရွှေပေချပ်များ(အေဒီ ၄-၅ ရာစု၊ ပါဠိဘာသာ) ၊ မောင်ကန် ရွှေပေချပ် (အေဒီ ၄-၅ ရာစု ၊ ပါဠိဘာသာ) နှင့် အခြားသော ကျောက်စာများ၊ အုတ်ခွက်စာများလည်း တွေ့ရှိထားပြီး ဖြစ်ပါသည်။ ဟန်လင်းမြို့ဟောင်းဒေသတွင်လည်း အေဒီ ၄ ရာစု အက္ခရာများနှင့် ရေးထိုးထားသော ရှေးဗမာ ကျောက်စာ အပါအ၀င် ကျောက်စာ ၃ ချပ် တွေ့ရှိခဲ့ပြီး ဖြစ်ပါသည်။
စတုတ္တပုဂံ အနော်ရထာမင်း၊ စောလူးမင်း၊ ကျန်စစ်သားမင်း တို့လက်ထက်တွင် သရေခေတ္တရာ (ဘီစီ ၄ ရာစု)ခေတ်က
တည်းက သုံးစွဲလာသော ဗုဒ္ဓခေတ်-အသောကခေတ်သုံး ရှေးဦးဗြဟ္မီအက္ခရာများ၊ နှောင်းဗြဟ္မီအက္ခရာများနှင့် ပျူအက္ခရာခေါ် ဗမာအက္ခရာများမှ အဆင့်ဆင့် ဆင်းသက် လာသော ရှေးအက္ခရာများကို သုံးစွဲရေးသားကြောင်း လေ့လာတွေ့မြင်ရပါသည်။ ဗြဟ္မီအက္ခရာများကို အခြေပြု၍ ရှေးဗမာကိုယ်ပိုင်အက္ခရာများကို အေဒီ ၂ ရာစု- ၃ ရာစု ကာလကတည်းက တီထွင် သုံးစွဲနေပြီဖြစ်ကြောင်း ထင်ရှားစွာ တွေ့မြင်ရပါသည်။
၁၈၉၄ ခုနှစ်တွင် မြစေတီအမျိုးအ မည်မသိ ကျောက်စာကို လည်းကောင်း၊ ၁၉၁၁-၁၂ တွင် သရေခေတ္တရာမင်း၊ မိဖုရား ၄ ဦး၏ ကျောက်အရိုးအိုး ၄ လုံးကျောက်စာ တို့ကို လည်းကောင်း တွေ့ရှိခဲ့ပြီး မည်သူမှ အဓိပ္ပာယ်မဖတ် တတ် ခဲ့၍ မည်သည့် ဘာသာစကားမှန်း မသိ၍ အမျိုးအမည်မသိ (unknown) ဟုသာ သုတေသန လုပ်ထုံးနည်းအရ ခေါ်ဆို ခဲ့ပါသည်။ ဆရာ ဗလက်ဒင်သည် မြစေတီကျောက်စာ မြန်မာစာမျက်နှာနှင့် ယင်းအမျိုး အမည်မသိကျောက်စာများကို တိုက်ဆိုင်ဖတ်ရှုကြည့်ပြီး စာလုံးဝေါဟာရ ၁၀၀ ခန့်ကို အနက်အဓိပ္ပာယ်ဖော်ထုတ် ပေးခဲ့ရာ ပါဠိ သက္ကဋသက် အနည်း ငယ် နှင့် သား၊ မယား၊ တိုင်းပြည်၊ ရွာ၊ ကျေးဇူး အစရှိသော မြန်မာဝေါဟာရ အများစု ဖြစ်ကြောင်း တွေ့မြင်ရပါသည်။
ဆရာဗလက်ဒင်သည် ဝေါဟာရ အနည်း ငယ်ကိုသာ အဓိပ္ပာယ် ဖော်နိုင်ပြီး ဝေါဟာ ရအများစုကို အဓိပ္ပာယ် မဖော်နိုင်၊ မဖတ် နိုင်၍ သဒ္ဒါစနစ်နှင့် ၀ါကျဖွဲ့ထုံးကို မသိ သဖြင့် ယင်းကျောက်စာတို့မှာ မည်သည့် ဘာသာစကား ဖြင့် ရေးထား ကြောင်း မသိခဲ့ပါ။
ယင်းသို့ မသိလျှင် အမျိုးအမည်မသိစာ (unknown) ဟု ခေါ်ဆိုရမည့် သုတေသနထုံးကို ချိုးဖောက်ပြီး ယင်းစာတို့ ကို ခေါ်ဝေါ် ရည်ညွှန်းရ ပြောဆိုရ လွယ်ကူ အောင် ပျူစာဟု ယာယီအမည်ပေး တံဆိပ် တပ်ပေးလိုက်ကြောင်း ဆရာ ဗလက်ဒင် ရေးသားပြောဆိုပြီး ၁၉၁၁-၁၂ မှ စ၍ သရေခေတ္တရာ၊ ဟန်လင်း၊ ပုဂံတို့တွေ့ မဖတ်တတ်သော ရှေးကျောက်စာများကို ပျူကျောက်စာများဟု ခေါ်ဆိုမှု အစပြု ခဲ့ပါသည်။ ဆရာကြီးလုစ်နှင့် ဆရာကြီး ချားလ်ဒူရွိုင်ဆယ်တို့သည် ဆရာဗလက်ဒင် သုတေသနထုံး ချိုးဖောက်သည်ကို မတားမြစ်ပဲ သူတို့နှစ်ဦးကပါ အဆိုပါ အမျိုးအမည်မသိ ရှေးကျောက်စာ ပေစာ များကို ပျူစာ များဟု လိုက်လံခေါ်ဆို ရေးသားကြပါသည်။
ထိုမှတဆင့် တက်၍ ယင်းစာတို့ကို မြန်မာ ပဏ္ဍိတ်များ မဖတ်တတ်၍ မြန်မာစာ မ ဟုတ်၊ မြန်မာစာနှင့် ယင်းစာ များ (ယာယီ ပျူစာဟုအမည်တပ်လိုက်သောစာများ) မတူ။ ထို့ကြောင့် ပျူနှင့် မြန်မာ လူမျိုး မတူဟု မဖတ်တတ်ပဲ ကောက်ချက် အမှားများ ပြောဆိုရေးသား ပုံနှိပ်ဖြန့် ချီကြသဖြင့် ပျူနှင့်မြန်မာ မတူဟူသော အယူအဆအမှားကြီးမှာ ပြည်တွင်းရော ပြည်ပပါ ပျံ့နှံ့သွားခဲ့ပါသည်။
သရေခေတ္တရာ၊ ဟန်လင်း၊ ပုဂံ မြစေတီတို့တွေ့ အဆိုပါ အမျိုးအမည်မသိ ရှေးဟောင်းကျောက်စာများ၏ ၀ါကျဖွဲ့ပုံ၊
သဒ္ဒါစနစ်နှင့် ၀ါကျအဓိပ္ပာယ်များကို တက္ကသိုလ်များ သမိုင်းသုတေသနဦးစီးဌာနသမိုင်းသုတေသနစာတမ်းဖတ်ပွဲ တွင် ဦးကျော်ဇင်(ဘုန်းတင့်ကျော်) ဖတ်ရှုဖော်ထုတ် တင်ပြခဲ့ပြီး ယင်းစာတို့မှာ ရှေးဟောင်းဗမာစာ ဗမာဘာသာ ဖြစ်ကြောင်း ပေါ်ပေါက်ခဲ့ပြီး ဖြစ်ပါသည်။ သရေခေတ္တရာ မင်း၊ မိဖုရားတို့သည် ဗမာမင်း၊ မိဖုရားများဖြစ်ကြောင်း၊ သရေခေတ္တရာမြို့ကြီးသည် ပျူဟု အမည်ပွားရှိသော ရှေးဗမာမြို့ကြီးဖြစ်ကြောင်း၊ ယင်းကျောက်စာအက္ခရာတို့မှာ သရေခေတ္တရာခေတ်နှောင်း ဗမာကျောက်စာ၊ ဗမာအက္ခရာများဖြစ်ကြောင်း ပေါ်ပေါက်ခဲ့ပြီ ဖြစ်ပါသည်။
ဆရာကြီးလုစ်သည် ဆရာကြီးဗလက်ဒင်နှင့်အတူ အမျိုးအမည်မသိစာ (unknow) ဟုခေါ်ဆိုရမည့် သုတေသနထုံးကို
မလိုက်နာပဲ ချိုးဖောက်ခဲ့သည့်အပြင် ဘီစီ ၂ ရာစု မြန်မာနိုင်ငံ၊ အေဒီ ၃ ရာစုမြန်မာနိုင်ငံ၊ အေဒီ ၃ ရာစု ပုဂံနိုင်ငံ ဟူသော တရုတ်မှတ်တမ်းအချက်အလက်များကို ချန်လှပ်ပြီး ဗမာတို့သည် မြန်မာနိုင်ငံဖြစ်လာမည့် ပျူနိုင်ငံအတွင်းသို့ အေဒီ ၉ ရာစုတွင် လူရိုင်းများအဖြစ် ၀င်ရောက်လာပြီး အခြေချကြောင်း၊ အေဒီ ၁၀ ရာစုတွင် မွန်များထံမှ ဗုဒ္ဓဘာသာ နှင့် စာအက္ခရာရရှိ၍ ဗုဒ္ဓဘာသာဝင်များဖြစ်လာပြီး စာတတ်လာကြောင်း အထောက်အထား အမှားများဖြင့် ပြောဆို ခဲ့ကြပါသည်။ ဆက်လက်၍ ဒွါရာဝတီ မွန်နိုင်ငံ (အေဒီ ၆ ရာစု-၁၀ ရာစု)မှ မွန်စာအရေးအသားသည် သထုံမှ ပုဂံသို့ ပျံ့နှံ့ရောက်ရှိလာကြောင်း၊ သထုံမှ မြန်မာပြည်မသို့ ပျံ့နှံ့ကြောင်း၊ ပုဂံခေတ် ဗမာတို့သည် သူတို့၏ သွေးတူသားချင်း ပျူများ(closely couson) ထံမှ အက္ခရာကို မယူပဲ မွန်အက္ခရာများကို လက်ခံယူငင်သုံးစွဲခဲ့ကြောင်း၊ ပုဂံခေတ် ဗမာအက္ခရာသည် မွန်အက္ခရာများမှ ဆက်ခံထားကြောင်း စသည်ဖြင့် ခိုင်လုံသော အထောက်အထားတစ်စုံတစ်ရာ မပြနိုင်ပဲ သူ၏ထင်မြင် ယူဆချက်များကို တဖျောဖျော ရေးသားပြောဆိုခဲ့ပါသည်။ ယင်း ထင်မြင်ယူဆချက်အားလုံးမှာ အမှားအယွင်းများသာဖြစ်ကြောင်း လက်တွေ့သုတေသနအလုပ်အရ ထင်ရှားစွာ တွေ့မြင်ရပါသည်။
မြန်မာနိုင်ငံ၊ ဗမာလူမျိုးသည် ဘီစီ ၂ ရာစုကတည်းက ထွန်းကားနေပါသည်။ အေဒီ ၃ ရာစုတွင် ဗမာတို့၏ ပုဂံနိုင်ငံ သည် တရုတ်နန်းတော်တိုင်အောင် ကျော်ကြားထင်ရှားနေပါသည်။ ဗမာစာ၊ ဗမာဘာသာကျောက်စာတို့ကို အေဒီ ၂-၃ ရာစုသရေခေတ္တရာနှင့် အေဒီ ၄ ရာစု ဟန်လင်းကျောက်စာများအဖြစ် ပေါ်ပေါက်တွေ့မြင်နေရပါသည်။
ဒွါရာဝတီမွန်နိုင်ငံသည် အေဒီ ၆ ရာစုတွင်မှ စတင်ပေါ်ပေါက်ပြီး အစောဆုံး မွန်ဘာသာကျောက်စာ အရေးအသားကို
အေဒီ ၆ ရာစုနှောင်း အေဒီ ၇ ရာစုဦးတွင်မှ ပရပထုံတွင် စတင်တွေ့ရကြောင်း ချားဒူရွိုင်ဆယ်၊ ဦးမြတို့ ပြောဆိုရေး
သားသကဲ့သို့ ဆရာကြီးလုစ်နှင့် ဦးနိုင်ပန်းလှတို့လည်း သဘောတူရေးသား ပြောဆိုခဲ့ကြပါသည်။
မွန်တို့ထက်စောစွာ အေဒီ ၂ ရာစု - ၄ ရာစု ကတည်းက ကိုယ်ပိုင်အက္ခရာရှိပြီး ဗမာဘာသာကျောက်စာများ ရေးထိုး
နေပြီဖြစ်သော ဗမာတို့အဖို့ ဒွါရာဝတီမှ မွန်အက္ခရာများ ပျံ့နှံ့ရောက်ရှိလာသည်အထိ စောင့်နေစရာ မလိုတော့ပါ။
သမိုင်းအယူအဆဆိုသည်မှာ မှန်ကန်ကြောင်း သက်သေပြနိုင်မှ လက်ခံနိုင်သည့်အဆင့်သို့ ရောက်ရှိကြောင်း ဆရာကြီးဒေါက်တာသန်းထွန်း ထောက်ပြ ပြောဆိုခဲ့ပါသည်။
ဆရာကြီးလုစ်သည် ဘီစီခေတ် မြန်မာနိုင်ငံ ဗမာလူမျိုးသမိုင်းကို အေဒီ ၉ ရာစုမှ ဗမာပေါ်ပေါက်သည်ဟု အလွန် လွဲမှားစွာ ပြောဆိုခဲ့သကဲ့သို့ပင် သရေခေတ္တရာ-ပုဂံ ဗမာဗုဒ္ဓဘာသာယဉ်ကျေးမှုနှင့် ဗမာအက္ခရာကို ဒွါရာဝတီ မွန်ယဉ်ကျေးမ (အေဒီ ၆-၁၀ ရာစု) ထက် နောက်ကျသည်ဟု မှားယွင်းစွာ ထင်မြင်ယူဆ ပြောဆိုခဲ့ပါသည်။ သူ၏ အဆိုပါ အယူအဆ မှန်မမှန်ကို လက်တွေ့သက်သေပြရန် သူ၏တာဝန်ဖြစ်သော်လည်း မှန်းခြေ သမ်းခြေ ပြောဆို မှုများမှလွဲ၍ ခိုင်ခိုင်မာမာသက်သေထူပြနိုင်ခြင်း မရှိပါ။ ဆရာကြီးလုစ် ပြရမည့် သက်သေ အထောက်အထားမှာ သရေခေတ္တရာ- ပုဂံ-ဒွါရာဝတီတွေ့အက္ခရာများကို အသေးစိတ် နှိုင်းယှဉ်ချက်ပြု ဇယားဆွဲပြရန် ဖြစ်ပါသည်။ လုစ် သက်သေ မပြနိုင်ခဲ့ပါ။
လုစ်သည် သမိုင်းပညာရှင် ဖြစ်သော်လည်း ရှေးဟောင်း အက္ခရာပညာရှင် မဖြစ်ခဲ့ပါ။ ရှေးဟောင်းအက္ခရာများနှင့် ပက်သက်၍ လုစ် အပေါ်ယံ သာပြောခဲ့သည်။ နှိုက်နှိုက်နဲနဲ မပြနိုင်ခဲ့။ ရှေးဟောင်းအက္ခရာပညာရှင်ကြီး ဦးသာမြတ် သည် ဆရာကြီးလုစ်၏ အဆိုပါအယူအဆကို ထောက်ခံခြင်း မရှိပေ။ စတုတ္ထပုဂံခေတ် ဗမာတို့သည် ရှေးခေတ်ပျူ (ရှေးမြန်မာ)တို့ထံက အက္ခရာအရေးအသား အတတ်ပညာ ဘာမှမရပဲ အနော်ရထာ သထုံသို့ သိမ်းယူပြီးမှ အက္ခရာ အရေးအသားအတတ်ပညာကို မွန်တို့ထံမှ ရသည်ဟု မယူဆသင့်ကြောင်း၊ ထိုကာလမတိုင်မီ မြန်မာများမှာ အရေး အသား အက္ခရာမရှိဟု ယူဆလျှင် အလွန်မှားပေလိမ့်မည် ဖြစ်ကြောင်း ကန့်ကွက်ပြောဆို ခဲ့ပါသည်။ ဆရာကြီးဦးမြ သည် အိန္ဒိယ၊ ပျူ၊ ၊ မွန်၊ မြန်မာ အက္ခရာနှိုင်းယှဉ် ချက်ပြဇယား ဆွဲပြခဲ့ဖူးပါသည်။ သို့သော် အသေးစိတ်၊ အကွက်စိတ် မဟုတ်၍ အမှန် မပေါ်ခဲ့ပါ။
ရှေးအက္ခရာများကို ကျွမ်းကျင်နိုင်နင်းအောင် လေ့လာလိုက်စားရသည်မှာ အလွန်ပင် ခေါင်းစား၊ မျက်လုံးစား၊ ပင်ပန်း လှပါသည်။ လူအတော်များများ စိတ်ရှိသော်လည်း လက်လျှော့ထားကြသော အကြောင်းအရာ ပညာရပ် တစ်ခု ဖြစ်ပါ သည်။ သို့သော် လက်လျှော့ထားခြင်းအားဖြင့် အမှန်တရား မပေါ်ပေါက်နိုင်ပါ။ အမှန်ကို မသိရပါ။ မြန်မာနှင့် မတူသော ပျူစာဟု မှားယွင်းအမည်တပ်ထားသော သရေခေတ္တရာ၊ ဟန်လင်း၊ ပုဂံ မြစေတီတွေ့ရှေးဗမာအက္ခရာများ၊ စတုတ္ထပုဂံ ခေတ် ဗမာအက္ခရာများနှင့် ဒွါရာဝတီမွန် အက္ခရာများကို အသေးစိတ် နှိုင်းယှဉ်လေ့လာကြည့်ရှုရန် လိုအပ်ပါသည်။
ကျွန်တော့်အနေဖြင့်အဆိုပါ ရှေးဟောင်းကျောက်စာများပါ ရှေးဟောင်းအက္ခရာမျိုးစုံတို့ကို အတိုင်းအတာတစ်ခုထိ လေ့လာလိုက်စားပြီး အက္ခရာနှိုင်းယှဉ် ဇယား (သုတေသနဇယား) ဆွဲကြည့်ပါသည်။ အလွန်စိတ်ဝင်စားဖွယ်ကောင်း
သော အကြောင်းအရာတို့ကို တွေ့ရပါသည်။
ရှေးဟောင်းအက္ခရာများကို ကျေညက်သင့်သလောက် မကျေညက်လျှင် ယင်းအက္ခာတို့မှာ မျက်လုံးကို အတော်လေး လှည့်စားတတ်ပါသည်။ ရာစုနှစ်တူ၊ အချိန်ကာလတူလျှင် အက္ခရာအတော်များများမှာ တစ်ဆင်တည်းလို့ ထင်ရပါ သည်။ သို့သော် အလေ့အကျင့်အတိုင်းအတာ တစ်ခုသို့ရောက် လာသောအခါ တူ မတူ၊ ကွဲပြား မကွဲပြားမှာ ခွဲခြား ကြည့်မြင်၍ ရလာပါသည်။
အနော်ရထာ၊ စောလူး၊ ကျန်စစ်သားမင်းတို့၏ ကျောက်စာ၊ အုတ်ခွက်စာများ အပါအ၀င် စတုတ္ထပုဂံခေတ်ဗမာအက္ခရာ တို့မှာ ဒွါရာဝတီ မွန်အက္ခရာများနှင့် အတော်လေးကွဲပြား ခြားနားပြီး သရေခေတ္တရာ၊ ပျူဟုအမည်ပွား ရှိသော သရေခေတ္တရာ ရှေးဗမာအက္ခရာများနှင့် အတော်များများ ဆင်တူယုံမက ထပ်တူဆင်တူခြင်းများကိုပါ ထင်ရှား လှစွာ တွေ့မြင်ရပါသည်။
အနော်ရထာနှင့် စောလူးမင်းတို့၏ အုတ်ခွက်ဘုရားများတွင် ရေးထိုးထားသော အက္ခရာများနှင့် စတင် တင်ပြပါ မည်။အနော်ရထာမင်း၊ စောလူးမင်းတို့ သုံးစွဲရေးထိုးထားသော အက္ခရာတို့မှာ သရေခေတ္တရာ မင်း၊ မိဖုရား
ကျောက်အိုးစာများ၊ ခင်ဘရွှေပေချပ်များပါ သရေခေတ္တရာ ဗမာစာ ဗမာအက္ခရာများနှင့် နီးစပ်ဆင်တူခြင်း၊ ထပ်တူဆင်တူခြင်းများကို အ မြောက်အများ ထင်ရှားစွာ တွေ့ရပါသည်။ ယင်းအချက်က အနော်ရထာမင်း၊ စောလူးမင်းတို့သည် စတုတ္ထပုဂံခေတ် မတိုင်ခင် သရေခေတ္တရာခေတ်ဦးမှစ၍ ရှေး ပျူ ခေါ် ဗမာတို့သုံးစွဲသော အက္ခရာပုံစံ မူကွဲများစွာထဲမှ နှစ်သက်ရာ အက္ခရာများကို ရွေးချယ်လက်ခံ သုံးစွဲနေကြောင်း အလွန်ထင်ရှားစေပါ သည်။ အနော်ရထာမင်းနှင့် စောလူးမင်းတို့ သုံးစွဲရေးသားသော အက္ခရာများသည် ဒွါရာဝတီ (ပရပထုံ၊လော့ဗူရီ) မွန်အက္ခရာများနှင့် သိသာထင်ရှားစွာ အက္ခရာရေးဆွဲပုံ ပုံစံချင်း မတူ ကွဲပြားခြားနားနေသော အချက်က အနော်ရထာမင်း၊ စောလူးမင်းတို့သည် ဒွါရာဝတီ မွန်အက္ခရာများကို လက်ခံသုံးစွဲခြင်း မရှိကြောင်း သေချာထင်ရှား စေပါသည်။
အထက်ပါ ထင်ရှားလှသော အချက်တို့မှ ကောက်ချက်ချမည်ဆိုလျှင် ကောက်ချက်ချနိုင်ပြီ ဖြစ်ပါသည်။ စတုတ္တပုဂံခေတ် ဗမာအက္ခရာတို့၏ ဘိုးဘေးအက္ခရာတို့မှာ သရေခေတ္တရာ ပျူ ခေါ် ဗမာအက္ခရာများဖြစ်ကြောင်း၊ ဒွါရာဝတီ မွန်အက္ခရာများသည် ပုဂံခေတ် ဗမာအက္ခရာများ၏ ဘိုးဘေးအက္ခရာများမဟုတ်၊ မဆီလျှော် မသက် ဆိုင်ကြောင်း၊ ပုဂံဗမာတို့သည် ဒွါရာဝတီမှ ပျံ့နှံ့လာသော မွန်အက္ခရာများကို မွန်တို့ထံမှ ရယူသုံးစွဲသည်ဟူသော ဂျီအိပ်ခ်ျလုစ်၏ ထင်မြင်ယူဆချက် မှားယွင်းလှကြောင်း၊ စတုတ္ထပုဂံခေတ် ဗမာအက္ခရာသည် ဒွါရာဝတီ မွန်အက္ခရာမှ ပေါက်ဖွားဆင်းသက်နေသည် ဟူသော ဂျီအိပ်လုစ်နှင့် အစရှိသော ပုဂ္ဂိုလ်တို့၏ ထင်မြင်ယူဆပြောဆိုချက်များမှာ လုံးလုံးလျားလျား မှားယွင်းနေကြာင်း ဟူ၍ လေ့လာတွေ့မြင်ရပါသည်။
(အက္ခရာဇယားပါ အတိုမှတ် စာညွှန်း)
မြ၊ ၃ ၊ က ၁ -
ဦးမြ၊ ရှေးဟောင်းအုတ်ခွက်ရုပ်ပွားဆင်းတုတော်များ၊ ပထမတွဲ၊ ဓါတ်ပုံအမှတ် ၃၊ အနော်ရထာမင်း၏ အုတ်ခွက်ဘုရား
ကျောဘက်တွင်ပါသော လက်ရေးစာ၊ ကြောင်းရေ ၁။ (က ၁၊ က ၂၊ က ၃ အစရှိသည်တို့မှာ အုတ်ခွက်ဘုရားစာပါ စာ
ကြောင်းရေ အမှတ်စဉ်တို့ကိုသော်လည်းကောင်း၊ ရှေးကျောက်စာတို့ပါ စာကြောင်းရေ အမှတ်စဉ်တို့ကိုသော်လည်း
ကောင်း ရည်ညွှန်းခြင်း ဖြစ်ပါသည်။)
မြ ၉ -
ယင်းစာအုပ် ဓါတ်ပုံ အမှတ်(၉)၊ အနော်ရထာမင်း၏ အုတ်ခွက်ဘုရားပါ လက်ရေးစာ။
မြ ၆၈ (ခ) -
ယင်းစာအုပ် ဓါတ်ပုံအမှတ် ၆၈ (ခ)၊ မိုးမိတ်နယ် နွားတလည်ရွာမှ ရရှိသော အနော်ရထာမင်း၏ အုတ်ခွက်ဘုရား
ကျောဘက်ပါ လက်ရေးစာ။
မြ ၇၁ -
ယင်းစာအုပ် ဓါတ်ပုံအမှတ် ၇၁၊ မင်းဘူးမြို့နယ်၊ ဖောင်းလင်းရွာမှ ရရှိသော အနော်ရထာမင်း၏ အုတ်ခွက်ဘုရား အောက် ပိုင်းကျိုး အောက်ဘောင် အောက်ဘက်တွင် ပါရှိသော လက်ရေးစာ။
ခင်ဘ ပျူအက္ခရာ၊ ၈၊ က ၂ -
ခင်ဘရွှေပေချပ် အမှတ်(၈)၊ ကြောင်းရေ ၂။ ၂ က ၃ = ခင်ဘရွှေပေချပ် အမှတ် ၂၊ ကြောင်းရေ ၃။ (ရှေ့နံပါတ်သည်
ပေချပ်နံပါတ် နောက်နံပါတ်တို့သည် ဆိုင်ရာရွှေပေချပ်ပါ စာကြောင်းရေ နံပါတ်များ)
အခြားပျူအက္ခရာ၊ မြ၊ ဒု၊ ၆၂ -
ဦးမြ၊ ရှေးဟောင်းအုတ်ခွက်ရုပ်ပွား ဆင်းတုတော်များ၊ ဒုတိယတွဲ၊ ဓါတ်ပုံအမှတ် ၆၂၊ မှော်ဇာ ပျိုးခင်းကြီးကုန်းရ အုတ်ချပ်အပိုင်းကျိုးပါ လက်ရေးစာ၊ ကြောင်းရေ ၂။
အခြားပျူအက္ခရာ ပျူမင်း-
သရေခေတ္တရာတွေ့ ပျူမင်း၊ မိဖုရား ကျောက်အိုးများဟု ယာယီအမည်ပေးခဲ့သော သရေခေတ္တရာ ရှေးဗမာမင်း၊ မိဖုရားကျောက်အရိုးအိုး ၅ လုံးပါ ကျောက်စာ ၅ ချပ်။
အခြားပျူအက္ခရာ မကပ-
မောင်ကန် ရွှေပေချပ်၊ ပထမချပ်။
အခြားပျူအက္ခရာ ကတ-
ကျွန်းတောစုရွှေပေချပ် (မှော်ဇာအနီး) (အေဒီ ၆ ရာစု - ၇ ရာစု)ခန့်
အခြားပျူအက္ခရာ သံတွဲ-
သံတွဲ ပျူကျောက်စာ (သာလူချောင်း ကမ်းရှိ တုံဒေါရွာ၊ သံတွဲမြို့မှ မိုင် ၃၀ ခန့်)
အခြားပျူအက္ခရာ ပခက-
ပျိုးခင်းကြီးကုန်း အုတ်ခွက်စာ (ပြည်ခရိုင်၊ မှော်ဇာမြို့အနီး၊ အေဒီ ၆-၇ ရာစုခန့်)
အခြားပျူအက္ခရာ ဟလ-
ဟန်လင်းကြီးမြို့၊ မြို့ဟောင်းတောင်ဘက်ကုန်းတွင် ရရှိသည့် ပျူစာ (အေဒီ ၄ - ၅ ရာစု)
အခြားပျူအက္ခရာ က၀ခ-
မှော်ဇာ ဗောဗောကြီးတောင် ကန်ဝက်ခေါင်းကုန်းမှရသော ဆင်းတုပလ္လင်ပတ်လည်စာ အပိုင်း ၁။
အခြားပျူအက္ခရာ ပျူမြ-
မြစေတီကျောက်စာ (က) တိုင်ပါစာ။
အခြားပျူအက္ခရာ ငထပ-
သရေခေတ္တရာ ခင်ဘကုန်းတွေ့ ငွေစေတီလုံး ခေါင်းပွ၏ အထက်တွင် ထိုးထားသော ကမ္ဗည်းစာ။
ပရပထုံ မွန်၊ က -
ပရပထုံတွေ့ ယေဓမ္မာဂါထာ (က) ချပ် (ဦးမြ အက္ခရာဇယား)
သရေခေတ္တရာ ခင်ဘကုန်းတွေ့ ငွေစေတီလုံး ခေါင်းပွ၏ အထက်တွင် ထိုးထားသော ကမ္ဗည်းစာ။
ပရပထုံ မွန်၊ က -
ပရပထုံတွေ့ ယေဓမ္မာဂါထာ (က) ချပ် (ဦးမြ အက္ခရာဇယား)
ပရပထုံ မွန်၊ ခ -
ပရပထုံတွေ့ ယေဓမ္မာဂါထာ (ခ) ချပ် (ဦးမြ အက္ခရာဇယား)
ပရပထုံ မွန်၊ ပက -
ပရပထုံတွေ့ မွန်ကျောက်စာ အပိုင်းကျိုး (က)
ပရပထုံ မွန်၊ ပခ -
ပရပထုံတွေ့ မွန်ကျောက်စာ အပိုင်းကျိုး (ခ)
0 comments:
Post a Comment
သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်