ဆီးသီးသည်၊ ချင်ပန်ဇီနှင့် လကမ္ဘာခရီး


    “ဆရာမက ချင်ပန်ဇီကြီး လုပ်ပါမယ်။ တပည့်တို့က ဒီဇာတ်လမ်းထဲက လူတွေလုပ်ပေးပါ။ ချင်ပန်ဇီကြီးနဲ့ မိတ်ဆွေ လာဖွဲ့ကြပါ”

….

၁၉၇၄-၇၅ ကာလများက ဖြစ်ပါသည် ကျနော့်အစ်မ အထက်တန်းကျောင်းသူဘဝ အင်္ဂလိပ်ဖတ်စာ စာအုပ်မှ Making friends with Chimpanzees (ချင်ပန်ဇီများနှင့် မိတ်ဆွေဖွဲ့ခြင်း) ခေါင်းစဉ်ဖြင့် သင်ခန်းစာကို သရုပ်ဖော်ရန် ဆရာမတဦးက အား ထုတ်နေခြင်းဖြစ်ပါ၏။ ထိုဆရာမသည်ပင် ကျနော့်ဆရာမ ဆက်ဖြစ်ခဲ့ ပါသည်။

ဆရာမသည် ငယ်နုပြီး ဖြူနွဲနွဲ့ဖြစ်သော်လည်း သူနှင့်အရွယ်မတိမ်းမယိမ်း တပည့် များရှေ့ မရှက်မကြောက် စတမ်း ချင်ပန်ဇီ မျောက်ဝံ အဖြစ် သရုပ်ပြပါသည်။ သင်ခန်း စာ တခုကို သမာရိုးကျ ဖတ်ပြနားထောင် အလွတ် ကျက်ရတာမဟုတ်။ ကိုယ်တိုင် ပါဝင် ဆင်နွှဲနေရာတာမို့ စာသင်နေရတယ် ဆိုတာမေ့ပြီး၊ ပျော်ရွှင် မှုဖြင့် လိုက်ပါနိုင်ခဲ့ကြပါ သည်။ စာသင်ရတာ ပင်ပန်းတယ် မြန်မြန်ပြီးပါတော့ဟု မခံစားရ။ အချိန်စေ့သွားမှ ဟာခနဲ ဖြစ်ကာ သင်လို့တောင် မ၀သေးဘူး ဟု တသသ ကျန်ခဲ့ရပါသည်။

တကယ်တော့ ထိုသင်ခန်းစာ (Lesson) ကို ယခုလို ကိုယ်တိုင်သရုပ်ဆောင် သင်ကြရ မည် ဟု ညွှန်ကြားချက် မရှိပါ။ ထိုဆရာမ၏ စိတ်စေတနာ အလျောက် သရုပ်ပြ တီထွင် သင်ကြားခဲ့ခြင်းသာဖြစ်ပါသည်။ ပြဇာတ်တို တစ်ပုဒ်လို ကကြသည်ပဲ ဆိုပါစို့။ မည်သူမှ ချင်ပန်ဇီမျောက်ဝံ လုပ်လိုကြမည် မဟုတ်ပါ။ ဘယ်သူမှ မနေချင်၊ မလုပ်ချင်သော ဇာတ်ရုပ် တနေရာကို ဆရာမက ရွေးခဲ့ပါသည်။ ရွေးပြီးသည့်အလျောက်လည်း ပီပြင်အောင် မျက်နှာက အစ ချင်ပန်ဇီနှင့်တူအောင် ကြိုးစားပြီး သူ့ပင်ကိုယ်ပြေ ပြစ် နုနယ်သည့် ရုပ်ကို အပျက်ခံ သရုပ်ပြပေးခဲ့ပါသည်။
*▬*▬*▬*

ကျနော်မူလတန်းတွင် ချစ်ခင်စွဲလန်းရသည့် ဆရာတယောက်ရှိခဲ့သည်။ ထိုအချိန်က အပိုလို (၁၁) ဒုံးပျံယာဉ် လကမ္ဘာဆင်း သက်ပြီးစ။ ထိုဆရာက ကျနော်တို့အား သူ့ကိုယ် သူ မိတ်ဆက်ပြီးသည်နှင့် လကမ္ဘာသွားကြမယ်ဟု ကောက်ကာ ငင်ကာ ခေါ် ပါတော့ သည်။ ငယ်စဉ်ကပင်စိတ်ကူးယဉ်ခဲ့ရသော ဖိုးလမင်းထံသွားကြမည်ဆိုတော့ အားတက် သရောပေါ့။ ဘယ်သူ လိုက်မလဲ လူရွေးကြပြီ။ ကျန်းမာရေး ကောင်းရမည်တဲ့။ ကျနော် တို့ မှာ ကျန်းမာရေးကောင်းကြောင်း သက်သေပြလိုက်ရတာအမော။ ကျောင်းက ဆရာမချောချော တယောက်ကိုလည်း ပါစေချင်ကြောင်း ဆရာကအဆိုပြုတော့ ရယ် လိုက်ကြရသေး။

ဒုံးပျံထွက်တော့မယ်ဆိုမှ ဆရာက နေဦးဟုဆိုသည်။ ကမ္ဘာ့ဆွဲအားက တွန်းကန်ထွက်ဖို့ အာကာသထဲရောက်ဖို့ကိစ္စ လာ ပြီပေါ့။ ကမ္ဘာဆွဲအားကို ကျနော်တို့ မသိချင်လို့ မရတော့။ ဆရာ ရှင်းပြသမျှ ကမ္ဘာ့ဆွဲအားအကြောင်း ကျနော်တို့ မျက်လုံး တွေဝိုင်း နား ရွက်တွေထောင် အာရုံစိုက်ကြရ၏။ မည်သည့် ဖိအားကြောင့်မျှမဟုတ် စာမေးပွဲ ၏ခြိမ်းခြောက်မှုမပါ ကျနော်တို့၏ သိချင်စိတ် သက်သက်ကို ဆရာက ဒုံးပျံနှင့်အတူ ဆွဲခေါ်သွားချေပြီ။ အာကာသထဲရောက်တော့လည်း ကျနော်တို့မှာ ငြိမ်ငြိမ် မနေရ။ အောက်စီဂျင် မရှိ၊ ရှူစရာလေ မရှိတော့ ဘယ်လို အသက်ရှင်ရမယ် ဆိုတာ ဆရာက သင်ပြပေးပြန်သည်။ အောက်စီ ဂျင်ဘူးကြီးတွေယူ မျက်နှားဖုံးစွပ်တွေ၊ ခေါင်း စွပ်တွေနဲ့ တယောက်ကို တယောက် မမှတ်မိကြတော့။ လေထဲမှာ ပေါလော ကြီးတွေ မျောနေကြပျော်လိုက်ကြတာ။ စာကို သင်မှန်းမသိ သင်ပေးသွားတာပဲပြော ပါတော့။
*▬*▬*▬*

ဆရာအောင်သင်း၏ “ကန့်ကူလက်လှည့်” မှာ မြန်မာစာပေတွင် အလွန် ထင်ရှားပါ သည်။ ထိုစာထဲမှာ သူငယ်တန်းသင်ဆရာ ဦးဉာဏ်စိန်၏ ထူးကွက်များကို ကြည့်ပါ။ ပန်းချီသင်ရာမှ သူငယ်တန်းပြဖြစ်ခဲ့သောဆရာက လိပ်ပုံ၊ ယုန်ပုံ ဆွဲပြ၊ တုတ် ကောက်၊  ဦးထုပ်၊ မျက်မှန်တွေတပ်ပြ (ထိုဇာတ်ကောင်တွေက ထိုခေတ်ကလေးတွေ ရင်းနှီးပြီး သား ကာတွန်းဇာတ်ကောင်တွေ) ဘယ့်နှယ် စာမသင်ပဲပုံတွေ ဆွဲပြ ဟေးဝါးလုပ်နေ ကြ သလဲ မေးစရာ ရှိသည်။ ဒါကို ဆရာဦးဉာဏ်စိန်က ဖြေထားသည်။ “စာ သင်တာ ဘယ် အချိန် သင်သင် ရတဲ့ ကိစ္စပါ” တဲ့။

သူငယ်တန်း ဆရာတယောက်ရဲ့ ဒုက္ခများကို ဆရာအောင်သင်းက အခုလို ပြောပြခဲ့ သည်။ အငိုသန်သော ကလေးတယောက် ရှိနေရင် တခန်းလုံး စာမသင်နိုင်။ အဲဒါကို ထိန်းကျောင်း ကိုင်တွယ်ဖို့ နည်းက တက္ကသိုလ်နည်းပြ ဆရာအောင်သင်းကိုယ်တိုင် က အခက်ဆုံး၊ အကြောက်ဆုံးတဲ့။ ဒါပေမယ့် ကန့်ကူလက်လှည့် ဆရာဦးဉာဏ်စိန် ကတော့ ပေါ့ပေါ့ပါးပါးပါပဲ။ အငိုမတိတ် နိုင်တဲ့ကလေးကို အငိုတွေ ကုန်သွားအောင် ဆိုပြီး သူငယ်ချင်းတွေ အားလုံးက ဝိုင်းငိုပေးကြ။ ဟိုကလေးကတိတ်သွားတော့ ပုံပြင် ဇာတ်ကောင်တွေထဲ ဈာန်ပြန်ဝင်။ သတိရလို့ ထငိုတော့ အားလုံးက ဝိုင်းကူငိုပေး လိုက်ကြ။
.
ပြီးတော့ ဆီးသီးရောင်းတမ်းကစားမတဲ့။ သင်ပုန်းပေါ်မှာ ဆီးသီးလုံးဝိုင်းဝိုင်း ဆွဲပြ အညှာထည့်။ စားကြမလား မေး။စားမယ့်သူ လက်ထဲကို ဆွဲယူထည့်ပေးဟန်ပြု။ ပါးစပ် ဟ အစားခိုင်း ချိုသလားမေး။ ချိုတယ်ဆိုတော့ နောက်တယောက်ထပ်ကျွေး။ ဘယ်နှယ့် စာသင်တာလား၊ ဆော့နေတာလား မမေးပါနှင့်။ ဆက်ကြည့်ရအောင်ပါ။ ပြီးတော့မှ ဆီးသီးရှည်ရှည် ပုံတွေဆွဲပြ ဒါတွေက မချိုဘူးကွ။ ချဉ်တယ်။ မယုံရင် စားကြည့်။ တပည့်တွေကလည်း ချဉ်တယ်လို့အော်ကြ။ မှတ်ထားကြကွ -ဝိုင်းဝိုင်းဆို ချိုတယ်။ ရှည်ရှည်ကြီးဆို မချိုဘူး။ ကဲဇီးသီးရောင်းကြမယ်ဆိုပြီး ဝလုံးလေးတွေကို ညာတာ ပါတေး ရေးခိုင်းပါတော့သည်။ ကလေးတွေကလည်း သူတို့ဇီးသီး ချိုချင်ကြတော့ ဝိုင်းအောင်ရေးကြပြီပေါ့။ ဝလုံးရေးသင်ကြမယ်ဆိုရင် ဒီလိုပျော်စရာဖြစ်မှာ မဟုတ်ဟု ကျနော်ဖတ်ရင်း နားလည်မိပါသည်။

နောက်တော့ ကလေးတွေကို သူငယ်ချင်းအသစ်တွေနဲ့တွေ့ပေးသည့်ဟန်ဖြင့် ကကြီး၊ ခကွေး၊ အက္ခရာများရေးပြကာ “ မင်း တို့မှာ နာမည်ရှိသလို၊ သူတို့မှာလည်း နာမည် ရှိတယ်။ သူ့နာမည်က ကကြီး။ သူ့နာမည်ကခကွေး” မှတ်ထားကြဟု မိတ် ဆက်ပေးပါ သည်။ ကလေးတွေကလည်း စာသင်ရတာ ပင်ပန်းလိုက်တာဟု မမြင်။ သူငယ်ချင်း အသစ်ရလို့ ပျော်နေကြမည် ထင်ပါသည်။
*▬*▬*▬*

ဒီကနေ့ ပညာရေးအသစ်ကို လိုချင်ကြသည်။ အစပျိုးနေကြပြီ။ သူငယ်တန်းဆိုသည့် ပျိုးပင်များကို စောင့်ကြပ်မည့် ပျိုးခင်း ရှင်တို့အတွက် သင်တန်းသစ်တွေကို လည်းတွေ့နေ ရပြီ။

အသစ် ဆိုမှတော့ အဟောင်းနှင့် မူကွဲရတော့မည်။ အဓိကကတော့ အတွေးအခေါ်။ အရင်လို ကလေးတွေကို ဧည့်သည်လာ ရင် ထုတ်ကြွားဖို့၊ စာမေးပွဲအမှတ်ကောင်းရုံမျှ မဟုတ်တော့။ ကျောင်းမှာပျော်ဖို့ အဓိကဖြစ်လာပြီ။“ပျော်” ဆိုသည်မှာ “ပျော် ရွှင်ခြင်း” သာမဟုတ် “ပျော်ဝင်ခြင်း” ပါ ပါသည်။ စာသင်ရာတွင် ပျော်ရွှင်ခြင်းသာမက ပညာနှင့် အကြောင်းအရာတွင် စိမ့် ဝင်ပျော်ဝင်ခြင်း ကို ဆိုလိုသည်။ စာမေးပွဲဆိုသည့် ဖိအား၊ တင်းကျပ်သည့်ကျောင်းခန်းအတွင်း၌ သင်ကြားရမှုတွေကြောင့် ကျနော်တို့ဆီ တွင် ကျောင်းပိတ်တယ် ဒီနေ့ကျောင်းမတက်ရဘူး ဆိုလျှင် ဟေးခနဲပျော်သည့် ကလေးများစွာ ရှိသည်။

ဖွံ့ဖြိုးပြီးနိုင်ငံများတွင်တော့ နေမကောင်း၍ ကျောင်းမတက်နဲ့ဆိုလျှင်ပင် “နေကောင်းတယ်၊ ကျောင်းတက်မယ်” ဟု ချက်ချင်းတုံ့ပြန် ကြသည်သာ။ ဒီနေ့ ရှော့ပင်း ထွက်တာ လိုက်မလား၊ ကျောင်းပျက်မလားဆိုလျှင် ကျောင်းပျက်မခံကြ။ ကျောင်းတွင် သူတို့ တက်ကြွကြသည်။ ကျောင်းတွင်းလှုပ်ရှားမှုများက ရွှင်မြူးစရာတွေ ပေးနေသည်ကိုး။

ထိုနိုင်ငံများတွင် စာမေးပွဲဆိုတာထက် Year-2 ခေါ်သူငယ်တန်းကြီးအထိ စာကို ဖိအားပေးသင်စေချင်းမဟုတ်။ ပြတိုက်များ သို့ ခေါ်သွားခြင်း၊ ပြတိုက်များထဲတွင်လည်း စက္ကူ၊ ရောင်စုံခဲတံများ စိတ်ကြိုက်ချပေးထားပြီး ကြိုက်တာကို ကူးဆွဲခြင်းဆွဲ၊ အလွတ် ဆွဲခြင်းဆွဲဟု အားပေးခြင်း ၊ သိပ္ပံနှင့် သဘာဝဝန်းကျင်လေ့လာရေး ကို ပျော်ရွှင်ဖွယ် ဖန်တီးပေးထားခြင်း တို့ရှိသည်။

အလွတ်ကျက်တာ တခုတည်းကို တလမ်းသွားစနစ်ဖြင့် မောင်းနှင်နေသည့် ပညာရေးမျိုး မဟုတ်။ ကျနော်တို့နိုင်ငံတွင် ပညာရေး စနစ်သစ်အတွက် သူငယ်တန်းမှ စပြောင်းရန် အားထုတ်ကြပြီ။ သင်ထောက်ကူ အသစ်များ၊ လေ့ကျင့်ပုံအသစ်များ တွေ့ နေရပြီ။ အချို့ Video ဖိုင်များတွင် ရိုးရာကစားနည်းများကို ပြန်လည်ဖော်ထုတ်ခြင်း၊ သီချင်း ကဗျာ များကို ဆရာ/ဆရာမများ ကိုယ်တိုင် သရုပ်ဆောင်လေ့ကျင့်နေကြပုံ များ မြင်ကြ ရပြီ။ အားပေးထောက်ခံသူများ ရှိသလို၊ စိုးရိမ်ကြောင့်ကြဝေဖန်သံ များ လည်း ကြားရပါ သည်။ ဆရာ/ဆရာမတွေဆိုတာ တည်တည်ကြည်ကြည်နဲ့ရှိရမှာ ကလေးတွေက မကြောက်တော့ရင် ဘယ်နှယ့်လုပ် စာသင်မလဲဆိုတာတွေလည်း ကြားရသည်။

ဆရာအောင်သင်းရေးပြသည့် ကန့်ကူလက်လှည့်ကို ပြန်ဖတ်ကြစေချင်ပါသည်။ ဆရာ/ဆရာမကို ကြောက်မှ စာတတ်မည် ဟုတော့ တထစ်ချ မမှတ်စေလိုပါ။ စာကို သင်ကြားခြင်းအပြင် စိတ်ကို သင်ကြားခြင်းလည်းအရေးကြီးသည် ဟု ဆိုထားပါ သည်။ ဆီးသီးရောင်းတမ်း ကစားရင်း ဝလုံးလေးတွေ ရေးတတ်သွားရင်လည်း လိုရင်းရောက် ပါသည်။ ဆရာအား တပည့်များ က ချစ်ခင်သည်ဆိုလျှင် သင်ကြားမှုအတွက် အကောင်း ဆုံး လိုအပ်ချက်ကို ရပြီဟု ယုံကြည်ပါသည်။ ဆရာ/ဆရာမများက ကလေးတို့အသည်းစွဲ ကဗျာ၊ ကာတွန်း၊ ပုံပြင်တွေထဲက ဇာတ်ကောင်များအဖြစ် သရုပ်ဆောင်ပေးခြင်းသည် ကလေးတွေနှင့် တသားတည်း ဖြစ်ခြင်း ဖြစ်သည် ဟု နားလည်ပါသည်။

ကလေးများနေရာက စဉ်းစားပြီး ပူးဝင်သင်ကြားပေးခြင်းမို့သင်ပုန်းကြီးကို ကြိမ်လုံးဖြင့် ဖြန်းဖြန်းရိုက်ကာ အလွတ်ကျက်စေ သော စနစ်မျိုးနှင့်တော့ မတူနိုင်ပါ။ မူကြိုကျောင်းအချို့တွင် ကန့်ကွက်သံများ ကြားရသည်။ သူများကျောင်းမှာကလေးတွေ ကဖြင့် တနေ့ကို လက်ရေးလှ ဘယ်နှစ်မျက်နှာရေးရတယ်။ အိမ်စာတွေ ဘယ်လောက်ပေး လိုက်တယ်။ ဂဏန်းသင်္ချာတွေ ဘယ်လောက်တွက်နေပြီ။ ဒီကျောင်းကဖြင့်ဆော့သလို၊ ကစားသလို၊ တရုန်းရုန်းနဲ့ အချိန်ကုန်နေတာပဲ။ ပုံတွေ ဆွဲလို့ ဆွဲ၊ ပုံ တွေပြောလို့ ပြော… တယ်မစွံပါဘူး ဟူ၍။

တကယ်တော့ မျိုးစေ့မှ ပေါက်ကာစ အညွှန့်အညှောက်လေးများနှင့် တူလှသော၊ နုနယ်လှသော ပျိုးပင်များအားရှင်သန်အောင် ကိုင်တွယ်ရသူတို့၏ တာဝန်ကြီးမှုမှာ ကျယ်ပြန့်လှပါသည်။ ပျိုးပင်များက ဥယျာဉ်မှူးကိုကြောက်ရန်ထက် ဥယျာဉ်မှူး၏ စိတ် စေတနာနှင့် ပြုစုမှုကို ချစ်ခင်တန်ဖိုးထားရန်သာ လိုပါသည်။ သုတေသနတွေ့ရှိချက်များတွင် မိမိအင်္ကျီကြယ်သီးပေါက်ကို ဖြောင့်အောင်တပ်နိုင်မှ ခဲတံကိုင်ရမည်ဟု အဆိုရှိပါသည်။

“ကလေးတို့ လက်ချောင်းတွေ လေချိုသွဲ့ပြောင်းမှာ ဖယောင်းပန်းလေးတွေလို က,ကြရ မယ့်အစား လက်ရေးလှ သတ်ပုံနေ ကုန်အောင်ရေးရင်း အံမသေသွားကြစေချင်..”

ကန့်ကူလက်လှည့်ဆရာ ဦးဉာဏ်စိန် ၊ လကမ္ဘာကိုဒုံးပျံနဲ့ခေါ်သွားတဲ့ မူလတန်းသိပ္ပံပြ ဆရာ၊ ချင်ပန်ဇီမျောက်ဝံအဖြစ် ရုပ် ပျက်ခံသရုပ်ပြသင်ပေးခဲ့သည့် အထက်တန်းပြ ဆရာမ၊ သူတို့တွေအပေါ် တပည့်တွေက အရိုအသေတန်ခဲ့ကြပါသလား။

… ဝေးစွ။

တပည့်အပေါင်းက သူတို့နှင့် တသားတည်းရှိခဲ့ခြင်းအပေါ်၊ ကလေးလိုတွေး၊ ကလေးလို ခံစားပေးပြီး လျှောက်နိုင်သမျှတွဲ ခေါ်ခဲ့ခြင်းအပေါ် အမြဲသတိရကျေးဇူးတင်ကြ မည် ဖြစ် ပါ သည်။ တန်ဖိုးအထားရဆုံးမြတ်ဆရာများစာရင်းကို ပြုစုကြပါဆိုလျှင် ထိုဆရာ၊ ဆရာမ များ၏ အမည်များကို ရှေ့ဆုံးမှာ စရေးမိကြမှာသေချာပါသည်။

    – ‪#‎မင်းကိုနိုင်‬
    [ ပြည်သူ့အရေးဂျာနယ် အပတ်စဉ် ဆောင်းပါးမှ ]

0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်