"လူမျိုး(၁၀၁)ပါးစာရင်းနှင့် ရှမ်း/ကတူး/သက် လူမျိုးများအကြောင်း" (သို့မဟုတ်)
"ကတူးနှင့်ရှမ်းဘာသာစကားကို ဘာသာဗေဒဖြင့်ဆန်းစစ်ခြင်း "
လူမျိုး(၁၀၁)ပါးစာရင်းကိုဖော်ပြတဲ့ကျမ်းတွေ မူကွဲအမျိုးမျိုးရှိပါတယ်။ တစ်ခုနှင့်တစ်ခုလည်း ကွဲလွဲနေကြပါတယ်။
အခုဒီစာကို ဦးဌေးဝေရဲ့ ရခိုင်ရာဇဝင်ကျမ်းမှာ
စုစည်းဖော်ပြထားတဲ့စာရင်းထဲက ကိုးကားပြီး ရေးပါတယ်။
(ရခိုင်ရာဇဝင်ကျမ်း၊ လောကဟိတရာသီကျမ်း၊ စွယ်စုံကျော်ထင်အဖြေကျမ်း မူရင်းတွေလည်း
ရှိပါတယ်)
အတိကျပြောရရင် ပုဂံဝန်ထောက်မင်းဦးတင်ရဲ့ မြန်မာမင်းများအုပ်ချုပ်ပုံစာတမ်းထဲက လူမျိုး(၁၀၁)ပါးစာရင်း(၈)ခု ၊ ဇာတာတော်ပုံကျမ်းလာ စာရင်း(၂)ခု၊ လောကဟိတရာသီကျမ်းလာ စာရင်း(၁)ခု၊ လက်ရှိနိုင်ငံတော်က တရားဝင်သတ်မှတ်ထားတဲ့ လူမျိုးစုစာရင်း(၁)ခု ၊ စုစုပေါင်း စာရင်း(၁၂)ခုကို ကိုးကားပြီး ရေးထားပါတယ်။ (အရှင်သြဘာသာဘိဝံသရဲ့ သုတေသနသရုပ်ပြအဘိဓာန်ထဲက လူမျိုး(၁၀၁)ပါးစာရင်းက စမ္ဗူတံဆိပ်ကျမ်းကိုပဲ ကိုးကားထားလို့ ထည့်မရေးတော့ပါဘူး)
လူမျိုး(၁၀၁)ပါးစာရင်း - (၁၁)ခု
************************
၁။ စမ္ဗူတံဆိပ်ကျမ်းလာ စာရင်း
၂။ စွယ်စုံကျော်ထင်အဖြေကျမ်းလာစာရင်း
(ကျီးသဲလေးထပ်ဆရာတော်က
စမ္ဗူတံဆိပ်ကျမ်းကိုပဲမှီးပြီး ဖြေဆိုထား)
၃။ မုံရွေးဆရာတော်အမှတ်အသားလာ စာရင်း
၎။ ဘေးရွှေတောင်ဝန်မင်းကြီး
မဟာမင်းထင်ရာဇဝအမှတ်အသားလာစာရင်း
၅။ ဘေးစဥ့်ကူးထောင်အင်းစား
အသုံးစာရေးအမှတ်အသားလာ စာရင်း
၆။ နိုင်ငံခြားဝန်ထောက်မင်း
အမှတ်အသားလာ စာရင်း
၇။ ဦးကံသာအမှတ်အသားလာ စာရင်း
၈။ လောကဟိတရာသီကျမ်းလာ စာရင်း
၉။ ရခိုင်ရာဇဝင်သစ်ကျမ်းလာ စာရင်း
၁၀။ ဇာတာတော်ပုံရာဇဝင် စာရင်း(၁)
၁၁။ ဇာတာတော်ပုံရာဇဝင် စာရင်း(၂)
အပေါ်ကစာရင်း(၁၁)ထဲမှာ (၈)ခုက လူမျိုးအုပ်စုကို အမျိုးအစားခွဲခြားဖော်ပြ
ထားတယ်။ အဓိကလူမျိုးအုပ်စုတွေအနေနှင့် မြန်မာ(၇)မျိုး ၊ တလိုင်း(၄)မျိုး ၊ ရှမ်းမျိုး (၃၀) ၊ ကုလားမျိုး(၆၀) ဆိုပြီး ဖော်ပြပါတယ်။ အဲဒီစာရင်း(၈)ခုလုံးမှာ ကတူးနှင့်သက်ကို သီးခြားစီဖော်ပြထားပြီး၊ ကတူးနှင့်သက် နှစ်ခုလုံးကို ရှမ်းမျိုး(၃၀)စာရင်းထဲ ထည့်ထားပါတယ်။
ဒီတော့ ကတူးဟာ တကယ်ပဲ ရှမ်းအစုဝင်လား။ မေးခွန်းထုတ်စရာရှိလာပါတယ်။ ဒီလူမျိုး(၁၀၁)ပါးစာရင်းကိုထောက်ပြပြီး
ကတူးနှင့်ရှမ်းအတူတူပဲဆိုတာမျိုး မကြာခဏ ကြားရ ဖတ်ရပါတယ်။ အခု ကျနော်က ကတူးနှင့်ရှမ်း မတူတဲ့ကြောင်းကို ရေးပါမယ်။
[ မတူတာကို မတူကြောင်းရေးတာဟာ အမှန်ကိုဖော်ပြရုံပဲဖြစ်လို့ အခြားမလိုလားအပ်တဲ့
သက်ရောက်မှုတွေကို လက်မခံပါဘူး။ ကတူးနှင့်ရှမ်း(တိုင်းနိုင်း/ရှမ်းနီ)တွေဟာ ရှေးနှစ်ပေါင်းရာချီကတည်းက ညီရင်းအစ်ကိုပမာ နေထိုင်ခဲ့ကြပြီး၊ လက်ရှိမှာလည်း
ရင်းနှီးချစ်ကြည်စွာ လက်တွဲနေထိုင်ကြဆဲ
ဖြစ်ပါတယ်။ ရှေ့ဆက်လည်း အေးအတူပူအမျှနေထိုင်သွားကြမှာပါ။]
လူမျိုး(၁၀၁)ပါးစာရင်းမှာ ကတူးကို ရှမ်းအစုထဲထည့်ထားလို့ဆိုပြီး ကတူးကို ရှမ်းမျိုးနွယ်ပါလို့ မပြောနိုင်ပါဘူး။
အဲဒီ လူမျိုး(၁၀၁)ပါးစာရင်းတွေကိုယ်တိုင်က တစ်ခုနှင့်တစ်ခု တူညီခြင်းမရှိ၊ မသိမသာရော သိသိသာသာပါ ကွဲပြားနေတာတွေ့ရပါတယ်။
မုံရွေးဆရာတော်စာရင်း၊ ဘေးရွှေတောင်ဝန်ကြီးစာရင်း၊ ဘေးစဥ့်ကူးထောင်အင်းစားစာရင်း၊ နိုင်ငံခြားဝန်ထောက်မင်းစာရင်း၊ စမ္ဗူတံဆိတ်စာရင်း၊ စွယ်စုံကျော်ထင်စာရင်း၊ လောကဟိတစာရင်းနှင့် ရခိုင်ရာဇဝင်စာရင်းဆိုတဲ့ စာရင်း(၈)ခုလုံးမှာ ကတူးနှင့်သက်ကို သီးခြားစီဖော်ပြပြီး၊
နှစ်ခုလုံး ရှမ်းအစုဝင်တွေအဖြစ်
ထည့်သွင်းထားပါတယ်။ အခြား ချင်း၊ ကချင်၊ ကရင်၊ အင်ကျယ်နှင့် မြုံဆိုတဲ့ တိုင်းရင်းသားတွေကိုလည်း ရှမ်းအုပ်စုထဲ ထည့်ထားပါတယ်။
ရခိုင်ရာဇဝင်သစ်၊ ဇမ္ဗူတံဆိပ်နှင့် စွယ်စုံကျော်ထင်စာရင်းမှာဆိုရင် ပျူ(ပြူ)ကိုတောင် ရှမ်းအုပ်စုထဲ
ထည့်ထားပါတယ်။ ချင်း၊ ကချင်၊ ကရင်၊ မြုံ၊ အင်ကျယ်နှင့် ပြူလူမျိုးတွေဟာ
ရှမ်းအုပ်စုဝင်မဟုတ်ဘူးဆိုတာ အားလုံးသိကြပြီး ဖြစ်ပါတယ်။
အဲဒီလိုပါပဲ။ ကတူးနှင့်သက်ကလည်း ရှမ်းအုပ်စုဝင်မဟုတ်ဘူးဆိုတာ သိသာပါတယ်။
ဒါဆို ရှမ်းနှင့်ကတူး အုပ်စုမတူဘူးဆိုတာကို ဘယ်လိုခွဲခြားသလဲ။ လက်လွတ်စံပါယ်ပြောလို့မရပါဘူး။
သမိုင်းပညာရပ်မှာ မနုဿဗေဒ၊ ဘာသာဗေဒ၊ သဒ္ဒဗေဒ ၊ ဘူမိဗေဒ စတာတွေက အမြဲတမ်း ဒွန်တွဲနေပါတယ်။
ဘာသာစကားအုပ်စုမတူရင် လူမျိုးအုပ်စုလည်း မတူဖို့ပဲများပါတယ်။ အထူးသဖြင့် လူမျိုးချင်း တူ,မတူ စစ်ဆေးရာမှာ သဒ္ဒါချင်းတူ,မတူကို နှိုင်းယှဉ်လေ့လာကြပါတယ်။ စကားလုံးဝေါဟာရတချို့ ထပ်တူညီနေတာမျိုး၊ ဆင်တူနေတာမျိုးတွေရှိရုံနှင့်လည်း လူမျိုးအုပ်စုချင်းတူတယ်လို့ မပြောနိုင်ပါဘူး။ မြန်မာစကားနှင့်စာပေထဲမှာ ပါဠိမွေးစားစာလုံးတွေ၊ ပါဠိသက်ဝေါဟာရတွေ အမြောက်အမြားပါဝင်နေပါတယ်။ ဒါပေမယ့် မြန်မာစကားနှင့်ပါဠိစကား ဘာမှမဆိုင်ပါဘူး။ ကတူးနှင့်ရှမ်းနီဟာ နှစ်ပေါင်းများစွာ အတူနေခဲ့ကြတာဖြစ်လို့ ကတူးစကားထဲမှာ ရှမ်းမွေးစားစာလုံးတွေ
အနည်းနှင့်အများပါဝင်နေပါလိမ့်မယ်။ ဒါနဲ့ပဲ ဘာသာစကားနှစ်ခု အုပ်စုတူတယ်လို့ ယူဆလို့မရပါဘူး။
ရှမ်းနှင့်ကတူးက သဒ္ဒါတည်ဆောက်ပုံ မတူပါဘူး။ ဘာသာဗေဒအရ အုပ်စုတူလူမျိုးအဖြစ် သတ်မှတ်လို့မရပါဘူး။
စကားသံဖွဲ့ပုံကွဲပြားသလို၊ ဝါကျဖွဲ့ပုံလည်း ကွဲပြားပါတယ်။
ကတူးစကားဝါကျတည်ဆောက်ပုံက
ကတ္တား-ကံ-ကြိယာ(Subject-Object-Verb)ဖြစ်ပါတယ်။
တစ်နည်းအားဖြင့် SOV ဖြစ်ပါတယ်။
(မြန်မာစကားလည်း SOVပါပဲ ။)
ရှမ်း(တိုင်းနိုင်း/ရှမ်းနီ)စကား ဝါကျတည်ဆောက်ပုံက (အများအားဖြင့်) ကတ္တား-ကြိယာ-ကံ(Subject-Verb-Object)
ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် SVO ဖြစ်ပါတယ်။(အင်္ဂလိပ်စကားလည်း SVOပါပဲ။)။ ခြွင်းချက်အနေနှင့် ရှမ်းစကားမှာ တစ်ခါတလေ SOV ဝါကျလည်း သုံးတတ်ပါတယ်။ ဒါပေမယ့် ကတူးစကားမှာတော့ SVO ဝါကျကို ဘယ်တော့မှ သုံးလေ့မရှိပါဘူး။
ဥပမာ(၁)။ ။ရှမ်းစကား ဝါကျဖွဲ့ပုံ
ကျနော် ထမင်း စားတယ်။
(ကော့ကျဉ်းခေါက်)
ကော့ = ကျနော် ( ကတ္တား-Subject)
ကျဉ်း = စားတယ် ( ကြိယာ-Verb)
ခေါက် = ထမင်း ( ကံ-Object)
["ကော့ကျဉ်းခေါက်"ကို တိုက်ရိုက်ပြန်ရင် > ကျနော်-စားတယ်-ထမင်း(S-V-O)ဆိုပြီး တွေ့ရပါမယ်]
ဒါကြောင့် ဒီဝါကျဖွဲ့ပုံက ကတ္တား-ကြိယာ-ကံ(Subject-Verb-Object)ဖြစ်ပါတယ်။
အတိုကောက်အားဖြင့် SVO ဖြစ်ပါတယ်။
ဥပမာ(၂) ။ ။ ကတူးစကား ဝါကျဖွဲ့ပုံ
ကျနော် ထမင်း စားတယ်။
(ငါ အတား ယုတ်မာ)
ငါ = ကျနော် (Subject)
အတား = ထမင်း (Object)
ယုတ်မာ = စားတယ် (Verb)
ကတ္တား-ကံ-ကြိယာ(Subject-Object-Verb)ဆိုပြီး မြန်မာဝါကျဖွဲ့ပုံနှင့် တစ်ထပ်တည်းတူနေတာတွေ့ရပါမယ်။
ဒါကြောင့် ကတူးစကားရဲ့ဝါကျဖွဲ့ပုံက SOV ဖြစ်ပြီး ၊ ရှမ်း(တိုင်းနိုင်း)စကားရဲ့ဝါကျဖွဲ့ပုံက SVO ဖြစ်ပါတယ်။
ကတ္တား(Subject) ၊ ကံ(Object) ၊ ကြိယာ(Verb) ဆိုတဲ့ပုဒ်သုံးခုလုံးပါဝင်တဲ့ အရိုးရှင်းဆုံးဝါကျ(Simple Sentence)တွေကို နှိုင်းယှဉ်ကြည့်ပြီးမှ
SOV နှင့် SVO ကွဲပြားကြောင်း မှတ်ယူရခြင်းဖြစ်ပါတယ်။
ရှမ်းနီစကားမှာ တစ်ခါတလေ SOVဝါကျလည်း ရှိတတ်ပါတယ်။ သို့သော် ရှမ်းစကားဝါကျအများစုက SVOပါပဲ။
ကတူးစကားမှာတော့ SVO ဝါကျမျိုး လုံးဝမရှိပါဘူး။ ဒါကြောင့် ကတူးနှင့်ရှမ်းက ဝါကျဖွဲ့ပုံ မတူပါဘူး။
နောက်ပြီး ဗျည်း၊ သရ ၊ ဝဏ္ဏ စတဲ့ အသံဖွဲ့ပုံစနစ်(Phonology)တွေလည်းမတူပါဘူး။ (အဲဒါကိုတော့ နောက်ပိုင်းမှာ နှိုင်းယှဉ်ဖော်ပြပါမယ်။)
သေချာတာက ကတူးနှင့်ရှမ်းစကားဟာ သဒ္ဒါမတူကြဘူး ဆိုတာပါပဲ။
နှစ်ပေါင်းထောင်ချီပြီးကြာရင် သဒ္ဒါပြောင်းလဲသွားတတ်တာ မှန်ပါတယ်။ ဒါပေမယ့် ရှေးပဝေကတည်းက နီးကပ်စွာနေထိုင်လာခဲ့ကြတဲ့ ကတူးနှင့်ရှမ်းနီက သဒ္ဒါမတူ ကွဲပြားနေပြီး၊ နှစ်ပေါင်းများစွာဝေးကွာနေခဲ့ကြတဲ့
ရခိုင်ပြည်နယ်က သက်(အဆက်)နှင့် မြန်မာပြည်မြောက်ပိုင်းက ကတူး(အဆက်)
တွေကတော့ သဒ္ဒါတူပြီး ဝေါဟာရတချို့လည်း
တူညီနေဆဲဆိုတာ တွေ့ရပါတယ်။ ကတူးနှင့်သက်က တူနေသလောက်၊ ရှမ်းနှင့်ကတူးက ကွဲပြားပါတယ်။ ဒါကြောင့် ကတူး/သက်(အဆက်)တွေဟာ ရှမ်းအုပ်စုစကားကိုမပြောသလို ရှမ်းမျိုးနွယ်လည်းမဟုတ်ပါဘူး။
ကွဲလွဲချက်တွေများတဲ့ လူမျိုး(၁၀၁)ပါးစာရင်းကို အတည်ယူမလား။ သိပ္ပံနည်းကျ ဘာသာဗေဒရဲ့သဘောကို ယူမလား။
ရှေးကရေးသားတဲ့ လူမျိုး(၁၀၁)ပါးစာရင်းထဲမှာခွဲခြားဖော်ပြထားတဲ့ လူမျိုးအုပ်စုတွေဆိုတာက
နေထိုင်ရာဒေသအလိုက် အလျင့်သင့်သလို
စုစည်းမှတ်တမ်းပြုထားတာပါ။ လက်လှမ်းမီသမျှ ၎င်းတို့သိမီတဲ့ နိုင်ငံခြားသားအားလုံး
(တရုတ်ကလွဲပြီး)ကို ကုလားမျိုးထဲ ထည့်ထားတာတွေ့ရပါတယ်။ ဇမ္ဗူတံဆိပ်နှင့်စွယ်စုံကျော်ထင်စာရင်းမှာ အင်္ဂလိပ်ကို ကုလားမျိုးထဲထည့်ထားတာကလွဲရင် စာရင်းအားလုံးမှာ အိန္ဒိယတိုက်သားတွေကိုပဲ ကုလားမျိုးထဲ ထည့်ထားပါတယ်။
ဒါကြောင့် လူမျိုး(၁၀၁)ပါးစာရင်းထဲက လူမျိုးအုပ်စုတွေဟာ နေရာဒေသအလိုက် အလျင့်သင့်သလို အမျိုးစားခွဲပြထားတာပဲ
ဖြစ်ပါတယ်။ ရှေးအခါက ကတူးနှင့်သက်ကို အစဉ်ယှဉ်တွဲဖော်ပြကြပြီး၊ ကတူးတွေဟာ ရှမ်းနီတွေနှင့်ပဲ နှစ်ပေါင်းများစွာ အတူနေထိုင်ခဲ့ကြတာဖြစ်လို့ သက်ကတူးကို ရှမ်းအုပ်စုဝင်အဖြစ် ထည့်သွင်းဖော်ပြကြခြင်းပဲ ဖြစ်ပါတယ်။
ကတူးနှင့်ရှမ်းဘာသာစကားနှစ်ခုရဲ့ ဝါကျဖွဲ့ပုံနှင့်စကားသံဖွဲ့ပုံကွဲပြားကြောင်း ဆက်ပြီးနှိုင်းယှဉ်ဖော်ပြပါမယ်။
_________________________________
ရှမ်း(တိုင်းလိုင်/တိုင်းနိုင်း)ဘာသာစကား ဝါကျဖွဲ့ပုံ (Syntax)
*****************************
၁။ ကျနော် ထမင်း စားတယ်။
(ကော့ကျဉ်းခေါက်)
ကော့ = ကျနော် ( ကတ္တား-Subject)
ကျဉ်း = စားတယ် ( ကြိယာ-Verb)
ခေါက် = ထမင်း ( ကံ-Object)
ဒါကြောင့် ဝါကျဖွဲ့ပုံက ကတ္တား-ကြိယာ-ကံ
(Subject-Verb-Object)ဖြစ်ပါတယ်။
အတိုကောက်အားဖြင့် SVO ဖြစ်ပါတယ်။
၂။ မိန်းကလေးတွေ ခရေပန်း
ကောက်နေကြတယ်။
(ဟယိံအန်တွေ အန်ကျေစ် မောက်ခရေ)
ဟယိံအန်တွေ = မိန်းကလေးတွေ
(ကတ္တား-Subject)
အန်ကျေစ် = ကောက်တယ်။
(ကြိယာ-Verb)
မောက်ခရေ = ခရေပန်း။ (ကံ-Object)
ဒါကြောင့် SVO ဝါကျပဲ ဖြစ်ပါတယ်။
၃။ ငါ မင်းကို ချစ်တယ်။
(ကောက် ဟတ် အွန်ပါး)
ကောက် = ငါ (ကတ္တား-Subject)
ဟတ် = ချစ်တယ်။ (ကြိယာ-Verb)
အွန်ပါး = မင်းကို (ကံ-Object)
ဒါကြောင့် SVO ဝါပဲဖြစ်ပါတယ်။
** ၄။ အစ်ကိုကြီးက ညီငယ်တွေကို
စာသင်ပေးတယ်။
( ပီစိုင်လုံးငေါ အောင့်နောင်စိုင်းမောန်းင်
လိုင်းအွန်ဆော့မ်း)
ပီစိုင်းလုံး = အစ်ကိုကြီး (ကတ္တား-Subject)
ညီငယ် = နောင်စိုင်း (ကံ-Object)
လိုင်း = စာ (နာမ်-Noun)
အွန်ဆော့မ်း = သင်တယ်။ (ကြိယာ-Verb)
ဒါတော့ SOV ဝါကျလို့ ပြောနိုင်တယ်။
မှတ်ချက်။ ။ ရှမ်းစကားမှာ တစ်ခါတလေ
အခုလိုမျိုး SOVဝါကျကိုလည်း တွေ့ရပါတယ်။
__________________________________
ကတူးဘာသာစကား ဝါကျဖွဲ့ပုံ ( Syntax )
**********************************
၁။ ကျနော် ထမင်း စားတယ်။
(ငါ အတား ယုတ်မာ)
ငါ = ကျနော် (Subject)
အတား = ထမင်း (Object)
ယုတ်မာ = စားတယ် (Verb)
ဒါကြောင့် ဒီဝါကျဖွဲ့ပုံဟာ
ကတ္တား-ကံ-ကြိယာ
(Subject-Object-Verb)
ပုံစံဖြစ်ပါတယ်။
တစ်နည်းအားဖြင့် SOV ဖြစ်ပါတယ်။
၂။ မိန်းကလေးတွေ ခရေပန်း
ကောက်နေကြတယ်။
(အီရှိရှာတတ် ဟက်လားပါး ကွန်နေ့မ်းကြီးမား။)
အီရှိရှာတတ် = မိန်းကလေးတွေ
(ကတ္တား- Subject)
ဟက်လားပါး = ခရေပန်း ( ကံ - Object )
ကွန်နေ့မ်းကြီးမား = ကောက်နေကြတယ်
( ကြိယာ - Verb )
ဒါကြောင့် ဒီဝါကျလည်း SOV ပါပဲ။
၃။ ငါ မင်းကို ချစ်တယ်။
( ငါ နန်တေ မစ်နာ)
ငါ = ငါ (ကတ္တား-Subject)
နန်တေ = မင်းကို ( ကံ - Object )
မစ်နာ = ချစ်တယ် (ကြိယာ -Verb)
ဒါကြောင့် ဒီဝါကျလည်း SOV ပါပဲ။
၎။ အစ်ကိုကြီးက ညီငယ်တွေကို
စာသင်ပေးနေတယ်။
(အမူးတုန်းကား နရှီတတ်တေ
ကျေမ်းဆော်င်တနေမ်မား)
အမူးတုန်း = အစ်ကိုကြီး (ကတ္တား - Subject)
နရှီရှာတတ် = ညီငယ်တွေ ( ကံ - Object )
ကျေမ်းဆော်င်တနေမ်မား = စာသင်နေတယ်
( ကြိယာ-Verb )
ဒါကြောင့် ဒီဝါကျလည်း SOV ပါပဲ။
________________________________
ရှမ်းစကားသံဖွဲ့ပုံလေ့လာချက် (Phonology )
==========================
ရှမ်းလူမျိုးရဲ့ ဘာသာစကားကုဒ်(Language code)က ISO 639-2 (shn) ဖြစ်ပါတယ်။
ရှမ်းစကားသံမှာ ဗျည်း(၁၉)လုံး ၊ သရ(၁၀)လုံး၊ သရတွဲ(၁၃)လုံး၊ တက်ကျသံ(၅)ခု
[မြောက်ပိုင်းသားတွေပဲပြောတဲ့ဂရုသံအပါအဝင်ဆိုရင် (၆)ခု ] ၊ အဆုံးဗျည်း(၇)ခု ရှိပါတယ်။
ဗျည်းသံ(၁၉)ခု ( consonants )
***************************
[p] , [pʰ] , [m] , [t] , [tʰ] , [n] , [ɲ] , [k] , [kʰ] , [ʔ] , [ŋ] , [f] , [h] , [s] , [ ts] , [r] , [j] , [w] , [l]
( /d/ , /b/ မပါတာ တွေ့ရတယ်)
သရသံ(၁၀)ခု ( Vowels )
*********************
/i/, /u/ , /e/, /o/, /ɛ/ , /ɔ/
/a/ , /aː/ , /ɨ/~/ɯ/ , /ə/~/ɤ/
သရတွဲ(၁၃)ခု ( diphthongs )
*************************
[iu], [eu], [ɛu]; [ui], [oi], [ɯi], [ɔi],
[əi]; [ai], [aɯ], [au]; [aːi], [aːu]
တက်ကျသံ(၅/၆)ခု ( Tones )
************************
ရှမ်းစကားမှာ နေရာဒေသလိုက်ပြီး ဝဏ္ဏတက်ကျသံတွေမှာ သံရင်း(phonemic)ကွဲပြားတာမျိုး ရှိပါတယ်။
အောက်ဖော်ပြပါ တက်ကျသံ(၆)ခုအနက် နံပါတ်(၆)က ဂရုသံ(emphatic)ကို မြောက်ပိုင်းသားတွေပဲ အသုံးများပါတယ်။
1. rising tone (တက်သံ)
/ ǎ /
2. low Tone ( နိမ့်သံ)
/ à /
3. mid(-falling) (သံပြေ )
/ ā /
4. high Tone (မြင့်သံ)
/ á /
5. falling(creaky) (ကျသံ)
/ âʔ, â̰ /
6. emphatic (ဂရုသံ)
ဝဏ္ဏဖွဲ့ပုံ(Syllable structure)
***********************************
ရှမ်းစကားရဲ့ ဝဏ္ဏတည်ဆောက်ပုံဟာ ဗျည်း-(ရွေ့သံ)-သရ[ C (G) V ]ဖြစ်ပါတယ်။ ရွေ့သံ(G)[ Glide=သရရွေ့။ သရတစ်ပိုင်း ဗျည်းတစ်ပိုင်း။] ကို ဖယ်လိုက်ရင်တော့ ဗျည်း-သရ(CV)ပါပဲ။ ဆိုလိုတာက ဝဏ္ဏတစ်ခုကို ဗျည်းနှင့်စပြီး အဲဒီဗျည်းဟာလည်း ရွေ့သံအတိုင်း လိုက်ပါတယ်။
ကာရန်(Rhyme)မှာတော့ သရတစ်လုံးတည်း(monophthong)
သော်လည်းကောင်း၊ သရတစ်လုံးနှင့်ဗျည်းတစ်လုံးတွဲ၍
သော်လည်းကောင်း၊ သရတွဲ(diphthong)တစ်ခုတည်း
သော်လည်းကောင်း ပါဝင်(ဖွဲ့စည်း)ပါတယ်။
အချို့ဒေသိယရှမ်းစကားတွေမှာပဲ ဗျည်းနောက်မှာ သရတွဲလိုက်ပါတယ်။ ရွေ့သံ(Glide)တွေကတော့ : -w-, -y- နှင့် -r-. တို့ပဲ ဖြစ်ပါတယ်။
C = Consonant
V = Vowel
G = Glide
သာဓကအနေနှင့် -
* /kɔ/ = CV
* /kàːt/ = CVC
* /kwàː/ = CGV
* /kwaːŋ/ = CGVC
* /kǎi / = CVV
* /kwáːi/ = CGVV
ရှမ်းစကားမှာ အဆုံးဗျည်းသံ(၇)ခုရှိပါတယ်။ အဲဒါတွေကတော့
/ŋ/, /n/, /m/, /k/, /t/, /p/, /ʔ/
ရှမ်းစကားဟာ ဧကဝဏ္ဏ(monosyllabic) ဘာသာစကားအမျိုးစားဖြစ်ပါတယ်။ ဗဟုဝဏ္ဏ(Multisyllabic)ကိုတော့ ပါဠိမွေးစားစာလုံးတွေ၊ မတြာဝက်အသံ/ə/နှင့်စတဲ့ မြန်မာမွေးစားစာလုံးတွေမှာပဲ သုံးပါတယ်။
***********************************
" ကတူးစကားသံဖွဲ့ပုံ လေ့လာချက် "
(Phonology)
=====================
ကတူးလူမျိုးရဲ့ ဘာသာစကားကုဒ်(Language code)က ISO 639-3 (zkd) ဖြစ်ပါတယ်။
ကတူးဘာသာစကားကို ဘာသာဗေဒနည်းနှင့် သရုပ်ဖော်ကြည့်ရင် ကတူးဗျည်း(၂၇)ခုနှင့် ကတူးသရ(၉)ခုတွေ့ရပါတယ်။ ဗျည်းတွဲ(၁၅)ခု ၊ သရတွဲ(၇)ခု၊ တစ်ဆင့်ခံအခြေခံသရ(၂)ခု ပါဝင်တယ်။ ဝဏ္ဏဖွဲ့ပုံ(၄)မျိုးရှိပြီး အဆုံးဗျည်း(၈)ခုရှိတယ်။ အဆုံးဗျည်း(၈)ခုမှာ ရပ်သံ (ʔ)ဗျည်းတစ်ခုပဲ မြန်မာနှင့်တူပြီး ကျန်တဲ့(၇)က ကတူးစကားမှာပဲသာရှိတယ်။
ကတူးစကားမှာ တက်ကျသံ(၃)မျိုးရှိပါတယ်။
ကတူးဗျည်း(၂၇)လုံး
***************
/p/ , /ph/, /b/, /m/, /w/, /θ/, /t/ , /th/ , /d/ , /n/ , / l / , /s/, /sh/ , /z/ , /tɕ/ , /tɕh/ , /dz/ , /ɕ/ , /ɲ/ , /j/ , /k/ , /kh/ , /g/ , /ŋ/ ⟩, /ʔ/ , /h/ , / r /.
ကတူးသရ
********
ကတူးဘာသာစကားမှာ အခြေခံသရ(၉)ခု၊ တစ်ဆင့်ခံအခြေခံသရ(၂)ခု၊ သရတွဲ(၇)ခု ရှိပါတယ်။
၁။ အခြေခံသရ(၉)ခု
/ i , e , ɛ , a , ɑ , ɔ , o , u , ə /
( မတြာဝက်/ə/ကို မရေတွက်ရင်
အခြေခံသရ ၈-ခုပါ)
၂။ တစ်ဆင့်ခံအခြေခံသရ
/ ɯ , ʉ /
၃။ သရတွဲ(၇)ခု
/ei/ , /ai/ , /au/ , /ou/ ,
/əɔ/ , /iə/ , /əɛ/
တက်ကျသံစနစ်(Tone System)
***************************
ကတူးစကားမှာ တက်ကျသံ(၃)မျိုးရှိတယ်။
၁။ သံပြေ / - / ( ā=အာ)
၂။ အစ်သံ / ´ / (á =အ )
၃။ ကျသံ / ` / ( à=အား)
ကတူးဘာသာစကားမှာ သံပြေကိုပဲ အများဆုံးအသုံးပြုပါတယ်။ အတိကျဆိုရရင် သံပြေ(၄၇.၇၅•/•) ၊ ကျသံ/သံလေး(၃၈.၇၄ •/•)
၊ အစ်သံ(၁၃.၅၁•/•)အသုံးပြုကြပါတယ်။
ဝဏ္ဏဖွဲ့ပုံ(Syllable structure)
**************************
ကတူးဘာသာစကားမှာ ဝဏ္ဏဖွဲ့ပုံ(၄)မျိုးရှိပါတယ်။
၁။ OVO ဝဏ္ဏပုံစံ
၂။ OVC ဝဏ္ဏပုံစံ
၃။ CVO ဝဏ္ဏပုံစံ
၎။ CVC ဝဏ္ဏပုံစံ
ဒါ့အပြင် CCV, CCVOစတာတွေလည်းရှိတယ်။
အဆုံးဗျည်း(၈)ခု
*************
/ m / , / n / , / ŋ / , / p / , / t / , / k / , / ʔ / , / θ /
(wikipediaမှာတော့ /θ/ကို မဖော်ပြထားဘူး)
_________________________________
ရှမ်းဗျည်း(၁၉)ခုနှင့်ကတူးဗျည်း(၂၇)ခု ၊ ရှမ်းသရ(၁၀)ခုနှင့်ကတူးသရ(၁၁)ခု၊ ရှမ်းသရတွဲ(၁၃)ခုနှင့်ကတူးသရတွဲ(၇)ခု၊
ရှမ်းတက်ကျသံ(၆)ခုနှင့်ကတူးတက်ကျသံ(၃)ခု၊ ရှမ်းအဆုံးဗျည်းသံ(၇)ခုနှင့်ကတူးအဆုံဗျည်းသံ
(၈)ခု စတာတွေရဲ့ တူညီမှု ကွဲပြားမှုတွေကို နှိုင်းယှဉ်ဆန်းစစ်ကြည့်ပါ။
ထူးခြားချက်ကတော့ ရှမ်းနှင့်ကတူး အဆုံးဗျည်းသံအားလုံးတူပါတယ်။ ဧကဝဏ္ဏအဓိကဘာသာစကားချင်းလည်း တူတယ်။
ဝဏ္ဏဖွဲ့ပုံမှာတော့ ကတူးစကားရဲ့ ဝဏ္ဏဖွဲ့ပုံမှာ Glide မပါဘူး။ ရှမ်းမှာ Glide ပါတယ်။ သရတွဲနှင့်တက်ကျသံ နှစ်ခုလုံးမှာ
ရှမ်းက ကတူးထက် ပိုများတယ်။
အခုလိုပဲ စကားသံဖွဲ့ပုံ(Phonology)ကို နှိုင်းယှဉ်ကြည့်ပြီး ကတူးနှင့်ရှမ်းဘာသာစကား ဘယ်အတိုင်းအတာထိ တူညီတယ် ကွဲပြားတယ်
ဆိုတာကို ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ တကယ့်အပြင်မှာလည်း ရှမ်းတွေပြောဆိုတဲ့စကားကို နားထောင်ကြည့်ရင်
ကတူးစကားနှင့် သံနေသံထားကွဲပြားတာကို လက်တွေ့မြင်တွေ့ရမှာဖြစ်ပါတယ်။
ဒါကြောင့် ကတူးနှင့်ရှမ်းကို ဘာသာဗေဒနယ်ပယ်ကနေ ဆန်းစစ်ကြည့်တဲ့အခါ ဝါကျဖွဲ့ပုံ နှင့် စကားသံဖွဲ့ပုံနှစ်ခုလုံး ကွဲပြားနေတာ တွေ့ရပြီးဖြစ်ပါတယ်။ သဒ္ဒါမတူတဲ့အတွက် ဘာသာစကားအုပ်စုလည်း မတူတော့ပါ။
ဘာသာစကားမတူရင် (သာမာန်အားဖြင့်)လူမျိုးအုပ်စုလည်း မတူတော့ပါ။
အကျဉ်းပြန်ချုပ်ရရင် လူမျိုး(၁၀၁)ပါးစာရင်းဟာ မူကွဲတွေရှိပြီး တစ်ခုနှင့်တစ်ခုကွဲပြားနေခြင်း၊ ကတူးနှင့်ရှမ်းစကားဟာ ဝါကျဖွဲ့ပုံ စကားသံဖွဲ့ပုံ သဒ္ဒါဖွဲ့စည်းမှုမတူခြင်း ဆိုတဲ့အချက်(၂)ချက်ကြောင့် ကတူးဟာ ရှမ်းအုပ်စုဝင်မဟုတ်ကြောင်း ထင်ရှားပါတယ်။ အဲဒါကြောင့်လည်း အစိုးရတရားဝင်သတ်မှတ်ထားတဲ့လူမျိုးစုစာရင်းထဲမှာ ကတူးကို ရှမ်းထဲမထည့်ထားခြင်းဖြစ်ပါ
တယ်။ ကတူးကို ဗမာထဲထည့်ထားတာက တိဗက်တိုဘာမင်အုပ်စုချင်းတူလို့ပါ။
(အမှန်တကယ်ဆိုရင် ကတူးနှင့်ဗမာကလည်း တိဗက်တိုဘာမင်အုပ်စုချင်းပဲတူတာပါ။
ဗမာ၊ ကချင်၊ ချင်းစတဲ့ တိဗက်တိုဘာမန်အုပ်စုဝင်
တိုင်းရင်းသားတွေလိုပဲ ကတူးဟာလည်း သီခြားလူမျိုးစုဖြစ်ပါတယ်။ ကတူးလူဦးရေနည်းလွန်းလို့ နီးစပ်ရာ ဗမာအုပ်စုထဲ ထည့်ထားခြင်းဖြစ်ပါတယ်။)
မြန်မာနိုင်ငံတွင်းက တိုင်းရင်းသားအားလုံးကို မျိုးတူစုပြီး အနှစ်ချုပ်လိုက်ရင် အုပ်စု(၃)စုပဲ ရှိပါတယ်။
၁။တိဗက်တိုဘာမင်
၂။ရှမ်းတရုတ်
၃။မွန်ခမာ
(ခြွင်းချက်အနေနှင့် ဆက္ကမတိုင်းရင်းသားတွေလို အင်ဒိုအာရိယာန်စကားပြောလူမျိုးတွေလည်း မြန်မာနိုင်ငံမှာ ရှိပါတယ်)
ကတူးက တိဗက်တိုဘာမန်အုပ်စုဝင်ဖြစ်ပြီး၊
ရှမ်းက ရှမ်းတရုတ်အုပ်စုဝင်ဖြစ်ကြောင်း သမိုင်းပညာရှင်တွေလည်း
လက္ခံထားကြပြီးဖြစ်ပါတယ်။
ဒါကြောင့် -
ကတူးဟာ ရှမ်း မဟုတ်ပါ။
ကတူးဟာ ဗမာ ကချင် ချင်း ပျူ လည်းမဟုတ်ပါ။
ကတူးဟာ ကတူးပဲ ဖြစ်ပါတယ်။
#နေမြန်မာ_ရွှေကတူး
Than Naing(1.10.2016)
_________________________________
မှတ်ချက်(၁) ။ ။
ကတူးစကားသံဖွဲ့ပုံအတွက် ဒေါ်ခင်မိုးမိုးရဲ့ ပါရဂူဘွဲ့ယူကျမ်းဖြစ်တဲ့ "ကတူးစကားသံဖွဲ့ပုံလေ့လာချက်"ကို ကိုးကားပါတယ်။
ရှမ်းစကားသံဖွဲ့ပုံအတွက် Wikipediaထဲကနေပဲ ရယူကိုးကားပါတယ်။
ရှမ်းစကားဝါကျဖွဲ့ပုံအတွက် မိတ်ဆွေရှမ်းနီလူမျိုး(Sai Tun Naung)ကို
မေးမြန်းဆွေးနွေးပြီး ရေးသားပါတယ်။
မှတ်ချက်(၂) ။ ။
ကတူးနှင့်ရှမ်းဟာ ဘာသာစကားနှင့်လူမျိုးအုပ်စုမတူဘူးဆိုပေမယ့် ယဉ်ကျေးမှုဓလေ့တွေလည်း အလွန်နီးစပ်ပါတယ်။ ကျနော်တို့ကတူးတွေစိတ်ထဲမှာလည်း ညီအစ်ကိုလိုပဲ သဘောထားကြပါတယ်။ အခုလိုမျိုးအရေးအသားကြောင့် နှစ်ဖက်ချစ်ကြည်မှုကို ထိခိုက်စရာအကြောင်းလည်းမရှိပါဘူး။
ရှမ်းနှင့်ကတူး မတူကြောင်း ၊ ကတူးဟာ ကတူးပဲဖြစ်ကြောင်းရေးသားခြင်းဟာ အခြားဘာရည်ရွယ်ချက်မှမရှိဘဲ အမှန်တရားကို ဖော်ပြရုံပဲဖြစ်ပါတယ်။ ကတူးတွေက ဗမာဖြစ်လိုက် ရှမ်းဖြစ်လိုက် ပျူဖြစ်လိုက် ကချင်ဖြစ်လိုက် ချင်းဖြစ်လိုက်နှင့် နီးရာကပ်ပါနေကြတဲ့ ကပ်ပါးလူမျိုးတွေဆိုတာမျိုး တချို့နေရာတွေမှာကြားနေရလို့ ကတူးဟာ ကတူးပဲဖြစ်ကြောင်း နိဒါန်းအနေနှင့် ဖော်ပြလိုက်ခြင်းဖြစ်ပါတယ်ခင်ဗျာ။
* ကတူးဆိုတာ
သူကျွေးတာစား
စေရာသွားတဲ့
ကပ်ပါးလူမျိုးမဟုတ်။
* ကတူးဆိုတာ
ဒဏ်ရာသွေးစက် ၊ ပြည့်နှက်ပါစေ
ကြယ်ကြွေမကောက် ၊ နောက်လိုက်မလုပ်
မဆုတ်မလွတ် ၊ ဦးမညွတ်တဲ့
ထွဋ်ခေါင်လူမျိုးဖြစ်တယ်။
ကတူးနှင့်သက် စကားသံဖွဲ့ပုံလေ့လာချက်ကို ဒီLinkမှာ ကြည့်ပါ။
https://m.facebook.com/story.php…
Wikipediaထဲမှာဖော်ပြထားတဲ့ ရှမ်းလူမျိုးနှင့်ဘာသာစကားအကြောင်းမှ Phonologyအပိုင်းကိုကြည့်ရန်
https://en.m.wikipedia.org/wiki/Shan_language
Wikipediaမှ
ကတူး/သက်(Asak)ဘာသာစကားနှင့်
လူမျိုးအကြောင်းဖော်ပြချက်
https://en.m.wikipedia.org/wiki/Sak_language
#နေမြန်မာ-ရွှေကတူး

0 comments:
Post a Comment
သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်