အနော်ရထာ ဘာအက္ခရာ သုံးသလဲ


အနော်ရထာ ဘာအက္ခရာ သုံးသလဲ
** ** ** ** ** ** ** **
အနော်ရထာမင်းစောဟာ အုတ်ခွက်ဘုရားတွေမှာ ပါဠိဘာသာ၊ သက္ကတဘာသာ စတာတွေ အသုံးပြုပြီး သူ့ကောင်းမှု မှတ်တမ်းကို ရေးထိုးထားခဲ့တာတွေ တွေ့ရှိရတယ်။
အနော်ရထာမင်း ရေးထိုးခဲ့တဲ့ ယင်းစာတွေကို မွန်စာလို့ ပြောလဲ မှားပါတယ်။
မြန်မာစာလို့ ပြောလဲ မှားပါတယ်။
ပါဠိဘာသာကို အသုံးပြုရင် ပါဠိစာပါ။
သက္ကတဘာသာကို အသုံးပြုထားရင် သက္ကတစာပါ။
သို့သော် ယင်းစာများကို ရေးထိုးထားတဲ့ အက္ခရာများကိုတော့ စစ်ဆေးရပါတယ်။
ယင်းသို့ စစ်ဆေးမှ အနော်ရထာ အက္ခရာများသည် ပျူအက္ခရာမှ ဆင်းသက်တာလား၊ မွန်အက္ခရာကို ယူသုံးတာလား သိနိုင်မှာ ဖြစ်ပါတယ်။
အနော်ရထာအက္ခရာများ ဘယ်ကဆင်းသက်လာတယ် ဆိုတာသိဖို့ အနော်ရထာ ထက်စောတဲ့ ပျူအက္ခရာ၊ မွန်အက္ခရာများနဲ့ အက္ခရာဇယားကွက်ဆွဲကာ နှိုင်းယှဉ် စစ်ဆေးရမှာပဲ ဖြစ်ပါတယ်။
အနော်ရထာ ထက်စောတဲ့ ပျူအက္ခရာဆိုတာကတော့ မြန်မာနိုင်ငံ အနှံ့အပြားတွေ့ ယာယီအမည် ပျူ အက္ခရာများ ဖြစ်ပြီး၊ အနော်ရထာ ထက်စောတဲ့ မွန်အက္ခရာ ဆိုတာကတော့ ယနေ့ထိုင်းနိုင်ငံ အတွင်းရှိ ဒွါယာဝတီမှ မွန်အက္ခရာများ ဖြစ်ပါတယ်။
(ဘာလို့ ဒွါယာဝတီမွန် အက္ခရာများနဲ့ နှိုင်းယှဉ်ရတာလဲ ဆိုတော့ မြန်မာနိုင်ငံထဲမှာ အနော်ရထာထက်စောတဲ့ မွန်အထောက်အထား မတွေ့ရလို့ပါ။)
ပုံပါ အက္ခရာနှိုင်းယှဉ် ဇယားကို လေ့လာကြည့်ပါ။
သာဓက အနည်းငယ် ရှင်းပြပါမယ်။
အမှတ်စဉ် ၁၊ (က) ဗျည်းကို ကြည့်ပါ။
အနော်ရထာ ဗမာပုဂံ အေဒီ၁၁ရာစု ၁ ကော်လံ အောက်မှာ၊ အတိုကောက် မြ၊ ၃၊ ၁ လို့ ရေးထားတာ ဦးမြ အုတ်ခွက်ဘုရားစာအုပ် အတွဲ (၁) ထဲက အနော်ရထာလက်ရေးစာ ပါတဲ့ ပုံ ၃၊ စာကြောင်းရေ ၁ မှ (က) အက္ခရာ။
မြ ၃၊ ၂ ဆိုတာ ယင်းစာအုပ် ပုံ ၃၊ စာကြောင်းရေ ၂ မှ (က) အက္ခရာ။
ခင်ဘပျူနှင့် အခြား ပျူဗမာ အက္ခရာများ၊ အေဒီ ၂-၇ ရာစု၊ ၂ ကော်လံ မှ၊ ၈၊ ၂ လို့ရေးထားတာသည် ခင်ဘရွှေပေချပ် အချပ် ၈၊ စာကြောင်းရေ ၂ မှ (က) အက္ခရာပုံ။
ယင်းကော်လံ ၂၊ ၃ လို့ ရေးထားတာသည် ခင်ဘရွှေပေချပ် အချပ်ရေ ၂၊ စာကြောင်းရေ ၃ မှ (က) အက္ခရာပုံ။
လောဘူရီ လဝမြို့ မွန်အက္ခရာ အေဒီ ၉ရာစု ၃ ကော်လံပါ ၄ သည် အပိုင်းကျိုး နှစ်ခုကို ပြန်ဆက်ထားတဲ့ လောဘူရီ ကျောက်စာမှ စာကြောင်းရေ ၄မှ (က) အက္ခရာ။
ယင်းကောလံ ၄၊ ၅ သည် ယင်းကျောက်စာမှ စာကြောင်းရေ ၄နှင့်၅ မှ (က) အက္ခရာ။
ယင်း အမှတ်စဉ် ၁ (rool) မှာ ပရပထုံ မွန်အက္ခရာ အေဒီ ၆-၇ ရာစု ၄ ကောလံမှာ ဘာမှ ရေးမထားတာ ပရပထုံတွေ့ အုတ်ခွက်ဘုရားက စာများမှာ (က) အက္ခရာ မပါဝင်လို့၊ မရှိလို့ပဲ ဖြစ်ပါတယ်။
အတိုကောက် မှတ်စုများမှာ
- မြ ၃၊ ၁။ ဦးမြ အုတ်ခွက်စာအုပ် အတွဲ၁မှ ပုံ ၃ စာကြောင်းရ ၁။
- ဗဗက ၃၊ ဗောဗောကြီး ဘုရားအနီးတွေ့ ကျောက်စာ ကြောင်းရေ ၃
- မက ၃၊ မောင်ကန် ရွှေပေချပ် ကြောင်းရေ ၃
- ပျူမင်း၅။ အဒိတျာမင်း ကျောက်အိုးစာ စာကြောင်းရေ ၅။
- ကတ ၁။ ကျွန်းတောစု ရွှေပေချပ် ကြောင်းရေ ၁။
- ကဝခ ၃၊ ၂ ။ ကန်ဝက်ခေါင်းကုန်း ပလ္လင်စာ အပိုင်း ၃၊ ကြောင်းရေ ၂။
- မက ၂/၇ ။ မောင်ကန်ရွှေပေချပ် အချပ်ရေ ၂ စာကြောင် ၇။
- ဟလ ။ ဟန်လင်း ကျောက်စာ။
- ပျူမြ ။ မြစေတီ ပျူခြမ်း။
- ပျူ ကော်လံပါ အက္ခရာသင်္ကေတ မပါပဲ၊ ဂဏာန်း သာ ရေးထားသည့် ၈၊ ၂ စသည်တို့သည် ခင်ဘရွှေပေချပ် ၈၊ စာကြောင်းရေ ၂။
လော့ဗူရီ ကော်လံ ၃ ပါ ၄၊ ၅ စသည်တို့သည် လော်ဗူရီကျောက်စာ စာကြောင်းရေ နံပါတ်။
ပရပထုံ ကော်လံ ၄ပါ၊ က၄ သည် အုတ်ခွက်ဘုရား (က) ကြောင်းရေ ၄။
ယင်းကော်လံ ခ၄သည် အုတ်ခွက်ဘုရား (ခ) ကြောင်းရေ ၄။
ပုံပါ ဇယားမှ အက္ခရာ တစ်လုံးချင်းစီ နှိုင်းယှဉ် တိုက်စစ်ကြည့်ပါ။
အလွန်သိသာ ထင်ရှားတာကတော့ အမှတ်စဉ် ၂က ဂ (ဂငယ်)၊ အမှတ်စဉ် ၄၊ ၅၊ ၁၃ တို့ကို ကြည့်ပါ။
အမှတ်စဉ် ၁၆၊ အ အက္ခရာဆိုရင် အနော်ရထာ အက္ခရာတွေဟာ ဒွါယာဝတီမွန် အက္ခရာ ရေးဆွဲပုံနှင့် လုံးဝမတူ ပျူ အက္ခရာရေးဆွဲပုံနှင့်သာ တူညီပါတယ်။
ဒီအက္ခရာ နှိုင်းယှဉ် ဇယားအရ၊ အနော်ရထာ အက္ခရာတွေဟာ ဒွါယာဝတီ မွန်အက္ခရာရေးဆွဲပုံနှင့် မတူညီပဲ ပျူအက္ခရာရေးဆွဲပုံနှင့် ပုံစံတူဖြစ်ပြီး ပျူအက္ခရာမှ အနော်ရထာ အက္ခရာသို့ ရောက်ရှိလာခြင်း ဖြစ်ပါတယ်။
ဒါကြောင့် အနော်ရထာဟာ မွန်စာ (Mon- inscription) ၊ မွန်အက္ခရာ သုံးစွဲတယ်ဆိုတာ မှားယွင်းပြီ၊ ပျူစာ (Pyu- inscription) ပျူအက္ခရာများကိုသာ လက်ခံသုံးစွဲတာ ဖြစ်ပါတယ်။
ဒါကြောင့် ဘာစစ်ဆေးမှုမှမလုပ်၊ ဘာအထောက်အထားမှ မပေးနိုင်ပဲ မြန်မာ့သမိုင်းကို ဖျက်ဆီးယုံသက်သက် အနော်ရထာဟာ မွန်စာသုံးတယ်တို့၊ အနော်ရထာ ခေတ် နန်းတော်သုံး ရုံးသုံးစာပေဟာ မွန်စာဖြစ်တယ်တို့ဆိုတဲ့ လုစ် လိမ်သွားတဲ့ လမ်းကြောင်းအတိုင်း ဆက်လိမ်နေတာ အကုန်မှားယွင်းကြောင်း ဒီအက္ခရာ နှိုင်းယှဉ် စစ်ဆေးမှု ဇယားနဲ့ သက်သေပြလိုက်ရပါတယ်။
ကျမ်းကိုး။ ။ နှစ်ပေါင်းနှစ်ထောင် ကျော်ပြီဖြစ်သော မြန်မာ့သမိုင်း ၂ - ဘုန်းတင့်ကျော်
ဈာန်သစ်အောင်

0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်