ငလျင်

၂၀၁၆ခု သြဂုတ်လ ၂၄ရက်နေ့က ပုဂံမြို့မှာ ငလျင်ကြီးလှုပ်ခဲ့ပါတယ်။ ဒီပုဂံငလျင်ဟာထူးခြားပါတယ်။ အဖြေတွေအများကြီးရှာပေးခဲ့သလို မေးခွန်းတွေလည်း အများကြီးသယ်လာပါတယ်။
ပုဂံမှာ ထိခိုက်ပျက်စီးခဲ့တဲ့ ဘုရား အများစုဟာ ၁၉၇၅ ခုနှစ် ပုဂံငလျင်တုန်းက ပျက်စီးမှုများအတိုင်း ထပ်တူနီးပါး ပြန်လည်ပျက်စီးကြတာကိုလည်း စိတ်ဝင်စားဖွယ် တွေ့ရပါတယ်။ ဒါဟာ သဘာဝရဲ့ ငြင်းပယ်မှုတခုပါ။
တဖက်ကလည်း ပုဂံဘုရားတွေရဲ့ အံ့သြဖွယ် ခံနိုင်ရည်စွမ်းကိုလည်း မျက်မြင်တွေ့ရတဲ့အခါ နှောင်းခေတ် ပဲခူး တောင်ငူ အင်းဝ သားတွေ ဘယ်လောက် တော်တော် ပုဂံရဲ့ သြဇာကို ဘယ်လိုမှ မကျော်နိုင်တာ ဘာကြောင့်လည်းဆိုတာကိုလည်း တွေ့ရပါတယ်။ ဒါဟာသဘာဝရဲ့ ရွေးချယ်လက်ခံခြင်းပါ။

ပုဂံငလျင်ရဲ့ထူးခြားမူ
ပုဂံငလျင်နဲ့ ပါတ်သက်လို့ ဆန်းစစ် လေ့လာတာတွေ လုပ်ဖို့ ငလျင်ကော်မတီဝင် တဦးအနေနဲ့ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းရဲ့ လူငယ် အင်ဂျင်နီယာမျာနဲ့အတူ ပုဂံမြို့ကို ရောက်ခဲ့ပါတယ်။ မသွားခင် ပုဂံငလျင်နဲ့ ပါတ်သက်တဲ့ အချက်အလက် လေးတွေ ကြိုကြည့်ဖြစ်တဲ့အခါ သတိထားမိတဲ့ အချက်က ဒီငလျင်က လျောတင်ဇုံမှာ ဖြစ်တဲ့ ငလျင် (subduction earthquake) ဖြစ်နေတာကိုပါ။ ဆက်ပြီး လေ့လာ ကြည့်တဲ့ အခါမှာလည်း ဒီဒေသ တလျှောက် ပြည်ကနေ မုံရွာ၊ ကလေး လောက်အထိမှာ ဒီလို လျောတင်ဇုံမှာ ဖြစ်တဲ့ ငလျင်တွေဘဲ သီးသီးခြားခြား ဖြစ်လေ့ရှိတာ တွေ့ရပါတယ်။
ဒီနေရာမှာ မြန်မာနိုင်ငံရဲ့ ငလျင်အန္တရာယ်အကြောင်း နည်းနည်း ပြောလိုပါတယ်။ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ငလျင်အန္တရာယ် အကြီးမားဆုံး ဇုံတခုထဲမှာ ကျရောက်နေပါတယ်။ မြန်မာနိုင်ငံဟာ ကမ္ဘာ့ မြေထုချပ်ကြီး၂ခု ဖြစ်တဲ့ အာရှတိုက်နဲ့ အန္ဒိယတိုက် တို့ တွန်းတိုက်မိတဲ့ နေရာမှာ ရှိနေပါတယ်။ ဒီလို တွန်းတိုက်မိတဲ့ဖြစ်စဉ်ကြောင့် မြေအောက်သယံဇာတတွေ ပေါများသလို တဖက်ကလည်း ငလျင်အပါအဝင် သဘာဝဘေး အန္တရာယ်တွေ ဖြစ်လေ့ရှိပါတယ်။ ဒီလို တွန်းတိုက်မိတဲ့အခါ မြန်မာနိုင်ငံဒေသမှာ အန္ဒိယတိုက်ဟာ အာရှတိုက်ရဲ့အောက်ကို ရှိုဝင်သွားပါတယ်။ ဒါကို လျှောတင်ဇုံ (Subduction Zone) လို့ ခေါ်ပါတယ်။ ဒီ လျှောတင်ဇုံတလျောက် တွန်းတိုက် ပွတ်တိုက် မှု တွေကြောင့်  မြေမျက်နှာပြင်ပေါ်မှာ  ရွေ့လျားမူတွေ ဖြစ်ပေါ်ပြီး မြေပြင်အက်ကြောင်း (surface fractures) တွေဖြစ်လာပါတယ်။ အဲဒီထဲက လူသိများတဲ့ စစ်ကိုင်း ပြတ်ရွေ့ (Sagaing Fault) ဟာ မြေပြင်အက်ကြောင်း (surface fractures) ကြောင့်ဖြစ်တဲ့၊ ကျွန်တော်တို့ နိုင်ငံရဲ့ ငလျင်ကြီးတွေလှုပ်လေ့ရှိတဲ့ အဓိက ပြတ်ရွေ့ကြီးတခုဖြစ်ပါတယ်။

ဒီနေရာမှာ ပုဂံငလျင်ရဲ့ ထူးခြားမူကို အမှီပြုပြီး လျှောတင်ဇုံမှာ ဖြစ်လေ့ရှိတဲ့ ငလျင်နဲ့ မြေပြင်အက်ကြောင်း ပြတ်ရွေ့တွေမှာ ဖြစ်လေ့ရှိတဲ့ ငလျင်တွေရဲ့ မတူညီမှူတွေကို ပြောပြချင်ပါတယ်။ လျှောတင်ဇုံမှာ ဖြစ်လေ့ရှိတဲ့ ငလျင်တွေဟာ အင်အားကြီးတယ်၊ မြေအောက်အနက် သို့မဟုတ် အလယ်အလတ်အနက် (Deep Focus or Intermediate Focus) မှာ ဖြစ်လေ့ရှိတယ်၊ သက်ရောက်မူဇုံ ကျယ်ပြန့်တယ်။ အခု ပုဂံငလျင်၊ ဒီနှစ်စက မော်လိုက်ငလျင် နဲ့ ၂၀၀၄ ခုနှစ်က ဆူနာမီငလျင် တို့လို ရန်ကုန် ဘန်ကောက် တို့လောက်က ထိအောင် သိသိသာသာ ခံစားရတယ်။ စစ်ကိုင်း ပြတ်ရွေ့ လို မြေပြင်အက်ကြောင်း မှာ ဖြစ်လေ့ရှိတဲ့ ငလျင်များကလည်း အင်အားအသင့်အတင့် ကြီးမားနိုင်တယ်၊ ဒါပေမဲ့ မြေပြင်နား အနက်တိမ်တိမ် (Shallow Focus) မှာ ဖြစ်လေ့ရှိတယ်၊ ဘေးတိုက်ခါယမ်းမူများတယ်၊ သက်ရောက်မူဇုံ ကျဉ်းမြောင်းတယ်။ ဉပမာ သပိတ်ကျင်းငလျင်၊ တာလေငလျင်တို့လိုပေါ့။
ပုဂံငလျင်ရဲ့ ထူးခြားမူက လျှောတင်ဇုံမှာဖြစ်တဲ့ငလျင်ဖြစ်လို့ပါ။ ပြင်းအား ၆.၈ ရှိပါတယ်။ အနက် ၈၄ကီလိုမီတာ မှာလှုပ်ပါတယ်။ ပုဂံနဲ့ ၅၀ကီလိုမီတာ ဝေးပါတယ်။ အလယ်အလတ်အနက်မှာ လှုပ်တဲ့ငလျင်ဖြစ်တဲ့အတွက် အောက်ခံကျောက်သားထုမှာ ဖြတ်သွားတဲ့ ပထမလှိုင်း (p-wave) အားကောင်းတာရယ်၊ အကွာအဝေး နီးတဲ့အတွက် အပေါ်အောက် လှိုင်းပိုအားကောင်းတာရယ် တွေ့ရပါတယ်။ အတိုချုပ်ပြောရရင် ပုဂံမှာ အပေါ်အောက် လှုပ်ရှားမှုကို သိသိသာသာ ပိုခံရပါတယ်။ ဒါပုဂံငလျင်ရဲ့ ထူးခြားမှုပါ။ ဒါကို အခုခေတ် ငလျင်မှတ်တမ်းတွေပြည့်ပြည့်စုံစုံနဲ့ အလွယ်တကူ ရှာဖွေတွေ့ရှိနိုင်လို့၊ မိုးလေဝသနဲ့ ဇလဗေဒ ဦးစီးဌာနရဲ့ ငလျင် တိုင်းတာမှု မှတ်တမ်းတွေ ထုတ်ပြန်ပေးမှု တွေကြောင့်သာ အပေါ်အောက် လှုပ်ရှားတဲ့သဘောကို ကွဲကွဲပြားပြား သိရှိရတာဖြစ်ပါတယ်။ ၁၉၇၅ ငလျင်တုန်းက ဒီလို မသိနိုင်ခဲ့ပါ။

သဘာဝရဲ့ ငြင်းပယ်မှု
ဆက်ပြီးတော့ ပုဂံမှာ ထိခိုက်ပျက်စီးခဲ့တဲ့ ဘုရား အများစုဟာ ၁၉၇၅ ခုနှစ် ပုဂံငလျင်တုန်းက ပျက်စီးပုံများအတိုင်း ထပ်တူနီးပါး ပြန်လည်ပျက်စီးကြရတဲ့ အကြောင်း ကို ဆွေးနွေးလိုပါတယ်။ ဒီလိုပျက်စီးရတဲ့ အကြောင်းရင်းဟာ လက်ရာညံ့လို့၊ စံနစ်မကောင်းလို့၊ ထင်သလိုလုပ်လို့ စတဲ့အချက်တွေထက် ပိုပါတယ်။ ဒါဟာ သဘာဝရဲ့ ငြင်းပယ်မှုပါ။ ဘုရားတွေရဲ့ တည်ဆောက်ပုံစံနစ်က ထမ်းနိုင်တဲ့ ဝန်ထက်ပိုနေတာကို ၁၉၇၅ခု ငလျင်မှာ သဘာဝက ငြင်းပယ်ခဲ့ပြီး ဖြစ်ပါတယ်။ ဒါကိုမသိတော့ သဒ္ဒါလွန်ပြီး ပြင်ခဲ့ကြ၊ ဝန်ထပ် တင်ခဲ့ကြတာပါ။ ဒါကို အခုတစ်ကြိမ် ၂၀၁၆မှာ သဘာဝက ထပ်ပြီး နောက်ထပ်တစ်ခါ ငြင်းပယ်လိုက်တာပါဘဲ။ အရင်ကငြင်းခဲ့သလို အခုလည်းထပ်ငြင်းတာပါ။ နောင်လည်း ထပ်လုပ်ရင် ထပ်အငြင်းခံရအုန်းမှာပါဘဲ။ ပျက်စီးတဲ့ပုံစံကိုကြည့်ရင်လည်း ဘုရားတွေရဲ့ ထုနဲ့ အုတ်မြစ်တွေဟာ ထိခိုက်မှု မရှိကြဘဲ အပေါ်ပိုင်း ၃ပုံ၁ပုံ စေတီ အထွဋ်တွေသာ လဲပြိုကြတာ တွေ့ရပါတယ်။ ဒါဟာလည်း အင်မတန်ထူးခြားတဲ့ အချက်တခုပါဘဲ။ အခုအပေါ်ပိုင်းတွေပျက်စီးကြတဲ့ စူဠာမဏိ စေတီလို၊ သဗ္ဗုင်ညုစေတီလို ဘုရားတွေမှာ သိသာစွာတွေ့နိုင်ပါတယ်။ အောက်ခြေပိုင်း တောင့်တင်းလှတာ၊ အထိအခိုက်မရှိတာ တွေ့နိုင်ပါတယ်။ ဒါဟာ ထူးခြားတဲ့ ပုဂံက ဘုရားစေတီတွေရဲ့ ဒေါင်မတ်စံနစ်နဲ့ လျှောတင်ဇုံမှာ ဖြစ်တဲ့ အလယ်အလတ်အနက် ပုဂံဒေသငလျင်တွေဟာ ထူးခြားစွာလိုက်ဖက်ညီနေလို့ ပျက်စီးတဲ့အပိုင်း၊ ခံနိုင်ရည်ရှိတဲ့ အပိုင်းတွေ ထပ်တူဖြစ်တဲ့အတွက် တစ်ပုံစံတည်း ပြန်လည်ပျက်စီးရတာပါ။
တဖက်ကလည်း ငလျင်လှိုင်းရဲ့ လှုပ်ခပ်ပုံကိုပြန်ကြည့်ရင် ပထမလှိုင်း (p-wave) က အထက်အောက် ဆောင့်လိုက်တဲ့အခါ ပြုပြင်ထားတဲ့ဘုရားစေတီတွေရဲ့ အသစ်နဲ့ အဟောင်း အဆက်နေရာမှာ အက်ကွဲ သွားပါမယ်၊ အဲဒီနောက် ဒုတိယလှိုင်း (s-wave) လာတဲ့အခါ ဘေးတိုက်ခါယမ်းလိုက်တဲ့အတွက် အသစ်ပြင်ထားတဲ့အပိုင်းတွေဟာ ခွာချလိုက်သလို ပြုတ်ကျသွားကြတာပါ။

ဒီနေရာမှာ သတိပြုစေလိုတာက တကယ်လို့ အကြောင်းကြောင်းကြောင့် မှုလ ပုံစံမပျက် လုပ်ကိုလုပ်သင့်တဲ့ အခြေအနေမျိုး ကြုံလာခဲ့ရင်တောင် ဘုရားတွေရဲ့ တည်ဆောက်ပုံစံနစ်ကို ပိုအားကောင်းအောင်၊ ပိုကြံခိုင်အောင် အရင် ပြုပြင်ရပါမယ်။ အသစ်နဲ့အဟောင်းကိုလည်း ပိုပြီးတွဲဆက်မှု အားကောင်းအောင် လုပ်ဖို့လည်း လိုပါတယ်။

အခုငလျင်ရဲ့ ပျက်စီးမှုတွေထဲက တရုတ်ပြေးဘုရားရဲ့ ပျက်စီးရပုံဟာ အင်မတန်ကောင်းတဲ့ ဉပမာပါဘဲ။ ဒီဘုရားကို ပြုပြင်တုန်းက အင်မတန်ကြီးတဲ့ အထွဋ် အသစ်ကို အပေါ်က တင်ခဲ့ပါတယ်။ ကြီးလဲကြီး၊ လေးလဲလေးပါတယ်။ အခု ငလျင်လှုပ်တဲ့အခါ ငလျင်လှိုင်းရဲ့ အပေါ်အောက် လှုပ်ရှားမှုကြောင့် ဘုရားရဲ့ ပင်မအုတ်တိုက်ဟာ အပေါ်က အလေးနဲ့ဖိရိုက်ခံရသလို ဖြစ်ပြီး ပင်မအုတ်တိုက်မှာ ကွဲအက်မှုတွေ အများအပြား ဖြစ်သွားခဲ့ရပါတယ်။ ပင်မအုတ်တိုက်ကို ထိသွားတဲ့အတွက် ပျက်စီးမှုကြီးမားသလို ပြင်ဆင်တဲ့အခါ မှာလည်း အများကြီးခက်ခဲမှာဖြစ်ပါတယ်။ အင်မတန် တန်ဖိုးရှိတဲ့ သင်ခန်းစာပါ။

အင်းဝပုစ္ဆာ
အခုလို သဘာဝရဲ့ ငြင်းပယ်မှုကို ပြောသလို သဘာဝရဲ့အံ့သြဖွယ် ရွေးချယ် လက်ခံမှုကိုလည်း ပြောပြချင်ပါတယ်။ ပုဂံဒေသမှာ အခုလို သမိုင်းတန်ဖိုးမဖြတ်နိုင်တဲ့ ဘုရားပုထိုးတွေ တစ်စုတစ်ဝေးတည်း တွေ့ရတာဟာ သဘာဝရဲ့ အံ့သြဖွယ် ရွေးချယ် လက်ခံမှုပါ။ စောစောက ပြောသလို ပုဂံဒေသမှာ လှုပ်ခတ်တဲ့ ငလျင်တွေဟာ ထူးခြားသလိုဘဲ ပုဂံဒေသမှာရှိတဲ့ ဘုရားစေတီတွေရဲ့ စံနစ်ပုံတွေကလည်း ထူးခြားလှပါတယ်။ ပုဂံဒေသမှာရှိတဲ့ ဘုရားစေတီတွေဟာ ထုတွေ၊ ဂုံးတွေနဲ့တည်ဆောက်လေ့ရှိတဲ့ ဒေါင်မတ်စံနစ် (Vertical, Gravitational System) ဖြစ်ပါတယ်။ အဲဒီ ဒေါင်မတ်စံနစ် ဘုရားစေတီတွေနဲ့ လျှောတင်ဇုံမှာ ဖြစ်တဲ့ အလယ်အလတ်အနက် ပုဂံဒေသငလျင်တွေဟာ ထူးခြားစွာ လိုက်ဖက်ညီနေတာ တွေ့ရပါတယ်။ ဒါကြောင့်လဲ ပုဂံဘုရားတွေ နှစ်ထောင်ချီ ကြံကြံခံနိုင် နေတာပါ။

ပုဂံဘုရားများ၏ ဒေါင်မတ် အလေးဝန်မျှဝေပုံ။ (ဆရာဦးမျိုးညွန့်၏ “ဗိသုကာနှင့်အနုလက်ရာ” မှ)
၁၁ရာစုလောက်ကစလို့ ပုဂံဒေသမှာ ဘုရားစေတီတွေ နှစ် လေးငါးရာ ဆက်တိုက် တည်ဆောက် နိုင်ခဲ့တာဟာ ငလျင်မလှုပ်လို့ မဟုတ်ပါ၊ သူမတူအောင် တည်ဆောက်မှု ကောင်းလွန်းလို့ မဟုတ်ပါ။ အခုပြောတဲ့ ဘုရားစေတီတွေရဲ့ ဒေါင်မတ်စံနစ်နဲ့ ပုဂံဒေသရှိ ငလျင်တွေဟာ ထူးခြားစွာ လိုက်ဖက်ညီ နေလို့ဘဲ ဖြစ်ပါတယ်။ ပုဂံမင်းများ တစ်ဉီးနောက်တစ်ဉီး ရှေ့မင်းထက်သာအောင် တည်ဆောက် လိုက်ကြတာ အခုလို သမိုင်းအမွေအဖြစ် ပုဂံဒေသမှာ တစ်စုတစ်ဝေးတည်း တွေ့ရတာပါ။ ပုဂံပျက်ပြီးတဲ့ နောက်ပိုင်းမှာ စစ်ကိုင်း၊ ပင်းယ၊ အင်းဝ၊ ပဲခူး စတဲ့ မြို့ရွာတွေ တည်ထောင်ပြီး နိုင်ငံတော်ကို ဆက်လက် တည်ထောင်ခဲ့ကြပေမဲ့ တည်ဆောက်ခဲ့ကြတဲ့ မြို့ရွာတွေဟာ ပုဂံဒေသလို ကြီးကျယ်ခန်းနားတဲ့ ခြေရာလက်ရာတွေ မချန်ရစ်နိုင်ခဲ့ကြပါဘူး။ ဘာကြောင့်လဲဆိုတော့ ဆက်လက် တည်ထောင်ခဲ့ကြတဲ့ မြို့ရွာတွေ အားလုံးလိုလိုဟာ စစ်ကိုင်းပြတ်ရွေ့ လို မြေပြင်အက်ကြောင်း (Crustal Fault) များ တစ်လျောက်မှာ တည်ဆောက်ခဲ့ကြတဲ့ အတွက် ဒေါင်မတ်စံနစ်နဲ့ မကိုက်ညီတဲ့၊ ဖျက်ဆီးစွမ်းအား ပိုတဲ့ ဘေးတိုက်လှုပ်ရှားမှုများတဲ့ ငလျင်တွေရဲ့ အန္တရာယ်နဲ့ ကြုံတွေ့ ကြရပါတယ်။ ဒီအခါမှာ ပုဂံရဲ့ ဒေါင်မတ် နည်းစံနစ်နဲ့ အလားတူ တည်ဆောက်ကြတဲ့ အုတ်ခံ ဘုရားစေတီတွေဟာ ခံနိုင်စွမ်းမရှိကြပါဘူး။ မင်းကွန်းပုထိုးတော်ကြီးတို့၊ အင်းဝက ဗဟိုစည်တို့ဟာ သက်သေပါဘဲ။ အုတ်မြစ်ထိခိုက်မှု (foundation failure) အများအပြား တွေ့ရပါတယ်။ ဒါဟာ ဘေးတိုက်လှုပ်ရှားမှုများတဲ့ ငလျင်တွေမှာ တွေ့နေကျ အကျိုးဆက်ပါ။

ဒါကြောင့် စစ်ကိုင်းအင်းဝ ဒေသတလျောက်တည်ဆောက်ခဲ့တဲ့ လှပခန်းနားတဲ့ အုတ်တိုက် အဆောက်အဦ များဟာ ကြာကြာမခံနိုင်ဘဲ နှစ်တိုအတွင်းမှာဘဲ ပြိုပျက်သွားကြတာကိုတွေ့ရပါတယ်။ ဒါကြောင့် အင်းဝသားများ ဘယ်လောက်တော်တော်၊ အင်းဝမင်းများ ဘယ်လောက်စွမ်းစွမ်း ပုဂံရဲ့ သြဇာကို မကျော်နိုင်တာ တွေ့ရပါတယ်။ ဒီလိုနဲ့ နှောင်းခေတ်မင်းများဟာ ပုဂံလို ကြီးကျယ်ခန်းနားတဲ့ နိုင်ငံတော်မျိုး မတည်ဆောက်နိုင်တော့ပါဘူး။ ဒါဟာ လွန်ခဲ့တဲ့နှစ်၅၀၀ လောက်က အင်းဝသားများ မဖြေရှင်းနိုင်ခဲ့တဲ့ ပုစ္ဆာဖြစ်ပါတယ်။ သမိုင်းနဲ့ချီတဲ့ လေ့လာစရာတွေပါ။ နောက်ထပ်လဲ ဆက်လက် လေ့လာစရာတွေ အများကြီး ကျန်နေအုံးမှာပါ။
ဒါကြောင့် အခုတစ်ခါ ငလျင်ကြောင့် ပျက်စီးသွားရတဲ့ ဘုရားပုထိုးများနဲ့ အပျက်အစီးတွေကို ပြန်လည် ပြင်ဆင်တဲ့အခါ အခုလို ပုဂံဘုရားနဲ့ ပုဂံဒေသမှာလှုပ်လေ့ရှိတဲ့ ငလျင်တွေရဲ့ သဘောသဘာဝ တို့ အပေါ်မှာ မှုတည်ပြီး အားသာချက်၊ အားနည်းချက်၊ အလုပ်ဖြစ်တဲ့အချက်တွေ၊ အလုပ်မဖြစ်တာတွေ စတဲ့ အတိတ်က သင်ခန်းစာတွေ အပေါ်မှာ မူတည်ပြီး ချင့်ချင့် ချိန်ချိန် ပြုပြင်သင့်ကြောင်း တင်ပြအပ်ပါတယ်။
အခုငလျင်ကလည်း သတိပေးခေါင်းလောင်းသံပါဘဲ။ ပုဂံမှာမဟုတ်ဘဲ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့လို မြို့ကြီးတွေမှာသာအလားတူ ငလျင်မျိုးလှုပ်လိုက်ရင်ကော၊ ကျွန်တော်တို့ ဘယ်လောက်ပြင်ဆင် ထားပြီလဲ။ ဒါအခုပုဂံငလျင်ကမေးလိုက်တဲ့မေးခွန်းပါ။

စောထွေးဇော်
အတွင်းရေးမှုး
မြန်မာနိုင်ငံ ငလျင်ကော်မတီ
၂၀၁၆ စက်တင်ဘာ ၁၀ရက်


0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်