"မစ္ဆဂီရိနှင့် သက်-ကတူးလူမျိုး"


***********************
မစ္ဆဂီရိနှင့်သက်(အဆက်/ကတူး)လူမျိုး
အကြောင်းကို ဆရာဦးထွေးမောင်ကျော်၏
ဆောင်းပါးတစ်ပုဒ်၌ စတင်သတိထား
ဖတ်ရှုမိပါသည်။ ရခိုင်ဘုရင် မင်းထီးလက်ထက်၌ သက်(ကတူး)တို့၏ဗဟိုဌာနဖြစ်သော မစ္ဆဂီရိမြို့တွင် မင်းရှင်စော အုပ်စိုးလျက်ရှိပြီး
အေဒီ၁၃၃၃ခုနှစ်တိုက်ပွဲအတွင်း သက်ဘုရင် မင်းရှင်စောကို ရခိုင်တို့ ဖမ်းဆီးရမိကြောင်း၊ မင်းရှင်စောကို ကျောက်ဖျားရွာ၌ ကောင်းမွန်စွာထား၍ ၎င်း၏သားတော်သုံးပါကိုလည်း ပညာသင်ကြားခွင့်ပေးထားကြောင်း၊ နောင်တစ်ချိန် ထိုသက်မင်းသားသုံးပါးသည် မြင်စိုင်း ၊ ပြည်နှင့် အမြင့်မြို့တို့၌ မြို့စားမင်းများ အသီးသီးဖြစ်လာကြောင်း၊ အငယ်ဆုံးမင်းသားစောသူမှာ နောင်တွင် "မင်းကြီးစွာစော်ကဲ"အမည်ဖြင့် အင်းဝဘုရင်ဖြစ်လာကြောင်း ဖော်ပြထားခြင်းဖြစ်သည်။
When the Arakan King was Min Hti, his rival was Min Shin Saw who governed Thayetmyo (Macchagiri) which was the centre of Thet Kadu on the west bank of Ayerwaddy. In a battle, the Arakanese captured Minshinsaw, Lord of Thet Kadu town, in 1333. Minhti, the Arakan King, pardoned him and granted Kyaukphya village for his living. The three sons of Minshinsaw were also permitted to learn under an Arankanese Monk. One day their abbot examined their horoscopes and told them that in the future they would be high-ranking officers and wealthy.Their master urged them to flee from Arakan to the east. And they did as the mater bid. The eldest son Sawsaun became Duke of Myinsaing, the second son Saw Phyu, Duke of Pyi (Prome), and the youngest Saw Tu, Duke of Amyint in Monywa region.
Saw Tu , the Duke of Amyint, became the king of Innwa (Ava) which is on the east bank of Ayerwaddy. His title was Mingyiswasawke. From that time on, the war began between Innwa and Pegu of Mon. When Mingyiswasawke went to Myedu from Innwa, on the way, he married Mibeza , the village girl of Sayay (Kazunein near Padu and Khetkha in Sagaing District). She was offered the rank of a queen and gave birth a son who was called Minh Kaung later become to King of Innwa (Ava). Kadu King Minhkaung had been married by his father of Shinminauk, a daughter of Maw Shan Chief. They had a son who was believed the reincarnation of Baw Law Kyantaw, the son of Mon King Razadarit. Minhkaung's son was called Minrekyawswa who, at the age of thirteen , fought Razadarit, the king of Mon. ( Htwe Mg Kyaw)
(ရခိုင်ဘုရင်မင်းထီးလက်ထက်တွင် ၎င်း၏အဓိကပြိုင်ဘက်မှာ ဧရာဝတီအနောက်ဘက်ကမ်းမှ ကတူးတို့၏ဗဟိုဌာနဖြစ်သော
သရက်မြို့(မစ္ဆဂီရိ)ကိုအုပ်ချုပ်သည့် မင်းရှင်စောဖြစ်သည်။ အေဒီ၁၃၃၃ခုနှစ် တိုက်ပွဲအတွင်း သက်ကတူးတို့အရှင်သခင် မင်းရှင်စောကို ရခိုင်များ ဖမ်းဆီးမိခဲ့သည်။ ရခိုင်ဘုရင်မင်းထီးက မင်းရှင်စောကို လွတ်ငြိမ်းချမ်းသာပေးပြီး ကျောက်ဖုရားရွာတွင် နေထိုင်ခွင့်ပြုထားသည်။ မင်းရှင်စော၏ သားတော်သုံးယောက်သည်လည်း ရခိုင်ရဟန်းတော်များထံ ပညာသင်ယူခွင့်ရသည်။
တစ်နေ့တွင် ကျောင်းထိုင်ဘုန်းကြီးက ညီအစ်ကိုသုံးယောက်၏ဇာတာခွင်ကိုစစ်ဆေးပြီး နောင်တစ်ချိန် ထိပ်တန်းပုဂ္ဂိုလ်များဖြစ်၍ ကြီးပွားအံ့ဟု နိမိတ်ဖတ် ဟောကြားလေ၏။ သူတို့ဆရာ(ဘုန်းကြီး)က ရခိုင်ပြည်မှ အရှေ့ပြည်ဘက်သို့ထွက်ပြေးရန် တိုက်တွန်းသည်။
သူတို့လည်း ဆရာ့စကားအတိုင်း လိုက်နာ၍ အရှေ့ပြည်(မြန်မာပြည်)ဘက်သို့ ထွက်ခွာကြလေသည်။ သားအကြီးဆုံး စောစုံက မြင်စိုင်းမြို့စား ဖြစ်လာသည်။ ဒုတိယသား စောဖြူမှာ ပြည်မြို့စား ဖြစ်လာသည်။ အငယ်ဆုံးသား စောသူမှာ မုံရွာနယ်မှအမြင့်မြို့စား ဖြစ်လာသည်။
အမြင့်မြို့စားစောသူသည် ဧရာဝတီအရှေ့ဘက်ကမ်းမှ အင်းဝမြို့တော်၏ဘုရင်ဖြစ်လာသည်။ သူ၏ဘွဲ့တော်အမည်မှာ "မင်းကြီးစွာစော်ကဲ"ဖြစ်သည်။ ထိုအချိန်မှစ၍ အင်းဝနှင့် မွန်တို့၏ပဲခူး တိုက်ပွဲများစတင်သည်။ မင်းကြီးစွာစော်ကဲသည် အင်းဝမှမြေတူးသို့သွားရာလမ်းတွင် စရရွာသူ မိဘဇာကို တော်ကောက်ခဲ့သည်။
မိဘဇာသည် မိဖုရားခေါင်အဖြစ် မြှောက်စားခံရပြီး နောင်တစ်ချိန် အင်းဝဘုရင်ဖြစ်လာမည့် သားတော်"မင်းခေါင်"ကိုလည်း
ဖွားမြင်ပေးခဲ့သည်။ ဖခမည်းတော်က ဘုရင်မင်းခေါင်ကို မောရှမ်းအကြီးအကဲ(သိုငံဘွား)၏သမီးတော်
ရှင်မိနောက်နှင့် လက်ဆက်ပေးခဲ့သည်။ သူတို့တွင် မွန်ဘုရင်ရာဇာဓိရာဇ်၏သားတော် ဘောလောကြန်တောဝင်စားသည်ဟုယုံကြည်ကြသောသားတော်တစ်ပါးရှိသည်။
ထိုမင်းသားမှာ မင်းရဲကျော်စွာဖြစ်ပြီး ၁၃နှစ်သားအရွယ်တွင် မွန်ဘုရင်ရာဇာဓိရာဇ်ကိုတိုက်ခိုက်ခဲ့သူလည်းဖြစ်သည်။)
ဤကား AD ၁၄ရာစု၌ မစ္ဆဂီရိသည် သက်တို့မြို့တော်ဖြစ်ကြောင်းကို ကျွန်တော်စတင်ဖတ်ရှုမိခြင်းပင်ဖြစ်သည်။ ထို့နောက် မစ္ဆဂီရိနှင့်ပတ်သက်၍ လက်လှမ်းမီသမျှ ဆက်လေ့လာကြည့်ရာ ဤအတိုင်းပင် တွေ့ရသည်။
အေဒီ၁၂၈၃(သက္ကရာဇ်-၆၄၅)ခုနှစ်တွင် ရခိုင်ပြည် လောင်းကြက်မြို့၌ ဘုရင်မင်းထီး နန်းတက်၏။ ထိုအချိန်၌ပင် သက်တို့ဌာနီ မစ္ဆဂီရိတွင် မင်းရှင်စော အုပ်စိုးလျက်ရှိ၏။
အေဒီ၁၃၁၃ခုနှစ်တွင် ရခိုင်ပိုင်နက်ဖြစ်သော မဟာစိုးနှင့်ရှင်ငယ်ကူးကို သက်တို့ ကျူးကျော်ထိပါးလာသည်။ ဘုရင်မင်းထီးက
သက်ပြည်ကိုတိုက်ခိုက်ရန် အမတ်ကြီးရာဇသင်္ကြန်အား စစ်သည်ရဲမက်တို့နှင့်တကွ ချီတက်စေသည်။ ရာဇသင်္ကြန်က သက်ပြည်ကိုတိုက်ခိုက်လျှင် သက်တို့သည် မစ္ဆဂီရိတောင်ထိပ်သို့ တက်ရောက်လျက်နေကြ၏။ အမတ်ကြီးလည်း မတိုက်ဘဲ ပြန်လာခဲ့ရသဖြင့် ဘုရင်းမင်းထီး အမျက်ရှလေသော် ဝါကျွတ်လျှင် ရအောင်တိုက်၍ လက်ဆောင်ဆက်သပါမည်ဟု အသနားခံတောင်းပန်ရလေ၏။ အမတ်ရာဇသင်္ကြန်သည် ဗေဒင်ဟူးရားအရာတို့၌လည်း ကျွမ်းကျင်သူဖြစ်၍ တန်ဆောင်မုန်းလပြည့်နေ့၌ ပြင်းစွာသောငလျင် သုံးကြိမ်လှုပ်မည်ကို ကြိုသိထားနှင့်၏။ ရာဇသင်္ကြန်သည် ၎င်းကို အခွင့်ကောင်းယူ၍ ပရိယာယ်ဆင်လျက် သက်တို့ထံ တမန်စေလွှတ်ခဲ့သည်။ သင်တို့သည် မစ္ဆဂီရိတောင်ပေါ်မှဆင်း၍ အညံခံလိုက ခံကြစေ၊ သို့မဟုတ်ပါက တောင်နှင့်တကွ ကိုင်လှုပ်၍ သမုဒ္ဒရာတွင်းသို့ လွှင့်ပစ်မည်ဟု ရာဇသံပါးလိုက်ခြင်းဖြစ်၏။ ပထမအကြိမ် ငလျင်လှုပ်သော် သက်တချို့သည် ယုံကြည်၍ ကြောက်လန့်ကြကုန်၏။ အမတ်ကြီးလည်း ဤတစ်ကြိမ်၌ သင်တို့ကိုသနား၍ သမုဒ္ဒရာထဲသို့မပစ်သတည်း၊ အညံ့ခံလိုက ခံကြစေဟု ဆို၏။
ဒုတိယအကြိမ်ငလျင်ပြန်လှုပ်သော် သင်တို့အား သနားသောအားဖြင့် နှစ်ကြိမ်တိုင်တိုင်သည်းခံခဲ့ပြီ၊ နောင်လျင် သမုဒ္ဒရာသို့ အကယ်ပစ်အံ့ဟု ကြိမ်းဝါးလျက် တတိယအကြိမ်လှုပ်မည်ကို ကြေညာပြန်၏။ သက်တို့သည်လည်း သုံးစုနှစ်စုမျှယုံကြ၍ ကြောက်လန့်ကြကုန်၏။ တတိယအကြိမ် တကယ်လှုပ်လေလျှင် သက်တို့သည် ယုံကြည်ကြောက်လန့်၍ မစ္ဆဂီရိတောင်ပေါ်မှဆင်းလျှက် အညံ့ခံကြလေ၏။ ဤသို့ဖြင့် ရခိုင်ပြည်လောင်းကြက်အရှင် ဘုရင်မင်းထီး၏အမတ်ကြီးရာဇသင်္ကြန်က
သက်တို့ကိုအောင်နိုင်ခဲ့ကြောင်း ရာဇဝင်လာ ရှိလေ၏။
ညောင်ရမ်းခေတ် ၁၈ရာစုခန့်က မြန်မာစစ်သူကြီး စည်သူဂါမဏိသင်္ကြံရေးသားသော ရခိုင်ရာဇဝင်မူရင်းပေမူ(ဆရာဌေးဝေ တည်းဖြတ်ပုံနှိပ်ထား)တွင်လည်း သက်ပြည်ကို အမတ်ရာဇသင်္ကြန် သွားရောက်တိုက်ခိုက်ကြောင်း ပါရှိသည်။ ထိုရာဇဝင်မူ၌ ယခုလို ဖော်ပြထား၏။
"သက်ပြည်ကို တိုက်လေစေသော ရာဇသင်္ကြန်မူကား သက်တို့သည် မုံစရီတောင်ထက် တက်၍နေသောကြောင့် မရနိုင်၍ ပြန်လတ်သည်ကြားတော်မူလျှင် ရာဇသင်္ကြန်ကို ငါသို့မရောက်စေနှင့်၊ မယူမြစ်ဝကံကျင် လျှိုင်လေဟု သူသတ်တို့ကို စေတော်မူ၏။"(နှာ-၆၀)
ဤတွင် မစ္ဆဂီရိတောင်ထိပ်အစား မုံစရီတောင်ထိပ်ဟု ဖော်ပြထား၏။ ၎င်းမှလွဲ၍ ကျန်သောရာဇဝင်အဖြစ်အပျက်များ အားလုံးအတူတူပင်ဖြစ်သည်။
ဤကား သက်နှင့်ရခိုင် ပထမအကြိမ် တိုက်ခိုက်ကြခြင်းဖြစ်၏။
အေဒီ၁၃၃၃ခုနှစ်တွင် အရှေ့ဘက်မှသက်တို့သည် ရခိုင်ပိုင်နက်ဖြစ်သော ရခိုင်ရိုးမအနောက်ခြမ်းရှိ တောင်စဉ်ကျေးရွာများကို ဒုတိယအကြိမ် ထိပါးလာသည်။ ထိုအကြောင်းကို ဘုရင်မင်းထီး ကြားသိလျှင် အမတ်ကြီး ရာဇစည်သူ ရာဇသင်္ကြန်တို့ကို
ရဲမက်စစ်သည်နှစ်သောင်းခန့်ပေး၍ မစ္ဆဂီရိကို ချီတက်တိုက်ခိုက်စေသည်။ ထိုအချိန် မစ္ဆဂီရိ၌ မင်းရှင်စော အုပ်စိုးသည၏။ ဤတစ်ကြိမ်၌လည်း အမတ်ရာဇသင်္ကြန်သည် ပရိယာယ်ဆင်ပြန်၏။ အဆင်းရှိသောမိန်းမတစ်ယောက်ကို အခြွေအရံနှင့်တကွဆောင်ယူ၍ လောင်းကြက်မြို့ရှင် ဘုရင်မင်းထီး၏နှမတော်ဟုဆိုလျှက် သက်ဘုရင်မင်းရှင်စောအား ဆက်သလေသည်။ မင်းရှင်စောလည်း အလွန်နှစ်သက်မြတ်နိုးလျှက် ပွဲသဘင်၌ ထိုမိန်းမနှင့် ရှုစားနေခိုက် ညဥ့်တစ်ဗဟိုရ်တွင် ရှေ့နောက်ပိတ်ဆို့
တိုက်ခိုက်ကြကုန်၏။
သက်ဘုရင် မင်းရှင်စောနှင့်တကွ မိဖုရားကြီး၊ သားကြီးစောစုံ၊ သားလတ်စောဖြူ ၊ သားငယ်စောတူတို့ကို ဖမ်းဆီးရမိသည်။ ၎င်းနောက် သက္ကရာဇ် ၆၉၅ခု၊ တပေါင်းလပြည့်(၁၃)ရက်တွင်
သက်အိမ်ထောင်စုတစ်သောင်းကိုခေါ်ယူ၍ ရခိုင်သို့ ပြန်ကြလေ၏။
ဘုရင်မင်းထီးသည် သက်မင်း(မင်းရှင်စော)အား ကျောက်မသာ၊ ကျောက်ဖြားရွာကို အပိုင်စားပေး၏။ သက်မင်းသမီးစောမောက်ကို မင်းသမီးအဆောင်အယောင်နှင့် ကောင်းစွာထား၏။ သက်မင်းသမီးငယ်ကို အမတ်ကြီးသား အမ်းစား အောင်သူနှင့် ပေးစားတော်မူ၏။ သက်အိမ်ထောင်စုတစ်သောင်းကို အမ်းချောင်း၊ ရူးချောင်းဖျားတွင် ရွာတည်ထောင်ချထား၏။ သက်မင်းသား(၃)ပါးကို ကောင်းစွာပညာသင်ကြားခွင့်ပေးလျှက် စောစုံကို ကြွေတဲစား၊ စောဖြူကို ကင်းစား၊ အသီးသီး သူကောင်းပြုထား၏။ အေဒီ၁၃၄၃တွင် မင်းရှင်စောသည် သားမယားနှင့်တကွ ရခိုင်ပြည်မှထွက်ခွာ၍ မြန်မာပြည်သို့ရောက်သော် သားတော်သုံးပါးထဲမှ မင်းသားကြီးစောစုံက ပင်းယစား ဥဇနာတွင်မြဲ၍ မြင်စိုင်းမြို့ကိုစားရသည်။ မင်းသားလတ်စောဖြူမှာ ပင်းယဥဇနာ၌ပင်မြဲ၍ ဥဇနာမရှိသော် ညီတော်ကျော်စွာမင်းလက်ထက်တွင် စောရန်နောင်အမည်ဖြင့် ပြည်မြို့ကို စားရသည်။ မင်းသားငယ်စောတူမှာ စစ်ကိုင်းမင်းဆင်ဖြူရှင်ထံမြဲ၍ တလုတ်မြို့ကိုရပြီး သင်းမြို့ကိုစားရ၏။ သတိုးမင်းဖျားလက်ထက် အမြင့်မြို့ကို စားရသည်။ သတိုးမင်းဖျားလွန်သော် "မင်းကြီးစွာစော်ကဲ"အမည်ဖြင့် အင်းဝတွင် မင်းပြုလေ၏။
ဤအကြောင်းကို မှန်နန်းရာဇဝင်တော်ကြီး ဆဋ္ဌမတွဲ စာမျက်နှာ(၄၀၁-၄၀၃)တွင်လည်း ဖော်ပြထား၏။ ဦးဘသန်း၏ မြန်မာရာဇဝင်၌လည်း ထို့အတူသာ ဖော်ပြထား၏။ ကွဲပြားမှုမရှိပေ။
သို့သော် ဦးကုလား၏ ရာဇဝင်ချုပ်တွင်မူ တစ်မျိုးတစ်မည် ဖော်ပြထားသည်။
ရာပြည့်စာအုပ်တိုက် ဒုတိယအကြိမ်ထုတ် ဦးကုလားရာဇဝင်ချုပ် စာမျက်နှာ(၅၇/၅၈)၌ ယခုလို ဖော်ပြထားသည်။
" သက္ကရာဇ် ၇၂၉ခု(အေဒီ၁၃၆၇)တွင် (သတိုးမင်းဖျား၏)ယောက်ဖတော် အမြင့်မင်းစောကဲမင်းဖြစ်တော်မူ၏။ ဘုရင်မင်းကြီးစွာအကြောင်းသော်ကား ပင်းယတစ်စီးရှင်သီဟသူ မြောက်နန်းမိဖုရားတွင်မြင်သော သမီးတော်စောပုလဲနှင့် တောင်တွင်းပွင့်လှဦး သီဟပတေ့ စုံဖက်တော်မူရာတွင် သမီးတော်ရှင်မိမြတ်လှကို မြင်သည်။ ရှင်မိမြတ်လှနှင့် ပုဂံနန်းကျကျော်စွာ ကိုယ်လုပ်တော်တွင်မြင်သောသမီးတော်နှင့် တောင်တွင်းလူထွက်ကြီး သင့်ရာတွင် မင်းလျှင်စောကို မြင်သည်။ မင်းလျှင်စောနှင့် တောင်တွင့်ပွင့်လှဦးသီဟပတေ့ သမီးတော်ရှင်မိမြတ်လှ စုံဖက်တော်မူရာတွင်မြင်သည့် သားတော်သမီးတော်ကား မြင်စိုင်းရွှေနန်းရှင်တစ်ပါး၊ ညီတော်ပြည်မင်းစောရန်နောင်တစ်ပါး၊ ညီတော် မင်းကြီးစွာစော်ကဲတစ်ပါး၊ နှမတော် မိဖုရားစောဥမ္မာ တစ်ပါး၊ ညီမတော် ရမည်းသင်း သီလဝ မြောက်သားတော် တစ်ပါး၊ ညီမတော် သိင်္ခသူစောနှောင်း မြောက်သားတော် တစ်ပါး၊ သားတော် ၃၊ သမီးတော် ၃၊ ပေါင်း ၆ပါးတည်း။ "
(ဦးကုလားရာဇဝင်ချုပ်)
အထက်ပါဖော်ပြချက်အရဆိုသော် မင်းရှင်စောနှင့် သားတော်သုံးပါးအကြောင်းကို ဤသို့မှတ်သားနိုင်သည်။
ပင်းယတစ်စီးရှင်သီဟသူ၏သမီးတော်စောပုလဲနှင့် တောင်တွင့်ပွင့်လှဦးသီဟပတေ့ စုံဖက်ရာမှ သမီးတော်ရှင်မိမြတ်လှကို ဖွားမြင်သည်။ ပုဂံနန်းကျကျော်စွာ၏သမီးတော်နှင့် တောင်တွင်းလူထွက်ကြီး စုံဖက်ရာမှ မင်းလျှင်စော(မင်းရှင်စော)ကို ဖွားမြင်သည်။ မင်းလျှင်စောနှင့် ရှင်မိမြတ်လှ စုံဖက်ရာမှ စောစုံ(မြင်စိုင်းစား)၊ စောဖြူ(ပြည်စား စောရန်နောင်) ၊ စောသူ(မင်းကြီးစွာစော်ကဲ)ဟူသော သားတော်(၃)ပါးနှင့် သမီးတော်(၃)ပါး ဖွားမြင်သည်။
ဤတွင်ဖော်ပြသော မင်းလျှင်စောဟူသည်မှာ ရခိုင်ဘုရင်မင်းထီးနှင့်တိုက်ခိုက်သော မစ္ဆဂီရိသက်ဘုရင် မင်းရှင်စောပင်ဖြစ်ကြောင်း သံသယဖြစ်ဖွယ်မရှိပါ။ ၎င်း၏သားတော်သုံးယောက်ကိုကြည့်၍ သိနိုင်ပါသည်။
သို့ဆိုလျှင် မင်းရှင်စောနှင့်သားတော်သုံးပါးသည် မြန်မာလော ၊ ရှမ်းလော ၊ သက်လော ဟု မေးခွန်းထုတ်စရာဖြစ်လာပါသည်။
မြန်မာ-ရှမ်း-သက် ဟူ၍သာ ဖြေရဖွယ်ရှိပါ၏။ ဤအကြောင်းကို ရှင်းပါမည်။
တစ်စီးရှင်သီဟသူသည် ပင်းယမင်းဆက်ကိုစတင်ခဲ့သော ရှမ်းညီနောင်သုံးဦး(ရာဇသင်္ကြန်၊ အသင်္ခယာ၊ သီဟသူ)ထဲမှ တစ်ဦးဖြစ်သည်။ထို့ကြောင့် သီဟသူ၏သမီးတော်ရှင်မိမြတ်လှသည် ရှမ်းမျိုးပင် ဖြစ်၏။
မင်းရှင်စောသည် မြန်မာ-သက် လူမျိုးဖြစ်ပေမည်။ အကြောင်းမှာ နန်းကျကျော်စွာသည် မြန်မာမင်း နရသီဟပတေ့(တရုတ်ပြေးမင်း၊ မင်းခွေးချေး)၏ သားတော်ဖြစ်သည်။ ထို့ကြောင့် နန်းကျကျော်စွာ၏သမီးတော်မှာ မြန်မာမျိုးဖြစ်၏။ ( ဤတွင် တောင်တွင်းလူထွက်ကြီးကို သက်လူမျိုးဟု ယူဆရပေမည်) ။ အခြားရာဇဝင်များ၌ မင်းရှင်စောကို သက်ဘုရင်ဟု အတိအလင်းဖော်ပြကြသည်မှာ ၎င်း၏ဖခင် တောင်တွင်းလူထွက်ကြီးက သက်လူမျိုးဖြစ်သောကြောင့်ပင် ဖြစ်ပေမည်။ (ခန့်မှန်းချက်အရ) တောင်တွင်းလူထွက်ကြီးကို သက်လူမျိုးဟု မှတ်ယူပါ။
ဤသို့လျှင် ယခုလို ဖော်ပြနိုင်ပေမည်။
_______________________________
ပုဂံကျော်စွာ၏သမီးတော်(မြန်မာ)
+
တောင်တွင်းလူထွက်ကြီး(သက်)
\|/
သားတော် မင်းလျှင်စော(မြန်မာ-သက်)
_______________________________
ရှင်မိမြတ်လှ(ရှမ်း)
+
မင်းလျှင်စော(မြန်မာ-သက်)
\|/
(သားတော်သုံးပါး)
စောစုံ ၊ စောရန်နောင်(စောဖြူ) ၊
စောသူ(မင်းကြီးစွာစော်ကဲ)
[ မြန်မာ-ရှမ်း-သက်]
________________________________
ရှေးစဉ်အခါက မကြာခဏဆိုသလို မင်းပြောင်းမင်းလွှဲရှိလျှက် ရှေ့ကမင်း၏မိဖုရားများကိုပင် တစ်ဖန်ပြန်၍မိဖုရားမြှောက်ကြလေ့ရှိသည့်အတွက် ယခုလိုဖြစ်ရပ်များမှာ ထူးခြားဖွယ်မရှိပေ။
ဤကား ပုဂံလက်အောက်ခံ ပဒေသရာဇ် သက်မင်း မင်းရှင်စောနှင့် ခေတ်ပြိုင်ရခိုင်ပြည် မင်းထီးလက်ထက် အဖြစ်အပျက်များကို ဦးကုလားရာဇဝင်ချုပ်လာဖော်ပြချက်များနှင့် တိုက်ဆိုင်စိစစ်ကြည့်ခြင်းပင်ဖြစ်သည်။
ရခိုင်ပြည်လောင်းကြက်မြို့ရှင် ဘုရင်မင်းထီး၏အမတ်ကြီး ရာဇသင်္ကြန်က သက်တို့ပြည် မစ္ဆဂီရိကို တိုက်ခိုက်ခဲ့ကြောင်း
ဖော်ပြချက်များရှိသကဲ့သို့ ပုဂံခေတ် နရသီဟပတေ့မင်း၏အမတ်ကြီး ရာဇသင်္ကြန်က မစ္ဆဂီရိကို တိုက်ခိုက်ခဲ့ဖူးကြောင်း ဖော်ပြချက်များလည်း ရှိပါသည်။
၎င်းကို အမျိုးသားပညာဝန်ဦးဖိုးကျား၏ မြန်မာ့ဂုဏ်ရည်ရာဇဝင်ဖတ်စာမှ အနည်းငယ်ကောက်နုတ်ဖော်ပြပါမည်။
** " အုတ်လှငယ် အကြောင်းကား... ၊ တစ်ခါသော် ရခိုင်ပြည်ဘက် မစ္ဆဂီရိ အရပ်၌ ပုန်ကန်သည်ကို နှိမ်နင်းရာ ရာဇသင်္ကြန်ပါ စစ်သူကြီး လေးယောက်ကို မှူး၍ စေလွှတ်လိုက်သည်။ မစ္ဆဂီရိစားလည်း မခံနိုင်၍ အညံ့ခံပြီးလျှင် အသက်ကို လွှတ်ပါဟု အခွင့် တောင်းလာ၏။ ထိုအကြောင်းကို ရာဇသင်္ကြန်သား အဆိုပါ အုတ်လှငယ်ကို သံတော်ဦးတင် စေလွှတ်၍ အုတ်လှငယ်သည် စလင်းသို့ ရောက်လျှင် နေ့ ည မရွေး လှေဖြင့် ဆန်လေ၏။
မင်းကြီးလည်း “စစ်က ဆက်စာတမန် မရောက် ကြာလေသည်”ဟု လေသာပြတင်းက ကြည့်မျှော်သော်၊ အဝေးမှ ရွက်တိုက် လာသည့် လှေကို မြင်တော်မူလျှင် စစ်က လွှတ်လိုက်သော သံလှေ ဖြစ်တန်ရာသည်ဟု စစ်အကြောင်းကို သိလိုဇောနှင့် မေးစေ၏။ အုတ်လှကား စစ်အကြောင်းကို မလျှောက်၊ ကျွန်တော် အုတ်လှ လာသည် ဟူ၍သာ လျှောက်လိုက်၏။
မင်းကြီးက “ငါကြောင့်ကြတော်မူ၍ အလျင်အမြန် မေးစေသည်ကို ဤသို့ လျှောက်ရသလော။ ငအုတ်လှကို သတ်လေ”ဟု သူသတ်ကို စေတော်မူ၏။ သူသတ်တို့ ဓား တဖွေးဖွေးနှင့် လှေသို့ တက်လာမှ အကြောင်းကို သိရသော် “စစ်ရေးသာကြောင်းကို လျှောက်ပါရစေဦး”ဟု ဆို၏။ သူသတ်တို့လည်း မင်းကြီးအား လျှောက်သော် “အုတ်လှငယ် လာစေဦး”ဟု မိန့်တော် မူပြန်သည်။ ရှေ့သို့ ရောက်သော် မိမိ၏ ဦးခေါင်း၌ ပေါင်းထားသော အဝတ်ကို ချွတ်ဖွင့်လေ၏။ ဆံပင်များ အထွေးထွေး ကျွတ်ကျလေသည်။ ကျသော ဆံပင်မှာလည်း သန်းနှင့်ကျိကျိ ရှိသည်ကို မင်းကြီး မြင်စေပြီးမှ “အရှင့် အမှုတော်ကို ဦးဆွေး ဆံမြည့် ထမ်းပါသည်၊ အရှင်မြင်တော် မမူပါ။ အလွယ်တကူ မလျှောက်သာသောကြောင့် ကျွန်တော် မလျှောက်လိုက်ခြင်း ဖြစ်ပါသည်”ဟု လျှောက်လေ၏။
ထိုအခါမှ မင်းကြီးက ဟုတ်မှန်လှပေသည်ဟု ဝမ်းမြောက်ဝမ်းသာ ချီးမွမ်းတော်မူ၍ ရေမိုးချိုး၊ နံ့သာလိမ်း၊ အဝတ်ကောင်း ဝတ်၊ အစားကောင်း စားစေပြီးမှ စစ်အကြောင်းကို လျှောက်စေ၏။ စစ်အကြောင်းကို ကြားရသော် “မစ္ဆဂီရိစားမှစ၍ တစ်မြို့လုံးကို သစ္စာပေးပြီးလျှင် သားနှင့် ညီတို့ကို ပုဂံသို့ ယူခဲ့စေ”ဟု အမိန့်တော် ချလိုက်လေသတည်း။ " **
(မြန်မာ့ဂုဏ်ရည် ရာဇဝင် ဖတ်စာ၊ အမျိုးသားပညာဝန် ဦးဖိုးကျား)
ဤသို့ဖြင့် မြန်မာတို့က မစ္ဆဂီရိကို တိုက်ခိုက်ခဲ့သည်ဟုဖော်ပြကြသကဲ့သို့ ရခိုင်တို့လည်း မစ္ဆဂီရိကို တိုက်ခိုက်ဖူးသည် ဟူ၏။
၎င်းဖော်ပြချက်များမှာ ဖြစ်နိုင်ခြေတော့ ရှိပါသည်။ ရခိုင်ပြည် လောင်းကြက်မြို့ရှင် မင်းထီးနှင့် သက်ပြည် မစ္ဆဂီရိအရှင် မင်းရှင်စောတို့ အသီးသီးအုပ်စိုးကြစဉ်အခါက မြန်မာပြည်ဘက်တွင် ပုဂံမင်းဆက် အင်အားဆုတ်ယုတ်လျက် ရှမ်းညီနောင်သုံးဦး၏ပင်းယခေတ်သို့ ဦးတည်နေ၏။ ပုဂံအင်အားဆုတ်ယုတ်လာသည်နှင့်အမျှ ပုဂံသြဇာခံဖြစ်သော မစ္ဆဂီရိသည် အင်အားကောင်းရန်အခြေအနေရှိလျှက် ပုဂံအား ပုန်ကန်ကြပေလိမ့်မည်။
ဤသို့ဖြင့် နရသီဟပတေ့မင်း(AD 1256-1287)လက်ထက်တွင် မစ္ဆဂီရိသက်တို့သည် ပုဂံအား ပုန်ကန်ခဲ့ကြခြင်း ဖြစ်ပေမည်။ ဤကား မြန်မာရာဇဝင်မှ နရသီဟပတေ့မင်း၏အမတ်ကြီးရာဇသင်္ကြန်က မစ္ဆဂီရိကို တိုက်ခိုက်ခဲ့ကြောင်းဖော်ပြထားချက်ကို ဆက်စပ်ရှုမြင်ကြည့်ခြင်းပင်ဖြစ်ပါသည်။
မစ္ဆဂီရိသက်တို့သည် နရသီဟပတေ့မင်းလက်ထက်(အေဒီ၁၂၅၆-၁၂၈၇)၌ ပုဂံကိုပုန်ကန်ခဲ့ပြီး၊ အေဒီ၁၃၃၃ခုနှစ်၌ ရခိုင်ပြည်လောင်းကြက်အရှင် ဘုရင်မင်းထီးကို ပုန်ကန်ခဲ့သည်ဟု ကောက်ချက်ဆွဲရပေတော့မည်။
#နေမြန်မာ(ရွှေကတူး) <28.9.2016>
_________________________________
မှတ်ချက်။ ။ အခုစာစုဟာ ၁၃/၁၄ရာစုခေတ် မစ္ဆဂီရိနှင့်သက်(အဆက်/ကတူး)လူမျိုးအကြောင်းကို မှတ်သားမိသမျှ ရေးသားထားခြင်းပဲဖြစ်ပါတယ်။ ၁၃ရာစုကာလခန့်က မစ္ဆဂီရိဟာ သက်(အဆက်/ကတူး)တို့နေထိုင်ရာဖြစ်ကြောင်းကို ဖော်ပြလိုရင်းသာဖြစ်ပါတယ်။ မစ္ဆဂီရိကို ဘယ်အချိန်ကာလမှာ ဘယ်လူမျိုးတွေတည်ထောင်ခဲ့တယ်လို့တော့ တပ်အပ်မပြောနိုင်ပါ။ မစ္ဆဂီရိဟာ ၁၃/၁၄ရာစုကာလမှာ သက်(ကတူး)တွေ အလုံးအရင်းနေထိုင်တယ်ဆိုရင်၊ ၁၃ရာစုမတိုင်ခင်ကတည်းက အဲဒီဒေသမှာ သက်(ကတူး)တွေရှိနေမယ်ဆိုတာတော့ သေချာပါတယ်။ လူမျိုးတစ်မျိုးဟာ နေရာဒေသတစ်ခုမှာ ရုတ်တရက် ချက်ချင်းရောက်လာပြီး၊ ပြုန်းကနဲ ချက်ချင်းစည်ကားလာတာမျိုး မရှိပါဘူး။
မြို့တစ်မြို့၊ ပဒေသရာဇ်တစ်ခု တည်ထောင်ပြီဆိုရင် အဲဒီမတိုင်ခင် အတိတ်ကာလမှာ ကြာရှည်စွာ မှီတင်းနေထိုင်ခဲ့ကြပါလိမ့်မယ်။
နေမြန်မာ(ရွှေကတူး)

0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်