ရာမညဒေသ ဘယ်လဲ ဘာလဲ
ရာမညမြို့၊ ရာမညဒေသသည် မည်သည့်နေရာတွင် တည်ရှိခဲ့ပြီး၊မည်သူ့ကြောင့် ပျက်သုန်းခဲ့သနည်း။
စတုတ္ထပုဂံမြို့တည် ပျဉ်ပြားမင်းလက်ထက် (အေဒီ ၈၄၆) (၀ါ) အေဒီ ၉ ရာစုတွင် ထေရ၀ါဒဗုဒ္ဓဘာသာ ပုဂံဗရမ္မာ (ခေါ်) မရမ္မာ-မြန်မာနိုင်ငံအတွင်းသို့ အခြားအရပ်မှ မွန်လူမျိုးများ အမြောက်အများ အဘယ့်ကြောင့် ရွှေ့ပြောင်းလာခဲ့ကြပါ တာပါလဲ ?
အေဒီ ၉ ရာစု စတုတ္ထပုဂံ မင်းနေပြည်တော် ပုဂံနိုင်ငံအတွင်းသို့ ပုဂံနိုင်ငံပြင်ပ အခြားအရပ်မှ မွန်လူမျိုးများ အမြောက် အများ ရွှေ့ပြောင်းလာသည် ဟူသော ပျူရာဇ၀င်စကားသည် ဖြစ်နိုင်ချေ အမှန်တကယ် ရှိပါရဲ့လား ?
ဒီမေးခွန်းကို ဖြေဆိုရှင်းလင်းဖို့ အတွက် -
(၁) ထိုကာလတွင် ပုဂံနိုင်ငံ ရှိနေပြီလား။
(၂) ထိုကာလ ပုဂံနိုင်ငံပြင်ပ မည်သည့် အရပ်ဒေသမှာ မွန်လူမျိုးတို့ နေထိုင်ခဲ့ကြသလဲ။
(၃) ပျူ (ခေါ်) ဗရမ္မာလူမျိုးတို့၏ ပုဂံနိုင်ငံပြင်ပနေ မွန်လူမျိုးတို့သည် မူလနေရာမှ အခြား ဒေသသို့ မရွှေ့မဖြစ် ရွှေ့ပြောင်းကြရစေရန် အဘယ်ဘေးအန္တရာယ် ဆိုးများမှ မကြုံချင်ပဲ ကြုံခဲ့ကြပါသလဲ။
ဟူသော မေးခွန်း (၃) ခုကို ရာဇ၀င်ဖြင့်မဟုတ်ပဲ *ခေတ်ပြိုင်အထောက်အထားများ*ဖြင့် ဖြေဆိုပေးနိုင်ရန် လိုအပ်ပါတယ်။
(ဈေးမြို့ ပုဂံနှင့် မင်းနေပြည် ပုဂံ)
ဘီစီ ၂ ရာစုအတွင်း တရုတ်ဧကရာဇ် ၀ူတိမော်လက်ထက်တွင် တရုတ်နန်းတော်မှ အမတ်ကြီးချိန်ချိယင်န် သည် ယူနန်နှင့် ပင်လယ် ကြားရှိ ပျူနိုင်ငံကို စုံစမ်းသိရှိပြီး တရုတ်ဧကရာဇ်ထံ အစီရင်ခံခဲ့သည်။ ယင်း တရုတ်ဧကရာဇ် လက်ထက်တွင်ပင် တရုတ်နန်းတော်မှ တံခါးဝါ အမည်ရှိ တပ်ဖွဲ့ကို အရှေ့တောင်အာရှတစ်ခွင်သို့ စေလွှတ်၍ ထောက်လှမ်း လေ့လာစေခဲ့ရာယင်း တံခါးဝါတပ်ဖွဲ့ဝင်တို့သည် မလေးကျွန်းစွယ် အနောက်ဘက်ကမ်း တစ်နေရာရှိ “ဖူကန်ဒွါရာ” ပုဂံအ၀င်တံခါးမြို့-ပျူနိုင်ငံအ၀င်တံခါးမြို့ကို သိရှိ မှတ်တမ်းတင် ဖော်ပြခဲ့ကြသည်။
ယင်း ဘီစီ ၂ ရာစုကာလ ရှေးခေတ်မြန်မာနိုင်ငံသည် သရေခေတ္တရာ မင်းနေပြည်တော် ဗရမ္မာနိုင်ငံ ဖြစ်သည်။ ရှေးခေတ် အိန္ဒိယသားတို့က သရေခေတ္တရာနိုင်ငံနှင့် လူမျိုးကို ဗရမ္မာဒေ့ရှ် (ဗရမ္မာနိုင်ငံ)နှင့် ဗရမ္မာလူမျိုးဟု သိရှိခေါ်ဝေါ်ကြသည်။ ဗရမ္မာ ခေါ် ဗမာလူမျိုးတို့မှာ ပျူဟူသော အမည်ပွားရှိခဲ့သည်။ ဤ သုတေသနစာတမ်း တစ်နေရာတွင် ဗရမ္မာအမည်မှ ပြု - ပြူ (ခေါ်) ပျူ အမည်သို့ ရွှေ့လျော ပြောင်းလဲလာပုံ အထောက်အထားများကို ဖော်ပြထားပါသည်။
သရေခေတ္တရာနိုင်ငံခေတ်တွင် ဘီစီ ၄၃၀ ပြည့်နှစ်တည် ပုဂံဈေးမြို့ကြီး ရှိခဲ့ကြောင်း၊ ပြည်တွင်းပြည်ပ အရပ် ၈ မျက်နှာ မှ ကူးသန်းရောင်းဝယ်ကြသော ကုန်သည်များဖြင့် ပုဂံဈေးမြို့ကြီးသည် ကြက်ပျံမကျ စည်ကားကြောင်း ရှေး သရေခေတ္တရာ ရာဇ၀င်နှင့် ပုဂံရာဇ၀င်တို့တွင် ဖော်ပြပါရှိသည်။ ယင်း ရာဇ၀င်စကား မှန်ကန်ကြောင်းမှာ ဘီစီ ၂ ရာစုကာလတွင် ဗရမ္မာနိုင်ငံ (ခေါ်) ပျူနိုင်ငံ တောင်ဘက် (မလေးကျွန်းစွယ် အနောက်ဘက်ကမ်း တကွာပ) ဟု
ယူဆရသော နေရာတွင် “ဖူကန်တွာရာ” ခေါ် “ပုဂံဒွါရာ” (ပုဂံအ၀င်တံခါး)မြို့ ဟူ၍ အမည်ရှိသော ဆိပ်ကမ်းမြို့ တစ်မြို့ရှိခဲ့သည်။ ဗရမ္မာ ခေါ် ပျူနိုင်ငံတွင် ပုဂံအမည်ရှိသောမြို့ ပေါ်ပေါက်နေပြီဖြစ်ကြောင်း “ပုဂံဒွါရာ” ပါ “ပုဂံ” ဟူသော အမည်ဝေါဟာရ ကိုယ်နှိုက်က သက်သေတည်နေပါသည်။ ပုဂံမြို့ မရှိပဲ “ပုဂံ” ဟူသောအမည် ပေါ်ပေါက်လာစရာ မရှိပါ။
ပျူနိုင်ငံသို့ သွားလိုသူများသည် ယင်း ပုဂံဒွါရာ ပုဂံအ၀င်တံခါးဆိပ်ကမ်းမြို့ကြီးတွင် သဘောင်္ပြောင်းစီးလျှင် ကျော်ကြားထင်ရှားသော ဈေးမြို့ပုဂံ အမည်ဖြင့် တင်စားခေါ်ဝေါ်သော ဗရမ္မာနိုင်ငံ (ခေါ်) ပျူနိုင်ငံသို့ ရောက်ရှိ မည်ဖြစ်သည်။
အေဒီ ၁၀၈ ခုနှစ်တွင် သရေခေတ္တရာမင်းနေပြည်ခေတ် ကုန်ဆုံးပြီးနောက်ပိုင်း မင်းနေပြည်တော်အသစ်ကို နာမည် ကျော် ဈေးမြို့ဒေသ၌ တည်ဆောက် သောကြောင့် ယင်း မင်းနေပြည်ကို ပုဂံပြည်ကြီးဟုခေါ်ဆိုခဲ့ကြ ကြောင်း ရှေးဗမာ့ရာဇ၀င်တို့က ဆိုသည်။
အေဒီ ၃ ရာစု ဝေ့နန်းတော်မှတ်တမ်းတွင် အေဒီ ၂၂၆ ခုနှစ် ပုဂံနိုင်ငံကို သိရှိမှတ်တမ်းတင်ခဲ့ပြီး ယင်းပုဂံနိုင်ငံကို “ဗရမ္မာနိုင်ငံ၊ ပျူနိုင်ငံ” ဟူသော အမည်တို့ဖြင့်လည်း သိရှိမှတ်တမ်းတင်ခဲ့သည်။
ပထမပုဂံမင်းနေပြည်၏ အမည်သည် “မရိမဒ္ဒနပူရ” ဟူ၍ အမည်တွင်ကြောင်း ရာဇ၀င်တို့တွင် ပြဆိုသည်။
ဒုတိယပုဂံမင်းနေပြည် “သီရိပစ္စယာ” ကို ပုဂံခေတ် ရှေးဗမာကျောက်စာ ၁၃ ချပ်တွင် ရေးထိုးဖော်ပြခဲ့ကြသည်။
အေဒီ ၆ ရာစု ပုဂံမင်းနေပြည်ခေတ် ဗရမ္မာနိုင်ငံနှင့် ပျူကန်တူလူ ခေါ် ပုဂံဒွါရာမြို့ကို အေဒီ ၆ ရာစု လျန်မင်းဆက် ခေတ် တရုတ်မှတ်တမ်းတွင်လည်း မှတ်တမ်းတင် ဖော်ပြခဲ့သည်။
တတိယပုဂံမင်းနေပြည် တမ္ပ၀တီ ခေါ် တမ်ပပုဂံ၏ အမည်ကို ထန်မင်းဆက်ခေတ် ထန်မင်းဆက်မှတ်တမ်း သစ်တွင် ဗရမ္မာ ခေါ် ပျူနိုင်ငံ၏ ကျော်ကြားထင်ရှားပြီး အင်အားတောင့်တင်းသော ပျူမြို့ကြီး (၃၂)မြို့ စာရင်းတွင် ဖော်ပြပါရှိ သည်။ တတိယပုဂံပြည်ခေတ် ဗရမ္မာ ခေါ် ပျူနိုင်ငံမှ ပျူသံအဖွဲ့နှင့် ပျူဂီတအဖွဲ့တို့ကို အေဒီ ၈၀၂ ခုနှစ်တွင် စေလွှတ်ခဲ့ သည်။ တရုတ်နိုင်ငံမှ တရုတ်သံအဖွဲ့သည် ဗရမ္မာ ခေါ် ပျူနိုင်ငံသို့ အေဒီ ၈၀၅ ခုနှစ်တွင် ရောက်ရှိဆက်ဆံခဲ့သည်။ ဒွါရာဝတီနိုင်ငံ အပါအ၀င် ပျူနိုင်ငံ၏ သြဇာခံနိုင်ငံ (၁၈)နိုင်ငံရှိ ကြောင်း ထန်ခေတ် တရုတ်တို့ သိရှိမှတ်တမ်းတင်ခဲ့ကြ သည်။
အေဒီ ၈၄၉ ခုနှစ် တည်ပြီးသော စတုတ္ထပုဂံပြည်မြို့ကြီး အကြောင်းမှာ ပညာရှင်အများ သိရှိ ဖော်ပြခဲ့ကြပြီး ဖြစ်သည်။ ဗရမ္မာ ခေါ် ပျူတို့သည် ဗရမ္မာ-မြန်မာ ဟူသော အမည်သစ်ကို ထပ်မံပြောင်းလဲ ခေါ်တွင်လာခဲ့ကြ၍ ဘီစီ ၂ ရာစု မှ အေဒီ ၂၀ ရာစု ဗရမ္မာနိုင်ငံ ခေါ် ပျူနိုင်ငံကို မီယန်(မြန်မာ)နိုင်ငံ ဟူ၍ သိရှိခေါ်ဆို မှတ်တမ်းတင်ခဲ့ကြသည်။
အေဒီ ၇ ရာစု-၁၀ရာစု တရုတ် ထန်မင်းဆက် ခေတ်ကြီးတွင် ထန်နန်းတော်သည် ပျူနိုင်ငံ တည်နေပုံနှင့် အကျယ် အ၀န်းကို စုံစမ်းသိရှိ မှတ်တမ်းတင်ခဲ့ပုံကို ဆရာဦးရည်စိန်သည် သူ၏ “ပျူခေတ် မြန်မာနိုင်ငံ၏ နိုင်ငံခြားဆက်ဆံရေး” သုတေသနစာတမ်းတွင် ဖော်ပြခဲ့သည်။
“ဤအကြောင်း (ပျူနိုင်ငံတည်နေပုံ)နှင့်ပက်သက်၍ ရှေ့ဦးစွာ မှတ်တမ်းတင်ခဲ့ သောကျမ်း သည် ထန်မင်းဆက် သမိုင်းဟောင်း ဖြစ်ပါသည်။ ယင်းကျမ်းတွင် -
ပျူနိုင်ငံသည် ယုန်ချန်အုပ်ချုပ်ရေးနယ်ဟောင်း တောင်ဘက်မှ လီပေါင်း ၂၀၀၀ ကျော်တွင် တည်ရှိသည်။ (ထန်မင်းဆက်၏) မြို့တော်နှင့် လီပေါင်း ၁၄၀၀ ကွာဝေးသည်။ ယင်းနိုင်ငံ၏ အကျယ်အ၀န်းသည် အရှေ့မှအနောက် လီပေါင်း ၃၀၀၀ ရှိ၍ တောင်ဘက်မှ မြောက်ဘက် အထိ ၃၅၀၀ ရှိသည်။ အရှေ့ဘက်တွင် ကျဲ့လာ့နိုင်ငံနှင့် အိမ်နီးချင်း ဖြစ်၏။ အနောက်ဘက် တွင် အရှေ့အိန္ဒိယနှင့် နယ်မြေဆက်စပ်သည်။ တောင်ဘက်တွင် ပင်လယ်ရှိ၍ မြောက်ဘက်
တွင် နန်စောနိုင်ငံ စောလော့မြို့၏ နယ်မြေသို့ ပေါက်ရောက်သည်။ အရှေ့မြောက်ဘက်တွင်ယန်ကျူမိအယ်နှင့် လီပေါင်း ၆၀၀၀ ကွာဝေးသည်ဟု ဆို၍-
ခရစ်နှစ် (၉၆၁) ခုနှစ်တွင် ပြုစုပြီးစီးသော ထန်မင်းဆက်အုပ်ချုပ်ပုံစာတမ်းတွင် ပျူနိုင်ငံသည် အရှေ့မြောက်ဘက်တွင် နန်စောနိုင်ငံ မိအယ်ကျူမြို့နှင့် လီပေါင်း ၆၀၀၀ ကွာဝေး၏။ (ထန်မင်းဆက်၏)မြို့တော်နှင့် လီပေါင်း ၁၄၀၀ ကွာဝေး သည်။ ယုန်ချန်အုပ်ချုပ်ရေးနယ် ဟောင်း တောင်ဘက်မှ လီပေါင်း၂၀၀၀ ကျော်တွင် တည်ရှိ၏။ ယင်း၏ အကျယ် အ၀န်းသည် အရှေ့မှ အနောက်သို့ လီပေါင်း ၃၀၀၀ ရှိ၏။ ကျာလော်ဖော်ထီ အစရှိသော နိုင်ငံပေါင်း ၂၀ ကျော်တို နှင့် ကူးလူးဆက်သွယ်ရေး သံတမန်ဆက်နွယ်မှု ရှိသည်။ အရှေ့ဘက်တွင် ကျဲ့လာ့ နိုင်ငံနှင့် အိမ်နီးချင်းဖြစ်၍ အနောက် ဘက်တွင် အရှေ့အိန္ဒိယနှင့် နယ်မြေဆက်စပ်သည်။ တောင်ဘက်တွင် ပင်လယ်ရှိ၍ မြောက်ဘက်တွင် နန်စောနိုင်ငံ စောလော့မြို့သို့ ပေါက် ရောက်သည်ဟု ဆိုသည်။
ခရစ်နှစ် (၁၀၆၀) ပြည့်နှစ်တွင် ပြုစုပြီးစီးသော ထန်မင်းဆက် သမိုင်းသစ် တွင်လည်း ပျူနိုင်ငံသည် ယုန်ချန်တောင် ဘက် လီပေါင်း ၂၀၀၀ တွင် တည်ရှိ၏။ (ထန်မင်းဆက်)မြို့တော်နှင့် လီပေါင်း ၁၄၀၀ ကွာဝေးသည်။ အရှေ့ဘက်တွင် ကျဲ့လာ့ကုန်းမြင့်ပိုင်းရှိ၏။ အနောက်ဘက်တွင် အရှေ့အိန္ဒိယရှိသည်။ အနောက်တွင် တောင်ဟော်လော် ရှိ၏။
တောင်ဘက်တွင် ပင်လယ်ရှိ၍ မြောက်ဘက်တွင် နန်စောရှိသည်။ အလျားသည် လီပေါင်း ၃၀၀၀ ရှိ၍ အနံကား လီပေါင်း ၅၀၀၀ ရှိသည် ဟု ဆိုသည်။”
အထက်ပါအတိုင်း ထန်ခေတ်တရုတ်မှတ်တမ်း (၃)စောင်တွင် ထန်ခေတ် (အေဒီ ၇ ရာစု၊ ၁၁ ရာစု) တရုတ်တို့ ပျူနိုင်ငံ အကြောင်း စုံစမ်းသိရှိ မှတ်တမ်းတင်ထားခြင်းကို ဆရာဦး ရည်စိန်က တရုတ်ဘာသာမှ မြန်မာဘာသာသို့ ပြန်ဆို ဖော်ပြခဲ့သည်။
အထက်ပါ
ထန်မင်းဆက်ခေတ် နန်းတော်မှတ်တမ်းကြီး (၃)စောင်အရ -
(၁) ပျူနိုင်ငံ၏ တောင်ဘက်တွင် ပင်လယ်သာရှိပြီး ရာမညမွန်နိုင်ငံ မရှိခြင်း။
(၂) ပျူနိုင်ငံသည် အရှေ့ဘက်တွင် ကျဲ့လာ့ (ခေါ်) ခမာ(ကမ္ဘောဒီးယား)နှင့် နယ်ချင်းဆက်ခြင်း။

(၃) ပျူနိုင်ငံနှင့် ကျဲ့လာ့ (ခေါ်)
ခမာနိုင်ငံကြားတွင် ရှိသော ဒွါရာဝတီနိုင်ငံသည် ပျူနိုင်ငံ၏ လက်အောက်ခံ နိုင်ငံဖြစ်ခြင်း။
ဟူသော သမိုင်းဝင်အချက်အလက်များ ထင်ရှားပေါ်ပေါက်လျှက် ရှိပါတယ်။
ထန်မှတ်တမ်းအပါအ၀င် တရုတ်မှတ်တမ်းများအရ မွန်နိုင်ငံဟု သူထင်သော မိချိန်၊ ခွန်လွန်၊ လူယူနိုင်ငံတို့သည် ပျူနိုင်ငံတော် လက်အောက်ခံဖြစ်ကြောင်း၊ မွန်သည် ပျူသြဇာခံ ပျူလက် အောက်ခံဖြစ်ကြောင်း ဂျီအိပ်ခ်ျလုစ်သည် သူ၏ Burma down to the fall ofpagan စာတမ်းတွင် ရေးသားဖော်ပြခဲ့သည်။
အထက်ပါ အေဒီ (၇)ရာစု (၁၀)ရာစု ထန်ခေတ်တရုတ်မှတ်တမ်း အထောက်အထားများအရ ပျူနိုင်ငံတောင်ပိုင်းတွင် ပင်လယ်သာ ရှိပြီး ရာမညနိုင်ငံ မရှိသေးပဲ ပျူနိုင်ငံတောင်ပိုင်း ကမ်းရိုးတန်းဒေသကြီးသည် ပျူကမ်းရိုးတန်း ဒေသ ကြီးသာ ဖြစ်ကြောင်း အလွန်ထင်ရှားစွာဖြင့် ပေါ်ပေါက် နေပါသည်။
အေဒီ (၉၈၂)ခုနှစ် ၀န်းကျင်ကျော်ကာလသည် တရုတ်တို့က “ဗရမ္မာ (ခေါ်) ပျူ (ခေါ်) ပုဂံ ခေါ်သောနိုင်ငံကို အနော်ရထာမင်းကြီး၏ ခမည်းတော် ကွမ်းဆော်မင်းကြီး အုပ်ချုပ်စိုးစံ နေသော အချိန်ကာလဖြစ်သည်။ ထိုကွမ်းဆော်မင်းကြီးလက်ထက် ဗရမ္မာ (ခေါ်) ပျူ (ခေါ်) ပုဂံ နိုင်ငံတောင်ပိုင်း ကမ်းရိုးတန်းဒေသတွင် မုတ္တမပျူမြို့ကြီး ထွန်းကားတည်ရှိနေကြောင်း ထန်မှတ်တမ်းသစ်ကြီးနှင့် ဖော်ပြမှတ်တမ်းတင်ထားပြန်ရာ ပုဂံဗရမ္မာ ခေါ် ပျူနိုင်ငံ တောင်ပိုင်း ဒေသကြီးသည် ရာမညတိုင်းဒေသမဟုတ်ပဲ မုတ္တမပျူမြို့ကြီး တည်ရှိထွန်းကားနေသော
ပျူကမ်းရိုးတန်း ဒေသကြီးဖြစ်ကြောင်း ထပ်မံပေါ်ပေါက်နေပြန်သည်။

ယခင်တင်ပြခဲ့ပြီးဖြစ်သည့်
သရေခေတ္တရာ အတိတျာကျောက်အရိုးအိုးစာ မှတ်တမ်းတင်ချက် အထောက်အထား အရလည်း ဗရမ္မာ ခေါ် ပျူနိုင်ငံတောင်ပိုင်း ကမ်းရိုးတန်းဒေသကြီးသည် ဒလပျူတိုင်း၊ ပါဒပျူတိုင်း၊ လှည်းကူးပျူတိုင်း၊
က၀ပျူတိုင်း၊ ပဲခူးပျူတိုင်း၊ ဘုရားကြီးပျူတိုင်း၊ တိုက်ကုလားပျူတိုင်း၊ တကွာပါပျူတိုင်း များ
ထွန်းကားတည်ရှိရာ ဗရမ္မာ ခေါ် ပျူနိုင်ငံတောင်ပိုင်း ကမ်းရိုးတန်း
ပျူဒေသကြီးဖြစ်ကြောင်း၊ ရာမညတိုင်း-ရာမညနိုင်ငံဒေသ မဟုတ်ကြောင်း
များလည်း ကလာပ်ပေါ်က ပတ္တမြားကဲ့သို့ အလွန် ထင်ရှားလျှက် ရှိပါသည်။
မြန်မာသည် ဗရမ္မာဖြစ်ကြောင်း ကောင်းစွာသိသဖြင့် ဂျီအိပ်ခ်ျလုစ်သည် သူ၏ Old Burma Early Pagan ကျမ်းတွင် ဗရမ္မာ-မြန်မာကို မရမ္မာ(Mrama) ဟု တစ်ကြိမ်မက ရေးသား ဖော်ပြခဲ့သည်။
ဘီစီ (၂) ရာစုမှ အေဒီ (၁၀၆၀)အထိ ဗရမ္မာ ခေါ် ပျူနိုင်ငံကြီးသည် မြောက်ဘက်တွင် ယူနန်နှင့် နယ်နိမိတ်၊ တောင်ဘက်တွင် ပင်လယ်နှင့် နယ်နိမိတ်ဖြစ်ကြောင်း တရုတ်တို့ သိရှိမှတ် တမ်းတင် ဖော်ပြခဲ့သည်။ အထက်ပါ ရှေးတရုတ်ခေတ်ပြိုင် မှတ်တမ်းအထောက်အထားများ အရ ဘီစီ ၂ ရာစု မှ အေဒီ ၁၁ ရာစုအထိ ကာလတွင် ဗရမ္မာ-မရမ္မာ ခေါ် ပျူနိုင်ငံ တောင်ဘက်တွင် ပင်လယ်သာ ရှိပြီး ရာမညတိုင်း ရာမညနိုင်ငံ ဟူ၍ မရှိခဲ့ပါ။
ဒွါရာဝတီဒေသအတွင်းရှိ ရာမန်နာဂရ ခေါ် ရာမညမြို့၊ ရာမညတိုင်း၊ ရာမညနိုင်ငံ
အေဒီ ၂ ရာစု ပုဂံနိုင်ငံနှင့် ခေတ်ပြိုင် ပေါ်ပေါက်ထွန်းကားခဲ့သော ဖူနန် ခေါ် ဗူးနန်းနိုင်ငံကြီးသည် အေဒီ ၅ ရာစု နောက်ပိုင်းတွင် ပျက်သုန်းခဲ့ပြီး အေဒီ ၆ ရာစုတွင် ကမ္ဗောဇ ခေါ်ခမာနိုင်ငံ ပေါ်ပေါက်ထွန်းကားလာခဲ့သည်။ ယင်းနောက် အေဒီ ၇ ရာစုနှင့် ၈ ရာစုတွင် ဒွါရာဝတီနိုင်ငံ ပေါ်ပေါက်လာခဲ့သည်။
ယင်း ဒွါရာဝတီနိုင်ငံအတွင်း မွန်လူမျိုးများ ပါဝင်နေထိုင်ကာ မွန်ယဉ်ကျေးမှုများ ကောင်းစွာထွန်းကားခဲ့သော မွန်မြို့အချို့ တည်ရှိခဲ့ကြောင်း ခေတ်ပြိုင်အထောက်အထားများ ထင်ရှား ကျန်ရှိသည်။ အေဒီ ၇ ရာစု ပရပထုံ မွန်ကျောက်စာ၊ အေဒီ ၉ ရာစု လော့ဗူရီ မွန်ကျောက်စာများကို တွေ့ရှိခဲ့သည်။
ယင်း ဒွါရာဝတီနိုင်ငံဟု ခေါ်ဆိုကြသော နယ်မြေရပ်ဝှမ်း အတွင်း လော့ဗူရီ ခေါ် လ၀ပူရမြို့၊ ရာမန်နာဂရ ခေါ် ရာမညမြို့- ရာမညတိုင်း၊ ဟရိဘုဉ္စ ခေါ် လင်ဖွန်းမြို့၊ လင်ပိုင်မြို့မှတ်
တမ်းနှင့် ဓမ္မဒေ၀ီဝံသ မှတ်တမ်း ၂ စောင်တွင် ပြဆိုသည်။
လ၀ကူရမြို့ လော့ဗူရီသည် အယုဒ္ဓယမြို့ အနီးတွင်လည်းကောင်း၊ ဟရိဘုဉ္စ ခေါ် လင်ဖွန်းမြို့သည် ဇင်းမယ်မြို့၏ အရှေ့တောင်ဘက် (၁၇) မိုင်ခန့်အကွာ မီကွန်မြစ်ပေါ်တွင်လည်းကောင်း၊ လင်ပိုင်သည် လင်ဖွန်းမြို့၏ မြောက်ဝန်း ကျင် တစ်နေရာတွင်လည်းကောင်း၊ ပရပထုံဘုရားသည် ဘန်ကောက်မြို့အနီးတွင်လည်းကောင်း တည်ရှိခဲ့ကြ ကြောင်း ဦးနိုင်ပန်းလှ အညွှန်းပေးပါသည်။
၁၉၂၅ ခုနှစ် ထိုင်းနိုင်ငံတွင် သုတေသနပြုလုပ်သော ဆရာကြီး စေးရှီး စာကို ကျမ်းကိုးပြုပြီးဆရာကြီး ဂီယွန်းသည် သူ၏ မွန်စာတမ်းကျမ်းတွင် ဇီနကလမ္မလိနီမှတ်တမ်းပါ အကြောင်းအရာများကို ဖော်ပြခဲ့ပါသည်။
“In order to replace a city which had been washed away in a flood as the result of the misconduct (an allusion, I believe, to an actual his torical event), the hermit vasudera selected a site on the Ping River Which wound be suitable for a new city. Then he sets out to find the person “full of merit” who
wound be able to rule the future city, which is to say the future state.
Another hermit, his friend Sukkadanta, suggest that he asks the King of Lavo to permit his daughter to fullfill thart role. Lavo, or Lavapura, was at the time a Mon city as is confirmed by the inscriptions. This took place in AD 768 as determined by caedes (confirmed by Hans Penth). Princess Camadevi
was the cvife of the King of Ramannagara (or of the uparaja governing the city of Ramannagara near Lava pura).
As we have seen, however, this name Ramannagara designates the Kingdowm of thef Mon, and it is customary to locate it in Lower Burma. So far as I know, no other writer has sought to puzzale over this disturbing face. What Kingdowm is really meant here?
Camadevi, the three months pregnant, receives her father's permissions, leaves her husband there, and set out for what will be Haripunjaya.”
******** *********** *********
“After Camadevi was enthroned at Haripunjaya, she gave birth to male twins ......The queen or ganizes the city ethnically into quarters, and in the centre she places the ment born from the footprints of elephants, rhinoceroses and (Wild)' buffaloes.”
******** ********* **********
“The first Haripunjaya stops at abouth the eleven the century, a date which I consider to be that of the inscription found in 1968, and of the exodus to Thaton.”
(Emmanuel Guillon, The Mons, P.101, 102)
အထက်ပါ ပြင်သစ်ဆရာ ဂီယွန်၏ ရေးသားဖော်ပြချက်ကို မြန်မာဘာသာသို့ ပြန်ဆိုဖော်ပြ ပါမည်။
“ဘုရင်၏ မကောင်းသောအမူအကျင့် အကျိုးဆက်အဖြစ်ရေကြီးရေလွှမ်းမိုးကာ ပျက်သုန်း ခဲ့ရသော မြို့တော်တစ်ခု ကို အစားထိုး ထူထောင်ရန်အလို့ငှာ ရသေ့ ၀သုဒေ၀သည် မြို့တော်သစ်အတွက် သင့်တော်လိမ့်မည် ဖြစ်သော ပင်းမြစ်ကမ်းပေါ်ကနေရာတစ်ခုကို ရွေးချယ်ခဲ့သည်။ (အမှန်တကယ် ဖြစ်ပျက်ခဲ့သော သမိုင်းဝင်ဖြစ်ရပ် တစ်ခုနှင့် ပက်သက်သော ရည်ညွှန်းမှုဟု ကျွန်တော် ဂီယွန် ယုံကြည်သည်။) ထို့နောက် ရသေ့သည် အနာဂတ်နိုင်ငံ ဟု ပြောရန် ဖြစ်သော၊ အနာဂတ်မြို့တော်ကို အုပ်ချုပ်ကြီးစိုးနိုင်စွမ်း ရှိမည်ဖြစ်သော ကောင်းခြင်းတရားနှင့် ပြည့်စုံသော ပုဂ္ဂိုလ်ကို ရှာဖွေရန် ခရီးထွက်ခဲ့သည်။
ထိုရသေ့၏ သူငယ်ချင်းဖြစ်သော ရသေ့ သုက္ကဒန္တက ထိုမြို့သစ်၌ အုပ်ချုပ်ကြီးကဲရန် အဆင့်အတန်းနှင့် ပြည့်စုံသော သမီးတော်ကို ခွင့်ပြုရန် လ၀ပူရ၏မင်းကို သူခွင့်တောင်းသင့်ကြောင်း အကြံ ပေးခဲ့သည်။ ရှေးကျောက်စာဟောင်းများ က အတည်ပြုထောက်ခံသကဲ့သို့အတိုင်း လဗို ခေါ် လ၀ပူရမြို့တော်သည် ထိုခေတ်ကာလတွင် မွန်မြို့တော်တစ်မြို့ ဖြစ်ခဲ့သည်။ ယင်းဖြစ်ရပ်သည် ဆရာစေးဒီးက ဆုံးဖြတ်ပြီး ဆရာဟန့်စ်ပန့်သ်က အတည်ပြုသကဲ့သို့အတိုင်း
အေဒီ ၇၆၈ ခုနှစ်တွင် ဖြစ်ပျက်ခဲ့သည်။ စမ္မဒေ၀ီမင်းသမီးသည် လ၀ပူရမြို့တော်အနီးရှိ ရာမန်နာဂရ (ရာမညတိုင်း ရာမညမြို့တော်) ကို စိုးစံသော အိမ်ရှေ့ဥပရာဇာမင်းသား သို့မဟုတ် ယင်းရာမညမြို့ မင်း၏ မိဖုရားဖြစ်သည်။
ရာမန်နာဂရ (ရာမညမြို့) အမည်သည် မွန်နိုင်ငံကို ဖော်ပြခြင်းဖြစ်သည်။ ယင်းရာမညနိုင်ငံကိုအောက်မြန်မာနိုင်ငံတွင် နေရာချပြောဆိုလေ့ရှိသည်။ ယခုအချိန်အထိ ကျွန်တော်သိရသည်မှာ ယင်းသို့ မရှင်းမရှင်းဖြစ်နေသော အချက်ကို မည်သည့်စာရေးသူကမျှ လက်တွေ့သုတေသန အလုပ်ဖြင့်သော် လည်းကောင်း၊ လေ့လာမှန်းဆချက် ဖြင့်သော် လည်းကောင်း၊ အဖြေမှန်ရရန် ကြိုးစားအားထုတ်ခြင်း မရှိသေးကြောင်းဖြစ်သည်။ အမှန်တကယ် မည်သည့် အဓိပ္ပါယ် ကို ဖော်ဆိုလိုပါသနည်း။ ..........။.......။
စမ္မဒေ၀ီသည် ဟရိဘုဉ္စမြို့တော်တွင် နန်းတက်ပြီး အမွှာသား (၂)ဦးကို ဖွားမြင်ခဲ့သည်။
ယင်းဘုရင်မသည် သူ၏မြို့တော်ကို လူမျိုးစုအလိုက် ရပ်ကွက်များဖွဲ့ စည်းတည်ဆောက်သည်။ ယင်းရပ်ကွက်များ အလယ်ဗဟိုတွင် ဆင်ခြေရာမှ မွေးဖွားသောသူများ၊ ကြံ့ခြေရာမှ မွေးဖွားသောသူများနှင့် ကျွဲ(ရိုင်း)များ၏ ခြေရာမှ မွေးဖွားသောသူများကို နေရာချထားပေးသည်။ ..........။ ........။
ဤပထမ ဟရိဘုဉ္စမြို့တော်သည် အေဒီ ၁၁ ရာစုခန့်တွင် ရပ်တန့်သွားခဲ့သည်။ ပထမဟရိဘုဉ္စပျက်သော အချိန် ရက်စွဲမှာ သထုံသို့ ရှောင်ပြေးကြသော အချိန်နှင့် ၁၉၆၂ ခုနှစ်၌ ရှာတွေ့ခဲ့သော ရှေးကျောက်စာပါ အချိန် ရက်စွဲဖြစ်ကြောင်း ကျွန်တော်သုံးသပ်ယူဆသည်။” ...... ဟူ၍ ဖြစ်ပါသည်။
၁၉၂၅ ခုနှစ် ပြင်သစ်ပညာရှင် ဆရာကြီးစေးဒီးတွေ့ရှိပြီး ဘာသာပြန်ဆိုခြင်းပြုခဲ့သော ဇိနိကလမ္မလိနီ မှတ်တမ်း နှင့် စမ္မဒေ၀ီဝံသမှတ်တမ်း ၂စောင်ပါ အကြောင်းအရာတို့ကို ဆရာဦးနိုင်ပန်းလှသည် သူ၏ “သုတေသနစာပေများ” အမည်တပ် ဆောင်းပါးပေါင်းချုပ် စာအုပ်ပါ “ဒွါရာဝတီနိုင်ငံနှင့် မွန်ယဉ်ကျေးမှု” အမည်တပ်ဆောင်းပါး (ယခင်-
ယဉ်ကျေးမှုစာစောင်-အတွဲ ၁၊ အမှတ်-၆။ အောက်တိုဘာ၊ ၁၉၅၅ ပုံနှိပ်ဆောင်းပါး) တွင် အောက်ပါအတိုင်း ရေးသားဖော်ပြခဲ့ပါသည်။
“....ခိုင်လုံသော သာဓကများအဖြစ် မကြာမီက ကျောက်စာပါရဂူ မစ္စတာဇေဒီး (စေးဒီး)က ဘာသာပြန်၍ မှတ်တမ်း ရေးသားခဲ့သော ရာဇ၀င် ၂စောင်ကို တွေ့ရှိခဲ့ပြန်သည်။ တစ်စောင်မှာ ၁၅ ရာစု နှစ်ဦးတွင် ဇင်းမယ် သို့မဟုတ် လင်ဖွန်း၌ နေထိုင်သူ ဗောဓိရမ်သီ အမည်ရှိ ရဟန်းတစ်ပါးက ပြုစုထားခဲ့သည့် စမ္မဒေ၀ီလာ ခေါ် စမ္မဒေ၀ီဘုရင်မ၏ ရာဇ၀င်သမိုင်း ဖြစ်၏။ အခြားတစ်စောင်မှာ ဇင်းမယ်မြို့ ရတ္တန၀ါဝိဟာရကျောင်း၌ သီတင်းသုံးသော အရှင်ရတနပန္န မထေရ်က အေဒီ ၁၅၁၆ - ခုနှစ်တွင် ပြုစုသော ဇိနကလမ္မလိနီ ခေါ် မြတ်စွာဘုရား၏ အောင်မြင်ကြောင်း အတ္တုပတ္တိ ပါဠိဘာသာ လက်ရေးမူများမှ ဘာသာပြန်ခြင်းဖြစ်သည်။
ရတနမထေရ်သည် ဟိနာယနဂိုဏ်းဝင်ဖြစ်၏။ ဤအရှင်မြတ်သည် လောနိုင်ငံ၌ နေထိုင်ပြီး အေဒီ ၁၅ ရာစု၌ သိဟိုဠ် သို့ ကြွရောက်ပြီး ရဟန်းသစ်ခံယူကာ သီဟလာဂနဘွဲ့အမည်နှင့် သာသနာပြုခဲ့သည် ဆို၏။ သိဟလာဂနဘွဲ့ခံ ရတနပန္နအရှင်မြတ်၏ ကျမ်းသည် ရာဇ၀င်နှင့်သက်ဆိုင်ပြီး လိုအပ်သောအကြောင်းအရာများကို ဖော်ပြပါသည်။
ဗောဓိရာမ်သီအရှင်မြတ်၏ ကျမ်းသည် ပို၍စိတ်ဝင်စားဖွယ် ရေးသားထားပြီး ဒဏ္ဍာရီဆန်၏။ ဤအရှသ်မြတ်၏ ကျမ်းအရဆိုသော် စမ္မဒေ၀ီသည် လော့ဗူရီဘုရင်၏ သမီးတော်ဖြစ်ပြီး ရာမည နာဂရဘုရင် (ရာမညတိုင်း မွန်ဘုရင်)နှင့်
လက်ထပ်ခဲ့သော်လည်း မိမိ၏ခင်ပွန်းသည်အား စွန့်ခွါ၍ အေဒီ ၆၆၃ တွင် ထိုင်းပြည်နယ်မြောက်ပိုင်းရှိ နိုင်ငံသို့ သာသနာပြုခေါင်းဆောင်အဖြစ် သွား ရောက်သည်ဟု ဆို၏။ ထိုသို့သွားရောက်ရာတွင် မိမိ၌ ပဋိသန္ဓေ ရှိသဖြင့်
လင်ပွန်းမြို့တွင် အမွှာပူးသားနှစ်ပါးအား ဖွားမြင်၍ တစ်ယောက်သည် လင်ဖွန်း၌ ဘုရင်ဖြစ်လာပြီး အခြားတစ်ယောက် မှာ လင်ပိုင် (Lam-pang) မြို့သစ်၌ ဘုရင်ဖြစ်သည် ဆို၏။
ဒွါရာဝတီခေတ် မွန်အနုပညာရုပ်တုများ၊ လော့ဗူရီ၌ (၇)ရာစု (၈)ရာစု မွန်ကျောက်စာများ၊ လင်ဖွန်း၌ (၁၂)ရာစု မွန်ကျောက်စာများတို့ကို တွေ့ရှိခြင်းဖြင့် စမ္မဒေ၀ီသည် ရာမညတိုင်းနှင့် အဆက်အသွယ်ရှိသည် ဆိုခြင်းများကို
ထောက်ရှုလျှင် ထိုင်းပြည်တောင်ပိုင်းတွင် မွန်များအုပ်ချုပ်၍ စမ္မဒေ၀ီနှင့် အဖွဲ့ဝင်များသည် မွန်များပင်ဖြစ်ကြောင်းကို ယူဆရန်ရှိသည်ဟု ... ဆိုကြသည်။ စမ္မဒေ၀ီသည် လံဗင်ဂနပူရီမြို့သစ်ကို တည်ထောင်ခဲ့သေးသည်။
ကျောက်စာပါရဂူ မစ္စတာဇေဒီးသည် အထက်ပါဒဏ္ဍာရီသမိုင်းအရ စမ္မဒေ၀ီ ထိုင်းမြောက်ပိုင်းသို့ ရောက်သော ခုနှစ်သည် အေဒီ (၈)ရာစုဖြစ်သည် ဆိုခြင်းကို ပယ်ချရာ၌ အကြောင်းပြချက်မှာ လင်ဖွန်းတစ်ဝိုက်၌ အနုပညာ
လက်ရာ၊ ဗိသုကာ လက်ရာအားဖြင့်သော်လည်းကောင်း၊ ထို (၈)ရာစုခေတ်၌ ပြုလုပ်ခဲ့သည့် အကြွင်းအကျန်ကို မတွေ့ရသောကြောင့် ဖြစ်သည်ဆို၏။ သို့ရာတွင် (၉)ရာစုလွန်ပြီးမှ လော့ဗူရီ လင်ဖွန်းသို့ မွန်များ ရောက်ရှိမည်ဟု
ထင်ရပါသည်။
.....................။......................။..................

လောနှင့်လင်ဖွန်း စစ်ရေးဆိုရာ၌ လင်ဖွန်းမြို့မှ လူများကို ရာမညလူမျိုးဟု သုံးနှုန်းကြောင်း ဖော်ပြသေးသည်။
(နိုင်ပန်းလှ၊ နှ ၂၄ , ၂၅၊ နိုင်ပန်းလှ၊ ဒွါရာဝတီနှင့် မွန်ယဉ်ကျေးမှုဆောင်းပါး၊သုတေသနစာပေများ၊ နှ ၂၄ , ၂၅)
ထိုင်းနိုင်ငံဘက်ရှိ ရှေးဟောင်းသုတေသနလုပ်ငန်းများတွင် လုပ်ဆောင်သော ဆရာကြီးစေးဒီးသည် ၁၉၂၅ ခုနှစ်တွင် ၁၆ ရာစူု ရေး ဇနကလမ္မလိနီမှတ်တမ်းနှင့် ၁၅ ရာစုရေး စမ္မဒေ၀ီသမှတ်တမ်း များကို တွေ့ရှိဖော်ထုတ်ခဲ့သည်။ ယင်း မှတ်တမ်း ၂စောင်ကို ဆရာကြီးဂီယွန်နှင့် ဆရာနိုင်ပန်းလှတို့ ဖတ်ရှုသိရှိပြီး ယင်းမှတ်တမ်း၂စောင်ပါ ရှေးမြို့များ၊ ရှေးဘုရင် , ဘုရင်မများ၊ အဖြစ်အပျက် အကြောင်းအရာများကို ပြန်လည်ဖော်ပြရေးသား ခဲ့ကြ၏။
ထိုင်းနိုင်ငံဘက်တွင် ၁၅ ရာစုနှင့် ၁၆ ရာစု ရေး စမ္မဒေ၀ီဝံသနှင့် ဇိနကလမ္မလိနီ တို့ကို ဖတ်ရှုပြီး စမ္မဒေ၀ီနှင့် သူ၏ ခင်ပွန်းမင်းတို့ ရာမညမြို့ကို အုပ်ချုပ်စိုးစံစေခဲ့ကြောင်း ပြန်လည်ဖော်ပြခဲ့သော ဆရာ ဦးနိုင်ပန်းလှသည် ယင်း ရာမညတိုင်း၊ ရာမညမြို့တည်နေရာသည် ဒွါရာဝတီနိုင်ငံအတွင်း လ၀ပူရမြို့တော် အနီးတွင်တည်ရှိကြောင်း ကိုမူ ဖော်ပြရန် ဆရာကြီးဂီယွန် ဖော်ပြသကဲ့သို့ ဖော်ပြခြင်းမပြုပဲ ပျက်ကွက်ခဲ့သည်။
ဗရမ္မာ ခေါ် ပျူနိုင်ငံအတွင်းသို့ ဒွါရာဝတီမှ မွန်များ ပြောင်းရွှေ့ခိုလှုံခြင်းမတိုင်မှီ မွန်တို့၏ မူရင်းနေထိုင်ရာ နေရာသည် ဒွါရာဝတီနိုင်ငံအတွင်း လ၀ပူရမြို့တော် အနီးတွင် ဖြစ်ကြောင်းကို “ရာမညရာဇ၀င်” ဟူ၍ ရေးသားပြုစုခဲ့ကြသည့် အခြားသော ဆောင်းပါးရှင်များ၊ စာရေးသူများသည်လည်း ဖော်ပြခြင်း မပြုခဲ့ကြပါ။
ယင်းကဲ့သို့ မွန်လူမျိုးတို့ မူလပထမ နေထိုင်ခဲ့ကြရာ ရာမညတိုင်း၊ ရာမညမြို့တည်နေရာသည် ဒွါရာဝတီနိုင်ငံအတွင်း လ၀ပူရမြို့တော်အနီးတွင် ဖြစ်သည် ဆိုသည်ကို ဆရာ ဦးနိုင်ပန်းလှအပါအ၀င် ရာမည မွန်သမိုင်းပြုစုခဲ့ကြသော
စာရေးသူများ ဖော်ပြခြင်း မပြုခဲ့ကြသောကြောင့် ၁၆ ရာစု နောက်ပိုင်း ခေတ်အဆက်ဆက် မွန်ပြည်သူများနှင့် မြန်မာနိုင်ငံ တိုင်းရင်းသားပေါင်းစုံ၊ပြည်သူလူထုသည် အေဒီ ၁၀ - ၁၁ ရာစု မတိုင်ခင် မူလပထမ ရာမညမွန်တိုင်း သည် ဗရမ္မာ ခေါ် ပျူနိုင်ငံ-ပုဂံနိုင်ငံအတွင်း၌ မတည်ရှိပဲ ဒွါရာဝတီနိုင်ငံ အတွင်း၌သာ တည်ရှိခဲ့ကြောင်းကို မှန်ကန်စွာ သိခွင့်မရခဲ့ကြရုံသာမက မူလပထမ ရာမညမွန်တိုင်းသည် ဗရမ္မာ ခေါ် ပျူနိုင်ငံတောင်ပိုင်း ကမ်းရိုးတန်းမှာ
(မရှိခဲ့ပါပဲ) ရှိခဲ့သည် ဟူသော အသိမှားများ ဖြစ်ခဲ့ကြရပါသည်။
အေဒီ ၁၁ ရာစု မတိုင်ခင် ရာမညမြို့၊ ရာမညတိုင်းသည် ဒွါရာဝတီနိုင်ငံအတွင်း လ၀ပူရမြို့တော်အနီးတွင် တည်ရှိခဲ့ ကြောင်း၊ အေဒီ ၁၁ ရာစုမတိုင်ခင် ရာမညမင်းသည် လ၀ပူရမြို့တော်အနီး ရာမညမြို့တွင် စိုးစံခဲ့ကြောင်းကို ဆရာကြီး ဂီယွန်က ဇိနကလမ္မလိနီမှတ်တမ်းတွင် ပါရှိသည့်အတိုင်း ဖော်ပြခဲ့ပါသည်။ ယင်းသို့ ဆရာကြီးဂီယွန် ဖော်ပြပေးခဲ့သည့် ကောင်းမှုကျေးဇူးကြောင့် အေဒီ ၁၀ ရာစု၊ ၁၁ ရာစု မတိုင်ခင် မွန်လူမျိုးတို့ နေထိုင်ခဲ့ရာ မူလပထမ ရာမညတိုင်း၊ ရာမညမြို့သည် ဒွါရာဝတီနိုင်ငံအတွင်း စမ္မဒေ၀ီမင်းသမီး၏ ခမည်းတော်စိုးစံရာ လ၀လူမျိုးတို့၏ မြို့တော် ဖြစ်ခဲ့ဖူး သော လ၀ပူရမြို့တွင် တည်ရှိခဲ့ကြောင်း၊ မူလ ပထမရာမညတိုင်းသည် ဒွါရာဝတီနိုင်ငံ (ယခုခေတ် ထိုင်းနိုင်ငံ အလယ်ပိုင်းဝန်းကျင်တ၀ိုက်)တွင် တည်ရှိခဲ့ခြင်းဖြစ်ကြောင်းကို ရှင်းလင်းစွာ သိခွင့်ရရှိ ခဲ့ကြပါသည်။
အေဒီ ၁၀ ရာစုအလယ်ပိုင်းတွင် ရာမညမြို့၊ ရာမညဒေသ၊ ရာမညနိုင်ငံသည်
ခမာကြောင့် ပျက်သုန်းခဲ့ရခြင်း
........................................။.........................................
အေဒီ ၁၁ ရာစုမတိုင်ခင် ရာမညမွန်တိုင်း၊ မွန်ဒေသသည် ပျူ ခေါ် ဗရမ္မာဋ္ဌနိုင်ငံ အတွင်းမှာ မတည်ရှိခဲ့ပဲ ဒွါရာဝတီနိုင်ငံ အတွင်းတွင် တည်ရှိခဲ့ကြောင်းကို ထောက်ခံလျှက်ရှိသော ခေတ်ပြိုင်ကျောက်စာ အထောက်အထား တစ်ခုကို ဆရာကြီး လုစ်သည် သမိုင်းလောကတွင် ထင်ရှားသော “Old Burma Early Pagan” ကျမ်းကြီး၏ စာမျက်နှာ ၂၁ ၊ အခြေမှတ် စုအမှတ်-၇၇ ၌ အတိအလင်း အထင်အရှားဖော်ပြခဲ့ပါသည်။
“Note that cambajian over “Ramanya and Campa” during the reign of Rajendravarman in the middle of the 10th century A.D ,are , mentioned in the Prarat Bem Vien Sanskrit inscription: see Coedes, Inscription du Cambodge, Vol.,V,pp.97,99”
အထက်ပါ စာ၏ အဓိပ္ပါယ်မှာ -
“ပရာဆက်ဘန်ဗီးယင် သက္ကဋကျောက်စာတွင် အေဒီ ၁၀ ရာစု အလယ်ပိုင်းကာလအတွင်း ရာဇာမ်ဒြ၀ါရီမန် (ခမာမင်း) လက်ထက်ကာလ၌ ရာမညနှင့် စမ္ပါတို့ကို အောင်နိုင်ခဲ့သော ကမ္ဗောဇတို့၏ အောင်ပွဲများကို ရေးထိုးဖော်ပြထားသည်။ စေးဒီးပြုစုသော ကမ္ဗောဇကျောက်စာများ အတွဲ ၅၊ စာမျက်နှာ ၉၇၊ ၉၉ တို့တွင်ကြည့်ပါ” ဟူ၍ ဆရာကြီးလုစ် ရည်ညွှန်း ဖော်ပြသည်။
အဆိုပါ ပရာဆက်ဘန်ဗီးယင် သက္ကဋကျောက်စာသည် ၁၅ ရာစုနှင့် ၁၆ ရာစုနှောင်းပိုင်း ပြုစုသည့် အမှန်အမှားများ ရောပြွမ်းနေသော ရာဇ၀င် ခေါ် ခေတ်ပြိုင်အထောက်အထား မပြတမ်း မိမိလိုရာရေးသားထားသည့် ရာဇ၀င်ဆရာ
အာဘော်စာမျိုး မဟုတ်ပဲ အေဒိ ၁၀ ရာစုအလယ်ပိုင်း အဖြစ်အပျက်အခြင်းအရာကို မှတ်တမ်းတင်ဖော်ပြ ရေးထိုးခဲ့ သည့် ရှေးဟောင်းခေတ်ပြိုင်ကျောက်စာ အထောက်အထားမျိုး ဖြစ်ပါသည်။
ပရာဆက်ဘန်ဗီးယင် သက္ကဋကျောက်စာ အထောက်အထားအရ သိရသည်မှာ ဒွါရာဝတီနိုင်ငံအတွင်းရှိ ရာမညမြို့၊ ရာမညတိုင်းနှင့် ဗီယက်နမ်တောင်ပိုင်းတွင် တည်ရှိသည်ဟု ယူဆရသော စမ္ပါမြို့တို့ကို ကမ္ဗောဇ ခေါ် ကမ္ဗောဒီးယား
ခမာမင်း ရာဇမ်ဒြ၀ရ်မန် တိုက်ခိုက်သိမ်းပိုက်ခဲ့သည် ဟူသော သတင်းအချက် ဖြစ်ပါသည်။
အေဒီ ၁၀ ရာစုအလယ်ပိုင်းတွင် ခမာမင်း ရာဇမ်ဒြ၀ရ်မန် တိုက်ခိုက်သိမ်းပိုက်ခဲ့သော ရာမညတိုင်း၊ ရာမညမြို့သည် ဒွါရာဝတီနိုင်ငံဘက် မဟုတ်ပဲ ဗရမ္မာ ပျူနိုင်ငံတောင်ပိုင်းရှိ သထုံမြို့ဟု ငြင်းခုန်လိုသူများ ရှိပါသလား။
သထုံရာဇ၀င်ကို ကိုင်ဆွဲကာ သထုံမြို့ကို ရာမညမြို့ဟု ပြောလိုသူများအနေဖြင့် အေဒီ ၁၀ ရာစုအလယ်ပိုင်းတွင် သထုံတိုင်း၊ သထုံမြို့ကို ခမာမင်း တိုက်ခိုက် အောင်မြင်ခဲ့သည်ဟု လက်ခံလိုမည် မထင်ပါ။
အကယ်၍ ထိုအချက်ကို လက်ခံလျှင်-
သထုံမြို့နှင့် သထုံမင်းဆက်သည် အနော်ရထာမမွေးသေးခင် အေဒီ ၁၀ ရာစုအလယ်ပိုင်းကတည်းက ပျက်သုန်းသွား ပြီး အနော်ရထာမင်း သိမ်းယူစရာ မနူဟာ သထုံမြို့ မရှိတော့ဟု သဘောတူ လက်ခံရာ ကျလိမ့်မည်ဖြစ်ပြီး၊ သထုံ
ပျက်သည်မှာ ခမာကြောင့်ဟုလည်းကောင်း၊ သထုံမြို့၊ သထုံတိုင်းသည် အေဒီ ၁၁ ရာစု အနော်ရထာခေတ်အထိ မရှိတော့ပဲ အေဒီ ၁၀ ရာစုကတည်းက ပျက်သုန်းတိမ်ကောခဲ့ပြီးပြီဟု လည်းကောင်း၊ အေဒီ ၁၁ ရာစု အလယ်ပိုင်း စွန်းစတွင် အနော်ရထာတိုက်ခိုက်သိမ်းယူစရာ သထုံမြို့ မရှိတော့ဟုလည်းကောင်း၊ မနူဟာလက်မှ သထုံကို အနော်ရထာမင်း မတိုက်ခိုက် မသိမ်းယူခဲ့ပါဟု လည်းကောင်း၊ အေဒီ ၁၀ ရာစုအလယ်ပိုင်းကာလ ကတည်းက ခမာ (ဟိန္ဒူဘာသာဝင်) တို့ သိမ်းပိုက်ထားခဲ့သော သထုံမြို့မှ ဗုဒ္ဓဓမ္မ ပိဋိကတ် ၃ ပုံအား အေဒီ ၁၁ ရာစုအလယ်ပိုင်းတွင် ပုဂံကို အနော်ရထာ ရရှိစရာ မရှိတော့ဟု လည်းကောင်း၊ အနော်ရထာမင်းကြီးသည် သထုံကို ခမာလက်မှ ပြန်လည်
တိုက်ခိုက် သိမ်းယူခဲ့ခြင်းဖြစ်သည်ဟုလည်းကောင်း ၀န်ခံရာကျပေလိမ့်မည်ဖြစ်သည်။
ထိုအပြင် သထုံရာဇ၀င်ကိုယ်နှိုက်က အမှားကြီးပါရှိနေပြန်ပါသည်။ မည်သည့်အမှားနည်း ဟုဆိုသော် ပထမ သထုံမြို့ တည် နန်းတည်မင်း “တိဿဓမ္မ သီဟရာဇာ ဒွတ္တပေါင်” ခေါ် “သူရိယစန္ဒာ မဟာဒွတ္တပေါင်” ခေါ် ဒွတ္တဘာဂ ဒွတ္တပေါင် ပျူမင်းဆက်ကို မွန်မင်းဆက်ဟု ၁၆ ရာစု နောက်ပိုင်း ပြန်ရေးရာတွင် အကြီးအကျယ် မှားယွင်းရေးသားခဲ့သော အမှား ကြီး ဖြစ်သည်။ သထုံရာဇ၀င်အရ ပြောမည်ဆိုလျှင် သထုံမြို့ သထုံတိုင်းဒေသ သထုံဒွတ္တပေါင် ပျူမင်း၏ ပျူတိုင်းကြီး တစ်တိုင်းဟုသာ ပေါ်ပေါက်နေကာ၊ သထုံမြို့ သထုံတိုင်းကို ရာမညမြို့ ရာမညတိုင်းဟု ပြောဆိုနေကြခြင်းမှာ သထုံမြို့ သထုံမင်းဆက်ကို တည်ထောင်ခဲ့သော တိဿဓမ္မ သီဟရာဇာ ဒွတ္တပေါင် အမည်ပါ သထုံရာဇ၀င်၌
ဒွတ္တပေါင် အမည်ပါကြောင်းကို မဖတ်ဖူးသောပြည်သူများ၊ မဖတ်ဖူး၍ မသိကြသဖြင့် တိဿဓမ္မ သီဟရာဇာ ဒွတ္တပေါင်ကို မွန်ဟု ပြောသူတို့ မှားပြောနေကြောင်း မသိကြပဲဖြစ်ကာ အမှားကို အမှန်ဟု လက်ခံ ပြောဆိုနေကြခြင်း ဖြစ်သည်။
စာပေ၀ါသနာအိုး၊ သမိုင်းဝါသနာအိုး၊ ဖတ်ဖူးသူအချို့တို့ကလည်း ပထမသထုံမြို့တည် နန်းတည်မင်းကြီးနှင့် မင်းဆက်သည် တိဿဓမ္မသီဟရာဇာဒွတ္တပေါင်လည်းခေါ်၊ သူရိယစန္ဒာမဟာဒွတ္တပေါင် လည်းခေါ်၊ ဒွတ္တဘာဂ ဒွတ္တပေါင်လည်းခေါ်သော ပျူမင်းကြိးနှင့် ပျူမင်းဆက်ဖြစ်ကြောင်းကို အမှန်အတိုင်း မပြောပြ၊ မဖော်ပြကြပဲ
သထုံမြို့ဒေသအပါအ၀င် မြန်မာနိုင်ငံတောင်ပိုင်း ကမ်းရိုးတန်းဒေသကြီးကို ရာမညဒေသဟု ပြောလိုစိတ်ဖြင့် ဒွတ္တပေါင်အမည်ကို အမြဲ ချန်လှပ်ကာ သထုံပျူမင်းဆက်ကို မွန်မင်းဆက်ဟု မှားယွင်း ရေးသား ပြောဆိုနေကြပါသည်။
၂၀ ရာစုနှင့် ၂၁ ရာစုအတွင်း သထုံသမိုင်းဟူ၍ ရေးသားခဲ့ကြသော စာရေးသူအားလုံးနီးပါးသည် သထုံရာဇ၀င်ပါ တိဿဓမ္မသီဟရာဇာ ဒွတ္တပေါင်သည် ပျူမင်းဖြစ်ကြောင်းကို ဖော်ပြခြင်းမပြုပဲ ကျန်ရစ်ခဲ့လေ့ ရှိကြသည်။ ထိုစာရေးသူ တို့သည် သထုံမြို့ကို တိဿဓမ္မသိဟရာဇာ ခေါ် ငယ်မည် ဒွတ္တဘဂဒွတ္တပေါင် ပျူမင်းတည်ထောင်ခဲ့ကြောင်းကို ပြည်သူများ အမှန်အတိုင်း သိရှိကြကုန်မည်ကို စိုးရိမ်ခဲ့ကြလေသလော။
မွန်လူကြီးအနည်းငယ်ကမူ သထုံရာဇ၀င်ပါ သထုံမြို့တည်နန်းတည် တိဿဓမ္မသီဟရာဇာဒွတ္တပေါင်မင်းဆက်သည် ပျူမင်းဆက်ဖြစ်ကြောင်း သိနားလည်ကာ သထုံဒေသတွင် မွန်ထက် ပျူလျင်ဦးစွာ စောကြောင်းကို အခြားသူတို့အား ဖြောင့်မှန်တည်ကြည်စွာ ပြောပြကြကြောင်း ပြန်လည်ကြားသိရပါသည်။
သထုံရာဇ၀င်များနှင့် သထုံရာဇ၀င်ပေါင်းချုပ်ကျမ်းကြီးတို့တွင် တိဿဓမ္မသီဟရာဇာ ဒွတ္တပေါင်မင်းကြီးနှင့် ယင်းမင်းကြိးမှ ဆင်းသက်သော မင်းမျိုးမင်းဆက်ဟု ဖော်ပြချက်အရ သထုံမင်းဆက်နှင့်သထုံမြို့များသည်
ပျူမင်းဆက်နှင့် ပျူမြို့များ (၀ါ) ပျူမင်းဆက်၊ ပျူအုပ်စုနှင့် ပျူတိုင်းကြီး တစ်တိုင်းဖြစ်ကြောင်း ထင်ရှားလှကာ တစ်ဆက်တည်းပေါ်ပေါက်လျှက် ရှိပါသည်။ ဤသည်မှာ ရာဇ၀င်ကို ကိုင်ဆွဲပြောလိုသူများအတွက် ရာဇ၀င်
ရှုထောင့်မှ ထင်ရှားပေါ်ပေါက်နေသော သထုံပျူအုပ်စုနှင့် သထုံတိုင်းအကြောင်း ဖော်ပြခြင်းဖြစ်ပြီး သထုံမင်းဆက်
နှင့်
သထုံတိုင်းသည် ရှေးဟောင်း ပျူမင်းဆက်တစ်ခုနှင့်
ပျူတိုင်းတစ်ခုဖြစ်ကြောင်း အများပြည်သူ သိရှိအောင် သထုံရာဇ၀င်ပေါင်းချုပ်ကျမ်းကြီးကို
့ ထိန်ချန်မှုကင်းစွာ ဖော်ပြသင့်၍ ဖော်ပြခြင်းလည်း ဖြစ်ပါသည်။
ခေတ်ပြိုင်အထောက်အထားများအရ ပေါ်ပေါက်နေသော တောင်ပိုင်း ကမ်းရိုးတန်း ပျူတိုင်းများ

သမိုင်းပညာသည်
ခေတ်ပြိုင်အထောက်အထားများက ဖော်ပြနေချက်ကို အဓိကထားသည်
ဖြစ်သောကြောင့် ရှေး သထုံအပါအ၀င် တောင်ပိုင်းကမ်း ရိုးတန်းဒေသ မြို့ပြများသည် ပျူမြို့ပြ ပျူတိုင်းများဖြစ်ကြောင်းကို
ခေတ်ပြိုင်
အထောက်အထားများဖြင့် ဖော်ပြပါမည်။
(၁) သရေခေတ္တရာမြို့ဟောင်းတွေ့ အတိတျာမင်း ကျောက်အရိုးအိုးစာဟု အမည်ပေးထားသော ဘုရင့်ကျောက်အိုး စာ အထောက်အထားအရ ဒလတိုင်း၊ ပါဒတိုင်း၊ လှည်းကူးတိုင်း၊ က၀တိုင်း၊ ပဲခူးတိုင်း၊ ဘုရားကြီးတိုင်း၊
တိုက်ကုလား(သထုံ)တိုင်း၊ ယက္ခတိုင်း(ဘီလူးကျွန်း)၊ တကွာပါတိုင်းဟူသော သရေခေတ္တရာလက်အောက်ခံ တောင်ပိုင်းကမ်းရိုးတန်း ပျူတိုင်း ပျူမြို့ပြနိုင်ငံများသာရှိပြီး တောင်ပိုင်းကမ်းရိုးတန်းတွင် ရာမညတိုင်း ရာမညနိုင်ငံ
ဟူ၍ အနော်ရထာမင်း (အေဒီ ၁၁ ရာစု)လက်ထက်အထိ ပေါ်ပေါက်ထွန်းကားခြင်း မရှိသေးကြောင်း တွေ့မြင်ရပါ သည်။
(၂) ဘီစီ ၂ ရာစုမှ အေဒီ ၁၀ ရာစုအထိ တရုတ်မှတ်တမ်းများအရ ယူနန်နှင့် တောင်ပင်လယ်ကြားတွင် သရေခေတ္တရာခေါ် ဗရမ္မာနိုင်ငံ ခေါ် ပျူနိုင်ငံ ခေါ် ပျူမင်းတို့သာရှိပြီး ရာမညနိုင်ငံ ရာမညမင်း မရှိပါ။ ပုဂံအ၀င်
တံခါးမြို့ (၀ါ) ပျူနိုင်ငံအ၀င်တံခါးမြို့သာ ရှိပြီး ပျူခေါ် ဗရမ္မာနိုင်ငံ၏တောင်ဘက်၊ မလေးကျွန်းဆွယ်အနောက်ဘက်၊ ယခုခေတ် တကွာပါမြို့ဟု ယူဆရသောဒေသ၌ ရာမညအ၀င်တံခါးမြို့ ဟူ၍ မရှိပါ။
(၃) ဘီစီ ၂ ရာစုမှ အေဒီ ၁၀ ရာစူုအထိ ရှေးတရုတ်တို့က ပျူလည်းခေါ် ဗရမ္မာလည်းခေါ် သရေခေတ္တရာလည်းခေါ် ပုဂံလည်းခေါ်သော နိုင်ငံကို အေဒီ ၁၁ ရာစုမှ ၁၃ ရာစုအထိ စုန့်မင်းဆက်နှင့် ယွန်ရှိမင်းဆက်ခေတ် တရုတ်တို့က ဗရမ္မာ မြန်မာလည်းခေါ် ပျူလည်းခေါ် ပုဂံဟူလည်း သိမြဲ သိရှိခေါ်ဆိုမှတ်တမ်း တင်ခဲ့ရာ အေဒီ ၁၁ ရာစုမှ ၁၃ ရာစု အထိ ယူနန်နှင့် တောင်ပင်လယ်အကြားတွင် ပျူခေါ် ဗရမ္မာခေါ် မြန်မာခေါ် ပုဂံခေါ် နိုင်ငံကြီး တစ်နိုင်ငံသာရှိကြောင်း။ ထိုကာလတွင် ပျူခေါ် မြန်မာခေါ် ပုဂံနိုင်ငံနှင့် ပင်လယ်ကြားတွင် ရာမညနိုင်ငံ မရှိပါကြောင်း ပေါ်ပေါက်နေပါသည်။
(၄) အေဒီ ၇ ရာစု - ၁၀ ရာစု ထန်ခေတ် တရုတ်မှတ်တမ်းအရ အင်အား တောင့်တင်းသော ပျူမြို့ကြီး ၃၂ မြို့စာရင်း တွင် “မုတ္တမပျူမြို့”သာ ရှိပါသည်။ မုတ္တမ မွန်မြို့ဟု မပေါ်ပေါက်သေးပါ။ အေဒီ ၇ ရာစု- ၁၀ ရာစု ထန်မင်းဆက် မှတ်တမ်း သစ်ကြီးနှင့် ထန်မင်းဆက်မှတ်တမ်းဟောင်းကြီးများတွင် ရှေးတရုတ်တို့ ပုဂံနိုင်ငံ-ဗရမ္မာနိုင်ငံဟုခေါ်သော ပျူနိုင်ငံ သည် မြောက်ဘက်တွင် ယူနန်၊ တောင်ဘက်တွင် ပင်လယ်အထိကျယ်ဝန်းကြောင်း စုံစမ်း လေ့လာဖော်ပြ ချက် များ အရ ဗရမ္မာခေါ် ပုဂံခေါ် ပျူနိုင်ငံတောင်ဘက်တွင် အေဒီ ၁၀ ရာစုကုန်ဆုံးသည်အထိ ရာမညဒေသ ရာမည နိုင်ငံ မရှိသေးကြောင်း ထင်ရှားပေါ်ပေါက်လျှက် ရှိပါသည်။
(၅) အေဒီ ၈၈၀ ခုနှစ် ပါရှန်မှတ်တမ်းနှင့် အေဒီ ၉၈၂ ခုနှစ် အာဖဂန်မှတ်တမ်း တို့က ဖော်ပြမှတ်တမ်းတင်ထားသော ယူနန်နှင့် ပင်လယ်ကြားရှိ တိသူလ် ခေါ် တသူလ်ခေါ် နိုင်ငံကြီးရှိပါသည်။ အေဒီ ၈၄၉ ခုနှစ်တည် (စတုတ္ထ)ပုဂံ
မြို့ကြီးကို ပညာရှင်များကြား အငြင်းပွားခြင်းမရှိပဲ သိရှိလက်ခံခဲ့ကြပြီး ဖြစ်သည်။ အေဒီ (၉၈၂) ၀န်းကျင်ကာလ မှာ အနော်ရထာမင်းကြီး၏ ခမည်းတော် ကွမ်းဆော်မင်းကြီး ပုဂံနိုင်ငံကို အုပ်ချုပ်သော ကာလဖြစ်သည်။ ထို့ကြောင့် အေဒီ ၈၈၀ နှင့် ၉၈၂ ခုကာလ ယူနန်နှင့် ပင်လယ်ကြားရှိ တိသူလ်ခေါ် တသူလ်နိုင်ငံဟူသည်မှာ တရုတ်တို့က ဗရမ္မာ-
ပျူ-ပုဂံဟု သိရှိဖော်ပြထားသော အေဒီ ၈၈၀-၉၈၂ ခုနှစ် ပုဂံနိုင်ငံကြီး ဖြစ်ကြောင်း ထင်ရှားပေါ်ပေါက်လျှက် ရှိပြီး ဗရမ္မာ-ပျူ-ပုဂံ ခေါ် တိသူလ် နိုင်ငံနှင့် ပင်လယ်ကြားတွင် ရာမညနိုင်ငံ မရှိခဲ့ပါ။
အထက်ဖော်ပြပါ (၅) ချက်ကို စုပေါင်းကြည့်လျှင် ခေတ်ပြိုင်အထောက်အထားများအရ ဘီစီ ၂ ရာစုမှ အေဒီ ၁၀ ရာစု ကာလကြီးအတွင်း ယူနန်နှင့် ပင်လယ်ကြားတွင် ပျူခေါ် ဗရမ္မာခေါ် သရေခေတ္တရာခေါ် ပုဂံခေါ် တိသူလ်-တသူလ် ခေါ် နိုင်ငံကြီး ထွန်းကားနေပါသည်။ ပျူခေါ် ဗရမ္မာခေါ် သရေခေတ္တရာခေါ် ပုဂံခေါ် တိသူလ်-တသူလ်ခေါ်သော ဗရမ္မာ-ဗမာနိုင်ငံကြီးသည် ပင်လယ်အထိ ကျယ်ဝန်းကြောင်း၊ ပုဂံခေါ် ဗရမ္မာခေါ် ပျူနိုင်ငံတောင်ပိုင်း ကမ်းရိုးတန်း ဒေသတွင် မုတ္တမပျူမြို့အပါအ၀င် ပျူမြို့ ပျူတိုင်းများ ထွန်းကားနေ ကြောင်း၊ ပျူခေါ် ဗရမ္မာခေါ် ဗမာနိုင်ငံတောင်ပိုင်း တွင် ရာမညတိုင်း ရာမညနိုင်ငံ မပေါ်ပေါက်သေးကြောင်း အလွန် ထင်ရှားလျှက်ရှိရာ ရာမညမြို့ ရာမညတိုင်းသည် ပျူခေါ် ဗရမ္မာနိုင်ငံအတွင်းက မဟုတ်ပဲ ဒွါရာဝတီနိုင်ငံ လ၀ပူရမြို့အနီးရှိ ရာမညမြို့ ရာမညတိုင်းသာဖြစ်ကြောင်း ကောင်းစွာထင်ရှား ပေါ်ပေါက်နေပါသည်။
ဗရမ္မာ-ဗမာနိုင်ငံတောင်ပိုင်းတွင် အင်းဝခေတ်၌ ရာမညနိုင်ငံဟု ထူထောင် ခဲ့သောအခါကျမှ ရာမညတိုင်းနှင့် ရာမညမြို့များ ပေါ်ပေါက်လာခဲ့ပါသည်။
ပရာဆက်ဘန်ဗီးယင်ကျောက်စူာ အထောက်အထားအရ အေဒီ ၁၀ ရာစု အလယ်ပိုင်းကာလတွင် ဒွါရာဝတီနိုင်ငံ တောင်ပိုင်းရှိ ရာမညမြို့ ရာမညတိုင်းသည် ဟိန္ဒူအယူသည်းသော ခမာမင်း၊ ခမာကမ္ဗောဇနိုင်ငံ၊ ခမာလက်အောက်
ကျရောက် ပျက်သုန်းခဲ့ပါသည်။
ဟိန္ဒူအယူသည်း ခမာမင်းလက်အောက်တွင် မနေချင်သော ဗုဒ္ဓဘာသာဝင် မွန်လူမျိုးတို့သည် ထို ရာမညဒေသမှ လုံခြုံရာအခြား မည်သည့်အရပ်သို့ စစ်ပြေးဒုက္ခသည်များအဖြစ် ရှောင်ပြေးခိုလှုံခဲ့ကြပါသနည်း။
လ၀ပူရငွေဒင်္ဂါးများ တွေ့ရှိရသော လ၀လူမျိုးတို့၏ လ၀မင်းစံမြို့
...................................................................................
သြီဒွါရာဝတီ ပုည ဟု ရေးထွင်းပါရှိသော ငွေတံဆိပ်တုံး ၂ ခု အထောက်အထားအရ ဒွါရာဝတီမည်သောနိုင်ငံနှင့် ဒွါရာဝတီမင်း ရှိခဲ့ကြောင်းကို ကောင်းစွာထင်ရှားစေပါသည်။ သို့သော် ဒွါရာဝတီနိုင်ငံကို မည်သည့်လူမျိုးတို့ စတင် တည်ထောင်ခဲ့ပါသနည်း။ ဒွါရာဝတီနိုင်ငံကို ထူထောင်ခဲ့သောမင်းသည် မည်သူနည်း။ ဒွါရာဝတီ မင်းနေပြည်သည် မည်သည့်မြို့နည်း။ ဒွါရာဝတီနိုင်ငံတွင် မည်သည့် လူမျိုစုများ နေထိုင်ခဲ့သနည်း။ ဒွါရာဝတီနိုင်ငံတွင် မြို့ပေါင်းမည်မျှ ရှိခဲ့သနည်း ဆိုသည်တို့မှာ ပီပြင်တိကျမှု မရှိသေးပဲ ပြိုးပြိုးပြောက်ပြောက် အနည်းငယ်မျှသာ သိရသေးပြီး သုတေ
သနပြု ဖော်ထုတ်ရန် များစွာကျန်ရှိနေပါသည်။
“ခရစ်တော်နှစ် ၇၀၀ ခန့်တွင် အိန္ဒိယပြည်သို့ ရောက်ရှိသော တရုတ်ဗုဒ္ဓဘာသာ ဘုရားဖူးတစ်ဦး၏ မှတ်တမ်းတွင် ဖော်ပြ ပါရှိသည်မှာ ကမ္ဗောဒီးယားနိုင်ငံနှင့် မြန်မာနိုင်ငံအကြားရှိ နိုင်ငံကို (တို-လို-ပို-တီ)ဟု ခေါ်ကြောင်း ဆိုလေသည်။ ထိုအမည်သည် ဒွါရာဝတီနိုင်ငံဖြစ်ကြောင်း ကျောက်စာသုတေသနဆရာ (Archaeologists) တို့က အတည်ပြုကြ၏”
ဟု ဦးနိုင်ပန်းလှဆိုသည်။ (နှာ-၂၁)
“ဒွါရာဝတီနိုင်ငံတွင် မွန်လူမျိုးများ အုပ်စိုးခဲ့လေသည်။”
ဦးနိုင်ပန်းလှ (နှာ-၂၁)
(နှာ-၂၁၊ ၂၄) အေဒီ ၄ ရာစုခန့်တွင် သထုံပြည်မှ မွန်အချို့တို့သည် အရှေ့ဘက်သို့ လု၍ နယ်ချဲ့ခဲ့ကြကြောင်း၊ အေဒီ ၅ ရာစုခန့်တွင် ဒွါရာဝတီနိုင်ငံကို တည်ထောင်ခဲ့ကြကြောင်း၊ ထိုင်းပင်လယ်ကမ်းနား လွင်ပြင်တစ်လျှောက်ကို သိမ်းပိုက် ထားခဲ့ကြောင်း၊ ဦးနိုင်ပန်းလှ ရေးသားခဲ့သည်။
သို့သော် ခေတ်ပြိုင်အထောက်အထား ပြသခြင်းမရှိပေ။ ယင်းအပြင် ရှေ့ပိုင်းတွင် တင်ပြခဲ့သည့်အတိုင်း ပါဒ၊ ဒလ၊ လှည်းကူး၊ ပဲခူး၊ က၀၊ဘုရားကြီး၊ တိုက်ကုလား(သထုံ)၊ မုတ္တမ ပျူမြို့တို့သည် ဗရမ္မာ ခေါ် ပျူနိုင်ငံ၏ လက်အောက်ခံ ပျူမြို့ပြနိုင်ငံများဖြစ်ကြောင်း ပေါ်ပေါက်နေသည်။ ထို့ကြောင့် သထုံမှ မွန်အချို့ ဒွါရာဝတီကို ထူထောင်သည် ဟူသော စကား မှားယွင်းကြောင်း တွေ့မြင်ရသည်။ ဒွါရာဝတီကို မည်သည့်လူမျိုး၊ မည်သည့် မင်း အကြီးအကဲတို့ စတင် တည်ထောင်ခဲ့ကြောင်း အထောက်အထားကို ဦးနိုင်ပန်းလှ မပြနိုင်ခဲ့ပါ။
ဒွါရာဝတီခေတ်လယ်နှင့် ခေတ်နှောင်းပိုင်းတွင် မွန်မြို့နှင့် မွန်ဘုရင်အကြောင်းများကို ၁၅ ရာစုနှင့် ၁၆ ရာစု နောက်ရေး စမ္မဒေ၀ီဝံသ မှတ်တမ်းနှင့် ဇိနကလမ္မလိနီမှတ်တမ်းတို့တွင် ဖော်ပြခဲ့သော်လည်း ခေတ်ပြိုင်အထောက်အထားများ ပြသ အတည်ပြုနိုင်ရန် လိုအပ်ချက် ရှိနေပါသည်။
ဒွါရာဝတီနိုင်ငံအတွင်း လ၀လူမျိုး၊ လ၀ဘုရင်နှင့် လ၀ပူရမင်းနေပြည် ရှိခဲ့ကြောင်း အထောက်အထားများ ကျန်ရှိနေရာ ဒွါရာဝတီကို မွန်နှင့်လ၀ မည်သူတည်ထောင်ခဲ့ကြောင်း၊ မည်သည့်ပညာရှင်ကမှ အထောက် အထားနှင့် ပြောဆိုနိုင် ခြင်း မရှိသေးပါ။ ထင်မြင်ယူဆချက် စကားများသာ ရှိနေပါသည်။
“မြို့တော်များမှာ ပရပထုံ ခေါ် နခွံပထုံနှင့် လော့ဗူရီ (Pra Pathorn or Nakon Pathorn & Lopburi) မြို့များဖြစ်၏” ဟု ဦးနိုင်ပန်းလှ ဖော်ပြခဲ့သည်။ (နှာ-၂၁)
နခွံပထုံ ခေါ် ပရပထုံကို မည်သည့်ရာစုတွင် မည်သူ မည်သည့်လူမျိုးတို့ ထူထောင်ခဲ့သနည်း။ မှတ်တမ်းလည်း မတွေ့ရသေး၊ ခေတ်ပြိုင်အထောက်အထားလည်း မတွေ့ရသေးပါ။
လော့ဗူရီ၏ အဓိပ္ပါယ်မှာ လ၀ပူရ ဟုဖြစ်ကြောင်း မွန်ရာဇ၀င်ပေထုပ်များတွင် ဖော်ပြထားကြောင်း ကြားသိရပါသည်။ ပြင်သစ်ဆရာ ဂီယွန်နှင့် ဦးနိုင်ပန်းလှသည်လည်း လော့ဗူရီမြို့သည် လ၀ပူရမြို့ဖြစ်ကြောင်း ဖော်ပြထားသည်။ ၁၅ ရာစုရေး စမ္မဒေ၀ီဝံသမှတ်တမ်းနှင့် ၁၆ ရာစုရေး ဇိနကလမ္မလိနီ (ပါဠိဘာသာရေး)မှတ်တမ်းတို့တွင် လ၀ပူရမြို့ဟု ဖော်ပြပါရှိကြောင်း ဖတ်ရှုသိရှိရပါသည်။ ပူရ၊ နာဂရ ဟူသော ပါဠိဝေါဟာရတို့၏ အဓိပ္ပါယ်မှာ မင်းနေပြည်ဟူသော အဓိပ္ပါယ်ရှိကြောင်း သိရပါသည်။ ထို့ကြောင့် “လ၀ပူရ” ဟူသော အမည်နာမအရ လ၀လူမျိုးတို့၏ အကြီးအကဲ မင်းများ စိုးစံနေထိုင်ရာ မင်းနေပြည်ဟု အဓိပ္ပါယ်ရှိပါသည်။ ထိုမြို့ကို မွန်တို့ ထူထောင်ခဲ့ခြင်းမဟုတ်ပဲ လ၀မင်းနှင့် လ၀လူမျိုးများ ထူထောင်ခဲ့ကြကြောင်း “လ၀ပူရ”ဟူသော မြို့အမည်ကိုယ်တိုင်က ဖော်ပြနေပြီး တဘက်ခြမ်းတွင် “လ၀” ၊ တဘက်ခြမ်းတွင် “ပူရ” ဟု အေဒီ ၁၀-၁၁ ရာစုဝန်းကျင် ရှေးဟောင်းအက္ခရာစာများ ခပ်နှိပ်ပါရှိသော ငွေဒင်္ဂါးများကို တူးဖော်တွေ့ရှိခဲ့ရာ “လ၀လူမျိုး” တို့၏ “လ၀ပူရ” မင်းနေပြည် အမှန် တကယ် ရှိခဲ့ကြောင်း အဆိုပါ ခေတ်ပြိုင် အထောက်အထားဖြစ်သော လ၀ပူရငွေဒင်္ဂါးပြားများက ထောက်ခံ သက်သေတည်နေပါသည်။
စမ္မဒေ၀ီဝံသမှတ်တမ်းနှင့် ဇိနကလမ္မလိနီမှတ်တမ်းတို့တွင် အေဒီ ၈ ရာစု အတွင်း ယင်းလ၀ပူရမြို့တွင် စမ္မဒေ၀ီ၏ ခမည်းတော် မွန်မင်း အုပ်ချုပ်စိုးစံနေသည်ဟု ရေးသားပါရှိပါသလော။ ထိုသို့ရေးသားလျှင်ပင် ယင်းမှတ်တမ်း ၂စောင်လုံးသည် ခေတ်ပြိုင်မှတ်တမ်းများ မဟုတ်ကြဘဲ ၁၅ ရာစုနှင့် ၁၆ ရာစုဟူသော နောက်ကျသောခေတ်က နောက်ရေးမှတ်တမ်းများဖြစ်ကြ၍ ယင်းမှတ်တမ်းတို့ပါ ရေးသားပြောဆိုချက်များ မှန်ကန်ကြောင်း အတည်ပြုရန် ခေတ်ပြိုင်အထောက်အထား သက်သေများ လိုအပ်လျှက်ရှိပါသည်။

သထုံမြို့တည်နန်းတည် တိဿဓမ္မသီဟရာဇာ ဒွတ္တဘောင်မင်း ဟူသောမင်းကြီးကို ၁၆ ရာစု နောက်ရေး သထုံ ရာဇ၀င်များတွင် မွန်မင်းဟု မှားယွင်းရေးသားသကဲ့သို့ စမ္မဒေ၀ီဝံသ မှတ်တမ်းနှင့် ဇိနကလမ္မလိနီ မှတ်တမ်းများ
တွင်လည်း လ၀ပူရဘုရင်နှင့် သမီးတော် စမ္မဒေ၀ီတို့ကို မွန်မဟုတ်ပဲ မွန်ဟု မှားယွင်းရေးသားမှုလား။ ထိုမှတ်တမ်း ၂စောင်တွင် လ၀ပူရဘုရင်နှင့် သမီးတော်စမ္မဒေ၀ီတို့ကို မွန်လူမျိုးဟု ဖော်ပြပါရှိပါသလား။
သို့မဟုတ် ထိုမှတ်တမ်း ၂စောင်တွင် မည်သည့်လူမျိုးဟု မပါရှိဘဲ ၂၀ ရာစုပြင်သစ် ရှေးဟောင်းသုတေသနသမားများ၊ ရာဇ၀င်ဆောင်းပါးဆရာများက လ၀ပူရတွင် မွန်ဘာသာကျောက်စာ အပိုင်းကျိုးများတွေ့ရှိ၍ မွန်လူမျိုးဟု
ထင်မြင် ယူဆခြင်းပေလား။ လ၀ပူရ ခေါ် လော့ဗူရီတွင် မွန်ကျောက်စာအပိုင်း ကျိုးတစ်တိုင် တွေ့ရှိရုံမျှဖြင့် လ၀မင်းနေပြည်ဟု အဓိပ္ပါယ်ရှိသော လ၀ဒင်္ဂါး အထောက်အထားတွေ့ရှိရာ လ၀ပူရမြို့ကို မွန်မြို့ဟု ဆိုရန် ခိုင်လုံပါပြီလား။
ပြည်ရွှေဆံတော်ဘုရား၊ ပြည်မြို့နှင့် ပုဂံမြို့တို့တွင် ကျန်စစ်သားမင်းကြီး ရေးထိုးခဲ့သော မွန်ဘာသာကျောက်စာတိုင် အကောင်းကြီးများ တွေ့ရှိရသော်လည်း ယင်း ၂ မြို့လုံးသည် မွန်မြို့လုံးဝမဟုတ်ပဲ ဗရမ္မာ ဗမာမြို့ကြီးများချည်းသာ ဖြစ်သည် မဟုတ်ပါလော။
လ၀ပူရဘုရင်သည် လ၀လူမျိုးမဟုတ်ပဲ မွန်လူမျိုးဆိုလျှင် လ၀မင်းနေပြည်ကို မွန်တို့က စစ်ပြုအောင်နိုင်မှသာ လ၀မြို့တွင် မွန်က ဘုရင်တက်လုပ်၍ ရမည် ဖြစ်သည်။ လ၀လူမျိုး မင်းနေပြည်မြို့ကို မွန်တို့ စစ်အောင်နိုင်သိမ်း
ပိုက်ခဲ့သည် ဟူသော ခေတ်ပြိုင်မှတ်တမ်း (၀ါ) ခေတ်ပြိုင်ကျောက်စာ ရှိပါ သလော။ ယင်းကဲ့သို့ မွန်က လ၀ မင်းနေပြည်နှင့် လ၀လူမျိုးတို့ကို စစ်နိုင်ခဲ့ကြောင်း ခေတ်ပြိုင်အထောက်အထား မပြနိုင်ပဲ လ၀မင်းနေပြည်မြို့ကို
မင်းလုပ်အုပ်ချုပ်နေသူသည် မွန်ဟု ပြောသော စကားမျိုးကို ဘယ်သူပြောပြော၊ ဘယ်သူရေးရေး သမိုင်းပညာက မျက်စိမှတ်လက်ခံ အတည်ပြုခြင်းမျိုး ပြုလိမ့်မည် မဟုတ်ပါ။
လ၀ပူရမြို့သည် လ၀လူမျိုး လ၀မင်းတို့၏ မြို့မဟုတ်ပါ။ မွန်မြို့ဖြစ်သည် ဟူသော စကားကို ယုံကြည်လက်ခံရ ခက်စေသည်မှာ လ၀ပူရမြို့ဟောင်းတွေ့၊ လ၀ပူရ ဟု စာခပ်နှိပ်ပါရှိသော လ၀ငွေဒင်္ဂါးပြားအထောက်အထား
များနှင့် မွန်မင်း/မွန်မြို့ ဟူသောစကား မကိုက်ညီခြင်းကြောင့် ဖြစ်သည်။
လ၀ပူရသည် မွန်မြို့ ဧကန်ဖြစ်ခဲ့ပါက ငွေဒင်္ဂါးတွင် “ရာမညပူရ” ဟု အဘယ့်ကြောင့် မခပ်နှိပ်ပဲ “လ၀ပူရ” ဟု ခပ်နှိပ်ပါသနည်း။ လ၀သည် လူမျိုးတစ်မျိုးအဖြစ် ပုဂံခေတ် ရှေးဗမာကျောက်စာများတွင် တွေ့မြင်ရပါသည်။ လ၀သည် ယခုခေတ်တွင် မည်သည့်အမည်ဖြင့် ရှိနေသော လူမျိုးနည်း။ လ၀သည် မွန်ခမာမျိုးနွယ်စု၊ တိဗက် ဗမာမျိုးနွယ်စု၊ ရှမ်းမျိုးနွယ်စု အစရှိသော အရှေ့တောင်အာရှ မျိုးနွယ်စုများအနက် မည်သည့် မျိုးနွယ်စုဝင် ဖြစ်သနည်း။
ပရပထုံနှင့် လော့ဗူရီ(လ၀ပူရ)တွေ့ မွန်ဘာသာကျောက်စာ ၂ ချပ်နှင့် ဒွါရာဝတီနိုင်ငံဟောင်းအတွင်းရှိ မြို့ဟောင်း ရွာအားလုံးမှ ရှေးယဉ်ကျေးမှုပစ္စည်း တွေ့သမျှအားလုံးကို မွန်ယဉ်ကျေးမှုပစ္စည်းများဟု ပြောရန် သေချာနေ ပါသလား ဟု အနောက်တိုင်းသား ပညာရှင်တစ်ဦးက သတိ ပေးစကား ပြောဆိုခဲ့ကြောင်း ကြားသိ ရပါသည်။
ဒွါရာဝတီ ဟူသော ပါဠိဝေါဟာရ၏ အဓိပ္ပါယ်မှာ “အပေါက်ဝ (၀ါ) တံခါး၊အ၀င်တံခါး” ဟု အဓိပ္ပါယ်ရှိရာ မည်သည့် နေရာ၊ မည်သည့်နိုင်ငံ၏ အ၀တံခါး၊ အ၀င်တံခါးနည်း။ လ၀ပူရ၊ ရာမညနာဂရ၊ ဟီရိဘုဉ္စ၊ လင်ပန် အစ ရှိသော မြို့များတည်ရှိခဲ့သော နယ်မြေရပ်ဝန်းကြီးကို အဘယ့်ကြောင့် အ၀င်တံခါးဟု အဓိပ္ပါယ်ရှိသော “ဒွါရာဝတီ” ဟု အမည်ပေးခဲ့ကြပါသလဲ။
ဗရမ္မာ ခေါ် ပျူနိုင်ငံ၏ အရှေ့ဘက်တွင် အ၀င်တံခါး ဒွါရာဝတီနိုင်ငံတစ်ခု၊ အနောက်ဘက်တွင်လည်း အ၀င်တံခါး အဓိပ္ပါယ်ရှိသော ဒွါရာဝတီနိုင်ငံ တစ်ခု၊ တောင်ဘက်တွင်လည်း အ၀င်တံခါးဟု အဓိပ္ပါယ်ရှိသည့် ပုဂံဒွါရာ မြို့တို့ ရှိနေခြင်းသည် မည်သည့်အဓိပ္ပါယ် ပြဆိုနေပါသနည်း။ မည်သည့်နိုင်ငံ၏ အ၀င်တံခါးများနည်း။
(အရှေ့ဘက်ရှိ) ဒွါရာဝတီနိုင်ငံ (အ၀င်တံခါးနိုင်ငံ)ဟု အမည်ပေး ခေါ်ဆိုကြသော နယ်မြေရပ်ဝန်းကြီး အတွင်းတွင် ရှေ့ပိုင်း၌ ဖော်ပြခဲ့သကဲ့သို့ လ၀ပူရ၊ ရာမန်နာဂရ (ရာမညတိုင်း၊ ရာမညမြို့)၊ ဟာရိဘုဉ္စ (လင်ဖွန်း) ဟူသော မြို့များ တည်ရှိခဲ့ကြောင်း ရှေးကျောက်စာများအရ သိရှိရပါသည်။ ယင်းအပြင် နခွံပထုံ (နာဂရာပထမ)၊ လံဗင်နကရ ဟူသောမြို့တို့လည်း ရှိသေးကြောင်း (နောက်ရေး) ရာဇ၀င် တို့၌ ဆိုသည်။
လ၀ပူရဒင်္ဂါးအရ လ၀ရှိခဲ့ကြောင်း၊ ခမာမင်းရာဇမ်ဒြ၀ါရ်မန်ကျောက်စာအရ ရာမန်နာဂရ(ရာမညမြို့)၊ အခြား ရှေးကျောက်စာ ၁ ချပ်အရ ဟာရိဘုဉ္စမြို့တို့ ထွန်းကား တည်ရှိခဲ့ဖူးကြောင်း ခိုင်လုံစွာသိရပါသည်။ လ၀ပူရဒင်္ဂါးအရ လ၀မင်းနှင့် လ၀လူမျိုးတို့ ရှိခဲ့ကြောင်း၊ ရာဇမ်ဒြ၀ါရ်မန်(ခမာမင်း)ကျောက်စာအရ ရာမညမွန်မင်းနှင့် ရာမည မွန်လူမျိုး တို့ ရှိခဲ့ပြီး ခမာမင်း၏ သိမ်းပိုက်ခြင်းခံခဲ့ ရကြောင်းလည်း သေချာစွာ သိရှိရ၏။
ဇိနကလမ္မလိနီမှတ်တမ်းကို ၁၆ ရာစုတွင် ရေးသားပြုစုခဲ့သော အရှင်ရတနပန္နအဆိုအရ ဟရိဘုဉ္စတွင် မွန်နှင့် လ၀အပြင် အခြားလူမျိုးစုအချို့လည်းရှိခဲ့ဟန်ဆိုပါသည်။ ရှေ့ပိုင်းတွင် တင်ပြခဲ့သည့်အတိုင်း- ဟရိဘုဉ္စမြို့ကို
စမ္မဒေ၀ီ တည်သောအခါ၌ မျိုးနွယ်စုအလိုက် ရပ်ကွက်များဖွဲ့စည်းပေး ထားကြောင်း၊ ယင်းရပ်ကွက်များ အလယ် ခေါင်တွင် ဆင်ခြေရာမှ မွေးဖွားသောသူများ၊ ကြံ့ခြေရာမှ မွေးဖွားသောသူများ၊ ကျွဲ(ရိုင်း)ခြေရာမှ မွေးဖွားသောသူများ ကို နေရာချထားပေးကြောင်း၊ ဒေသခံတိုင်းရင်းသားများနှင့် သင့်မြတ်အဆင်ပြေစေရန် ယင်းဒေသတွင်း ကိုးကွယ် မှုပြုကြသော အမျိုးမျိုးသော နတ်များအတွက် မြို့တော်ပတ်လည်၌ နတ်စင်များကို စမ္မဒေ၀ီက တည်ဆောက်ပေးခဲ့ ကြောင်း ဇိနကလမ္မလိနီပါ အကြောင်းကို ဂီယွန် ဘာသာပြန်ဆို ဖော်ပြခဲ့သည်။ ထိုမှတ်တမ်းပါ အချက်အလက်များ
မှန်ကန်သည်ဆိုလျှင် ဟရိဘုဉ္စတွင် မွန်လူမျိုးအပြင် မတူသောနတ်များ ကိုးကွယ်သည့် မတူကွဲပြားသော ဒေသခံ လူမျိုးစုများ ရှိခဲ့သည်ဟု ရာဇ၀င်ပြပုဂ္ဂိုလ်က ပြောဆိုထားခြင်း ဖြစ်ပါသည်။
အရှေ့တောင်အာရှဒေသကြီးရှိ နိုင်ငံအသီးသီးမှ လူမျိုးများသမိုင်းကို ၂၀ ရာစု အဆန်းပိုင်းနှင့် ၂၀ ရာစုတ၀က်ကျော် ကာလအထိ ရွှေ့ပြောင်း ရောက်ရှိမှုအယူအဆ (Migration)ဖြင့် ယူဆ မှန်းဆပြောဆိုခဲ့ကြသည်။ ခေတ်ပြိုင် အထောက်အထားမဲ့ မှန်းဆချက်များဖြင့် မည်သည့်လူမျိုးသည် လွန်ခဲ့သော နှစ်ဘယ်နှစ်ထောင်ခန့်က အရှေ့တောင် အာရှ ဘယ်နေရာ(ယခုခေတ် အဘယ်နိုင်ငံ)သို့ ရွှေ့ပြောင်းဝင်ရောက်လာလာခဲ့သည်ဟု မှန်းဆချက် ထုတ်ခဲ့ကြ ၏။
ယင်းသို့ မှန်းဆချက်များသည် အမှန်သမိုင်းအဆင့် မရောက်သေးကြောင်းကို မသိရှာသောသူများ (သမိုင်းပညာရှင်၊ သမိုင်းဆရာမဟုတ်သူများ)က အဟုတ်ထင်ပြီး ကိုင်ဆွဲပြောဆို ငြင်းခုန်နေကြသည်တို့ကို ကရုဏာသက်ဖွယ်ရာ မြင်ရ ကြားရ တတ်ပါသည်။ ရွှေ့ပြောင်းဝင်ရောက်လာမှုအကြောင်း မှန်းဆချက် (Conjecture) အချို့တို့မှာ လုံးဝလွဲမှား
နေကြောင်းသည်လည်း တဖြည်းဖြည်းနှင့် သုတေသနအသစ် တွေ့ရှိချက်များအရ ပေါ်ပေါက်လာနေပါသည်။
မြန်မာနိုင်ငံ ခေါ် ပျူနိုင်ငံ ခေါ် ဗရမ္မာနိုင်ငံ ခေါ် ပုဂံနိုင်ငံနှင့် ဒွါရာဝတီနိုင်ငံ (ယခု ထိုင်းနိုင်ငံ)တို့အတွင်း ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ် ယဉ်ကျေးမှုအထောက်အထားများကို ၂၀ ရာစုအတွင်း တစ်စတစ်စ ခိုင်လုံစွာ တွေ့ရှိ လာခဲ့ သည်။ မြန်မာနိုင်ငံ ပရိုင်းမိတ်ဘ၀မှ ဆင်းသက်ဖြစ်ပေါ် လာသော ကျောက်ခေတ်၊ ကြေးခေတ် တို့မှ ရှေးဦး လူသား များမှ ပျူ ခေါ် မြန်မာ ဖြစ်ပေါ်လာကြောင်း နိုင်ငံတကာပညာရှင်အချို့နှင့် ပြည်တွင်းပညာရှင် အချို့ ဖော်ထုတ် ပြောဆို နေကြပြီ ဖြစ်သည်။
မြန်မာသည် မြန်မာနိုင်ငံတည်နေရာသို့ အခြားအရပ်မှ ရွှေ့ပြောင်း ရောက်ရှိလာသူများ မဟုတ်ကြောင်း၊ မြန်မာသည် မြန်မာနိုင်ငံဖြစ် ပေါ်လာမည့် ဒေသနေရာကြီးမှ သန္ဓေတည် ပေါက်ဖွားလာသော ဇာတိသားများဖြစ်ကြောင်း ဘူမိဗေဒနှင့် ရှေးဟောင်းသုတေသန လုပ်ငန်းများမှ လေ့လာတွေ့ရှိရသော အထောက်အထားများအရ ၂၁ ရာစု ဆန်းစကာလဦးတွင် ပေါ်ပေါက်လာပါသည်။
မြန်မာနိုင်ငံကဲ့သို့ပင် ဒွါရာဝတီနိုင်ငံ (ယခုခေတ် ထိုင်းနိုင်ငံ)တည်ရှိရာ ဒေသရပ်ဝှမ်းကြီးတွင်လည်း (ကျောက်ချော ခေတ်)၊ ကြေးခေတ်လူသား အထောက်အထားများကို ၂၀ ရာစုကာလကတည်းက သုတေသနလုပ်ငန်းများမှတဆင့် တွေ့မြင်လေ့လာနေကြပါသည်။ ယခုခေတ်ထိုင်းနိုင်ငံအတွင်း ဘီစီ ၉ ရာစု ဘန်ချိုင်းကြေးခေတ် ဒေသဟု ပညာရှင် လောကတွင် အသိများသော ကြေးခေတ်ဒေသ တစ်ခု ရှိပါသည်။ ဘန်ချိုင်းကြေးခေတ်လူသားများသည် ယခုအခါ
မည်သည့်အမည်ဖြင့် ရှင်သန်ရပ်တည်နေပါသနည်း။ သို့မဟုတ် ဘန်ချိုင်းကြေးခေတ်လူသားများသည် နောက်ကျ သော ခေတ်အခါများတွင် အသစ်ရွှေ့ပြောင်းဝင်ရောက်လာသူများနှင့် သွေးနှောကာ မူလမိမိမျိုးနွယ်စု၊ မိမိ ယဉ်ကျေးမှု၊ မထင်မရှား တိမ်ကောသွားပြီလော။ သို့မဟုတ် ဘန်ချိုင်းကြေးခေတ်လူသားများသည် အပြီးတိုင် မျိုးသုန်း ပျောက်ကွယ်ခဲ့ပြီလော။
အေဒီ ၇ ရာစုမှ ၁၁ ရာစု ဒွါရာဝတီခေတ်တွင် ဘန်ချိုင်းကြေးခေတ် လူသားများ ပျောက်ကွယ်ခဲ့ပြီလော၊ သို့မဟုတ် အမည်အမျိုးမျိုးဖြင့် ရှင်သန်ရပ်တည်နေခဲ့ပါသလော။ အေဒီ ၇ ရာစု - ၁၁ ရာစုကာလ ဒွါရာဝတီခေတ်တွင် ဒွါရာဝတီ ဟု ခေါ်ဆိုကြသော နိုင်ငံအတွင်းတွင် မွန်လူမျိုးနှင့် လ၀လူမျိုးတို့သည် တခြားသောလူမျိုးများနှင့်အတူ ယင်းရပ်ဝှမ်း အတွင်း အတူနေထိုင်ခဲ့ကြဟန် ရှိပါသည်။
ဒွါရာဝတီနိုင်ငံအတွင်းရှိ မွန်မြို့ရွာများ ပျက်သုန်းချိန်တွင် မွန်တို့ အဘယ်နိုင်ငံဘက်သို့ စစ်ရှောင်ခိုလှုံခဲ့ကြတာလဲ
ထိုင်းတောင်ပိုင်းကို ဒွါရာဝတီပြည်ဟု ခေါ်၍ မြို့တော်မှာ လော့ဗူရီ (လ၀ပူရ)ဖြစ်ကြောင်း၊ ထိုင်းမြောက်ပိုင်းကို ဟာရိဘုဉ္စပြည်ဟု ခေါ်ပြီးမြို့တော်မှာ လင်ဖွန်းဖြစ်ကြောင်း၊ ဦးနိုင်ပန်းလှ ဆိုပါသည်။ နခွံပထုံ ခေါ် ပရပထုံ သည် ဒွါရာဝတီ အေဒီ ၆ ရာစု၊ ၁၀ ရာစု၏ မြို့တော်ဟုလည်း ဦးနိုင်ပန်းလှ ဆိုထားပါသည်။ လ၀ပူရ ခေါ် လော့ဗူရီသည်
ဗန်ကောက်မြို့၏ မြောက်ဘက် မိုင် ၁၀၀ ခန့်အကွာမှာ တည်ရှိကြောင်း၊ ပရပထံဘုရားသည် ဗန်ကောက်မြို့ အနောက်ဘက် မိုင် ၃၀ ခန့်အကွာတွင် တည်ရှိကြောင်း၊ ဟာရိဘုဉ္စ ခေါ် လင်ဖွန်းသည် ဇင်းမယ် (အရှေ့)
တောင်ဘက် ၁၇ မိုင်ခန့်အကွာတွင် တည်ရှိကြောင်း၊ လော့ဗူရီ(လ၀ပူရ)မှ မြောက်ပိုင်း မိုင် ၃၀၀ ကျော် အကွာ အဝေးတွင် လင်ဖွန်း ဟာရိဘုဉ္စမြို့ တည်ရှိကြောင်း ဦးနိုင်ပန်းလှ ဖော်ပြခဲ့ပါသည်။
ဒွါရာဝတီနိုင်ငံရှိ အထက်ပါမြို့များသည် မည်သုည့်ဘေးအန္တရာယ်ဆိုးဖြင့် ကြုံတွေ့ဘေးသင့်ခဲ့ကြပါသနည်း။
ဒွါရာဝတီနိုင်ငံကို ကမ္ဗောဇ ခေါ် ခမာနိုင်ငံကတဘက်၊ မြောက်ပိုင်းရှိ ထိုင်းနိုင်ငံကတဘက်၊ ညှပ်၍ ဖိဝင်လာရာတွင် ခရစ်နှစ် (၈)ရာစုခန့်မှ စ၍ ဒွါရာဝတီနိုင်ငံ၏ အင်အားသည် တစ်ဖြည်းဖြည်း ပျော့လာကြောင်း၊ သို့သော် အေဒီ (၁၀) ရာစုအထိ လွတ်လပ်သော နိုင်ငံဖြစ်ခဲ့သည်ဟု အရိပ်အယောင်များ ရှိခဲ့ကြောင်း၊ ဒွါရာဝတီ မွန်နိုင်ငံသည် (၁၁) ရာစု တွင် ခမာတို့၏ လက်အောက်သို့ ကျဆင်းခဲ့ရကြောင်း ဦးနိုင်ပန်းလှစာတွင် ဖော်ပြခဲ့သည်။
သို့သော် အေဒီ (၁၀)ရာစု အလယ်ကာလကတည်းက ဒွါရာဝတီနိုင်ငံ အတွင်း လ၀ပူရမြို့အနီးရှိ ရာမညမြို့ကို ခမာမင်း တို့ တိုက်ခိုက်သိမ်းယူခဲ့ကြောင်းကို ဦးနိုင်ပန်းလှ၏ စာများတွင် ဖော်ပြခြင်း မရှိခဲ့ပါ။
ဆရာကြီးဂျီအိပ်လုစ် ထံမှ “Old Burma Early Pagan” ကျမ်းကြီးကို သူလက်ဆောင်ရရှိခဲ့ကြောင်း ဦးနိုင်ပန်းလှ ပြော ဖူးသည်။ ယင်းကဲ့သို့လက်ဆောင်ရရှိသော ဆရာကြီးလုစ်၏ “Old Burma Early Pagan” ကျမ်း ပထမတွဲတွင် ဒွါရာဝတီနိုင်ငံရှိ ရာမညမြို့ပျက်သုန်းချိန် ဖော်ပြပါရှိခဲ့သည်ကို ဦးနိုင်ပန်းလှ မဖတ်ဖူးခြင်းလော။ သို့မဟုတ် ဖတ်ဖူးပါက
အေဒီ (၁၀)ရာစု ကာလလည်ကတည်းက ခမာတို့စစ်ထိုးသိမ်းပိုက်ခံရ မှုကြောင့် ရာမညတိုင်း ရာမညမြို့ ပျက်သုန်း ပျောက်ကွယ်ခဲ့ပြီ ဖြစ်ကြောင်းကို အဘယ့်ကြောင့် မဖော်ပြခဲ့ပါသနည်း။
ဆရာကြီးလုစ်၏ “Old Burma Early Pagan”ကျမ်း ပထမတွဲ စာမျက်နှာ (၂၂)၊ အောက်ခြေကျမ်းကိုးမှတ်စုအမှတ် (၇၇)တွင်- “ခမာမင်း ရာဇမ်ဒြ၀ါမန်လက်ထက် အေဒီ (၁၀)ရာစု အလယ်ကာလတွင် ရာမညမြို့နှင့် စမ္ပါမြို့တို့ကို ကမ္ဗောဒီးယားတို့ သိမ်းပိုက်အောင်ပွဲ ခံခဲ့သည်တို့ကို ပရာဆက်ဘန်ဗီးယင်း သက္ကဋကျောက်စာ၌ ဖော်ပြထားသည်။
စေဒီ၏ ကမ္ဗောဇကျောက်စာများ
အတွဲ (၅)၊ နှာ- ၉ရ၊ ၉၉ ကိုကြည့်ပါ” ဟု လုစ်
ရည်ညွှန်းဖော်ပြခဲ့သည်။
အေဒီ (၁၀) ရာစု အလယ်ပိုင်းကာလတွင် အဆိုပါ ရာမညမြို့ကို ခမာတို့ တိုက်ခိုက်သိမ်းယူ အောင်ပွဲခံခဲ့သည် ဆိုသည်မှာ နောင်ရေးရာဇ၀င်စကား မဟုတ်ပဲ ခေတ်ပြိုင်အထောက်အထား ကျောက်စာမှတ်တမ်း ဖြစ်ပါသည်။
ရာမညမြို့ ရာမညတိုင်း ပျက်ခဲ့ရခြင်းမှာ ပုဂံမင်းအနော်ရထာလက်ချက် မဟုတ်ပဲ ကမ္ဗောဒီးယားခမာမင်း ရာဇမ်ဒြ၀ါရ်မန် လက်ချက်သာ ဖြစ်ကြောင်းရှင်းလင်းစွာ ပေါ်ပေါက်လျှက် ရှိချိမ့်သည်တကား။
ယင်းကာလ ခမာမင်းဆက်သည် ဟိန္ဒူအယူသည်းပြီး သူတို့၏နိုင်ငံအတွင်း အခြားဘာသာများ ခွင့်မပြု ပိတ်ပင် ထားပါသည်။ စစ်လည်းရှုံး ဗုဒ္ဓဘာသာ လည်းပိတ်ပင်ခံရသော ရာမညမွန်တို့ အဘယ်အရပ်သို့ ရှောင်ပြေးခိုလှုံခွင့်
ရှာကြမည်နည်း။
“အေဒီ (၁၁)ရာစုတွင် မြန်မာများ ကံထ၍ ထွန်းကားနေစဉ် မွန်တို့မှာ အဆင်မပြေဖြစ်နေသည်။ အရှေ့ဘက်တစ်လွှား တွင် ဟိန္ဒူဗြဟ္မဏ ဘာသာမှာ အယူသီးကြသည်။ ခမာ ခေါ် ကြောမ်(ဂျွမ်း) တို့သည် ထေရ၀ါဒဗုဒ္ဓဘာသာဝင်များကို ဖျက်စီးရန် ကြိုးစားလာသည်။ အထူးသဖြင့် ခမာမင်းသူရိယ၀ါယမန် ပထမ အေဒီ (၁၀၀၂-၁၀၄၉)သည် အလွန် အင်အားကောင်းပြီး အရပ်လေးမျက်နှာစလုံးသို့ နယ်ချဲ့လေတော့သည်။ ထိုစဉ် အင်အားပျော့ညံ့နေသော ဒွါရာဝတီ မွန်မင်း၏ မြို့တော်လော့ဗူရီကို အေဒီ (၁၀၂၂)တွင် သိမ်းပိုက်ဖျက်ဆီးပြီး မြောက်ပိုင်း ယခု ဇင်းမယ်အနီးရှိ မွန်နိုင်ငံ ဟာရိဘုဉ္စ မဟာနာဂရကို အကြိမ်ကြိမ် တိုက်ခိုက်သည်။ သို့သော် မအောင်မြင်သဖြင့် စစ်ကြောင်းပြောင်းပြီး အနောက်
ဘက်တလွှားရှိ သထုံ၊ ဗဂိုးဘက်သို့ စစ်တပ်များ လွှတ်၍ တိုက်ခိုက်လေသည်။ မှန်နန်းရာဇ၀င်တွင် ဂျွမ်းစစ်သည်တော် ဟု ဖော်ပြသည်။ မြန်မာ“ဂျွမ်း”သည် “ကြောမ်”(ကြွမ်)ဟု အသံထွက်သည်။ ခမာကို ခေါ်ခြင်းဖြစ်သည်။” ဟု ဦးနိုင်ပန်းလှ စာတွင် ဖော်ပြရေးသားခဲ့သည်။

သထုံသည်
ရာဇ၀င်ကြောင်းအရပင်လျှင် ပျူတိုင်းဒေသကြီးတစ်ခု ဖြစ်ကြောင်း
ပေါ်ပေါက်နေပါသည်။
ဦးနိုင်ပန်းလှသည် အဘယ်ရာဇ၀င် (သို့မဟုတ်) အဘယ်ကျောက်စာမှ ထုတ်ယူဖော်ပြကြောင်း ကျမ်းကိုး မပြခဲ့သော် လည်း အေဒီ ၁၀၂၂ ခုနှစ်တွင် မွန်နိုင်ငံဟု သူယူဆသော လ၀ပူရ(လော့ဗူရီ)မြို့ကို သူရိယ၀ါရမန် သိမ်းပိုက် ဖျက်စီးခဲ့ သည်ဟု ဆိုသည်။ ဦးနိုင်ပန်းလှအဆိုအရ အေဒီ ၁၀၂၂ ခုနှစ် တွင် ဒွါရာဝတီမွန်မင်း၏ မြို့တော် လော့ဗူရီခေါ် လ၀ပူရ မြို့ ခမာအား စစ်ရှုံးပြီး ပျက်စီးခဲ့သည်ဖြစ်ရာ ဟိန္ဒူအယူသည်း ခမာမင်းလက်အောက်တွင် ဗုဒ္ဓဘာသာ ကိုးကွယ်မှု မရရှိနိုင်သော လ၀ပူရမြို့ဒေသမှ ထေရ၀ါဒဗုဒ္ဓဘာသာမွန်များ အဘယ်အရပ်၊ အဘယ်နိုင်ငံသို့ တိမ်းရှောင် ခိုလှုံခဲ့ကြ သနည်း။
ဆရာဂီယွန်၏ လ၀ပူရအသိမ်းခံရပုံ ဖော်ပြချက်ကို ဤနေရာတွင် ပြန်လည် ဖော်ပြပါမည်။-
“တရဘက္က (သို့မဟုတ်) အတြစတက္က ဟု အမည်ရှိသော ဟရိဘုဉ္စမင်း တစ်ပါးသည် လ၀ပူရ(လော့ဗူရီ)ကို တိုက်ခိုက် သိမ်းယူရန် လုပ်ဆောင် ခဲ့သော်လည်း ယင်းကာလ (အေဒီ ၁၁ ရာစု ပထမတ၀က်အတွင်း (၀ါ) အေဒီ ၁၀၀၀ နှင့် ၁၀၅၀ ကြားကာလအတွင်း) ယင်းအချိန်အထိ လ၀ပူရ သည် မွန်မြို့ဖြစ်နေပုံရသည်။ လ၀ပူရမင်း ဥစစ်တက္ကစက္က၀ံတိ သည် ကျူးကျော်လာသူကို တိုက်ခိုက်ရန် သူ၏မြို့တော်မှထွက်၍ ဆီးကြိုတိုက် ခိုက်သည်။ နေခွံသိတမ္မရတ် ခေါ် သူရဇိတရာဇ ခေါ် သီရိဓမ္မာနာဂရမြို့မှ ချီတက်လာသော ဇီဝက ခေါ် သူရဇိတရာဇာ ဟု အမည်ရှိသောမင်းသည် ယင်း စစ်ပွဲကာလတွင် တတိယမြောက်မင်းအဖြစ် ပါဝင်လာသည်။ အင် အားကြီးမားသော ကြည်းတပ်နှင့် မြောက်များစွာ သော သင်္ဘောများအကူ အပံ့ဖြင့် ထိုဇီဝကမင်းသည် လ၀ပူရမြို့တော်ကို တိုက်ခိုက်အောင်နိုင် သိမ်းပိုက်ခဲ့သည်။ ထိုအခါ အခြားမင်း ၂ ပါးသည် ဟာရိဘုဉ္စမြို့တော်သို့ ထွက်ပြေးခဲ့ကြသည်။ လ၀ပူရမင်းသည် ဟာရိဘုဉ္စမြို့သို့ အလျင် ဦးစွာရောက်၍ ဟာရိဘုဉ္စမြို့ကို စိုးစံသည်။ များမကြာမီ ထိုမင်းသည် ဟာရိ ဘုဉ္စသို့ တိုက်ခိုက်လာသော ခမာ စစ်ရန်ကို တိုက်ခိုက်တွန်းလှန်ခဲ့ရသည်။ နောင်အနည်းငယ် ကြာသောအခါ သူရိယ၀ါရမန်ဟူသော ခမာနိုင်ငံဆိုင်ရာ
အမည်ကို ဘွဲ့ခံယူပြီး ဟာရိဘုဉ္စမြိုကတော်ကို ကျူးကျော်တိုက်ခိုက်သော် လည်း မအောင်မြင်ဘဲ ရှုံးနိမ့်ခဲ့သည်။ ထိုစစ်ပွဲပြီးသည့်နောက် ဟာရိဘုဉ္စမြို့တော်သည် ဘေးအန္တရာယ်များအားလုံးမှ လွတ်ကင်းပြီး စည်ပင်ဝပြော လာခဲ့ သည်။” ဟု ဂီယွန်သည် သူ၏ မွန်လူမျိုးများ (The Mons) ကျမ်းတွင် ဘာသာပြန်ဆို ဖော်ပြခဲ့သည်။
ယင်းမှတ်တမ်းပါ ဖော်ပြချက်များ မှန်ကန်ခဲ့မည်ဆိုလျှင် ခမာမင်းက လ၀ပူရမြို့ကိုသိမ်းပြီး လ၀ပူရမင်းက ဟာရိဘုဉ္စမြို့ ကိုသိမ်းလေရာ လ၀ပူရမင်းကို မတိုက်ခိုက်နိုင်တော့ဘဲ ဟာရိဘုဉ္စမြို့ကို လက်လွတ်ဆုံးရှုံးသွား
ကာ မြို့မဲ့ဖြစ်သွားသော ယခင်ဟာရိဘုဉ္စမင်းနှင့် နောက်လိုက်နောက်ပါအုပ်စုသည် ဟာရိဘုဉ္စတွင် လည်နေ၍ မရတော့။ လ၀ပူရနှင့် ရာမညနာဂရ (ရာမညမြို့)တို့ကိုလည်း ခမာတို့သိမ်းပိုက်ထားသဖြင့် နေ၍မရ၊ နေစရာ မရှိသော ထိုစစ်ရှုံး ဟာရိဘုဉ္စမင်းအုပ်စုသည် အဘယ်အရပ်၊ အဘယ်နိုင်ငံသို့ ရွှေ့ပြောင်း ခိုလှုံခဲ့ကြပါသနည်း။
ဒွါရာဝတီနိုင်ငံ၏ မြို့တော်ဟု ဦးနိုင်ပန်းလှဆိုခဲ့သော နခွံပထုံ (နာဂရာပထမ)မြို့သည် မည်သည့်ရာစုနှစ်တွင် ပျက် သုန်းခဲ့ပြီး နခွံပထုံမှ လူအများသည် မည်သည့်အရပ်သို့ ရွှေ့ပြောင်းခိုလှုံခဲ့ကြပါသနည်း။ အေဒီ ၁၀ ရာစုအလယ် တွင် ခမာမင်း ရာဇဒြ၀ါရ်မန် တိုက်ခိုက်သိမ်းပိုက်ခဲ့သော ရာမန်နာဂရ(ရာမည)မြို့မှ လူများ၊ အေဒီ ၁၀၂၂ ခုနှစ်တွင် ခမာတို့ တိုက်ခိုက်သိမ်းပိုက်ခဲ့သော လ၀ပူရမှလူများ၊ အေဒီ ၁၁ ရာစု အတွင်း မြို့မဲ့မင်းဖြစ်သွားသော ဟာရိဘုဉ္စမှ မင်းနှင့် နောက်လိုက် နောက်ပါများသည် မည်သည့်အရပ် မည်သည့်နိုင်ငံသို့ ထွက်ပြေး တိမ်းရှောင်ခိုလှုံခဲ့ပါသနည်း။
ဒွါရာဝတီ၏ မြောက်အရပ် ယူနန်မှ ရှမ်းများ ဖိဝင်လာနေသောကြောင့် မြောက်အရပ်သို့လည်း မွန်လူမျိုးတို့ စစ်ရှောင် ခိုလှုံ၍ ရနိုင်မည် မထင်ပါ။ ဒွါရာဝတီ၏ အရှေ့ဘက်အရပ်သည် ဟိန္ဒူဘာသာဝင် ရန်သူ ခမာမင်း၊ ခမာနိုင်ငံကြီး တည်ရှိရာ အရပ်ဖြစ်၍ အရှေ့ဘက်အရပ်သို့လည်း ဗုဒ္ဓဘာသာဝင် မွန်လူမျိုးတို့ စစ်ရှောင်ခိုလှုံရန် မဖြစ်နိုင်ပါ။ ဒွါရာဝတီနိုင်ငံ တောင်ပိုင်းကိုလည်း ခမာတို့ တိုက်ခိုက်သိမ်းယူခဲ့သည်ဟု ဦးနိုင်ပန်းလှ ဆိုထားရာ ဒွါရာဝတီ တောင်ဘက်အရပ်သို့လည်း စစ်ရှုံးမွန်တို့ စစ်ရှောင် ခိုလှုံရန် မဖြစ်နိုင်ပါ။
ခမာတို့ကို စစ်ရှုံးခဲ့သော ဒွါရာဝတီနိုင်ငံ ရာမညမြို့အပါအ၀င် မွန်မြို့ လ၀မြို့တို့မှ မွန်နှင့် လ၀များ စစ်ပြေးခိုလှုံနိုင်သော အရပ်ဒေသမှာ ဒွါရာဝတီနိုင်ငံ အနောက်ဘက်အရပ်ရှိ ထေရ၀ါဒဗုဒ္ဓဘာသာ ဗရမ္မာ ခေါ် ပျူနိုင်ငံ ပုဂံနိုင်ငံသာ ရှိပါ သည်။

အေဒီ ၇ ရာစု -
၁၀ ရာစု ထန်ခေတ်မှတ်တမ်းသစ်ကြီးတွင် ဒွါရာဝတီသည် ပျူလက်အောက်ခံနိုင်ငံ တစ်နိုင်ငံ ဖြစ်သည် ဟု တရုတ်တို့ စုံစမ်းသိရှိဖော်ပြခဲ့ကြောင်း၊
မွန်သည် ပျူသြဇာခံဖြစ်ကြောင်း ဆရာကြီးလုစ်၏ စာတမ်းတစ်စောင် တွင် ဖော်ပြခဲ့ပါသည်။
ပျူသြဇာခံ မွန်တို့သည် ဒွါရာဝတီနိုင်ငံအတွင်း သူတို့၏ မြို့ပြ ပြည်ရွာများ၊ ဗုဒ္ဓဘာသာ ကျောင်းကန် ဘုရားများကို
မကာကွယ်နိုင်တော့ပဲ စစ်ရှုံး၍ ဖျက်စီးပိတ်ပင်ခံရချိန်တွင် စစ်ရှောင်ခိုလှုံရန်နေရာအဖြစ်
ဗရမ္မာခေါ် ပျူခေါ် ပုဂံနိုင်ငံအတွင်းသို့ ခိုလှုံခဲ့ကြဟန် ရှိပါသည်။
ဒွါရာဝတီနိုင်ငံသည် (အရှေ့ဘက်ရှိ) ခမာနိုင်ငံကတစ်ဖက်၊ မြောက်ပိုင်းရှိ ထိုင်းရှမ်းကတစ်ဖက်၊ ညှပ်၍ ဖိဝင်လာရာ တွင် ခရစ်တော်နှစ် ၈ ရာစုခန့်မှ စ၍ ဒွါရာဝတီနိုင်ငံအင်အားသည် တဖြည်းဖြည်းပျော့လာသည် ဟူသော ဦးနိုင်ပန်းလှ ၏ ဖော်ပြချက်စကားမှာ ဒွါရာဝတီနိုင်ငံသည် တဖြည်းဖြည်းကျဉ်းကျုံ့ အရေးနိမ့်ဆုတ်ခွါလာခဲ့ရသည်ဟု အဓိပ္ပါယ် ထွက်လျှက် ရှိပါသည်။ အေဒီ ၈ ရာစုခန့်မှစ၍ ထိုင်းရှမ်းနှင့် ခမာ ညှပ်၍ဖိဝင်လာရာ ဒွါရာဝတီနိုင်ငံ အင်အားပျော့လာ သည်။ ဆုတ်ယုတ်လာသည်။ ဒွါရာဝတီနိုင်ငံကို ခမာတို့ သိမ်းပိုက်ဖျက်စီးခဲ့သည်ဟူသော ဦးနိုင်ပန်းလှဖော်ပြချက်နှင့် အေဒီ ၈၄၆-၈၇၆ ပျဉ်ပြားမင်းလက်ထက် ပုဂံနိုင်ငံအတွင်းသို့ အခြားအရပ်ဒေသမှ မွန်များ အမြောက်အများ ရွှေ့ ပြောင်း ၀င်ရောက်လာသည် ဟူသော ပျူရာဇ၀င် ၁၂ စောင်တွဲ ဖော်ပြချက်တို့ကို ဆက်စပ်လေ့လာလျှင် ဒွါရာဝတီ နိုင်ငံဘက်မှ မွန်များမှာ အေဒီ ၉ ရာစုအတွင်း ပုဂံနိုင်ငံအတွင်းသို့ အမြောက်အများ စစ်ပြေးခိုလှုံလာကြောင်း သိသာ ထင်ရှားနေပါသည်။
ပရာဆက်ဘန်ဗီးယင်း ခမာကျောက်စာဖော်ပြချက်အရ အေဒီ ၁၀ ရာစု အလယ်ပိုင်းကာလတွင် ဒွါရာဝတီနိုင်ငံ ရာမညတိုင်း ရာမညဒေသကို ခမာမင်း ရာဇာမ်ဒြ၀ါရ်မန် တိုက်ခိုက်သိမ်းယူခဲ့ကြောင်း သိရပါသည်။ ယင်းကာလ အတွင်း ဟိန္ဒူအယူသည်း ခမာတို့ သိမ်းပိုက်ဖျက်စီးခံရသော ရာမညတိုင်းမှ ဗုဒ္ဓဘာသာဝင် မွန်တို့သည် ထေရ၀ါဒ ဗုဒ္ဓဘာသာ ပုဂံ ခေါ် ဗရမ္မာနိုင်ငံသို့ စစ်ပြေးခိုလှုံသူများအဖြစ် ထပ်မံရွှေ့ပြောင်း လာကောင်း ရွှေ့ပြောင်းလာနိုင် ပါသည်။ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သော ရာမညမြို့ ရာမညဒေသနှင့် ဒွါရာဝတီတောင်ပိုင်းဒေသတို့ကို လ၀ပူရနှင့်
ဟာရိဘုဉ္စမှ စစ်ကူတပ်များ မလာရောက်စေနိုင်ရန် ခမာတပ်များက သွား လာလမ်းများ ပိတ်ဆို့ ဖြတ်တောက်ထားခဲ့ လျှင် ရာမညမြို့ ရာမညဒေသမှ မွန်တို့အနေနှင့် လ၀ပူရနှင့် ဟာရိဘုဉ္စမြို့များကို ရှောင်ပြေးရန် တတ်နိုင် လိမ့်မည် မဟုတ်ဘဲ အနောက်အရပ်ရှိ လမ်းကြောင်းသာရာ ပျူဗရမ္မာတို့၏ ပုဂံနိုင်ငံသို့သာ စစ်ပြေးခိုလှုံစရာ ရှိလိမ့်မည်ဟု ယူဆရပါသည်။

အေဒီ ၁၀၂၂
ခုနှစ်တွင် လ၀ပူရမြို့ကို ခမာတို့ သိမ်းပိုက်ဖျက်စီးခဲ့ပြီး မြောက်ပိုင်းဇင်းမယ်အနီးရှိ မွန်နိုင်ငံ ဟာရိဘုဉ္စမြို့ ကို ခမာတို့
အကြိမ်ကြိမ်တိုက်ခိုက်ခဲ့ကြောင်း ဦးနိုင်ပန်းလှဖော်ပြချက်အရ အေဒီ ၁၀၂၂ ခုနှစ်တွင် လ၀ပူရစစ်ရှုံး ဖျက်ဆီး ခံရကြောင်း ပေါ်ပေါက်လျှက် ရှိသည်။ ဒွါရာဝတီတောင်ပိုင်း
လ၀ပူရမြို့နှင့် ယင်းမြို့ပြဒေသ ကျေးရွာများမှ ဗုဒ္ဓဘာသာဝင်ပြည်သူတို့သည် ခမာစစ်ဘေး
ဆက်လက်ကျရောက်လျှက်ရှိသော ဟာရိဘုဉ္စမြို့သို့
စစ်ပြေးခိုလှုံရန် အခြေအနေမကောင်းသဖြင့် ပုဂံနိုင်ငံသို့သာ ထပ်မံ၍
စစ်ပြေးခိုလှုံခဲ့ကြဟန် ရှိပါသည်။
ပုဂံမင်း အနော်ရထာလက်ထက်တွင် ပုဂံနိုင်ငံအတွင်းသို့ အခြားအရပ်မှ မွန်များ အမြောက်အများ ရွှေ့ပြောင်း ရောက်ရှိလာသည် ဟူသော မှတ်တမ်းစကားအရ လ၀ပူရမြို့ကို ခမာတို့ တိုက်ခိုက်သိမ်းပိုက် ဖျက်စီးခဲ့ချိန်ဝယ်
လ၀ပူရဒေသမှ မွန်များ ပုဂံနိုင်ငံအတွင်းသို့ ထပ်မံစစ်ပြေးခိုလှုံလာသော ဖြစ်ရပ်ကို ဆိုလိုဟန် ရှိသည်။
ယင်းအပြင် အေဒီ ၁၁ရာစု အလယ်ခန့်တွင် ဟာရိဘုဉ္စမြို့မှ အလွန်လျှင် မြန်စွာ ပျံ့နှံ့ကူးဆက် သေဆုံးစေသော ၀မ်းရောဂါကပ်ဘေးကြီး ဖြစ်ပွားခဲ့ကြောင်း၊ ယင်းဝမ်းရောဂါကပ်ဘေးမှ လွတ်မြောက်စေရန် အေဒီ ၁၀၅၅ ခုနှစ် တွင် ဟာရိဘုဉ္စမှ မွန်များသည် ဟာရိဘုဉ္စမြို့ကိုစွန့်ခွါကာ (မိုင်သုံးရာ ကျော်ခန့်ဝေးကွာသော) သထုံနှင့် ပဲခူးမြို့များသို့ ရှောင်ပြေးခိုလှုံလာခဲ့ ကြကြောင်း စမ္မဒေ၀ီဝံသနှင့် ဇိနကလမ္မလိနီမှတ်တမ်းပါ ရေးသားချက် များကို ဂီယွန်နှင့် ဦးနိုင်ပန်းလှတို့ ပြန်လည် ရေးသားဖော်ပြခဲ့ကြသည်။
သို့သော် နိုင်ငံခြားသား ဆရာတစ်ဦးက အေဒီ ၁၀၅၅ ခုနှစ်တွင် ဟာရိဘုဉ္စမြို့မှ ထွက်ပြေးသည်ဟူသော မှတ်တမ်း စကားကို လက်ခံ၍ မရကြောင်း၊ ဟာရိဘုဉ္စမင်း ရေးထိုးခဲ့သောကျောက်စာတစ်ချပ်အရ အေဒီ ၁၀၅၅ ခုနှစ် အထိ ဟာရိဘုဉ္စမင်းသည် အခြားသို့ ရှောင်ပြေးခြင်းမရှိပဲ ဟာရိဘုဉ္စမြို့တွင် စိုးစံနေသည်ကို သိရှိရကြောင်းဖော်ပြခဲ့သည်။
ထို့အပြင် ဟာရိဘုဉ္စမြို့မှ ပြည်သူများသည် ၀မ်းရောဂါဘေးမှ မြို့ကို စွန့်ခွါရှောင်ပြေးကြသည်ဟု ပြောနေကြသော် လည်း ထိုစကားကို ယုံကြည်ရန်ခက်ခဲကြောင်း၊ အဘယ့်ကြောင့်ဆိုသော် ဟာရိဘုဉ္စမြို့ရိုးသည် ပေ ၅၀ ခန့် ကျိုးပေါက် နေပြီး ရန်သူလက်ချက်ဖြင့် မြို့ရိုးပျက်စီးခဲ့ဟန် ရှိကြောင်း အဆိုပါဆရာက ချင့်ချိန်သုံးသပ် ပြောဆိုခဲ့ပါသည်။
အထက်တွင် တင်ပြခဲ့သည်တို့ကို ခြုံငုံသုံးသပ်ကြည့်လျှင် အေဒီ ၁၀ ရာစုအလယ်ပိုင်းကာလတွင် ဒွါရာဝတီနိုင်ငံရှိ ရာမညမြို့ ရာမညဒေသသည် ခမာမင်း တိုက်ခိုက်ဖျက်စီးခံရကာ ပျက်သုန်းခဲ့ကြောင်း၊ အေဒီ ၁၀၂၂ ခုနှစ်တွင် လ၀ပူရမြို့သည်လည်း ခမာတို့တိုက်ခိုက်သိမ်းပိုက် ဖျက်စီးခံခဲ့ရကာ ပျက်သုန်းခဲ့ကြောင်း၊ ပုဂံမင်းအနော်ရထာ
လက်ထက်ကာလတွင် ဟာရိဘုဉ္စမြို့တော် ခေါ် လင်ဖွန်းမြို့တော်သည်လည်း ဘေးအန္တရာယ်တစ်ခုကြောင့် ပျက်သုန်းခဲ့ကြောင်း၊ စစ်ပြေးဒုက္ခသည် မွန်တို့သည် ဗရမ္မာ ခေါ် ပျူ ခေါ် ပုဂံနိုင်ငံအတွင်းသို့ ရွှေ့ပြောင်းခိုလှုံလာခဲ့ ကြောင်း တို့သည် ထင်ရှားပေါ်ပေါက်လျှက် ရှိပါသည်။
ပဲခူး၊ သထုံအပါအ၀င် မြန်မာနိုင်ငံ တောင်ပိုင်းကမ်းရိုးတန်းဒေသ တ၀ှမ်းသည် ရာဇ၀င်ကြောင်းအရ ကြည့်လျှင်ပင်-
(၁) သထုံရာဇ၀င်ပေါင်းချုပ်ကြမ်းကြီးအရ သထုံသည် တိဿဓမ္မသီဟ ရာဇာဒွတ္တပေါင် ခေါ် သူရိယစန္ဒာမဟာ ဒွတ္တပေါင် ပျူမင်းကြီးနှင့် ပျူမင်းဆက်တို့ တည်ထောင်စိုးစံခဲ့သော တောင်ပိုင်းကမ်းရိုးတန်း ပျူဒေသကြီးတစ်ခု ဖြစ်သည်။
(၂) ပဲခူးရွှေမော်ဓေါဘုရားသမိုင်းအရ ပဲခူးသည် သရေခေတ္တရာခေတ်မှ စတုတ္ထပုဂံခေတ်အထိ ပျူ ခေါ် ဗရမ္မာ-ဗမာမင်းတို့၏ လက်အောက်ခံတိုင်းကြီးတစ်တိုင်းဖြစ်သည်။
(၃) ပျူရာဇ၀င် ၁၂ စောင်တွဲအရ တိန်မယ်ပျူအုပ်စု မြို့တော်ပဲခူး၊ ကလောက်ဂေးပျူအုပ်စု မြို့တော်သထုံ၊ တနင်္သာရီပျူအုပ်စုမြို့တော် သာဂရနှင့် ထားဝယ် ဟူသော ပျူတိုင်းဌာနကြီးများ ဖြစ်သည်။
ခေတ်ပြိုင်အထောက်အထားအရ ကြည့်လျှင် -
(၁) သရေခေတ္တရာမြို့ဟောင်းတွေ့ ဘုရားထောင်ပျူအိုး ခေါ် အတိတျာကျောက်အိုးပါ ကျောက်စာအရ “ဒလတိုင်း(ပေါက္ခရ၀တီ)၊ ပါဒတိုင်း(ကျောက်တန်း၊ သန်လျင်)၊ လှည်းကူးတင်း၊ က၀တိုင်း၊ ပဲခူးတိုင်း၊
တိုက်ကုလားသထုံတိုင်း၊ ယက္ခတိုင်း(ဘီလူးကျွန်း)၊ တကွာပတိုင်း(ယခုခေတ် မလေးရှားနိုင်ငံဧရိယာအတွင်းရှိ တကွာပါမြို့)၊ ပသျှူးတိုင်း (ပသျှူးကျွန်းဆွယ် ခေါ် မာလာယုကျွန်းစွယ်အတွင်းရှိ နယ်မြေဒေသ) တို့သည် သရေခေတ္တရာ ဗရမ္မာနိုင်ငံ ခေါ် ပျူနိုင်ငံ၏ ပိုင်နက်နယ်မြေ ဒေသများဖြစ်ကြပြီး ရာမညမြို့၊ ရာမညဒေသ ဟူ၍
မပေါ်ပေါက်သေးပါ။
(၂) အရှေ့တောင်အာရှ ဒေသတ၀ှမ်းရှိ နိုင်ငံကြီးငယ်ပေါင်းစုံတို့၏ အကြောင်းကို တရုတ်တပ်ဖွဲ့များနှင့် သံတမန် များစေလွှတ်၍ စုံစမ်း ထောက်လှမ်း မှတ်တမ်းတင်ခဲ့ကြသော တရုတ်မင်းဆက် အသီးသီးတို့၏ တရုတ်နန်းတော် မှတ်တမ်းများအရ ဘီစီ ၂ ရာစုမှ အေဒီ ၁၀ ရာစုနှောင်းပိုင်း အချိန်အထိ ပျူ ခေါ် ဗရမ္မာ-ဗမာနိုင်ငံကြီးသည် မြောက် ဘက်တွင် ယူနန်၊ တောင်ဘက်တွင် ပင်လယ်နှင့်နယ်နိမိတ်သတ်ကာ ပင်လယ်အထိကျယ်ဝန်းသည်။ ပင်လယ်နှင့်
ပျူ ခေါ် ဗရမ္မာ-ဗမာနိုင်ငံအကြားတွင် ရာမညမွန်နိုင်ငံ ဟူ၍မရှိပဲ မုတ္တမပျူမြို့ကြီးသာ ရှိသည်။
(၃) ပရာဆက်ဘန်ဗီးယင်း ခမာကျောက်စာအရ အေဒီ ၉၅၀ ၀န်းကျင် ကာလတွင် ခမာမင်း ရာဇမ်ဒြ၀ါရ်မန်သည် ဒွါရာဝတီဒေသကြီး အတွင်းရှိ ရာမညမြို့ ရာမညဒေသကို တိုက်ခိုက်သိမ်းပိုက်ခဲ့၍ ယင်း အေဒီ ၉၅၀ ၀န်းကျင် ကတည်းက ရာမညမြို့ ရာမညဒေသ ပျက်သုန်းပျောက်ကွယ်ခဲ့ပါသည်။
(၄) စေးဒီးနှင့် ဂျီအိပ်ခ်ျလုစ်တို့ ဖော်ပြခဲ့သော ပရာဆက်ဘန်ဗီးယင်း ခမာကျောက်စာအရ အေဒီ ၉၅၀ ၀န်းကျင် ကာလ တွင် ဒွါရာဝတီ နယ်မြေဒေသကြီး တောင်ဘက်ရှိ၊ လ၀ပူရမြို့အနီး တောင်ဘက်ရှိ ရာမညမြို့ ရာမညဒေသကို ခမာ မင်း ရာဇမ်ဒြ၀ါရ်မန် တိုက်ခိုက်သိမ်း ပိုက်စဉ် ယင်းအေဒီ ၉၅၀ ၀န်းကျင်ကာလကတည်းက ရာမညမင်း၊ ရာမညမြို့၊ ရာမညနိုင်ငံဒေသ ပျက်သုန်းပျောက်ကွယ်သွားခဲ့ပြီ ဖြစ် ပါသည်။ အေဒီ ၁၀ ရာစုတွင် ဟိန္ဒူဘာသာဝင်ခမာတို့ တိုက် ခိုက် သိမ်းပိုက်ခံခဲ့ရသော ရာမညမြို့နှင့် ရာမညရွာများ၊ အေဒီ ၁၀၂၂တွင် ခမာတို့သိမ်းပိုက်ခံခဲ့ရသော လ၀ပူရမြို့နှင့် လက်အောက်ခံရွာများ၊အေဒီ ၁၀၅၅ အတွင်း (သို့မဟုတ်) ၁၀၅၅ အလွန်တွင် မြို့ရိုးကျိုးပေါက်အောင် တိုက်ခိုက်ခံခဲ့ရ သေူာ ဟာရိဘုဉ္စမြို့နှင့် လက်အောက်ခံရွာများမှ ထေရ၀ါဒဗုဒ္ဓဘာသာဝင် မွန်များသည် ထေရ၀ါဒဗုဒ္ဓဘာသာ ပျူ ခေါ် ဗရမ္မာ-ဗမာနိုင်ငံ ခေါ် ပုဂံနိုင်ငံအတွင်းသို့ ရွှေ့ပြောင်းခိုလှုံဝင်ရောက် နေထိုင်လာခဲ့ကြောင်း လေ့လာတွေ့မြင် ရပါ သည်။ ဦးနိုင်ပန်းလှ၏ ဆောင်းပါးတွင်လည်း အေဒီ ၁၀ ရာစုနှင့် ၁၁ ရာစုတို့တွင် ဒွါရာဝတီဘက်မှ မွန်များ ပုဂံနိုင်ငံ အတွင်းသို့ ရွှေ့ပြောင်းခိုလှုံကြောင်း ဖော်ပြထားပါသည်။
(၅) မြန်မာနိုင်ငံ ၀ိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ် ဘူမိဗေဒလေ့လာရေးအဖွဲ့များ လေ့လာတွေ့ရှိသော ကျောက်ချောခေတ် လက်နက်ပစ္စည်းများ အထောက်အထားအရ မြန်မာ့ကျောက်ကြမ်းခေတ်မှ ဆင်းသက်လာသော ကျောက်ချောခေတ် လူသားများသည် ကျိုက်ထို၊ သထုံ၊ ထားဝယ်နယ်များ အပါအ၀င် ရှေးခေတ်မြန်မာနိုင်ငံတ၀ှမ်း အနှံ့အပြားနေထိုင် ခဲ့ကြောင်း သိရပါသည်။
(၆) မြန်မာနိုင်ငံ ရှေးဟောင်းသုတေသနဦးစီးဌာနနှင့် နိုင်ငံတကာ ပညာရှင်များ ပူးတွဲကာ ရှေးခေတ် သင်္ချိုင်းဟောင်း နေရာများကို တူးဖော် လေ့လာတွေ့ရှိရသော ကျောက်ချောခေတ်-ကြေးခေတ်- ပျူကြေးခေတ်-ပျူသံခေတ် လက်နက် များ၊ အလုပ်လုပ်သော ကိရိယာပစ္စည်းများ၊ ရောင်စုံကျောက်ပုတီးစေ့များ၊ မြေပုတီးစေ့များ အစရှိသော ယဉ်ကျေးမှု ပစ္စည်း ဆင်တူ တူညီမှု အထောက်အထားများအရ မြန်မာနိုင်ငံကျောက်ချောခေတ်မှ လူသားများသည် ပျူ ခေါ် မြန်မာ များဖြစ်လာကြကြောင်း ပြည်တွင်းပြည်ပ ပညာရှင် အချို့နှင့် နိုင်ငံတကာပညာရှင်အချို့ ထုတ်ဖော်ပြောဆိုလာကြပြီ
ဖြစ်ပါသည်။
ဗရမ္မာ-ဗမာ-မရမ္မာ-မြန်မာ ဟူသော လူမျိုးသည်မြန်မာနိုင်ငံပြင်ပ အခြားအရပ်ဒေသများမှ ရွှေ့ပြောင်းလာကြသော သူများမဟုတ်ကြပဲ ပရိုင်းမိတ်ခေတ်-ကျောက်ကြမ်းခေတ်-ကျောက်ချောခေတ် ကာလကတည်းက မြန်မာနိုင်ငံတွင် ပေါက်ဖွားနေထိုင်လာကြသော ဇာတိသားဒေသခံများဖြစ်ကြောင်း၊ မြန်မာအစသည် မြန်မာကသာဖြစ်ကြောင်း ပညာရှင်အချို့ ထုတ်ဖော်တင်ပြထားပါသည်။ အချို့သောလူမျိုးစုများသည် မြန်မာနိုင်ငံအတွင်းသို့ မြန်မာကျောက် ချောခေတ် နောက်ပိုင်းနှင့် မြန်မာကြေးခေတ်နောက်ပိုင်း ကာလများတွင် အကြောင်းအမျိုးမျိုးဖြင့် တဖြည်းဖြည်း ရွှေ့ပြောင်းဝင်ရောက်လာခဲ့ကြကာ မြန်မာတို့နှင့်အတူ တိုင်းရင်းသားများအဖြစ်နေထိုင်မှု ပြုလာခဲ့ကြကြောင်း ဘူမိဗေဒပညာရှင်များ၊ သမိုင်းသုတေသန ပညာရှင်များ၊ ရှေးဟောင်းသုတေသနပညာရှင်းများ၏ သုတေသန လုပ်ငန်းများ၊ သုတေသနတွေ့ရှိချက်များအရ တစ်စထက်တစ်စ ပေါ်ပေါက်တွေ့မြင်နေရပါသည်။
(၇) မြန်မာနိုင်ငံပရိုင်းမိတ်ခေတ်၊ ကျောက်ကြမ်းခေတ်၊ ကျောက်ချောခေတ်၊ ကြေးခေတ်၊ သံခေတ် အဆင့်ဆင့် ဖွံ့ဖြိုးဖြစ်ထွန်းလာခဲ့သော မြန်မာတို့သည် ဘီစီခေတ်မှစ၍ နှစ် နှစ်ထောင်သက်တမ်းရှိသော“ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ”မြို့ကြီးများ ထူထောင်ခဲ့ပြီး သရေခေတ္တရာနိုင်ငံတော်ကြီးကို ထူထောင်နေထိုင်ခဲ့ကြပါသည်။
သရေခေတ္တရာနိုင်ငံနှင့်လူမျိုးကို ရှေးအိန္ဒိသားတို့က “ဗရမ္မာလူမျိုး၊ ဗရမ္မာနိုင်ငံ”ဟု သိရှိမှတ်တမ်းတင်သကဲ့သို့၊ ရှေးတရုတ်တို့ကလည်း “ဗရမ္မာလူမျိုး၊ ဗရမ္မာနိုင်ငံ“ဟု သိရှိမှတ်တမ်းတင်ခဲ့ကြပါသည်။
သရေခေတ္တရာ ဗရမ္မာ-ဗမာ-မြန်မာလူမျိုးများမှ ပုဂံဗရမ္မာ-ဗမာ-မြန်မာ လူမျိုးနှင့်နိုင်ငံ၊ ပုဂံနိုင်ငံခေတ်မှ ယနေ့ခေတ် အထိ ဗရမ္မာ-မရမ္မာ-မြန်မာနိုင်ငံထွန်းကားနေပြီး အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ အီရန်၊ ပြင်သစ်၊ အီတလီ၊ စပိန်တို့သည် ဗရမ္မာ-မရမ္မာ-မြန်မာ ခေါ် ဗမာလူမျိုးနှင့် နိုင်ငံကို ယနေ့တိုင် ဗရမ္မာဟူ၍သာ သိရှိခေါ်ဆိုနေကြပါသည်။ ယင်း
ဗရမ္မာ-မရမ္မာ-မြန်မာလူမျိုးမှာ “ဗရမ္မာ” အမည်မှ သရသံဝဲ ပေါ်ပေါက်သော “ဗရုမ်မာ၊ ပရုမ်မာ၊ ပြုမှာ၊ ပြု၊ ပြူ၊ ပျူ” ဟူ သော အမည်ပွားများလည်း ထွန်းကားခဲ့ဖူးကာ တရုတ်တို့က သရေခေတ္တရာခေတ်တွင် ဗရမ္မာနှင့် ပျူအမည် ၂ မျိုး လုံးဖြင့်လည်းကောင်း၊ ပုဂံခေတ်တွင်ဗရမ္မာ-မရမ္မာ(မီယန်မာ)နှင့် ပျူ ဟူသော အမည် ၃မျိုးဖြင့်လည်းကောင်း သိရှိ ခေါ်ဆို မှတ်တမ်းတင်ခဲ့ကြပါသည်။
(၈) ပျူ ခေါ် ဗရမ္မာ-မြန်မာတို့၏ သရေခေတ္တရာနိုင်ငံခေတ်၊ ပုဂံနိုင်ငံ ခေတ်နှင့် ပင်းယနိုင်ငံခေတ်တို့တွင် မြန်မာနိုင်ငံ တောင်ပိုင်း ကမ်းရိုးတန်းဒေသတွင် ပျူမြို့၊ ပျူတိုင်းများသာထွန်းကားခဲ့ပြီး ရာမညနိုင်ငံ မပေါ်ပေါက်သေးပါ။ အေဒီ ၁၀ ရာစုနှင့် ၁၁ ရာစုအတွင်း ဒွါရာဝတီဒေသကြီးမှ ရာမညမွန်တို့သည် ပုဂံနိုင်ငံအတွင်းသို့ ခမာစစ်ဘေးကြောင့် ရွှေ့ပြောင်းခိုလှုံလာခဲ့ကြပါသည်။ ဒွါရာဝတီဘက်တွင် ခမာသိမ်းပိုက်ခံရသော ရာမညမွန်အမည်ကို ပုဂံနိုင်ငံ
ဘက်သို့ ၀င်ရောက်ခိုလှုံစဉ် ယူဆောင်လာခဲ့ကြပါသည်။ အင်းဝခေတ်ဦးကာလတွင် အင်ဝမြန်မာနန်းတော်၏ သစ္စာခံ သြဇာခံ အဖြစ်မှ ခွဲထွက်ပြောင်းလဲပြီး ရာမညနိုင်ငံဟု ပေါ်ပေါက်လာပါသည်။

(၉) မြန်မာနိုင်ငံ ကျောက်ချောခေတ်
မြန်မာလူသားများမှ အဆင့်ဆင့် တိုးတက်ပေါ်ပေါက်ဖြစ်တည်လာသော
ပုဂံမြန်မာမင်း အနော်ရထာ (အေဒီ ၁၁ ရာစု)မတိုင်ခင် အေဒီ (၉၅၀)၀န်းကျင်ကတည်းက ခမာမင်း ရာဇမ်ဒြ၀ါရ်မန်
တိုက်ခိုက်သိမ်းပိုက်ခဲ့သောကြောင့် ရာမညမင်း ရာမညနိုင်ငံ ရာမညမြို့ ကွယ်ပျောက်ခဲ့ပြီးဖြစ်သည်။ ပုဂံအနော်ရထာ
မင်းသည် ပုဂံနိုင်ငံပိုင်နက် သထုံ၊ ပဲခူးအထိ ကျူးကျော်တိုက်ခိုက်လာ သော ကြွာမ်-ဂျွမ်း ခေါ် ခမာတပ်ဖွဲ့တို့ကို ပြန်လည်တိုက်ခိုက်နှိမ်နင်း ခဲ့ခြင်းဖြစ်ကြောင်း ပုဂံမင်းအနော်ရထာထိုး ရေနံချောင်းမြို့၊ ပင်းစက္ကလမ်ပဘုရား ကျောက်စာအရ ပေါ်ပေါက်နေပြီး ပုဂံအနော်ရထာမင်းလက်ထက်တွင် စစ်ပြုသိမ်းပိုက်စရာ ရာမညမြို့ ရာမညမင်း ရာမညနိုင်ငံ ဟူ၍ မရှိတော့ကြောင်း ရှေ့ပိုင်းတွင် ဖော်ပြခဲ့သော ခမာကျောက်စာအရ ထင်ရှားလျှက်ရှိပါသည်။
(၁၀) ရာဇ၀င်များကို ခေတ်ပြိုင်အထောက်အထား မပြနိုင်လျှင် သမိုင်းပညာက လက်မခံခြင်းမှာ ရာဇ၀င်ဆရာများ၏ မှားယွင်းရေးသားချက်များကို တွေ့မြင်ရသောကြောင့် ဖြစ်သည်။ ပုဂံခေတ် သထုံအကြောင်း၊ ရာမညမြို့အကြောင်း ခေတ်ပြိုင်မှတ်တမ်းမျိုး မတွေ့မြင်ရဘဲ ၁၆ ရာစုနှောင်းပိုင်း ရာဇ၀င်ဆရာတို့ သမိုင်းသုတေသန၊ ရှေးဟောင်း သုတေသနလုပ်ငန်း မပါဘဲ အထောက်အထား မပြစတမ်း ဆန္ဒရှိရာ ရေးသားခဲ့ကြသော နောက်ရေး မွန်ရာဇ၀င်၊ မြန်မာရာဇ၀င်များသာ ရှိကြပြီး ယင်းရာဇ၀င် ၂ မျိုး လုံးသည် အေဒီ (၉၅၀)၀န်းကျင်ကတည်းက ခမာစစ်ပြုသိမ်းပိုက်
ခြင်းခံရသောကြောင့် ရာမညတိုင်း ရာမညမြို့ ကွယ်ပျောက်ခဲ့ပြီးဖြစ် ကြောင်းကို မှန်ကန်စွာ ဖော်ပြနိုင်ခြင်း မရှိယုံမက အတိတျာမင်း ကျောက်အိုးစာပါ သရေခေတ္တရာခေတ် ဗရမ္မာနိုင်ငံလက်အောက်ခံ ဒလ၊ ပါဒ၊ လှည်းကူး၊ က၀၊ ပဲခူး၊ တိုက်ကုလားသထုံ၊ ဘီလူးကျွန်း များနှင့် ကွဲလွဲစွာ၊ ပရာစက်ဘန်ဘီးယင်ခမာကျောက်စာပါ ရာမညမြို့ရာမညဒေသ ကို ခမာမင်း တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းတို့နှင့် ကွဲလွဲစွာ မှားယွင်းရေးသားကြကြောင်း၊ သထုံ ဒွတ္တဘောင် ပျူမြို့နှင့် ခမာမင်းသိမ်းယူခဲ့သော ဒွါရာဝတီဒေသ ရာမညမြို့တို့နှင့် ပက်သက်၍ ပြည်သူလူထုအား အဆိုပါ ရာဇ၀င်ဆရာ ပေါင်းစုံ တို့သည် အမှန်သမိုင်းကို ဖော်ထုတ်ပေးနိုင်ခြင်းမရှိပဲ မှားယွင်းနေသော အချက်များကို ဇာတ်လမ်းလုပ် ရေးဖွဲ့ထားကြကြောင်း လေ့လာတွေ့မြင်ရပါသည်။
အနှစ်ချုပ်ဆိုရလျှင် ကျောက်စာအထောက်အထားများအရ-
ပုဂံပျူမင်း အနော်ရထာသည် တိန်မယ်ပျူအုပ်စု နေထိုင်ရာ ပဲခူးနယ်ကြီးနှင့် ကလောက်ဂေးပျူအုပ်စုတို့ နေထိုင်ရာ သထုံနယ်ကြီးများသို့ ကျူးကျော်ရန်ပြုလာသော ခမာစစ်တပ်ကို တွန်းလှန်တိုက်ထုတ်ခဲ့ခြင်းဖြစ်ပြီး၊ ရာမညမြို့ ရာမည တိုင်း ရာမညနိုင်ငံသည် အေဒီ (၉၅၀)၀န်း ကျင်ကတည်းက ခမာမင်း ရာဇမ်ဒြ၀ါရ်မန် တိုက်ခိုက်သိမ်းပိုက်ခံရ၍
ပျက်သုန်းပျောက်ကွယ်ခဲ့ပြီး ဖြစ်ပါသည်။
အမှားများ၊ လိုရာဆွဲရေးသားချက်များ၊ လုပ်ဇာတ်များ၊ ဖြည့်ဇာတ်များ ပြွမ်းတီးနေသော ၁၆ ရာစုနောက်ပိုင်း ကာလ ပေါ် နောက်ရေးရာဇ၀င် အမည်တပ်စာများကို အမှန်သမိုင်းဟု သမိုင်းပညာက လက်မခံရုံမက ပယ်ပါသည်။
ခေတ်ပြိုင်မှတ်တမ်းများ၊ ခေတ်ပြိုင်ကျောက်စာများပါ အကြောင်းအရာ ဖြစ်ရပ်များကိုသာ လေ့လာစစ်ဆေးပြီး အမှန်သမိုင်းဟု သမိုင်းပညာက လက်ခံပါသည်။ အမှန်သမိုင်းကို အမှန်အတိုင်း သိလိုသူများ (၀ါ) အမှန်တရားကို လေး စားသောသူများသည် ရာဇ၀င်စာရေးဆရာများထံ မျက်စေ့မှိတ် တပည့် ခံ၍ မရဘဲ သမိုင်းပညာနှင့် ခေတ်ပြိုင် ကျောက်စာ၊ ခေတ်ပြိုင်မှတ်တမ်း များကို ဦးတည်လေ့လာသင့်ကြကြောင်း မေတ္တာဖြင့် အကြံပြုအပ် ပါသည်။

0 comments:
Post a Comment
သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်