သရေခေတ္တရာခေတ် ပျူဗုဒ္ဓဝင်များ



အစောဆုံးဗုဒ္ဓဝင်

အကယ်၍ မှန်နန်းရာဇဝင်ကြီး၏ အဆိုအမိန့်ကို လက်ခံကြမည် ဟုဆိုလျှင် မြန်မာ နိုင်ငံ၌ တကောင်းခေတ်ကပင် ဗုဒ္ဓသာသနာရောက်ရှိနေပြီဟု ယူဆရပေမည်။ အဘယ် ကြောင့်ဆိုသော် ဒုတိယတကောင်း ဆက်ကို စတင်တည်ထောင်သော ဓဇရာဇာမင်းကြီး၏ နန်းတော်ဆောက် လုပ်ရာ၌ ]]ရဟန္တာနှစ်ပါး ပရိတ်မေတ္တာပြုရ၏}}ဟု မှန်နန်းမဟာရာဇဝင် တော်ကြီး၌ ဖော်ပြထားသောကြောင့် ဖြစ်သည်။

သို့သော် တကောင်းခေတ်၌ အက္ခရာစာပေအမှတ်အသား မတွေ့ရသကဲ့သို့ ဗုဒ္ဓဝင် ဆိုင်ရာ ရုပ်တုရုပ်လုံးစသည့် ပန်းပုç ပန်းချီလက်ရာများကိုလည်း မတွေ့ရှိရပေ။ မြန်မာနိုငငံ၌ အစောဆုံး တွေ့ရှိရသော ဗုဒ္ဓဝင် ပျူဗုဒ္ဓဝင်ဖြစ်သည်။ ပျူလူမျိုးများမှာ စာနှင့်ပေနှင့် မှာ အက္ခရာရေးအတတ် ထွန်းကားသော လူမျိုးဖြစ်၍ အက္ခရာဖြင့် ရေးထားသော ပျူဗုဒ္ဓဝင်များ ရှိ-မရှိ၊ ဧကန် မသိရသော်လည်း ယခုတွေ့ ရှိရသော ဗုဒ္ဓဝင်မှာကား ပျူအက္ခရာဖြင့် ရေးထားသော ဗုဒ္ဓဝင်မျိုး မဟုတ်ပေ။ အိန္ဒိယနိုင်ငံ အသောကမင်းတရားကြီး ထုလုပ်ကိုး ကွယ်ခဲ့ သော ရုပ်တုရုပ်လုံး ဗုဒ္ဓဝင်မျိုးသာ ဖြစ်သည်။

ယင်းပျူဗုဒ္ဓဝင်ရုပ်တုများကို ပျူလူမျိုးတို့၏မြို့တော်ဖြစ်ခဲ့ဘူးသော သရေခေတ္တရာမြို့ဟောင်း မှော်ဇာရွာ၌ တူးဖော်တွေ့ရှိခဲ့ရခြင်းဖြစ်သည်။

အဆိုပါ ပျူဗုဒ္ဓဝင်ရုပ်တုများ အကြောင်းကို ကျောက်စာဝန်(ဟောင်း) ဦးလူဖေဝင်း က ၁၉၄၀-ခုနှစ် မေလထုတ် ဒဂုန်မဂ္ဂဇင်းတွင် ဓာတ်ပုံ များဖြင့် ရေးသားခဲ့ဘူးရာ စိတ်ဝင် ဖွယ်ရာ သိရှိရပေသည်။


ရှစ်ခန်းဗုဒ္ဓဝင်

သရေခေတ္တရာမြို့ဟောင်းအတွင်း၌ ရှေးအခါက နန္ဒာကန် ဟူ၍ လည်းကောင်း၊ လောကနန္ဒာကန်ဟူ၍လည်းကောင်း၊ သိကြားအင်းဟူ၍လည်းကောင်း၊ ခေါ်ဝေါ်ကြသော ရေကန်ကြီးတကန်ရှိသည်။ ယင်းရေကန်ကြီးမှာ ယခုအခါ ရေမရှိတော့ပေ။ ဗြိတိသျှတို့ အောက်မြန်မာနိုင်ငံကို သိမ်းပိုက်ပြီးစကတည်းက ကန်မှရေများကို ဖောက်ထုတ်လိုက်ပြီး နောက် ရှမ်းလူမျိုးများ လယ်ယာလုပ်ကိုင် လျက်ရှိသည်။ ထို့ကြောင့်လည်း ယင်းရေကန်နေ
ရာကို ယခုအခါ ရှမ်းလွင်ပြင် ဟု ခေါ်ဝေါ်လျက်ရှိကြသည်။

ယင်းကန်ပေါင်ရိုးပေါ်တွင် အထိကရ ညောင်ပင်ကြီးတပင် ရှိသောကြောင့် ထိုကန် ပေါင်ရိုးကို ရွှေညောင်ပင်ရိုးဟု ခေါ်ကြသည်။ ထို့ပြင် ထိုကန်ပေါင်ရိုးပေါ်၌ ဆောက်လုပ် ထားသော ဘုန်းကြီးကျောင်းကိုလည်း ရွှေညောင်ပင်ရိုးကျောင်းဟု ခေါ်ဝေါ်နေကြသည်။

တနေ့၌ ရွှေညောင်ပင်ရိုးကျောင်းမှ ကျောင်းသားငယ်တယောက်သည် လောက်စာ လုံး ရှာဖွေကောက်ယူနေစဉ် ကျောင်းလှေကားရင်းအနီး မြေပြင်ပေါ်၌ ပြူထွက်နေသော ကျောက်လုံးကလေးဟု ထင်မှတ်ရသည့် အရာဝတ္ထုတခုကို မြင်ရာ ဝမ်းသာအားရကောက်
ယူလိုက်သည်။

သို့သော် ယင်းအရာဝတ္ထုမှာ ကျောက်လုံးငယ် မဟုတ်ဘဲ ကျောက်ပြားကြီးတခု၏အ စွန်းဖြစ်နေသောကြောင့် ကောက်ယူ၍မရပေ။ တူးဖောက်လိုက်မှ ကျောက်ပြားကြီးမှာပေါ်


ထွက်လာသည်။ ပေါ်ထွက်လာသော ကျောက်ပြားကြီးပေါ်တွင် ရုပ်လုံးများ ထွင်းထုထား သည်ကို မြင်ရသဖြင့် ဘုန်းကြီးကျောင်းသားကလေးမှာ အံ့အားသင့်ကာ သူ၏ဆရာဘုန်း ကြီးထံ သွားရောက်လျှောက်ထားသည်။

ဤအကြောင်းကို သိရှိရသောအခါ ရွှေညောင်ပင်ရိုးဘုန်းတော်ကြီးသည် သူ၏ဆွမ်း
ဒကာများဖြစ်ကြသော တောင်လုံးညိုရွာသားများကို ခေါ်ယူကာ တူးဖော်မှုပြုရာ ဗုဒ္ဓဝင် ဆင်းတု ဆယ်ဆူနှင့်ငွေဓာတ်တော်ကြုတ်၊ ရွှေဓာတ်တော်ကြုတ်များကို ရရှိခဲ့သည်။

ယင်းဗုဒ္ဓဝင်ကျောက်ရုပ်တုများမှာ- (၁)ဘုရားလောင်း ဖွားမြင်တော်မူခန်း။ (၂)ဓမ္မစကြာတရားဦး ဟောတော်မူခန်း။ (၃)ဒုက္ကစရိယာကျင့်တော်မူခန်း။
(၄)မာရ်စစ်သည်ကို အောင်မြင်အံ့သောငှာ မြေကို သက်သေတည်ခန်း။ (၅)မာရ်စစ်သည်ကို အောင်မြင်တော်မူခန်း။
(၆)သရက်ဖြူပင်အောက်၌ တန်ခိုးပြာဋိဟာပြတော်မူခန်း။ (၇)တာဝတိံသာနတ်ပြည်၌ အဘိဓမ္မာဒေသနာတော်ကို ဟောတော်မူခန်း။ (၈)နာဠာဂီရိဆင်ကို အောင်တော်မူခန်း စသည်တို့ဖြစ်သည်။



ကျောက်စာဝန်များ၏အယူအဆအမျိုးမျိုး

အထက်ပါ ဗုဒ္ဓဝင်ရုပ်တုများအပြင် မကိုဋ်သရဖူဆောင်းထားသော ဇမ္ဗုပတိချွတ်ခန်း
ရုပ်တုတော်တဆူလည်း ပါရှိသည်။ ထို့ပြင် ဥသျှောင်တော်မပါဘဲ ဝမ်းဗိုက်တော်ဖောင်း ကားပြီး ထက်ဝယ်ဖွဲ့ခွေထားအပ်သော ခြေထောက်ပေါ်ဝယ် လက်နှစ်ဖက်တခုနှင့်တခုရှက် ကာ  တင်ထားသည့်  ဈာန်ဝင်စားထိုင်နေဟန်  ရုပ်တုတော်တဆူလည်း  ပါရှိသေးသည်။
ယင်းရုပ်တုတော်နှင့်ပတ်သက်၍ ရှေးကျောက်စာဝန်များကအမျိုးမျိုးထင်မြင်ယူဆကြသည်။

ယင်းရုပ်တုတော်ကို ကျောက်စာဝန်မစ္စတာတော်စိန်ခိုက တရုပ်လူမျိုးများ ကိုးကွယ် သော]]မီလိုဖူ}}ဟု တရုပ်ဘာသာဖြင့် ခေါ်ဆိုသည့် မေတ္တေယျဘုရားလောင်း ဆင်းတုတော် ဖြစ်သည်ဟု ဆိုသည်။


ကျောက်စာဝန်မစ္စတာဒူရွိုင်ဇယ်ကမူ ယင်းရုပ်တုတော်ကို အရှင်မဟာကစ္စည်းဖြစ် ဟန်တူသည်ဟု ယူဆသည်။ ကျောက်စာဝန်ဦးမြကမူကား ဂဝံပတိရဟန္တာဖြစ်ဟန်တူသည် ဟု ပြောဆိုသည်။




အိန္ဒိယဗုဒ္ဓဝင်နှင့်ပျူဗုဒ္ဓဝင်

မြန်မာနိုင်ငံ၌  ပျူလူမျိုးများသည်  အေဒီသုံးရာစုမှ အေဒီကိုးရာစုအထိ ကိုယ့်ထီး ကိုယ့်နန်းနှင့်ထယ်ထယ်ဝါဝါနေထိုင်ခဲ့သူများ ဖြစ်ကြသည်။ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင် အက္ခရာ၊ ကိုယ်ပိုင်စာပေတို့ဖြင့်လည်း သမိုင်း၌ တောက်ပြောင်ခဲ့သူများဖြစ်သည်။

ထိုအချိန်က အိန္ဒိယနိုင်ငံတောင်ပိုင်း ကလိင်္ဂတိုင်း၊ တိလိင်္ဂနတိုင်း၊ ကွန်ဂျီဗာရမ် ဘက်မှ အိန္ဒိယတိုင်းသားများသည် မြန်မာနိုင်ငံသုဝဏ္ဏဘူမိရှိ မွန်လူမျိုးများနှင့်လည်း ကောင်း သရေခေတ္တရာရှိ ပျူလူမျိုးများနှင့်လည်းကောင်း ကူးလူးဆက်ဆံမှု ရှိနေကြပြီဖြစ် သည်။ လူမျိုးချင်းသာမကဘဲ ယဉ်ကျေးမှုအချင်းချင်းလည်း ကူးလူးဆက်ဆံခဲ့ကြသည့် သမိုင်းခြေရာခြေကြောင်းများကို တွေ့ရှိနေရပြီဖြစ်သည်။

ဤတွင် ဂုတ္တခေတ် အေဒီငါးရာစုကတည်းက အိန္ဒိယနိုင်ငံ၌ ရှစ်ခန်းဗုဒ္ဓဝင်ရုပ်တု များ ခေတ်စားနေပြီဖြစ်ကြောင်းကိုလည်း သတိပြုဘို့လိုပေသည်။ ယင်းအိန္ဒိယနိုင်ငံဂုတ္တ ခေတ်က ခေတ်စားခဲ့သော ရှစ်ခန်းဗုဒ္ဓဝင်ရုပ်တုများမှာ...

(၁)ဘုရားလောင်းဖွားမြင်တော်မူခန်း။ (၂)ဘုရားဖြစ်တော်မူခန်း။ (၃)ဓမ္မစကြာတရားဦးဟောတော်မူခန်း။ (၄)တန်ခိုးပြာဋိဟာ ပြတော်မူခန်း။ (၅)ပလလဲတော၌ စံတော်မူခန်း။ (၆)တာဝတိံသာမှ ဆင်ြးွကတော်မူခန်း။ (၇)နာဠာဂီရိဆင်ကို ချွတ်တော်မူခန်း။ (၈)ပရိနိဗ္ဗာန်စံတော်မူခန်းတို့ဖြစ်ကြသည်။


ဂုတ္တခေတ်လက်ရာဆန်နေခြင်း

ဤအိန္ဒိယရှစ်ခန်း ဗုဒ္ဓဝင်နှင့်အထက်က ဖော်ပြခဲ့သော ပျူရှစ်ခန်းဗုဒ္ဓဝင်များမှာ ရှစ် ခုဟူသော သင်္ချာချင်းသာတူ၍ အကြောင်းအရာချင်းကား အလုံးစုံမတူကြပေ။ တစိတ်တ ဒေသအားဖြင့်သာ တူညီနေသည်။

သို့သော်အဆိုပါ ပျူဗုဒ္ဓဝင်ရုပ်တုများကို အေဒီငါးရာစုက အိန္ဒိယနိုင်ငံ ဂုတ္တခေတ် လက်ရာဆန်နေကြောင်း သမိုင်းသုတေသီများက အကဲဖြတ်ကြသည်။

သို့ဖြစ်ရာ ပျူဗုဒ္ဓဝင်ရုပ်တုများမှာ အိန္ဒိယတွင် ခေတ်စားခဲ့သော အိန္ဒိယရှစ်ခန်းဗုဒ္ဓ
ဝင်များနှင့်အကြောင်းအရာအားဖြင့် အလုံးစုံမတူသည့်တိုင်အောင်... (က)တစိတ်တဒေသအားဖြင့် တူညီနေမှု။
(ခ) အရေအတွက်သင်္ချာအားဖြင့် တူညီနေမှု။

(ဂ)အေဒီကိုးရာစုမတိုင်မီက အိန္ဒိယနိုင်ငံတောင်ပိုင်းနှင့်မြန်မာတို့ အချင်းချင်းကူးလူးဆက် ဆံနေခဲ့မှုတို့ကို ထောက်ဆပါက ယင်းပျူဗုဒ္ဓဝင်ရုပ်တုများကို အေဒီငါးရာစု အိန္ဒိယဂုတ္တ ခေတ်လက်ရာဆန်းကြယ်နေကြောင်း အကဲဖြတ်ခြင်းမှာ ယုတ္တိတန်သည်ဟု ယူဆရပေ သည်။
 
မြင့်ဆွေ

မှတ်ချက်။    ။မြဝတီမဂ္ဂဇင်း၊  ၁၉၇၈-ခုနှစ်၊  ဧပြီလ၊  စာမျက်နှာ(၂၇-၂၈)၌လာရှိသော ဆောင်းပါးကို ပြန်လည်ပြင်ဆင်ခြင်းမရှိဘဲ ရိုက်နှိပ်ထားပါသည်။

0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်