ကလေးလေးသို့ မှာတမ်း...



====================




ဒီရာသီသက်တမ်းကို လှလှပပရယ်မော ဖြတ်သန်းချင်ပေမယ့် မလိမ်မိုးမလိမ်မာနိုင်ငံတော် အောက်မှာ တို့ဘ၀တွေက မိုးမှ လင်းပါ့မလား ကလေးရေ......


မမျှော်လင့်ထားတဲ့ အရာတွေကို မျှော်လင့်ထားပါ တောင်ကုန်းပေါ်မှာ ဟိုဟိုဒီဒီ အဆက်မပြတ် ၀ဲပျံကျ မျှော်လင့်ရာမဲ့ နာကျင်ကျည်ဆန်များ တိမ်တိုက်တွေ လိုလေ ဘယ်နားသွားမလဲ ဦးတည်ရာမရှိ လမ်းပြမြေပုံ များ ဟောင်းနွမ်းသွားပြီ ကလေးလေးရေ....


အလင်းတံခါးများ မှောင်မိုက်ခဲ့လေသလား ပုခုံးထက်က ၀တ္တရားမှာ နာကျင်ခဲ့ရလေတော့ ဘာကို ရွေးချယ်နိုင်မှာတဲ့လဲလေ


ငြိတွယ်ခြင်းမှာ ဘယ်တရားဓမ္မမှ အသုံးမ၀င်တော့ မဟာဗျူဟာမြောက် သစ္စာလမ်းမများ အတိုက်ခံရတယ် စိတ်ထဲ ပဲ့တင်ထပ်နေပေမယ့် အကြည်လင် ဆုံး ကြားရတာက ချက်ချင်းလိုလို ကြွေကျသွားတဲ့ရယ်သံ ခပ်ပါးပါးတွေပဲ မဟုတ်လား

တွေးလို့မရနိုင်တဲ့ ဇာတ်သိမ်းတွေနဲ့ အရာရာကို အားတင်းထားစမ်း အရင် ကလို စာတွေသင်ပေးမယ် ပုံပြင်တွေနားထောင်ချင်တယ် ဆိုရင် ပုံပြင်တွေ ပြောပြ မယ် ကိုယ်တို့ဟာ ဘာဖြစ်လို့ ဒီလို အတိတိ နာကျင်နေ ရတာကို ငုံ့ခံနေရမတဲ့လဲ အရာရာဟာ ပျက်သုဉ်းခြင်း ဆိုပေမယ့် ရှိရှိသမျှ ဒိုင်းတွေနဲ့ ခုခံဖို့ပဲ အမြဲတွေး...



ယဉ်ကျေးတတ်ဖို့သင်ရင်း ဆိုးနွဲ့ခဲ့ရတယ် ပတ္တမြားရောင် အဆီအနှစ်နဲ့ ညနေဟာ သရိုးသရီဖြစ်နေ တဲ့ မျှော်လင့်ချက်အလံ လွှင့်ရင်း လေထဲမှာ
ဆောကခဲ့ရတဲ့ အိပ်မက်တွေ ဖြစ်လိမ့်နိုးနိုးပေါ့


ပထမပိုင်းနဲ့ နောက်ဆုံးပိုင်းကို ရုပ်ရှင်တွေလို သိပ်ကွာဟပစ်လိုက်ဖို့ မစဉ်စားနဲ့
တစ်သားတည်းကျမှု ဆိုတာ နာကျင်နေကြချိန်မှာ သိသာလာတာမျိုးလေ


အခုတော့ ကလေးလေးက ငိုကြွေးခြင်းဆိုရင် ကိုယ်က နာကျင်ခြင်းပေါ့ ပျော်ရွှင်ခြင်းဆိုရင် ကိုယ်က အောင်နိုင်ခြင်းပေါ့ ဒင်္ဂါးပြား တစ်ဖက်ထဲမှာပဲ ပစ်ချခံခဲ့ရတဲ့ အသွေးတူ အရောင်တူ ဘ၀တွေ ကိုယ်တို့ ဘယ်လမ်းရွေးကြမလဲ



ခံတပ်ကလေးမှာ တရွေ့ ရွေ့နဲ့ မျှော်လင့်သလို ဖြစ်မလာရတဲ့ ပုံပြင်တွေက တံတိုင်းဖြစ်လာတယ် စိတ် မကောင်းဖြစ်နေလို့ကော ဘာထူးမှာလဲ အရှိကို အရှိအတိုင်း လက်ခံဖို့ အင်အားကြီးသူတွေနဲ့ ထိပ်တိုက် ရင်ဆိုင်ခဲ့ရတယ်
ခေါင်အေးအေးနဲ့ အရာရာကို ရင်ဆိုင်ချင်တယ်ဆိုရင် သည်းခံနိုင်ရမယ် ကလေးလေးရေ...


ရာဇ၀တ်သားတွေ မဟုတ်ပေမယ့် ရာဇ၀တ်ဒဏ် သင့်ခဲ့ကြတော့ ဘယ်အရာတွေကများ ငါတို့ကို အပင်မြင့် နန်းဆန်စေမှာလဲ ဆုပ်ကိုင်ထားတဲ့ ဘ၀မှာပဲ အကောင်းဆုံးဖြစ်အောင် ခုခံကြစို့ရဲ့


မုန်တိုင်းကထန် ဒီရေကတိုး ကိုယ်တို့ကတော့ ညအမှောင်မှာညှိုး မျက်စိရှေ့မှာတင် တဖြည်းဖြည်းချင်းရင့်ရော်ခဲ့ကြ ကလေးလေးလည်း ရာသီ မှားပွင့်တဲ့ မြတ်လေးပန်းတွေနဲ့ လှိုင်လှိုင်သင့် ရင့်ရင့်သန်ခဲ့ပေါ့ ကိုယ်တို့ရွေးတဲ့လမ်းမို့ ကိုယ်တို့သွားရမယ်....


မိုးမပြိုပေမယ့် စိတ်ကူးတွေ ကမ္ဘာလို ပြိုပျက်ခဲ့တယ် လက်အစုံက လှိုင်းထန်မာကြော ရဲတင်းသထက် ရဲတင်းရင်း ရှေ့ ... တိုးကြမယ် ဆိုတဲ့ သီချင်းတွေမှာ သူရဲကောင်းဆန်တဲ့ သူပုန်ကလေးရေ.....

ဘယ်မှန်းမသိပေမယ့် တစ်နေ့တော့ ခြားနားကြမှာပဲ သွားတော့မယ်လို့ နှုတ်မဆက်ရက်ပေမယ့် မိုးမလုံနိုင်ငံတော်မှာ မိုးမလင်းမချင်း ထားခဲ့ရဦးမှာပဲ


လူတွေက အရမ်းမိုက်မဲကြတာပဲ ပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှုအောက်မှာ ကိုယ်တို့လည်း မိုက်မဲ ခဲ့ကောင်း မိုက်မဲခဲ့ကြမှာပါပဲ ကလေးလေးကို ရိုးသားခြင်းရဲ့ ဘေးထွက်ဆိုးကျိုးတစ်ခုလို့ပဲ ပွေ့ပိုက်ထားမိတယ် ကလေးရေ...


မယုံနိုင်စရာပါပဲ အသက်ရဲ့ လှိုင်းခတ်သံ နှလုံးအိမ်မှာ ရိုက်ခတ်တိုင်း တစ်ရက်ခြင်းစီဟာ လွမ်းစိတ်တွေ စိမ့်ဝင်ကျစ်လစ်လို့ပေါ့ ရာဇ၀င်ကိုရေးရ
တော့မယ် ကလေးရေ....

ကျောင်းခေါင်းလောင်းသံ အဆက်ဆက်မှာ ကိုယ်တို့တာဝန် ကိုယ်တို့ ကျေပွန်ကြရမယ်လေ

ဘယ်တော့မဆို ရယ်မောတတ်ပါစေ ဘယ်တော့မဆို အဓိကကျတာကို ဖမ်းဆုပ်တတ်ပါစေ အချိန်တိုင်းမှာ ကလေးလေးဟာ လက်ယဉ်ပြီးသား ဓါးသမားတစ်ယောက်ပုံစံ ဖြစ်နေရမယ် ခဲလုံးလေးတွေ ရေထဲကို ပစ်ပေါက်ကြည့်တိုင်း မနေ့က ကလေးလေးထက်သာတဲ့ ကမ္ဘာမြေကို ပစ်မှတ်ထားတယ်လို့ ခံစားပါ ဘာကိုမှ လျှော့မတွက်နဲ့ ကလေးလေးရေ...


နွေးထွေးပါ လက်မခံပါနဲ့ မိရိုးဖလာ ယုံကြည်မှုတွေ အကုန်လုံး စွန့်ပစ်လိုက် စမ်း ကိုယ်တို့က ကိုယ်တို့ အဖြစ်နဲ့ ရှင်သန်နေမှာပါပဲ မြေစမ်း ခရမ်းလည်း ပျိုးကြရင်း ဓါးတွေလည်း သွေးနေရင်း နဲနဲလေးတောင် ဓမ္မ မဆန်တဲ့ သူတော်စင်တွေကို အဓမ္မဆန်ဆန် အကြမ်းဖက် ဖြိုခွင်းပစ်ရမယ်မင်းက နူးညံ့ ညင်သာပြီးသားပါ ကလေးလေးရယ်...
တစ်ယောက်မရှိတဲ့ တစ်ယောက်ကမ္ဘာဟာ အမြဲတမ်း နိုင်ထက်စီးနင်း ခံနေရ မှာပဲ အမြဲတမ်း ခြိမ်းခြောက် ခံနေရမှာထက်စာရင် ယဉ်ကျေးနူးညံ့စွာ ပုန်ကန် ကြမ်းတမ်းပြနေရတာကမှ ကိုယ်တို့ဘ၀တွေကို လှပစေလိမ့်ဦးမယ်


အမြဲလိုလို ကြမ်းကြုတ် ရက်စက်တတ်တဲ့ ၀န်းကျင်တခွင်ကို တန်ပြန် ထိုးခုတ် နိုင်ဖို့ ကိုယ်တို့ ချစ်ခြင်းနဲ့ အနီးစပ်ဆုံး ဓါးရေးတွေကို ကလေးလေးကို သင်ပေး ရ ဦးမယ် ဘယ်တော့မဆို ကိုယ့်တာကိုယ် လုံပါစေ ကလေးရေ...


ရက်စက်တတ်တဲ့လောကကြီးဟာ ရက်စက်ခြင်းအသစ်တွေ မွေးဖွါးလာလေ ငါတို့က တုံ့ပြန်ခြင်းတွေ ပြန်မွေးဖွါးလေနဲ့ ရန်ကိုရန်ခြင်း ပြင်းပြင်းထန်ထန် တုံ့ပြန်ကြရင်း ငါတို့ရဲ့ ချစ်ခြင်းကို သံသရာ လည်ပတ်စေရဦးမှာပေါ့


ခံစားချက်တွေပြင်းထန်တိုင်း မျက်နှာမှာ ထုတ်မပြမိစေနဲ့ ကလေးလေး
ကောက်ကျစ်ခြင်းကို သင်ပေးတာ မဟုတ်ပေမယ့် ကောက်ကျစ်လေ့ ရှိတဲ့ လူတွေကြားမှာ ကောက်ကျစ်ခြင်း အတတ်ကို ယဉ်ပါး တတ်မြောက် ထားဖို့
တော့ လိုတယ် ကလေးရေ...


စွန့်ပစ်ခံရခြင်းမှာ ကိုယ်တို့အားလုံး နေသားတကျဖြစ်သွားဖို့ပဲ မျှော်လင့်တယ် ယုံကြည်ချက် ဆိုတာ ဆူးနဲ့ဖြစ်ဖြစ် ဆောက်နဲ့ဖြစ်ဖြစ် တိုက်စားခံနိုင်လေ တန်ဖိုး တက်လေပဲ ယိုင်နဲ့နေတဲ့ သွေးဟောင်းတွေကို ဘယ်လို အမှန်တရား မျိုး နဲ့ဖြစ်ဖြစ် ဖောက်ထုတ်ပစ်ရမယ်


စိတ်ဓါတ်က အရေးကြီးသတဲ့ ကိုယ်တို့စိတ်ဓါတ်ကို ကိုယ်တို့ဘယ်လို အဓိပ္ပါယ် ဖွင့်ဆိုမလဲ ပြန်ပြောခွင့် မရှိတဲ့ လှည့်ဖျားခံခဲ့ရသမျှ ဒဏ်ရာတွေကို ပွတ်သပ် ယုယနေရတာကိုပဲ သည်းခံတယ် ပြောမလား

ချောင်ပိတ် အရိုက်ခံရတဲ့အခါ နာကျင်သက်သာအောင် ပြန်ခုခံမိတာကိုပဲ ရိုင်းစိုင်းတယ်ပြောမလား

လူတွေက အဲ့ဒီ့လောက် ရက်စက်ပြနေမှတော့ ကိုယ်တို့ကငြိမ်ခံရင်း တရားဒေသနာတွေကို ခေါင်းထဲ ထည့်နေရဦးမလား

နောက်ဆုံးဆိုတာ ရထားတွေ ရောက်မလာနိုင်တဲ့ ဘူတာပျက် တစ်ခုထဲက သံချေးတွေလိုပဲ ဘာမှ သုံးလို့ရတော့မှာမဟုတ်ဘူး

လရောင် အဆုပ်လိုက် ပွင့်နေတဲ့ ညအောက်မှာ ပရောမီးသီးယပ်(စ်) ပုံပြင်လေး ပြောပြချင်ပေမယ့် ဒီနှစ် ၀ါဆိုကို ကိုယ်မပိုင်နိုင်ခဲ့ဘူး အမှန်တရား ရဲ့ ဒေါက်တိုင်တစ်ချောင်းအဖြစ် ဘ၀ကို ပုံဖော်ထားရင်း မရေရာတဲ့ အနာဂါတ် အတွက် လှမ်းရဦးမယ်....


ကြိုးစားပါ ကလေးလေး ဖြစ်နိုင်ရင် ဆုတောင်းခြင်းအလုပ်ကို မေ့ပစ်လိုက်ပါ ငါတို့ ငယ်ငယ်က သင်ခဲ့ရတဲ့ မေတ္တာတရား ဆိုတာ ယုံတမ်းပဲ လိပ်ဥ ၀ှက် တမ်း ကစားကြသလိုပေါ့ ကလေးတွေရဲ့ ဆော့ကစားသံတွေတောင် အရောင်
တွေ စွန်းနေပြီပဲ လျှော်ဖွပ်မနေနဲ့တော့ ကလေးလေး ကိုယ်တို့လည်း ကိုယ်တို့
ဖြတ်သန်းခဲ့တဲ့ လမ်းမတစ်လျှောက် စွန်းထင်း ပေကျံခဲ့ကြတာပဲလေ


အရူးတွေ အသစ်ပြောင်းချိန် ကိုယ်တို့ကတော့ ဂျိုးဖြူငှက်ကလေးလေးပျံဝဲရင်း ဒီသီချင်းကို ဆက်ဆိုမယ်လေ ယုံကြည်ချက်တွေကို မိုးကုတ်စက်ဝိုင်း ထိရောက်အောင် ပို့လိုက်နိုင်ပြီ ဆိုရင် ဘယ်လိုလူကမှ ဒုက္ခ လာပေး နိုင်မှာ မဟုတ်တော့ဘူး မိုးကုတ်စက်ဝိုင်းကြီးဆီ ရန်သူတွေ ပစ်ခတ်လိုက်တဲ့ မီးကျည်တွေက သူတို့ရဲ့ တပ် စခန်းတွေကိုပဲ ထိမှန်စေလိမ့်မယ်

အခွင့်အရေး ဘယ်လောက်ရှိတယ်ပြောပြော ကိုယ်တို့တတွေရဲ့ အောင်မြင်ခြင်းဟာ ဖြူစင်မှာဖြစ်သလို
ကျဆုံးခဲ့ကြမယ် ဆိုရင်လည်း သန့်ရှင်းနေမှာပဲ


ပုန်ကန်ခဲ့သမျှတွေအတွက် သွေးချင်းချင်း နီစမ်းပါစေ ကိုယ်တို့ရဲ့ ၀န်းကျင်တခွင်ကို ကိုယ်တို့ အလွယ်တကူ အညံ့မခံခဲ့ကြဘူး ဆိုတာနဲ့တင် ဂုဏ်ယူနေတတ်ရမယ် ကလေးလေးရေ...။ ။

0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်